ပီကာဆိုကိုယ်တိုင် ရှင့်ဘိုးဘေးကိုပေးခဲ့တာ
Vol. 1 Ch. 7
"ဟုန်းရီ ဒါ..ဒါက မင်းခေါ်ထားတဲ့ဟယ်လီကော်ပတာလား"
ကျန်းမုန့်လောင် ပါးစပ်အဟောင်းသားဖြစ်လုနီးနီးပင်။ ခရီးသည်တင်လေယာဉ်မော်ဒယ်လ်အများစုပင် ယခုလောက်အထိ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ စင်စစ်ကြီးကျယ်ခမ်းနားလှသောယာဉ်ကြီးပင်။
"မစ္စတာကျန်း.. ဒါက ဆိုဗီယက်ရုရှားထုတ် Mi-26အထွေထွေသုံးသယ်ယူပို့ဆောင်ရေးဟယ်လီကော်ပတာပါ။ အဲ့ဒါက စစ်ထဲကယာဉ်တစ်ခုဖြစ်ပြီး ဥရောပက လေလံပွဲတစ်ခုမှာပေါ်လာခဲ့တယ်။ ရှင့်အဖေက အဲ့ဒါကို လေလံပွဲကနေ အမေရိကန်ဒေါ်လာ၁၇သန်းနဲ့ဝယ်ယူခဲ့ပြီး နောက်ပိုင်းကျမှ ကိုယ်ပိုင်ဟယ်လီကော်ပတာအဖြစ် ပြောင်းလဲခဲ့တယ်။ အဲ့ဒါကို အသုံးမပြုထားဘူးဆိုပေမဲ့ နှစ်တိုင်းထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်ထားတဲ့အတွက် အခြေအနေက အကောင်းမွန်ဆုံးအနေအထားမှာရှိပါတယ်"
"နောက်ထပ်နှစ်ရာမီလျံသူဌေးကြီးပဲ"
ကျန်းမုန့်လောင်ခမျာ ဘာကိုမှဆက်မအံ့ဩနိုင်တော့လောက်အောင်ပင်။
"မဟုတ်ဘူး။ မဟုတ်ဘူး။ ဒေါ်လာ၁၇သန်းဆိုတာက အခြေခံဈေးနှုန်းပဲရှိသေးတာ။ အဲ့ဒါကို သက်သောင့်သက်သာရှိဖို့နဲ့ လေကြောင်းလုံခြုံမှုရှိဖို့အတွက် ရှင့်အဖေက နောက်ထပ်ပြုပြင်မွမ်းမံမှုတွေ ထပ်လုပ်ခဲ့သေးတယ်။ အလှဆင်တာတွေအကုန်လုံးပါ ပေါင်းလိုက်ရင် စုစုပေါင်းကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁.၂ဘီလီယံကျော်ပါတယ်"
"အမေရိကန်ဒေါ်လာ၁.၂ဘီလီယံတဲ့လား။ ပြုပြင်မွမ်းမံစရိတ်ကတောင် ဟယ်လီကော်ပတာတန်ဖိုးထက် ပိုကုန်ကျနေတာပေါ့"
ကျန်းမုန့်လောင်ခမျာ အံ့ဩမှင်တက်သွားရပြီး အတွင်းပိုင်းအပြင်အဆင်ကို ရွှေနှင့်များကွပ်ထားလေသလားဟု တွေးမိသွားလေသည်။
