ဆင်းရဲနွမ်းပါးမှုက စိတ်ကူးစိတ်သန်းတွေကို ကန့်သတ်ထားတယ်
Vol. 1 Ch. 6
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
တစ်မနက်လုံးအချိန်ယူပြီးသွားတာတောင် ကျန်းမုန့်လောင်၏မျက်နှာအမူအရာက အလွန်အမင်းအံ့သြမှင်တက်မှုကြောင့် တောင့်တင်းနေဆဲသာ။
သူတို့အိမ်ရာက သိပ်မကြီးမားလှသော်ငြား အဆောက်အဦး၁၂လုံးရှိပြီး တစ်လုံးစီတွင် အထပ်၁၇ထပ်ရှိကာ အထပ်တစ်ထပ်စီ၌ အိမ်ထောင်စုလေးစုရှိလေရာ စုစုပေါင်းအိမ်ထောင်စုရှစ်ရာနှင့် လူပေါင်းအယောက်ထောင်ချီရှိသည်။ ထိုလူအားလုံးက သူ့မိသားစုအတွက် အလုပ်လုပ်ပေးနေသည်တဲ့လား။
"မစ္စတာကျန်း ရှင်မေ့သွားပြီလား။ ထန်ဟွေ့က အိမ်ခြံမြေလုပ်ငန်းနဲ့ ချမ်းသာလာတာလေ။ ဒီပိုင်ဆိုင်မှုနည်းနည်းလေးလောက်က ဘာမှမဟုတ်သေးပါဘူး။ အဲ့ဒီနေထိုင်သူတွေကတော့ တင်းတင်းကျပ်ကျပ်ပြောရမယ်ဆိုရင် သူတို့က ဝန်ထမ်းတွေပါပဲ။ သူတို့ရဲ့အဓိကတာဝန်က ရှင့်ရဲ့နေ့စဉ်လုံခြုံရေးနဲ့ သာမန်လူမှုရေးကိစ္စရပ်တွေကို ဆောင်ရွက်ဖို့ပဲ။ သူတို့တွေအကုန်လုံးက လျှို့ဝှက်ချက်ကို ထုတ်မပြောဖို့လည်း စာချုပ်ချုပ်ထားကြတာ။ နှစ်တွေအကြာကြီး ဒီလိုလုပ်လာခဲ့ရတော့ သူတို့လည်း ရှင့်ကို သာမန်လူတစ်ယောက်အဖြစ် စတင်ဆက်ဆံလာကြတော့တာဖြစ်မယ်"
"ဒါကြီးက အကျယ်ချဲ့လွန်းရာ မရောက်ဘူးလား"
ကျန်းမုန့်လောင်ခမျာ မတတ်သာဘဲ ခါးသက်သက်ပြုံးလိုက်မိသည်။ သူ့မိဘများက သူ့ကို သာမန်လူတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့အတွက် သရုပ်ဆောင်ပေါင်းထောင်ဂဏန်းခန့်ကို အလုပ်ခန့်ထားခဲ့ပြီး ဤမျှအတိုင်းအတာအထိ လုပ်ဆောင်ခဲ့ကြသည်။
"သာမန်အိမ်ရာတစ်ခုမှာ အိမ်တစ်လုံးဝယ်လိုက်တာက ပိုမကောင်းဘူးလား"
"အိမ်တစ်လုံးဝယ်တာနဲ့ အဆောက်အဦး၁၂လုံးဝယ်တာက ဘာများကွာလို့လဲ"
"ဘာများကွာလို့လဲဟုတ်လား"
ကျန်းမုန့်လောင်က စိတ်ထဲမှတိုင် သံကုန်ဟစ်လျက် အော်ဟစ်လိုက်သည်။
