အခန်း (၇၁)
Vol. 5 Ch. 71
ထိုအချိန် လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချုပ်တွင် နဂါးဘုရင်ကျိုရှင်းသည် ၁၉၈၂ခုနှစ်ထုတ်
လက်ဖ်တီးကို မြည်းစမ်း၍ အနာဂတ်အကြောင်းကို တွေးတောနေခဲ့သည်။
သူသည် ရာနှင့်ချီတဲ့ ထူးချွန်သူများကို အင်တာဗျူးဖြေဖို့အတွက် စေလွှတ်ခဲ့သော်လည်း ၎င်းတို့အားလုံးသည် အရှုံးတရားဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
ထို့ပြင် အလုပ်ခေါ်တဲ့နေရာက ၂၀ရှိသော်လည်းပဲ ၁၉နေရာလောက်က ငြင်းပယ်ခံခဲ့ရသည်။
နောက်ဆုံး သန့်ရှင်းရေးရာထူးအတွက် ယှဉ်ပြိုင်ရာတွင်လည်း သူ့လူအများအပြားက ဒဏ်ရာရရှိပြီးတော့ ဆေးရုံတင်ထားခဲ့ရပြန်သည်။
သူ့၏ မျက်နှာကိုလည်း အကြိမ်ပေါင်းများစွာ ဖြတ်ရိုက်ခံခဲ့ရသည်။
ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ သူ့လူတွေက သန့်ရှင်းရေးရာထူးကို ရရှိရန် လုံခြုံစေခဲ့သည်။
အကယ်၍ ကိုယ်ခံပညာ မလေ့ကျင့်ထားတဲ့ လူတစ်ဦးက 50ကတ်တီအလေးချိန်ရှိတဲ့ ရေပုံးတစ်ပုံးကို လက်တစ်ဖက်တည်းဖြင့် တစ်မိနစ်ကျော်ကြာအောင် မ နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
ထို့ပြင် ကိုယ်ခံပညာကို လေ့ကျင့်ထားတဲ့ ဝင်ငွေ ကောင်းတဲ့သူတွေကလည်း ဒီလို သန့်ရှင်းရေးအလုပ်အမျိုးကို လုပ်လိမ့်မှာမဟုတ်ပေ။
….....
သူတို့ရဲ့ အရင်းအနှီးက ကြီးသော်လည်းပဲ ရလဒ်ကတော့ ကျေနပ်စရာကောင်းသည်။
ထို့နောက် ကျိုရှင်းသည် သူ့လက်ထဲက စပျစ်ဝိုင်
ထည့်ထားတဲ့ ဖန်ခွက်ကို ညင်သာစွာ လှုပ်ယမ်း၍ ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။
" မင်းတို့တွေ သန့်ရှင်းရေးရာထူးကို အထင်မသေးနဲ့။ သန့်ရှင်းရေးရာထူးက သာမှန်လို့ထင်ရတယ်။ပြီးတော့ ဒီရာထူးအတွက် ဘာပညာအရည်အချင်းမှ မလိုအပ်ဘူး။ ဒါပေမဲ့ ဒါက ငါတို့အတွက်တော့ အသင့်တော်ဆုံးနေရာတစ်ခုဖြစ်တယ်…။ဘာကြောင့်လဲဆိုတော့ ဒီအလုပ်က ကုမ္ပဏီရဲ့ နေရာတိုင်းကို လှုပ်ရှားသွားလာနိုင်တဲ့အတွက် သတင်းအချက်အလက်တွေကို အမြဲတမ်း စုဆောင်းနိုင်တယ်။ "
" ပြီးတော့ ဒီအလုပ်က ကိုယ့်ရဲ့ အထောက်အထားကို ဖုန်းကွယ်ထားနိုင်တဲ့အတွက် သူများက ကိုယ့်ရဲ့ အထောက်အထားကို လွယ်လွယ်ကူကူနဲ့ ရှာမတွေနိုင်ဘူး "