"ခဏနေရင် ရှင် တွေ့ရပါလိမ့်မယ်"
ဟုန်းရီက အပြုံးလေးနှင့် ဆိုလာလေသည်။
"ကားကိုဆွဲတင်ဖို့ လုပ်ငန်းစလိုက်ကြတော့"
ဟုန်းရီ၏အမိန့်ပေးမှုကြောင့် Mi-26 ၏ ကုန်တင်ပေါက်ကို ချက်ချင်းဖွင့်လိုက်ကြသည်။
လုံခြုံရေးဝတ်စုံများနှင့် မျက်နှာဖုံးများတပ်ဆင်ထားသော လူအနည်းငယ်က ကြိုးပေါင်းမြောက်များစွာဆင်လျက် သူတို့ဘေးနားသို့ ဖြည်းဖြည်းချင်းဆင်းသက်လာသည်။ သူတို့က ကားအောက်ခြေကို ကြိုးများဖြင့် လုံခြုံစွာချိတ်ဆက်လိုက်လေရာ ခဏအကြာမှာမူ သန်မာလှသော ဆွဲအားကြီးတစ်ရပ်က ဟယ်လီကော်ပတာဆီမှ ထွက်ပေါ်လာလေသည်။
"သေစမ်း။ သူတို့ဘာလုပ်နေကြတာလဲ။ ဘာဖြစ်နေတာလဲ။ သူတို့က ငါ့ကိုလာခေါ်တာမဟုတ်ဘူးလား။ ကားကိုပါ ဘာလို့သယ်သွားတာလဲ"
ကားတစ်စီးလုံး ရှေ့နောက်ခါယမ်းပြီး ဘာလုံခြုံမှုမှရှိမနေသလို ကျန်းမုန့်လောင်ခံစားလိုက်ရသည်။
"မစ္စတာကျန်း.. စိတ်ချပါ။ ဒီကြိုးတွေက ထူးရှယ်အရည်အသွေးနဲ့လုပ်ထားတာပါ။ တစ်ကြိုးချင်းစီက အလေးချိန်ငါးတန်ကို သယ်နိုင်ပါတယ်။ ဟယ်လီကော်ပတာကလည်း အလေးချိန်တန်၂၀ကို ဘာအခက်အခဲမှမရှိဘဲ သယ်နိုင်ပါတယ်။ အဲ့ဒါကြောင့် နောက်ထပ်ကားနည်းနည်းလောက်ထပ်သယ်ရင်တောင် ပြဿနာမရှိပါဘူး"
"ဒါပေမဲ့ အဲ့လိုဆိုရင်တောင် ငါကြောက်တယ်လေ"
သူတို့က လက်ရှိမှာ တံတားတစ်စင်းပေါ်ရောက်နေပြီး တံတားအရှည်က အကန့်အသတ်ရှိသောကြောင့် ဟယ်လီကော်ပတာက မြေပြင်နှင့်အထက် မီတာဒါဇင်ခန့်အကွာကသာ ပစ္စည်းသယ်ယူနိုင်လေသည်။ ပင်လယ်လေပြည်တိုက်ခတ်မှုကြောင့် အလေးချိန်နှစ်တန်နှင့်အထက်ရှိသော Maybachကားက နာရီချိန်သီးလေးအလား လှုပ်ယမ်းနေချေသည်။
"ငါတော့ အန်မိတော့မှာပဲ အော့.."
ကျန်းမုန့်လောင်က အိတ်တစ်လုံးကို ဆုပ်ကိုင်ထားလိုက်ပြီး အန်ချပစ်လိုက်ဖို့လည်း မတွေဝေပေ။
...