"ဒါက သာမန်လူတွေနဲ့ သူဌေးတွေကြားက ကွာခြားမှုလား။ သာမန်လူတွေက အိမ်တစ်လုံးဝယ်ဖို့တောင် ရုန်းကန်နေရတာကို သူ့မိသားစုကတော့ အဆောက်အဦး၁၂လုံးကို ဈေးထဲမှာ ဟင်းရွက်ကန်စွန်းရွက်ဝယ်သလို တစ်ခါတည်းဝယ်ချလိုက်သတဲ့"
"မဟုတ်ဘူး။ ငါက အခု သူဌေးဖြစ်နေပြီ"
သူ့အဖေ သူ့အတွက်ချမှတ်ပေးခဲ့သည့် တစ်နှစ်အတွင်း ၁၀၀ဘီလီယံသုံးရမည်ဟူသော ဤစိန်ခေါ်မှု၏နောက်ကွယ်ရှိ ရည်ရွယ်ချက်ကောင်းမွန်သည့်ပြင်းထန်တင်းကျပ်မှု၏အဓိပ္ပာယ်ကို ကျန်းမုန့်လောင် ရုတ်ခြည်းသဘောပေါက်လိုက်ပြီဖြစ်၏။
သူ့သုံးစွဲမှုပုံစံက ဤမျှများပြားလှသော စည်းစိမ်ဥစ္စာကို အမွေဆက်ခံဖို့အတွက် လုံးဝမသင့်တော်ပေ။
"သွားရအောင်။ သွားရအောင်။ ဒါကိုလက်ခံနိုင်ဖို့အတွက် ငါ့ကို အချိန်ခဏလောက်ပေးဦး"
ကျန်းမုန့်လောင်က ကားထဲမှာထိုင်ရင်း တိတ်ဆိတ်ငြိမ်သက်သွားပြီး သူ့ဘဝ၏ရွေးချယ်မှုများကိုပင် တစ်ဖန်သံသယဖြစ်နေပြန်တော့သည်။
...
"တီတီ"
"တီတီ"
"ဆက်သွားလေ။ ဘာလို့မသွားတာလဲ"
"ကားကို ဘယ်လိုမောင်းနေတာလဲ။ ဒီလောက်ယာဉ်ကြောပိတ်နေတာကို ကြားဖြတ်ချင်နေသေးတယ်ပေါ့။ မင်းလိုလူတွေကြောင့် အမြန်လမ်းမက အခုလိုမျိုးယာဉ်ကြောပိတ်နေတာ"
...
ကျန်းမုန့်လောင် အိမ်ပြန်ခဲ့သည့်နေ့က အမျိုးသားနေ့မတိုင်ခင် ရှေ့တစ်ရက်ပင်။ ထိုညနေခင်းမှစ၍ အမြန်လမ်းမဟာ တစ်နှစ်ခွဲခန့်စောင့်ဆိုင်းလာခဲ့ရသည့် ပြည်သူပြည်သားများကြောင့် ပြန်လှည့်၍မရနိုင်တော့လောက်အောင် ယာဉ်ကြောပိတ်ဆို့ခဲ့ရသည်။ ယနေ့တွင် ကျန်းနန်မြို့သို့ ကားစီးပြီး ချောချောမွေ့မွေ့ပြန်ရသည့် အထွတ်အထိတ်ဆန်သည့်အိပ်မက်ကား စင်စစ်ဆန်းကြယ်လွန်းလှသည်။
"ငါ အခု အမြန်လမ်းမမှာ ပိတ်မိနေတယ်။ မြေပုံထဲမှာတော့ ယာဉ်ကြောပိတ်ဆို့မှုက နောက်ထပ်၇နာရီလောက်ကြာဦးမယ်လို့ပြနေတယ်။ ငါတော့သွားပါပြီ"
"ဟားဟားဟား ကံကောင်းချင်တော့ ငါ ကြိုသိနေတယ်လေ။ ဒါက အိပ်ဆောင်ထဲမှာပဲနေခဲ့ရတဲ့ချိုမြိန်မှုလေးများလား"
"လူယုတ်မာ.. ခုနစ်နာရီကဘာတုန်း။ ငါ့ကို ၂၃လောက်ကြာမယ်လို့ခန့်မှန်းပေးထားတာကွ။ ဟုတ်ပြီလား။ မနေ့ကတည်းက အခုထိ ငါ ဆယ်ကီလိုမီတာလေးပဲ မောင်းရသေးတယ်"