" ဒါက လမ်းကြောင်းအားလုံးကို စောင့်ကြည့်ပြီးတော့ အချိန်မရွေး တိုက်ခိုက်နိုင်တဲ့ အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ အဆိပ်ပြင်းမြွေတစ်ကောင်လိုဘဲ...။ "
" အန္တရာယ်ရှိပြီးတော့ သေစေနိုင်တယ် "
" နဂါးဘုရင် ပြောတာ မှန်ပါတယ် " ဟု အနက်ရောင်ဝတ်လူများက ညီညာစွာဖြင့် အာမေဍိတ်သံပြုခဲ့သည်။
ထို့နောက် ကျိုရှင်းသည် သူ့၏ ဦးခေါင်းကို လှည့်၍ အချိန်ကို ကြည့်ပြီး ပြောလိုက်သည်။
" အချိန်တောင် နီးနေပြီ ၊ အင်တာဗျူးတာ ပြီးပြီမလား? "
အနက်ရောင်ဝတ်လူတစ်ယောက်က ပြန်ပြောခဲ့သည်။
" ဟုတ်ပါတယ် နဂါးဘုရင် ။ အင်တာဗျူးတာ ပြီးသွားပါပြီ ။ "
ကျိုရှင်းသည် ပျော်ရွှင်စွာဖြင့် စပျစ်ဝိုင်ကို တစ်ငုံ ထပ်သောက်လိုက်ပြီး မေးလိုက်သည်။
" ဒါဆို၊ အင်တာဗျူးက ဘယ်လိုပြီးသွားလဲ ? ။ သန့်ရှင်းရေးနေရာကရော လုံခြုံရဲ့လား ? ။ ရလဒ်ကို ငါ သိပြီးသားဖြစ်ပေမဲ့လည်း ငါ့ကို ထပ်ပြောပြပါဦး။ "
အနက်ရောင်ဝတ်လူသည် တုံ့ဆိုင်းစွာဖြင့် ကျိုရှင်းကို ပြောလိုက်သည်။
" ဒါ…ဒါက ….. "
" ငါ့ကို သည်းထိရင်ဖိုဖြစ်အောင် မလုပ်နဲ့။ အသံကျယ်ကျယ် ပြောပြီးတော့ ငါ့ကို ပျော်ရွှင်အောင်လုပ်စမ်းပါ…။ " ဟု ကျိုရှင်းက တိုက်တွန်းခဲ့သည်။
အနက်ရောင်ဝတ်လူက ကျယ်လောင်စွာဖြင့် ပြောလိုက်သည်။
" မဟုတ်ပါဘူး နဂါးဘုရင် ။ သန့်ရှင်းရေးနေရာက မလုံခြုံတော့ပါဘူး။ "
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျိုရှင်းသည် သူသောက်ထားတဲ့ ဝိုင်တွေကို ထွေးထုတ်မိသွားခဲ့သည်။
ထို့ကြောင့် အနက်ရောင်ဝတ်လူ၏ မျက်နှာသည် ဝိုင်များဖြင့် နောက်တစ်ကြိမ် ပတ်ဖြန်းခံထိခဲ့သည်။
ကျိုရှင်းသည် ဒေါသထွက်စွာဖြင့် ဝိုင်ဖန်ခွက်ကိုအောက်သို့ ချလိုက်ပြီး ပြောလိုက်သည်။
" တဖန် ပြန်ပြောစမ်း။ သန့်ရှင်းရေးရာထူးက လုံခြုံလား ၊မလုံခြုံဘူးလား ? "
အနက်ရောင်ဝတ်လူက အသံတိုးတိုးဖြင့် ပြန်ပြောခဲ့သည်။
" နဂါးဘုရင် ၊သန့်ရှင်းရေးရာထူးက မလုံခြုံပါဘူး။ "
ကျိုရှင်းက အနက်ရောင်ဝတ်လူကို ဒေါသတကြီးဖြင့် ပြောလိုက်သည်။