"ကလစ် ကလစ်"
"သောက်ကျိုးနည်း မိုက်လိုက်တာကွာ။ ဘယ်လိုလူချမ်းသာမျိုးပါလိမ့်နော်။ ယာဉ်ကြောပိတ်နေလို့ ဟယ်လီကော်ပတာနဲ့ လူရောကားပါ သယ်သွားတာတဲ့လား"
"အနီးကပ်ကြည့်ကြည့်လိုက်။ အဲ့ဒီကားက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာလောက်ကတည်းက ထွက်ထားတဲ့ Maybachကားနော်။ အဲ့ဒီကားရဲ့အဖွင့်ဈေးက ငါးသန်းကျော်တယ်လို့ ငါမှတ်မိတာပဲ ဟုတ်တယ်မလား"
"ကားကိုမေ့ထားလိုက်။ လိုင်စင်နံပါတ်ပြားကတင် ဇိမ်ခံကားတစ်စီးစာလောက် တန်ဖိုးရှိတယ်"
"ငါမနေနိုင်တော့ဘူး။ ငါ ဒါကိုမှတ်တမ်းတင်ထားပြီး အွန်လိုင်းပေါ်တင်ပစ်တော့မယ်။ ဒါကြီးက သေချာပေါက်နာမည်ကြီးသွားမှာသေချာတယ်"
အောက်ဘက်ရှိလူများမှာ ဟယ်လီကော်ပတာက Maybachကားကို ဝါးမျိုပြီး အဆုံးတွင် မိုးကုပ်စက်ဝိုင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားသည့်မြင်ကွင်းကို ကြည့်နေခဲ့ကြသော်လည်း ဗီဒီယိုကတော့ အွန်လိုင်းပေါ်တွင် ဗိုင်းရပ်စ်အလား ချက်ချင်းနီးပါးပြန့်သွားလေသည်။
...
"ငါ့ကိုလာမထိနဲ့ဦး။ ငါ အရင်ဆုံးအသားကျအောင်လုပ်လိုက်ဦးမယ်"
ကျန်းမုန့်လောင် ကားထဲကထွက်လိုက်သည်။ ဟယ်လီကော်ပတာမှာ အရွယ်အစားကြီးမားလွန်းလှသဖြင့် ငြိမ်ငြိမ်သက်သက်ပျံသန်းနိုင်သော်လည်း သူကတော့ ယမ်းခါနေသည့်ခံစားချက်ကြီးကို ယခုအထိမဖြေဖျောက်နိုင်ဖြစ်နေလေသည်။
မိနစ်အနည်းငယ်ကြာသော် သူတို့ လှေကားထစ်အတိုလေးတစ်ခုကိုတက်ပြီး ဟယ်လီကော်ပတာ၏ ခရီးသည်အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။ လေယာဉ်ခန်းထဲသို့ ဝင်လာလိုက်ချိန်မှာတော့ ကျန်းမုန့်လောင် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ဒါက ဟယ်လီကော်ပတာရဲ့လေယာဉ်ခန်းတဲ့လား။ ဒါကြီးက ဇိမ်ခံတိုက်ခန်းကြီးနဲ့ ဘာမှလည်းမကွာပါဘူး။
လေယာဉ်ခန်း၏ကြမ်းပြင်ကို ကြော့မော့လှသောကြွေပြားများ ခင်းထားပြီး လှပလွန်းလှသည့် သလင်းကျောက်မီးပန်းဆိုင်းကြီးတစ်ခုကလည်း မျက်နှာကြက်မှ တွဲလောင်းကျနေလေသည်။ အလယ်တွင်မူ လူဆယ်ယောက်စာလောက် ဝင်ဆံ့သောထမင်းစားပွဲကြီးတစ်ခုရှိပြီး ဇွန်းခက်ရင်းများနှင့် အသုံးအဆောင်ပစ္စည်းများ အစုံအလင်ရှိကာ ဘေးဘက်တွင်လည်း သန့်စင်ခန်းအသေးစားလေးတစ်ခု ရှိသည်။