"သောက်ကျိုးနည်း.. သူတို့က အခု အမြန်လမ်းမမှာ ပါဆယ်တွေ မှာစားနေကြတာလား။ ပစ္စည်းပို့တဲ့ကောင်လေးတွေက တကယ်ကိုပြိုင်ဘက်ကင်းတာပဲ"
ကျန်းမုန့်လောင် တစ်ရေးလောက်မှေးလိုက်ပြီးနောက် သူ့ဖုန်းကိုဖွင့်လိုက်သောအခါ အဆောင်ဂရုချက်ထဲမှာ ညည်းညူထားကြသည့် မက်ဆေ့ချ်များက ၉၉+ဖြစ်နေချေပြီ။
သူ အချိန်ကိုတစ်ချက်ကြည့်လိုက်လေရာ လေးနာရီကျော်လောက် ကုန်ဆုံးသွားပြီဖြစ်၏။ ပုံမှန်အခြေအနေမှာဆိုပါက ယခုအချိန်လောက်ဆိုလျှင် ကျန်းနန်မြို့ကို ရောက်နေလောက်ပြီဖြစ်၏။
"မစ္စတာကျန်း.. ရှင်းနိုးလာပြီပဲ။ ကျွန်မတို့ အခု အမြန်လမ်းမမှာကားပိတ်နေတာ နှစ်နာရီကျော်သွားပြီ။ အရှေ့နားမှာ မတော်တဆမှုတစ်ခုဖြစ်ထားတယ်တဲ့။ ရှင် နောက်ထပ်နာရီအနည်းငယ်လောက် ထပ်စောင့်ရဦးမယ်ထင်တယ်"
"သြော် ရပါတယ်။ ငါတို့ စောင့်ကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါလည်းလောနေတာမှမဟုတ်တာ"
ကျန်းမုန့်လောင်းက သူ့ဖုန်းကိုဖွင့်ပြီး သူ့သူငယ်ချင်းများနှင့် စကားပြောနေလိုက်ရာ သိပ်ပျင်းစရာကောင်းမနေတော့ပေ။ မည်သို့ပင်ဖြစ်စေ သူ အမြန်လမ်းမပေါ်မှာ လွန်ခဲ့သည့်ခြောက်နာရီခုနစ်နာရီကတည်းက ပိတ်မိနေခဲ့ခြင်းဖြစ်လေရာ ယခုလိုအခြေအနေမျိုးကို နေသားကျသွားပြီဖြစ်၏။
အချိန်ညှိနှိုင်းမှုများကြောင့် League Of Legends S တံခွန်စိုက်ပြိုင်ပွဲက ထိုနေ့က တရားဝင်စတင်ခဲ့သည်။
"သောက်ကျိုးနည်း.. လိုင်းက ဘာလို့တအားစုတ်နေတာလဲ"
အခန်းဖော်ဂရုမှ မက်ဆေ့ချ်များကလွဲလျှင် တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယိုများက ကောင်းကောင်းတက်မလာပေ။
"မစ္စတာကျန်း.. အမြန်လမ်းမပေါ်မှာ လူတိုင်းက အချိန်ကုန်မြန်အောင်လို့ ဖုန်းသုံးနေကြတာဆိုတော့ လိုင်းမကောင်းတာ ပုံမှန်ပါပဲ"
ဟုန်းရီက ဆိုလိုက်သည်။
"ထားလိုက်တော့။ ငါ ပြန်အိပ်တော့မယ်"
ကျန်းမုန့်လောင် မျက်လုံးထပ်မှိတ်ရန် ဟန်ပြင်လိုက်ချိန်မှာ သူ့ဗိုက်အောက်နားက ရစ်တက်လာသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ယခုမနက် သူအိပ်ရာထလာကတည်းက သန့်စင်ခန်းမဝင်ခဲ့ရပုံပင်။