" ဘယ်လိုဖြစ်ပြီးတော့ မလုံခြုံတော့တာလဲဆိုတာ မင်းငါ့ကို ပြောပြစမ်း ။ "
အနက်ရောင်ဝတ်လူက မဝံ့မရဲ ရှင်းပြခဲ့သည်။
" နဂါးဘုရင် ၊ကျေးဇူးပြုပြီးတော့ စိတ်ကို အေးအေးထားပါ။ မူလတုန်းက ကျွန်တော်တို့ရဲ့ သန့်ရှင်းရေးရာထူးက လုံခြုံပါတယ်။ ဒါပေမဲ့လည်း လမ်းတစ်ဝက်မှာ မမျှော်လင့်စွာနဲ့ သန်မာတဲ့ ယှဉ်ပြိုင်သူတစ်ယောက်က ပေါ်လာခဲ့ပါတယ် ။သူက
လက်တစ်ဖက်တည်းနဲ့ ရေပုံးကို နှစ်မိနစ်ကြာအောင် မပြီးတော့ သန့်ရှင်းရေးနေရာကို ယူသွားခဲ့ပါတယ်။ "
ကျိုရှင်းသည် ပိုပြီးတော့တောင်မှ ဒေါသထွက်လာခဲ့ပြီး ပြောလိုက်သည်။
" သေစမ်း …။ အဲ့ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီးတော့ ရှိနိုင်မှာလဲ ? "
အနက်ရောင်ဝတ်လူက သက်ပြင်းချပြီး ကျိုရှင်းကိုပြောလိုက်သည်။
" ကျွန်တော်လည်းပဲ ဒီသတင်းကို ရတုန်းက မယုံကြည်ခဲ့ပါဘူး။ ဒါပေမဲ့ ဒါက တကယ်ဖြစ်ပျက်သွားတာပါ ။ "
ကျိုရှင်း၏ မျက်လုံးထဲ၌ ဒေါသမီးတွေ လောင်ကျွမ်းနေခဲ့သည်။
သူသည် အင်တာဗျူးဖြေဖို့အတွက် လူအများကြီးကို စေလွှတ်ခဲ့ပြီးတဲ့နောက်တွင် တစ်ဝက်လောက်က ဆေးရုံမှာ အဆုံးသတ်ခဲ့ရပြီး သူတို့သည် နေရာ တစ်နေရာတောင်မှ မရခဲ့ကြပေ။
သူသည် လင်ပေ့ဖန်ရဲ့ တိတ်တဆိတ်လှောင်ပြောင်နေတဲ့ မျက်နှာအမူအရာကို မြင်ယောင်မိလိုက်ပြီး ဒေါသထွက်လွန်းတာကြောင့် တစ်ယောက်ယောက်ကို သတ်ချင်နေခဲ့သည်။
အခု သူ့ရဲ့ ဒေါသတွေကို လွှတ်ထုတ်ဖို့အတွက် ထွက်ပေါက်တစ်ခုကို တကယ်လိုအပ်နေခဲ့သည်။
ထို့ကြောင့် သူသည် အနက်ရောင်ဝတ်လူကို အော်ပြောလိုက်သည်။
" ဘယ်သူလဲ ? ဘယ်သူက ငါ့ရဲ့ သန့်ရှင်းရေးနေရာကို ခိုးတာလဲ ? "
အနက်ရောင်ဝတ်လူက ကျယ်လောင်စွာဖြင့် ကျိုရှင်းကို ပြောလိုက်သည်။
" နဂါးဘုရင်ကို တင်ပြပါတယ်။ အဲ့ဒီလူငယ်လေးရဲ့ နာမည်ကတော့ ဝူကောဖြစ်ပါတယ်။ "
" ဝူကော ? "
ထို့နောက် ကျိုရှင်းသည် သူ့၏ မျက်ခုံးများကို ပင့်လိုက်သည်။ထိုနာမည်က အတန်ငယ် ရင်းနှီးနေသလို ခံစားခဲ့ရပြီး သူ့အတိတ်ဘဝတုန်းက တစ်စုံတစ်ယောက်ကို သွားသတိရမိခဲ့သည်။
ဒါပေမဲ့လည်း ၎င်းက မဖြစ်နိုင်ဘူးလို့ သူ ထင်ခဲ့သည်။
အဲ့ဒီလူက ဘယ်လိုလုပ်ပြီးတော့ သန့်ရှင်းရေးအလုပ်အတွက် လျှောက်ထားရမှာလဲ ?