အနောက်နားတွင်မူ သီးသန့်အခန်းငယ်တစ်ခုနှင့် ရေချိုးခန်းတစ်ခန်းပါရှိသည်။
သန့်စင်ခန်းကိုမြင်သော် ကျန်းမုန့်လောင်မှာ PUBGကစားသမားတစ်ယောက် safe zoneကိုမြင်လိုက်ရသလို စိတ်လှုပ်ရှားသွားရပြီး နားနေခန်းထဲကိုအပြေးအလွှားသွား၍ အပေါ့သွားလိုက်ပါတော့သည်။
"လန်းဆန်းသွားတာပဲ"
တဆတ်ဆတ်တုန်ယင်မှုတစ်ခုနှင့်အတူ အရာအားလုံးက အံ့ဩဖို့ကောင်းလာလေတော့သည်။
ကျန်းမုန့်လောင် အပြင်ထွက်လာသည့်အချိန်မှာ ထမင်းစားပွဲထက်တွင် အစားအသောက်များနှင့် ပြည့်နှက်နေလေပြီ။ စတိခ်၊ ဝိုင်နီ၊ အရွက်သုပ်၊ အချိုပွဲနှင့် တောင့်တလိုသမျှအရာအားလုံးရှိလေသည်။
"မစ္စတာကျန်း.. Mi-26ဟယ်လီကော်ပတာရဲ့ကုန်တင်ပေါက်ကို ကိုယ်ပိုင်နေရာတစ်ခုအဖြစ် ပြောင်းလဲထားပါတယ်။ အရွယ်အစားအရပြောရရင် စတုရန်းမီတာဒါဇင်လောက်ပဲရှိလို့ သေးတယ်ဆိုပေမဲ့ ပစ္စည်းကိရိယာအပြည့်အစုံထည့်သွင်းထားတဲ့အတွက် ခရီးသွားလာတဲ့အချိန်မှာ ရှင့်ရဲ့လိုအပ်ချက်အများစုကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ပြီးတော့ ဒီထဲမှာ အချိန်ပြည့်စားဖိုမှူးတစ်ယောက်၊ လက်ထောက်စားဖိုမှူးနှစ်ယောက်နဲ့ ဝန်ထမ်းသုံးယောက်ကလည်း အဆင်သင့်ရှိပါတယ်"
"ဒီအသားက မဆိုးဘူးပဲ။ ဈေးကြီးလောက်မှာပဲနော် ဟုတ်တယ်မလား"
နာရီပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာညှဉ်းဆဲခံရပြီးနောက် ကျန်းမုန့်လောင်တစ်ယောက် စတင်ဆာလောင်လာပြီး စားပွဲပေါ်ရှိ အစားအသောက်များကို အငမ်းမရစားသောက်ပါတော့သည်။
"ဒါပေါ့။ ဒါက ကမ္ဘာ့နာမည်ကြီးကိုဘေးအမဲသားလေ။ လတ်ဆတ်မှုကိုထိန်းသိမ်းထားဖို့အတွက် အလတ်ဆတ်ဆုံးထုတ်ကုန်ကို နေ့တိုင်းပြင်ဆင်ပြီး ရှင့်အတွက် လေယာဉ်ပေါ်မှာထိန်းသိမ်းပေးထားပါတယ်"
"ဒီလေယာဉ်က မသုံးတာကြာပြီလို့ မင်းပြောခဲ့တယ်မဟုတ်ဘူးလား"
ကျန်းမုန့်လောင် မေးလိုက်လေသည်။
"ဟုတ်ပါတယ်။ ဒါပေမဲ့ အသုံးမပြုတဲ့အချိန်တွေမှာတောင် လေယာဉ်ရေခဲသေတ္တာထဲက ပစ္စည်းတွေကို နေ့တိုင်းအသစ်လဲပြီး အချိန်မရွေးအသုံးပြုလို့ရအောင် အဆင်သင့်လုပ်ပေးထားပါတယ်"