မနက်တုန်းက သူ ဆန်ပြုတ်နှစ်ပန်းကန်သောက်ထားခဲ့သည်။ မတိုင်ခင်က ဘာမှမခံစားခဲ့ရသော်လည်း ယခုတော့ ဗိုက်ထဲက ဆန္ဒပြနေသည်ကို သူခံစားမိလိုက်လေပြီ။
"ငါ ဒီနေ့လည်း အမြန်လမ်းမပေါ်မှာ ပိတ်မိနေဦးမှာတော့ မဟုတ်ဘူးမလား"
ကျန်းမုန့်လောင်က မြေပုံကို တစ်ချက်ကြည့်လိုက်သည်။ သူတို့ဟာ ခရီးတစ်ဝက်စာနီးနီး ရောက်လာရုံမျှသာဖြစ်ပြီး သူတို့မြို့ငယ်လေး၏ ပင်လယ်ကူးတံတားပေါ်မှာ ရှိနေဆဲပင်။ ကျန်းနန်မြို့ကိုသွားသည့် အမြန်လမ်းမထဲသို့ ဝင်လာခဲ့စဉ်က ယခုလိုဖြစ်လိမ့်မည်ဟု မည်သူထင်ထားမည်တဲ့လဲ။
ဤလမ်းတစ်ကြောတွင် ကားရပ်နားစခန်းများလည်း မရှိပေ။ ထို့ပြင် သူ နှစ်နှစ်ဆယ်ကျော်စောင့်ထိန်းလာခဲ့သည့် ကြီးပြင်းလာပုံနှင့် အရှက်တရားတို့ကြောင့် လမ်းဘေးမှာလည်း ကိစ္စမရှင်းရဲချေ။
သို့သော် သူသာ ကားထဲမှာ ရေဘူးတစ်ဘူးကိုသုံးပြီး ကိစ္စရှင်းမည်ဆိုလျှင်လည်း သူ့ဘေးမှာ မိန်းကလေးတစ်ယောက်ထိုင်နေသည်ဖြစ်ရာ သူက ဘယ်လိုလုပ်အပေါ့သွားနိုင်မှာလဲ။
"အားလုံးပဲ.. ကားထဲမှာ အရေးပေါ်သန့်စင်ခန်းဝင်ဖို့လိုလာခဲ့ရင် ဖြေရှင်းလို့ရမဲ့နည်းလမ်းတစ်ခုခုများရှိလား။ အွန်လိုင်းပေါ်က စောင့်နေပါတယ်"
ဂရုချက်ထဲတွင် ကျန်းမုန့်လောင် ချက်ချင်းမေးကြည့်လိုက်သည်။ စွန်းယွီလဲ့က အဝေးပြေးလမ်းမပေါ်မှာ တစ်ညလုံးပိတ်မိနေခဲ့တာဆိုတော့ သူ့မှာ အတွေ့အကြုံတော့ ရှိလောက်မည်မဟုတ်လား။
"ငါတို့က အဝေးပြေးကားနဲ့ ထွက်လာခဲ့တာလေ။ ဘတ်စ်ကားထဲမှာ အိမ်သာရှိတယ်"
"ဟားဟားဟား.. မုန့်လောင် ထပ်ထိန်းမထားနိုင်တော့ဘူးလား။ ကားထဲမှာ မင်း ရေသန့်ဘူးရှာတွေ့မတွေ့ ကြည့်ကြတာပေါ့"
"ကားတံခါးကို ပွင့်တယ်ဆိုရုံလေးဖွင့်ပြီး မင်းရဲ့ဖွားဖက်တော်ကို အဟကြားထဲကနေ နည်းနည်းလောက်ထုတ်လိုက်။ ဘယ်သူမှသတိထားမိလိုက်မှာမဟုတ်ဘူး"
"ဟားဟားဟား ဉာဏ်ကြီးရှင်ပဲ ဉာဏ်ကြီးရှင်ပဲ။ အဲ့ဒါမှ မင်းပီသတာလေ"
"မင်းတို့တွေက ချောက်ချနေကြတာပဲ"
...
