← Chapters

မိသားစုစည်းစိမ်ကို အမွေဆက်ခံရဖို့ မကြိုးစားခဲ့ခြင်း

Vol. 1 Ch. 1

မိသားစုစည်းစိမ်ကို အမွေဆက်ခံရဖို့ မကြိုးစားခဲ့ခြင်း

Vol. 1 Ch. 1

"ဝမ်ယိအုပ်စုရဲ့ဆောင်းဦးလူသစ်စုဆောင်းပွဲကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဂရုတစိုက်စဉ်းစားချင့်ချိန်ပြီးတဲ့နောက်မှာ အခုလောလောဆယ်တော့ ခင်ဗျားက ဒီရာထူးနဲ့သင့်တော်မှုမရှိဘူးလို့ အသိပေးချင်ပါတယ်။ ခင်ဗျားရဲ့သတင်းအချက်အလက်တွေကို ကျွန်တော်တို့ရဲ့စုံစမ်းရှာဖွေရေးစာရင်းထဲမှာ ထည့်သွင်းထားမှာဖြစ်ပါတယ်..."

"သေစမ်း"

ကျန်းမုန့်လောင်က မောက်စ်ကို စားပွဲပေါ်သို့ ဆောင့်ချပစ်လိုက်သည်။ ဤသည်မှာ ယခုနှစ်ဆောင်းဦးတွင် သူ တက်ရောက်ခဲ့သည့် အခုနှစ်ဆယ်မြောက်အင်တာဗျူးဖြစ်၏။

ယခုနှစ်မှာ အဆင်ပြေချောမွေ့ခြင်းမရှိခဲ့ပေ။ နှစ်စပိုင်းကတည်းက ဗိုင်းရပ်စ်ပိုး၊ မီးလောင်မှု၊ ငလျင်နှင့် ရေကြီးမှု စသဖြင့် အဖြစ်အပျက်ပေါင်းများစွာဖြစ်ပျက်ခဲ့သည်မှာ သင့်အား အရာအားလုံးကို ချစ်မြတ်တတ်ဖို့ ကမ္ဘာကြီးက အသိပေးနေသည့်အလားပင်။

စီးပွားရေးဆိုင်ရာအကျိုးသက်ရောက်မှုကြောင့် ယခုနှစ်ဆောင်းဦးလူသစ်စုဆောင်းမှုက လွန်စွာခက်ခဲကြမ်းတမ်းသွားပြီး ဘွဲ့ရများနှင့် ပါရဂူဘွဲ့ရများပင် အလုပ်ရှာဖို့ ရုန်းကန်နေရသည်။ အလားအလာအနည်းဆုံးမေဂျာလေးခုထဲမှ တစ်ခုအပါအဝင်ဖြစ်သော ရုပ်ဝတ္ထုသိပွံပညာဘွဲ့ရ ကျန်းမုန့်လောင်ဆိုလျှင် ပို၍ပင်ဆိုးဝါးခဲ့သည်။

သူသည် ကိုယ်ရေးအကျဉ်းအစောင်တစ်ရာကျော် ပေးပို့ခဲ့ရပြီး ဤတစ်ကြိမ်မှာမူ အင်တာဗျူးငါးကြိမ်အထိ ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံးပွဲစဉ်ကိုရောက်သောအခါ အလုပ်က သူ့လက်ထဲကို ရောက်လုနီးနီးဖြစ်နေခါမှ သူ့နေရာက အဆက်အသွယ်ကောင်းများရှိသော လူတစ်ယောက်နှင့် အစားထိုးခံရလိုက်သည်။

ဤအကြောင်းကို သူ့အား သဘောတကျရှိနေသည့် အင်တာဗျူးသူတစ်ယောက်ထံမှ သိရှိခဲ့ရခြင်းပင်။ ထိုသို့မဟုတ်ပါက ကျန်းမုန့်လောင်အနေနှင့် ဤသို့ဖြစ်ရခြင်းမှာ သူ့အရည်အချင်းချို့တဲ့မှုကြောင့်ဟု ထင်မိမည်ဖြစ်၏။

"ညီအစ်ကိုတို့ရေ အလုပ်ရှာတာ အခြေအနေဘယ်နှယ့်လဲ"