"အဲ့ဒါကြီးက နည်းနည်းဖြုန်းတီးရာမကျဘူးလား"
ကျန်းမုန့်လောင်မှာ အပြစ်ရှိစိတ်အနည်းငယ်ကို ခံစားလိုက်ရသည်။ လေယာဉ်ကို နှစ်ပေါင်းများစွာမသုံးဘဲပစ်ထားသည်မှာ လူအင်အားနှင့်အရင်းအမြစ်တို့ ဘယ်လောက်တောင်များ အလကားဖြစ်သွားလေပြီလဲ။
"အမှုထမ်းတွေအားလုံးအပါအဝင် ဒီလေယာဉ်ရဲ့နှစ်စဉ်ထိန်းသိမ်းခက အမေရိကန်ဒေါ်လာ၅သန်းပဲရှိပါတယ်။ သိပ်မများပါဘူး"
"သိပ်မများဘူး…"
ကျန်းမုန့်လောင်ခမျာ သူ့ပါးစပ်ထဲရှိအသားက ရုတ်ခြည်းအရသာသိပ်မရှိတော့သလို ခံစားလိုက်ရသည်။ လေးနှစ်ခန့်အသုံးမပြုဘဲပစ်ထားလျှင် အမေရိကန်ဒေါ်လာသန်း၂၀ပင်။ ထိုပမာဏမှာ ကမ္ဘာပေါ်ရှိလူဦးရေ၉၉.၉ရာခိုင်နှုန်းလောက် တစ်သက်လုံးရှာလျှင်ပင် မရနိုင်လောက်သည့်ပမာဏမျိုးပင်။
"စကားမစပ်.. ဒီလေယာဉ်ရဲ့ပြုပြင်မွမ်းမံခက အမေရိကန်ဒေါ်လာ၁.၂ဘီလီယံလို့ပြောလိုက်တယ်မလား။ အဲ့ဒီ၁.၂ဘီလီယံကို ဘယ်မှာသုံးလိုက်သလဲဆိုတာ ငါ တကယ်မမြင်မိဘူး"
ကျန်းမုန့်လောင် ရုတ်ခြည်းမေးလိုက်သည်။
"မစ္စတာကျန်း.. နံရံပေါ်ကပန်းချီကားကို တစ်ချက်ကြည့်ကြည့်လိုက်ပါ"
"အဲ့ဒါနဲ့ပတ်သက်ပြီး ထူးခြားနေတာတစ်ခုခုများရှိလို့လား"
ကျန်းမုန့်လောင်က သူ့ဓားနှင့်ခက်ရင်းကို ချလိုက်ပြီး သူ့အနောက်ရှိ ပန်းချီကားနားသို့ ချဉ်းကပ်သွားလိုက်သည်။ ထိုပန်းချီကားမှာ ဥယျာဉ်တစ်ခုထဲတွင် အလုပ်လုပ်နေသော မိန်းမငယ်လေးတစ်ယောက်ကို ပုံတူဆွဲထားသည့် ဆီဆေးပန်းချီကားတစ်ချပ်ဖြစ်ပြီး ညာဘက်အောက်ထောင့်နားလေးတွင် လက်မှတ်တစ်ခုပါရှိသည်။
"ပီ..ကာ…ဆို.. ပီကာဆို ပါဘလိုပီကာဆိုတဲ့လား။ ဒါက ပီကာဆိုပန်းချီကားလား"
ပန်းချီပညာကို မသင်ကြားခဲ့ရသော်လည်း ဤနာမည်ကြီးပန်းချီပညာရှင်များကိုတော့ ကျန်းမုန့်လောင် သေချာပေါက်သိသည်။ ပီကာဆိုမှာ ပညာရှင်တစ်ယောက်အဖြစ် ဒါဗင်ချီနှင့် ဗန်ဂိုးရ်တို့နှင့်အတူယှဉ်နိုင်သူပင်။
"ဒါက တကယ့်အစစ်လား"
ကျန်းမုန့်လောင်က ပီကာဆို၏လက်ရာများအကြောင်း များများစားစားမသိချေ။ သို့သော် ဤပန်းချီကားသာ အစစ်ဆိုပါက အမေရိကန်ဒေါ်လာဆယ်သန်းတန်သည်ဆိုလျှင်လည်း မထူးဆန်းချေ။