"စိတ်မချရတဲ့ ဒီကောင်တွေက ငါ ဒီမှာတကယ်ဒုက္ခရောက်နေတာကို မသိကြဘူးလား။ သူတို့က ဟာသလုပ်နိုင်ကြသေးတယ်ပေါ့"
ကျန်းမု့န်လောင်က ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ခြေထောက်နှစ်ဖက်ကို ပွတ်တိုက်နေမိတော့သည်။
"မစ္စတာကျန်း.. ရှင် ပြန်ဖို့အလျင်လိုနေလို့လား"
ဟုန်းရီက ကျန်းမုန့်လောင်၏ရှက်ရွံ့မှုကို မြင်လေသည်။ ကျန်းမုန့်လောင်က အပေါ့သွားချင်နေခြင်းဖြစ်ကြောင်းကိုတော့ သူ(မ)မသိပေ။
"ဟုတ်တယ်.. တော်တော်လေးအလျင်လိုနေတာ။ ငါ့အတန်းဖော်တစ်ယောက် ဒုက္ခရောက်နေလို့။ ငါ သူ့ကိုကူညီဖို့အတွက် ကျောင်းကို မြန်မြန်ပြန်မှဖြစ်မယ်။ မင်းမှာ ဖြေရှင်းနည်းများရှိလား"
"အဲ့လိုဆိုရင် ပြန်ဖို့အတွက် တခြားသယ်ယူပို့ဆောင်ရေးပုံစံကို ပြောင်းလိုက်ကြရအောင်။ တကယ်တော့ ကျွန်မ ဒီနည်းလမ်းနဲ့ ရှင့်ကိုလိုက်ပို့ဖို့ရည်ရွယ်ထားတာ။ ဒါပေမဲ့ ရှင်က တအားရှိုးထုတ်လွန်းတယ်လို့ ထင်မှာစိုးလို့"
"ဘယ်နည်းလမ်းလဲ. ဒီလိုအခြေအနေရောက်မှတော့ ရှိုးထုတ်တာမထုတ်တာကို ဘယ်သူကစိတ်ဝင်စားနေမှာလဲ"
"ကျွန်မ နားလည်ပါပြီ။ ကျွန်မကို ခဏလောက်အချိန်ပေးပါ"
ဟုန်းရီက သူ(မ)၏ဖုန်းကို ထုတ်လိုက်ပြီး နံပါတ်တစ်ခုကိုခေါ်ဆိုလိုက်သည်။
"မစ္စတာကျန်းရဲ့ကားက အဝေးပြေးလမ်းမမှာပိတ်မိနေလို့။ ကျန်းနန်မြို့ကို ချက်ချင်းသွားမှဖြစ်မဲ့ အရေးပေါ်အခြေအနေတစ်ခုပေါ်လာလို့။ ကျေးဇူးပြုပြီး ချက်ချင်းစီစဉ်ပေးပါ"
"မင်း ဘယ်သူ့ကိုဖုန်းခေါ်လိုက်တာလဲ"
ကျန်းမုန့်လောင်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"ရှင့်ရဲ့နေ့စဉ်သယ်ယူပို့်ဆောင်ရေးအတွက် တာဝန်ရှိတဲ့လူကို ကျွန်မ ဖုန်းဆက်လိုက်တာပါ။ သူက ဟယ်လီကော်ပတာတစ်စီးကို မိနစ်နှစ်ဆယ်အတွင်း လွှတ်ပေးနိုင်တယ်လို့ ပြောတယ်"
"ငါ ဟယ်လီကော်ပတာစီးခွင့်ရလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး"
ကျန်းမုန့်လောင်လည်း အစောပိုင်းတုန်းက ဤဖြေရှင်းနည်းကို စဉ်းစားမိခဲ့သော်လည်း ဟယ်လီကော်ပတာနှင့်ဆိုလျှင်ပင် ကျန်းနန်မြို့ကိုရောက်ဖို့ တစ်နာရီအချိန်ယူရမည်ဖြစ်၏။
သူ ကောင်းကင်ပေါ်ကနေ လူထုကို ရွှေရောင်ရေပန်းနှင့် မင်္ဂလာရေသွန်းလောင်းပေးရတော့မှာများလား။
"အင်းပါလေ... နောက်တစ်နာရီလောက် တောင့်ခံထားရတာက အမြန်လမ်းမပေါ်မှာ နာရီပေါင်းများစွာထိုင်စောင့်ရမှာထက်စာရင်တော့ တော်ပါသေးတယ်"
...