သူ့အခန်းဖော်များလည်း မျက်နှာမသာမယာဖြစ်နေကြောင်း ကျန်းမုန့်လောင်သတိပြုမိလိုက်သည်။

"ပြောမနေပါနဲ့ကွာ။ အင်တာဗျူးကျတော့ ကျားတစ်ကောင်လို ကြမ်းတမ်းနေပြီးတော့ လစာက နှစ်ထောင့်ငါးရာတည်းရယ်"

သူ့ဘေးရှိ နံရံကပ်အိပ်စင်မှ ရှုလီက သက်ပြင်းချလိုက်သည်။

"ငါ့မိသားစုက ငါ့ကို ဘွဲ့လွန်ဆက်တက်ခိုင်းဖို့ စဉ်းစားနေကြတာ"

"မေ့လိုက်စမ်းပါ။ ငါတို့မေဂျာမှာ လုပ်ငန်းခွင်မပြောင်းသရွေ့တော့ ဘွဲ့လွန်လက်မှတ်နဲ့ဆိုရင်တောင် တစ်လကို ခြောက်ထောင်ခုနစ်ထောင်ပဲရှာနိုင်မှာ။ တချို့ဆိုရင် အချိန်ပိုတွေတောင် ဆင်းရသေးတယ်။ လူမှုအဖွဲ့အစည်းရဲ့ ခက်ခဲကြမ်းတမ်းတဲ့လက်တွေ့ဘဝကို မြန်မြန်ရင်ဆိုင်တာပဲ ပိုကောင်းလိမ့်မယ်။ အဲ့လိုဆိုရင်တော့ လွတ်လမ်းတစ်ခုခုရှိနိုင်လောက်တယ်"

"မင်းကရော ဘော့စ်စွန်းရေ"

"အိမ်တွေဆက်ရောင်းတာကလွဲရင် ငါက တခြားဘာလုပ်နိုင်မှာလဲ။ ခက်ခဲတယ်ဆိုပေမဲ့ အစားအသောက်နောက်တစ်နပ်စာအတွက် မရေမရာဖြစ်နေတာထက်စာရင်တော့ တော်သေးတာပေါ့"

"အာ.. ငါတို့တွေက လူချမ်းသာမိသားစုက ဆင်းသက်လာတာဆိုရင်တော့ တစ်မျိုးပေါ့"

ရှုလီက ပြောလိုက်သည်။

"ဟားဟားဟား အမှန်ပဲ။ အလုပ်မဖြစ်ရင် အိမ်ပြန်ပြီး မိသားစုစည်းစိမ်ကို အမွေဆက်ခံလိုက်ရုံပဲ"

စွန်းယွီလဲ့က မှတ်ချက်ပေးလိုက်ချေသည်။

"ငါတို့တွေ အိမ်ကိုဖုန်းဆက်ပြီး မေးကြည့်ရအောင်လေ။ ငါတို့မိဘတွေက ငါတို့နောက်ကွယ်မှာ တကယ်ပဲ ဘီလျံနာတွေဖြစ်နိုင်တာပဲ"

"ဟားဟားဟား မင်းကတော့ အကြီးကြီးတွေတွေးနေပြီ"

အားလုံးက ရွှတ်နောက်နောက်လုပ်နေကြပြီး ကျန်းမုန့်လောင်လည်း ရင်ထဲရှိ စိတ်မချမ်းမသာဖြစ်မှုတို့ အနည်းငယ်လျော့ပါးသွားသလို ခံစားလိုက်ရသည်။

ထိုအချိန်ဝယ် ကျန်းမုန့်လောင်၏ဖုန်းက ရုတ်ခြည်းထမြည်လာသည်။ သူ ဖုန်းနံပါတ်ကိုကြည့်လိုက်သည့်အခါ "ကျန်းရှီရှန်း"ဟု ပေါ်နေသည်။ ဤသည်မှာ သူ့အဖေကျန်းရှောင်ယွင်အတွက် သူပေးထားသော နာမည်ပြောင်ပင်။ အကြောင်းမှာ သူ့အဖေက အသက်ငါးဆယ်ရောက်နေသည့်တိုင် ဟုန်းရှီရှန်းကဲ့သို့ နှုတ်ရေးကောင်းနေဆဲဖြစ်သောကြောင့်ပင်။