…....
" မင်းမှာ သူ့ရဲ့ ဓာတ်ပုံရှိလား ? "ဟု ကျိုရှင်းက မေးလိုက်သည်။
" ရှိပါတယ် ၊ ကျေးဇူးပြုပြီးတော့ ကြည့်လိုက်ပါဦး နဂါးဘုရင် "ဟု အနက်ရောင်ဝတ်လူက ဖြေလိုက်သည်။
ကျိုရှင်းသည် အနက်ရောင်ဝတ်လူ၏ ဖုန်းကို ယူလိုက်၍ ဓာတ်ပုံကို ကြည့်လိုက်ပြီး မသဲမကွဲ ရေရွတ်ခဲ့သည်။
" ဒါက တကယ် သူဘဲ …."
ကျိုရှင်းသည် ထိုလူကို သိသည်။ထိုလူက ဂူဖောက်ထွင်းရာမှာ အရမ်းတော်တဲ့ လူတစ်ယောက်ဖြစ်သည်။
ထိုလူရဲ့ ကျွမ်းကျင်မှုတွေက သိပ်မဆိုးသော်လည်းပဲ သူ့အောက်တော့ အနည်းငယ်နိမ့်ကျသည်။
ယေဘုယျအားဖြင့် ပြောရရင်တော့ ထိုလူသည် သူ့မိသားစုရဲ့ မဟာဗာဂျရာရှစ်ယောက် နှင့် တန်းတူပဲဖြစ်သည်။
ဒါပေမဲ့လည်း ထိုလူသည် ဂူဖောက်ခြင်းနှင့် ရှေးဟောင်းပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာရာတွင် အကျွမ်းကျင်ဆုံးဖြစ်သည်။ထိုလူသည် အန္တရာယ်ရှိတဲ့ ဘယ်ဂူသင်္ချိုင်းကိုမဆို သူ့အိမ်သူ့ယာကို သွားသလို ဝင်ရောက်ဝံ့သည်။ထို့ပြင် သူ့ရဲ့ ဂူဖောက်တဲ့စွမ်းရည်တွေကလည်း အံ့မခန်းဘဲဖြစ်သည်။
သို့သော်လည်းပဲ ထိုလူသည် လင်ပေ့ဖန်ကို စော်ကားမိခဲ့၍ အကြိမ်ကြိမ် ဂျေးထဲအောင်းခဲ့ရပြီး သူ့ဘဝတစ်လျှောက်လုံးကို သနားစရာကောင်းစွာဖြင့် ခံစားခဲ့ရသည်။
" ဘာကြောင့် ဒီလူက လင်ပေ့ဖန်ရဲ့လက်အောက်မှာသန့်ရှင်းရေးအလုပ်ကို လာလုပ်ရတာလဲ ? ။လင်ပေ့ဖန်ရဲ့ အိမ်က ရှေးဟောင်းရတနာတွေကို သူ သဘောကျသွားလို့လား? ။"
ထိုအရာက ကျိုရှင်းစဉ်းစားနိုင်တဲ့ တစ်ခုတည်းသော ရှင်းပြချက် ဖြစ်သည်။
ထို့အပြင် တစ်ခြားလူက ဂူဖောက်ရာမှာ ဆရာကြီးဖြစ်သည်။ အကယ်၍ ရတနာကို မလိုချင်ဘူးဆိုရင် ၊သူက ဘာကို လိုချင်တာလဲ ?
သူ့လို လက်စားပြန်ချေဖို့တော့ မဟုတ်ဘူးမလား ?