မိနစ်နှစ်ဆယ်အတွင်းမှာပင် ကောင်းကင်ထက်မှ ရဟတ်ယာဉ်ပန်ကာကြီးများ တုန်ခါနေသည့် ဆူညံသံကြီးတစ်သံထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်လိုက်လေသည်။
"မစ္စတာကျန်း.. ရှင့်ရဲ့ကိုယ်ပိုင်ဟယ်လီကော်ပတာ ရောက်လာပါပြီ"
ဟုန်းရီက ကြေညာချက်ထုတ်လိုက်လေသည်။
"ငါ အရင်က ဟယ်လီကော်ပတာတွေအများကြီးမြင်ဖူးပါတယ်။ ဒီအသံကြီးက ဘာလို့တအားကျယ်နေရတာလဲ"
ကျန်းမုန့်လောင်က ကားပြတင်းပေါက်ကိုဖွင့်ပြီး သူ့ခေါင်းကို အပြင်ထုတ်လိုက်လေရာ အမည်းရောင်အရိပ်ကြီးတစ်ခုကြောင့် သူ ဟင်ခနဲဟာခနဲဖြစ်သွားရသည်။
ဤဟယ်လီကော်ပတာမှာ အလျားအားဖြင့် ၄၀မီတာကျော်ရှည်လျားပြီး သူစိတ်ကူးထားသော ကိုယ်ပိုင်ဟယ်လီကော်ပတာများနှင့်မတူဘဲ လုံးဝကွာခြားလေသည်။
"ကြည့်လိုက်.. ဟယ်လီကော်ပတာ ဆင်းလာပြီ"
အဝေးပြေးလမ်းမတစ်ကြောလုံးရှိ လူများက စိတ်လှုပ်ရှားသွားကြသည်။ ယခုလိုမြင်ကွင်းမျိုးဟာ နေ့တိုင်းမြင်တွေ့နိုင်သော မြင်ကွင်းမျိုးမဟုတ်ချေ။
"ငါ ဒီလိုဟယ်လီကော်ပတာမျိုးကို အရင်က စစ်တပ်ထဲမှာမြင်ဖူးတယ်။ အဲ့ဒါက ဆိုဗီယက်ရုရှားရဲ့Mi-26ပဲ။ ကမ္ဘာ့အကြီးဆုံးဟယ်လီကော်ပတာလို့ ပြောလို့ရတယ်။ ဟွာရှားလေကြောင်းလိုင်းမှာ ဒီလိုဟာမျိုးနှစ်စင်းပဲရှိတာ။ အဲ့ဒါက ဘယ်လိုလုပ်ပြီး ဒီနေရာမှာပေါ်လာတာလဲ"
"ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်က ယာဉ်ကြောပိတ်ဆို့တာကို မစောင့်နိုင်တော့လို့ ဟယ်လီကော်ပတာခေါ်လိုက်တာများလား"
"အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီလိုလေယာဉ်မျိုးကိုဆင့်ခေါ်နိုင်တဲ့ ဩဇာအာဏာမျိုး ဘယ်သူ့မှာရှိလို့လဲ။ သာမန်ဟယ်လီကော်ပတာတွေဆိုရင် လူနည်းနည်းလောက်ပဲဆံ့တဲ့ ယာဉ်သေးသေးလေးမဟုတ်ဘူးလား"
"ဒီလိုလေယာဉ်မျိုးကို ကိုယ်ပိုင်လေယာဉ်အဖြစ်သုံးနိုင်တဲ့အထိဆိုရင် ဘယ်လောက်များချမ်းသာလို့လဲ"
"အဲ့ဒါက ပိုက်ဆံရှိတာနဲ့မဆိုင်ဘူး။ ဒီလိုဟယ်လီကော်ပတာတစ်စီးကိုခေါ်ဖို့အတွက် မင်းမှာ ခွင့်ပြုမိန့်သာမရှိဘူးဆိုရင် လေကြောင်းထိန်းချုပ်ရေးကို ဘယ်လိုလုပ်ပြီးဖြတ်ကျော်နိုင်မှာလဲ"
"ဒါကြီးက အရမ်းရိုက်ချက်ပြင်းတာပဲ။ ဆင်းရဲမွဲတေမှုက ငါ့ရဲ့စိတ်ကူးစိတ်သန်းတွေကို ကန့်သတ်နေတာပဲ"