"အဖေ... ဒီနေ့ ကျွန်တော့်ကို ဘယ်လိုဖြစ်လို့ဖုန်းခေါ်လိုက်ရတာလဲ"

ကျန်းမုန့်လောင်က နုံးချည့်စွာဖြင့် ပြောလိုက်လေသည်။

"အခုက ဆောင်းဦးလူသစ်စုဆောင်းရေးရာသီမဟုတ်ဘူးလား။ အလုပ်ရှာတာ အခြေအနေဘယ်လိုရှိလဲလို့မေးဖို့ ဖုန်းဆက်လိုက်တာ။ မင်းအသံကို နားထောင်ရသလောက်တော့ ကြည့်ရတာ မင်းလမ်းပျောက်နေပုံပဲကွ ဟားဟားဟား"

"ကျန်းရှောင်ယွင်.. အခုလိုအချိန်မျိုးမှာ ဒီလိုလှောင်ပြောင်နေတာ... ခင်ဗျားက ကျွန်တော့်အဖေမှဟုတ်ရဲ့လား"

ကျန်းမုန့်လောင်ခမျာ ကူကယ်ရာမဲ့နေရသော်ငြား ဤသည်မှာ သူ့အဖေ၏စရိုက်ပင်။ သူ လူမှန်းသိတတ်စအရွယ်ကတည်းက ကျန်းရှောင်ယွင်က တခြားအဖေများနှင့် ကွဲပြားနေခဲ့သည်။

"အလုပ်ရှာမရတာ ဘာများကြီးကျယ်နေလို့လဲ"

"လူအိုကြီးကျန်းရေ... ကျွန်တော် အလုပ်ရှာမရရင် ပိုက်ဆံလည်းမရှာနိုင်ဘူး။ ဒီတော့ ခင်ဗျားကိုလည်း ကားတစ်စီးနဲ့ အိမ်ကြီးတစ်လုံးဝယ်မပေးနိုင်ဘူးလေ။ အဆုံးကျရင် ကျွန်တော်တို့ရဲ့ ကောင်းမွန်လှတဲ့ ကျန်းမိသားစုမျိုးရိုးကို ချန်ထားရစ်ဖို့အတွက်လည်း မိန်းမချောလေးတစ်ယောက်နဲ့ လက်ထပ်လို့ရမှာမဟုတ်တော့ဘူး။ အဲ့ဒီလိုဆိုရင် အခုအချိန်မှာ စိတ်ပျက်နေတာ ထိုက်တန်သွားပြီလား"

"ပေါက်ကရတွေကွာ။ ငါက မင်းကို သာမန်လူတစ်ယောက်ရဲ့ဘဝကို တွေ့ကြုံခံစားစေချင်ရုံလေးပါ။ အဲ့ဒါမှ မင်း အသက်ငယ်ငယ်လေးနဲ့ ဘဝင်မမြင့်မှာလေ။ အခု မင်းရဲ့တန်ဖိုးက တော်တော်လေးစိတ်ချသွားရပြီဆိုတော့ မိသားစုစည်းစိမ်ကို အမွေဆက်ခံဖို့ အချိန်ကျပြီ"

"ဘာကြီး.. မိသားစုစည်းစိမ်လား"

ကျန်းမုန့်လောင် ဝါးလုံးကွဲအော်ရယ်လိုက်မိသည်။

"လူအိုကြီးကျန်း... ကျွန်တော်မသိဘူးများထင်နေလား။ ကျွန်တော်တို့မိသားစုမှာ အများဆုံးရှိလှ ၈၉မီတာပတ်လည်အိမ်တစ်လုံးနဲ့ နှစ်သောင်းတန်ကားတစ်စင်းရယ် စုငွေနည်းနည်းရယ်ပဲရှိတာ။ အဖေ အဲ့ဒါတွေကို ပင်စင်ယူပြီးရင်သုံးဖို့အတွက် သိမ်းထားလိုက်တာ ပိုကောင်းမယ်"

"ကောင်စုတ်လေး... မင်းကများ ငါ့ကိုအထင်သေးရဲတယ်ပေါ့"