အထူးသဖြင့် တစ်ခြားလူသည် ပြန်လည်မွေးဖွားလာသူ မဟုတ်တာကြောင့် သူ့ရဲ့ အတိတ်ဘဝက မှတ်ဉာဏ်တွေကို မသိရှိနိုင်ပေ ။
အကယ်၍ ထိုလူသာ လင်ပေ့ဖန်ရဲ့ ရတနာတွေကို တကယ်ခိုးယူဖို့ သွားခဲ့လျှင် ဒါက ဝမ်းသာစရာပဲ ဖြစ်သည်။
ကျိုရှင်းသည် လင်ပေ့ဖန်ကို ပြဿနာဖြစ်စေသူ ဘယ်သူ့ကိုမဆို ကြိုဆိုသည်။
ထို့ပြင် လင်ပေ့ဖန်ရဲ့ ရန်သူတွေက သူ့ရဲ့ သူငယ်ချင်းတွေပဲဖြစ်သည်။
…..
အနက်ရောင်ဝတ်လူက ကျိုရှင်းကို မေးမြန်းလိုက်သည်။
" နဂါးဘုရင် ၊ ကျွန်တော်တို့ သူနဲ့ ဆက်ဆံဖို့အတွက် တစ်ယောက်ယောက်ကို စေလွှတ်လိုက်သင့်လား ?
ကျိုရှင်းသည် သူ့၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
" အခုတော့ မလိုသေးဘူး။ ဘယ်လိုအရာတွေ ဖြစ်လာမလဲဆိုတာ အရင်ကြည့်ကြရအောင်…။ ပြီးတော့ သူ့ကို စောင့်ကြည့်ထားပါ။ အကယ်၍ မူမမှန်တဲ့ လှုပ်ရှားမှုတွေ တစ်ခုခုရှိရင် ငါ့ကို ချက်ချင်းတင်ပြပါ ။ "
" ဟုတ်ကဲ့ ၊နဂါးဘုရင် "
" ငါတို့ရဲ့ စိမ့်ဝင်မှု ( လင်ပေ့ဖန်ဘေးနား ချဉ်းကပ်တာကို ပြောတာပါဗျ )အစီအစဥ်ကိုလည်း ဆက်ပြီးတော့ အကောင်အထည်ဖော်ပါ ။ အကယ်၍ ငါတို့လူတွေ မဝင်နိုင်လို့ရှိရင် လာဘ်ထိုးပြီးတော့ သူ့လူတွေကို ငါတို့ရဲ့ လူတွေအဖြစ် ပြောင်းလိုက်….။ ငါ့ရဲ့ ပိုက်ဆံတွေ ကို ဘယ်သူကမှ ခုခံနိုင်မယ်လို့ ငါမယုံကြည်ဘူး။ "
" ဟုတ်ကဲ့ နဂါးဘုရင် "
ထိုအချိန်တွင် အနက်ရောင်ဝတ်လူသည် ဖန်ခွက်တစ်ခုထဲသို့ ဝိုင်နီကို လောင်းထည့်လိုက်ပြီး ပြောလိုက်သည်။
" နဂါးဘုရင် ၊ကျေးဇူးပြုပြီး သုံးဆောင်ပါဦး "
ကျိုရှင်းသည် ဝိုင်နီထည့်ထားတဲ့ ဖန်ခွက်ကို ကြည့်လိုက်ပြီး စက်ဆုပ်ရွံရှာစွာဖြင့် ပြောလိုက်သည်။
" သေစမ်း ၊ ဒီဝိုင်ကို အဝေးကိုသွားလွှတ်ပစ်လိုက် ။ ငါ ဘယ်တော့မှ ၁၉၈၂ခုနှစ်ထုတ် လက်ဖ်တီးကို နောက်တစ်ကြိမ် ထပ်မသောက်တော့ဘူး။ ငါ ဒီဝိုင်ကို သောက်တဲ့အချိန်တိုင်း ၊ တစ်ခါမှ ကံမကောင်းဘူး ။ ဒီဝိုင်က အရမ်းပဲအဆိပ်ပြင်းတယ် ။ “