"ဒါပေါ့။ အစစ်ပါ။ မစ္စတာကျန်းရဲ့နာမည်အောက်မှာ စာရင်းသွင်းထားတဲ့ စုစည်းမှုတွေထဲမှာ အတုရယ်လို့မရှိနိုင်ပါဘူး"
ဟုန်းရီက ပြောလေသည်။
"ပုံစံတူပန်းချီကားတစ်ချပ်များ ပြတိုက် ဒါမှမဟုတ် လေလံပွဲတစ်ခုခုမှာပေါ်လာခဲ့ရင် သူတို့က အတုဖန်တီးထားတဲ့လူတွေပဲဖြစ်နိုင်ပါတယ်"
"ဒါဆို ဒီပန်းချီကားက ဘယ်လောက်တန်လဲ"
ကျန်းမုန့်လောင် သတိကြီးကြီးထား၍ မေးလိုက်သည်။
"ပန်းအနုပညာမိန်းကလေးလို့နာမည်ရတဲ့ ဒီပန်းချီကားကို ဈေးကွက်ထဲမှာ တစ်ခါမမြင်ဖူးပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒါက မစ္စတာပီကာဆိုက ရှင့်ဘိုးဘေးကိုပေးထားတဲ့ ကိုယ်ပိုင်လက်ဆောင်ဖြစ်နေလို့ပါ"
"ဘာ.. ပီကာဆိုကိုယ်တိုင် ဒီပန်းချီကားကို ငါ့ဘိုးဘေးကိုလက်ဆောင်ပေးထားတာလား"
ဤသတင်းမှာ သံသယဖြစ်ဖွယ်ရာမရှိ ဗုံးကြဲချလိုက်သည့်အလားပင်။
"ရှင် ပန်းချီကားရဲ့အနောက်ဘက်ခြမ်းကိုလည်း ကြည့်ချင်နေမှာပေါ့"
ဟုန်းရီက ပြောလာလေသည်။
ကျန်းမုန့်လောင်လည်း ပန်းချီကားကိုဖြုတ်ကြည့်လိုက်လေရာ အမှန်တကယ်ပင် အနောက်ဘက်၌ စပိန်ဘာသာစကားဖြင့်ရေးထားသော ပုံနှိပ်စာသေးသေးလေးတစ်ကြောင်းရှိနေလေသည်။
"ဟက်. ငါက စပိန်ဘာသာမှနားမလည်တာ။ မင်း ငါ့အတွက် ဘာသာပြန်ပေးလို့ရမလား"
ကျန်းမုန့်လောင်က အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
"ဒီပန်းချီကားကို တော်ဝင်ပန်းခြံထဲမှာ နှစ်လိုဖွယ်ပန်းလေးတွေနဲ့ကုန်ဆုံးခဲ့တဲ့ ပျော်ရွှင်ဖွယ်နေ့လယ်ခင်းလေးကို အမှတ်ရအောက်မေ့တဲ့အနေနဲ့ အရှေ့တိုင်းက မစ္စတာကျန်းကျွင်းကို လက်ဆောင်ပေးလိုက်ပါတယ် —ပါဘလိုပီကာဆို "
ဟုန်းရီက ဆက်ပြောလိုက်သည်။
"ဒီပန်းချီကားက လက်ဆွဲသေတ္တာထဲမှာပဲ အမြဲထည့်သိမ်းခံထားရာက နောက်ပိုင်းကျမှ ရှင့်အဖေက သန့်ရှင်းရေးလုပ်ရင်းရှာတွေ့ခဲ့လို့ ဒီနေရာမှာချိတ်ထားခဲ့တာလေ။ ပန်းချီကားရဲ့အရွယ်အစား၊ ဖန်တီးခဲ့တဲ့အချိန်ကာလနဲ့ အသုံးပြုခဲ့တဲ့နည်းနာတွေကို အခြေခံကြည့်ရင် လက်ရှိပေါက်ဈေးက အမေရိကန်ဒေါ်လာသန်း၂၀၀နဲ့အထက် ရှိနိုင်ပါတယ်"
"ငါ.. ဘုရားရေ ငါ့ဘိုးဘေးက ရှယ်ကြမ်းတာပဲ"
...