အေးစက်စက်ရယ်သံတစ်သံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။

"မကြာခင် အမျိုးသားနေ့ရောက်တော့မှာ။ အိမ်ကို အလည်လာခဲ့ဦး။ မင်းသိဖို့လိုအပ်တဲ့ ကိစ္စတချို့ရှိတယ်"

"နားလည်ပြီ။ အဖေ ကျွန်တော့်ကိုလွမ်းနေတယ်လို့သာ ပြောလိုက်စမ်းပါ။ ပေါက်ကရတွေလျှောက်ပြောမနေနဲ့။ တကယ်ပါပဲ"

ကျန်းမုန့်လောင်က ကျန်းရှောင်ယွင်ပြောလိုက်သည့်စကားများကို အတည်မယူဘဲ ဖုန်းသာချပစ်လိုက်သည်။

"အင်း.. အိမ်ပြန်ပြီး နည်းနည်းလောက်အနားယူမှပါ။ တစ်ပတ်နှစ်ပတ်လောက်နားလိုက်လို့လည်း အလုပ်ရှာတဲ့ကိစ္စက ဘာမှမဖြစ်သွားပါဘူး"

သူ အိမ်မပြန်သည်မှာ ကြာလှချေပြီဟု တွေးလိုက်မိသည်။

"ဘာလဲ မုန့်လောင်.. မင်းမိသားစုက ဖုန်းခေါ်တာလား"

သူ့အခန်းဖော်များက မေးလာသည်။

"ဟုတ်တယ်။ ငါအလုပ်ရှာတာ ဘယ်လိုနေလဲလို့ လှမ်းမေးတာ"

ကျန်းမုန့်လောင် ရယ်ချလိုက်သည်။

"ငါ့အဖေက အလုပ်ဆက်မရှာတော့ဘဲ အိမ်ပြန်လာပြီး မိသားစုစည်းစိမ်ကို အမွေဆက်ခံတော့လို့ လာပြောနေတယ်။ အဲ့ဒီလူအိုကြီးက အရမ်းဉာဏ်များတာ။ ငါတော့ တစ်ခွန်းတောင်မယုံဘူး"

"ဟားဟားဟား"

အခန်းဖော်များကလည်း မရယ်ဘဲမနေနိုင်တော့ပေ။ လွန်ခဲ့သည့်နှစ်နှစ်က ကျန်းမုန့်လောင်၏ဇာတိမြို့ကို သူတို့ အလည်လိုက်သွားဖူးသည်။ သူတို့မိသားစုက ဆင်းရဲလှသည်မဟုတ်ဘဲ သာမန်လခစားအိမ်ထောင်စုတစ်ခုသာ ဖြစ်၏။

"မင်းအဖေက မင်း လမ်းလွဲရောက်သွားမှာစိုးလို့ မင်းငယ်ငယ်တုန်းက လျှို့ဝှက်ထားတာဖြစ်မှာပေါ့"

"ဟားဟားဟား ဟုတ်တယ်။ မင်းအဖေက တံငါသည်တစ်ယောက်လို့ပြောခဲ့တယ်လေ။ ကြည့်ရတာတော့ ကျွန်းပေါင်းတစ်ရာလောက်က မင်းတို့မိသားစုပိုင် ဖြစ်နေနိုင်တာပဲ"

"မုန့်လောင်.. မင်းချမ်းသာသွားရင် မင်းသူငယ်ချင်းတွေကို မမေ့နဲ့နော်"

"မင်းတို့ကတော့ စိတ်ကူးယဉ်နေကြတာပဲ။ အဲ့ဒီအစား လင်းပိုင်တွေစီးချင်တယ်လို့သာ ပြောလိုက်ကြပါတော့လား"

ကျန်းမုန့်လောင်က သူ့ကွန်ပျူတာကိုပိတ်ချလိုက်ပြီး ထိုအီးမေးလ်ကို နှစ်ပြားမတန်သောအကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်သည်။

"ငါ့မှာသာ ပိုက်ဆံရှိလာလို့ကတော့ ဝမ်ယိအုပ်စုကို သိမ်းပိုက်ပစ်လိုက်မယ်"

...

"သေစမ်း..သူတို့တွေ မြန်နှုန်းမြင့်ရထားလမ်းဆောက်မ

ယ်ဆိုပြီးပြောနေတာ ငါးနှစ်လောက်ရှိပြီ။ အခုထိ ဘာမှအကောင်အထည်မပေါ်သေးဘူး"

ကျန်းမုန့်လောင်တစ်ယောက် ဘတ်စ်ကားပေါ်မှဆင်းရင်း ညည်းညူလိုက်သည်။ လမ်းကြမ်းကြမ်းပေါ်မှာ နာရီများစွာကြာအောင် ဘတ်စ်ကားစီးလာရခြင်ကြောင့် သူ့အစာအိမ်ထဲတွင် ဆန္ဒပြနေချေပြီ။

"ထူးဆန်းလိုက်တာ.. ငါ့အဖေက ဒီနေ့လာကြိုမယ်လို့ပြောထားတာမဟုတ်ဘူးလား။ ငါ ဘာလို့ သူ့ကိုဘယ်မှာမှမမြင်မိတာပါလိမ့်"

ကျန်းမုန့်လောင်လည်း ကားပါကင်တွင် ဟိုဟိုသည်သည်လှည့်ပတ်ရှာဖွေလိုက်သော်ငြား ကျန်းရှောင်ယွင်ကို ရှာမတွေ့ချေ။

ထိုအချိန်မှာပင် ကားတစ်စီးက သူ့ဘေးသို့ ရောက်ချလာသည်။

"သောက်ကျိုးနည်း.. Rolls-Royceတစ်စီးပါလား။ ငါတို့ရဲ့မြို့သေးသေးလေးမှာ အဲ့လောက်ချမ်းသာတဲ့လူရှိတယ်ပေါ့"

ကျန်းမုန့်လောင်ခမျာ ဇိမ်ခံအမှတ်တံဆိပ်ကြီးကို မနာလိုအားကျစွာဖြင့် ငေးကြည့်နေမိသည်။

သူဌေးယာဉ်မောင်းတစ်ယောက်မှန်း သိသာစေသည့် အနောက်တိုင်းဝတ်စုံနှင့် လက်အိတ်တို့ကို ဝတ်ဆင်ထားသော ကားဒရိုင်ဘာက ကားထဲကထွက်လာပြီး ကားတံခါးကို ဖွင့်ပေးလိုက်လေရာ အသက်ခြောက်ဆယ်ခုနစ်ဆယ်ခန့်ရှိဟန်တူသည့် အဘိုးကြီးတစ်ယောက်က အနောက်ခန်းထဲမှ ထွက်လာလေသည်။

ကျန်းမုန့်လောင်လည်း အနည်းငယ်ဂုဏ်ရှိခံ့ညားလှသော အသွင်အပြင်ရှိသည့် ဤအဘိုးကြီးက သူ့အား အရိုအသေပေးလာပြီး ပြောလိုက်သည့်စကားကြောင့် ပင့်သက်ရှိုက်မိသွားရသည်။

"သခင်လေးမုန့်လောင်... ကျေးဇူးပြုပြီး ကားထဲကိုဝင်ပါ။ ကျွန်တော်တို့ မင်းကိုစောင့်နေကြတာ"

"နေပါဦး။ သခင်လေးမုန့်လောင်တဲ့လား"

ကျန်းမုန့်လောင် ခေါင်းချာချာလည်သွားရသည်။

"ဘာတွေဖြစ်နေတာလဲ။ ခင်ဗျားတို့က ကျွန်တော့်ကိုလာကြိုတာလား"

ထိုအချိန်ဝယ် ကျန်းမုန့်လောင်၏ဖုန်းက တုန်ခါလာသည်။ သူ ဖုန်းကိုဖွင့်ကြည့်လိုက်သောအခါ သူ့အဖေက ဓားကြီးတစ်လက်ကိုင်ထားပြီး မခန့်လေးစားလုပ်နေသည့်အမျိုးသားတစ်ယောက်၏ memeဓာတ်ပုံတစ်ပုံနှင့် စာလုံးလေးလုံးပို့ထားသည်ကို မြင်လိုက်ရသည်။

"မထင်ထားဘူးမလား"

All Chapters