ဒါက မင်းပြောပြခဲ့တဲ့ "နံပါတ်တစ်အိမ်ရာ"လား
Vol. 1 Ch. 8
"ကြည့်ရတာတော့ မစ္စတာကျန်း.. ရှင် အခုထိ ရှင့်မိသားစုသမိုင်းကြောင်းကို သိပ်နားမလည်သေးတဲ့ပုံပဲ"
"ငါ့ဖင်ကိုနားလည်ရမှာလား"
ကျန်းမုန့်လောင် သူ့ကိုယ်သူတီးတိုးရေရွတ်လိုက်သည်။
"ငါ့မိသားစုက ဒီလောက်အထိချမ်းသာမှန်းတောင်မသိတာ ငါ့မိသားစုရဲ့သမိုင်းကြောင်းကို ဘယ်လိုလုပ်သိမှာလဲ။ ငါ့မိဘတွေက သောက်ကျိုးနည်းပျံနိုင်မှန်းတောင် ငါမသိခဲ့ဘူး"
"မင်း ဘာသိထားလဲ။ ငါ့ကိုပြောပြ"
ကျန်းမုန့်လောင်က ပြောပြပေးရန်တောင်းဆိုလိုက်သည်။
"အင်း.. ကျွန်မလည်း သိပ်တော့မသိပါဘူး။ တကယ်တော့ ကျွန်မတို့ဟုန်းမိသားစုက မစ္စတာကျန်းရဲ့မိသားစုကို စတင်ပြီးအမှုထမ်းတော့ ကျန်းမိသားစုမှာ များပြားလှတဲ့ပိုင််ဆိုင်မှုတွေရှိနေနှင့်ပြီလေ"
ဟုန်းရီက ပြောလာလေသည်။
"မစ္စတာကျန်းရဲ့ဘိုးဘေးတွေက အရမ်းဉာဏ်ပညာရှိကြတဲ့လူတွေ။ သူတို့တွေက ဟိုးတုန်းကတည်းက အမျိုးမျိုးသောရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့ကြတာ။ ရှင် ဒါကိုတော့နားလည်ထားမှဖြစ်မယ်။ အဲ့ဒီအချိန်တုန်းက ပစ္စည်းတော်တော်များများက သိပ်အဖိုးမတန်ခဲ့ဘူး။ ဒါပေမဲ့ နှစ်ထောင်ပေါင်းများစွာကုန်လွန်လာတော့ သာမန်ခွက်လေးတစ်လုံးကတောင် အဖိုးမဖြတ်နိုင်အောင်ဖြစ်သွားခဲ့တယ်"
"အဲ့ဒါက အဓိပ္ပာယ်တော့ရှိတယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။
"အခုလောလောဆယ်တော့ တခြားကိစ္စတွေကိုမပြောပါနဲ့ဦး။ အိမ်နီးချင်း ဟန်လီတိုင်းပြည် စတင်တည်ထောင်တော့ အဲ့ဒီနေရာမှာ မြေကွက်ကြီးတစ်ခုကို ရှင့်ဘိုးဘေးတွေက ဝယ်ယူခဲ့ကြတယ်။ အဲ့ဒီအချိန်တုန်းက သူတို့ရဲ့အစိုးရက မွဲတေနေခဲ့တာမို့ တိုင်းပြည်ရဲ့မြေကွက်ငါးပုံတစ်ပုံလောက်ကို အသာလေးဝယ်နိုင်ခဲ့တယ်လေ"
"ဘာ.. တိုင်းပြည်ရဲ့ငါးပုံတစ်ပုံတဲ့လား။ ဟန်လီတိုင်းပြည်ရဲ့နယ်မြေငါးပုံတစ်ပုံက ငါတို့ပိုင်တာလို့ ပြောနေတာလား"
ထိုနေ့က သူခံစားခဲ့ရသောထိတ်လန့််မှုကိုဖော်ပြဖို့အတွက် ကျန်းမုန့်လောင် စကားလုံးရှာမရချေ။
"ဟုတ်ပါတယ်။ အဲ့ဒါကြောင့် ဟန်လီတိုင်းပြည်ထဲက အဲ့ဒီနယ်မြေတွေဆီရတဲ့ အခွန်အခ၇၀ရာခိုင်နှုန်းက ကျန်းမိသားစုလက်ထဲကို နှစ်တိုင်းရောက်နေတာလေ။ ရှင် အဲ့ဒီမြေတွေကို လွတ်လပ်စွာဝယ်ယူရောင်းချနိုင်ပါတယ်"
"ဒါဆို မင်းရဲ့ထန်ဟွေ့အုပ်စုက.."
ကျန်းမုန့်လောင် တစ်စုံတစ်ရာကို ရုတ်တရက်တွေးလိုက်မိသည်။ ထန်ဟွေ့အုပ်စုက ကမ္ဘာအနှံ့ရှိ တိုင်းပြည်အမြောက်အများတွင် အိမ်ခြံမြေလုပ်ငန်းဖြင့် ကြီးပွားလာခဲ့ခြင်းပင်။ ဧကန္တ...
"ဟုတ်ပါတယ်။ ရှင့်မိသားစုက အစောပိုင်းခေတ်တွေတုန်းက ဟန်လီတိုင်းပြည်တင်မကဘဲ ကမ္ဘာအနှံ့မှာရှိတဲ့မြေကွက်ကြီးတွေကို ဝယ်ယူခဲ့ပါတယ်။ အဲ့ဒီမြေကွက်တွေက အစတုန်းက ရှင့်အပိုင်တွေပါ။ ဟွေ့ထန်အုပ်စုက အဲ့ဒီမြေကွက်တွေကို ပြုပြုင်မွမ်းမံလိုက်တဲ့အချိန်မှာ ကျွန်မတို့လည်း အဲ့ဒီဒေသခံအိမ်ခြံမြေကုမ္ပဏီတွေကို အသာလေးအနိုင်ယူပစ်နိုင်ခဲ့တယ်"
"ရှယ်ကြမ်းတာပဲ"
ကျန်းမုန့်လောင် စိတ်ထဲက အော်ဟစ်လိုက်မိသည်။
အဲ့ဒီတိုင်းပြည်တွေရဲ့ အစိုးရဌာနတွေဆီက အိမ်ဆောက်ပြီး ပြန်ရောင်းဖို့အတွက် မြေကွက်ယူလိုက်ရင်ရော ဘယ်လိုလဲ။
အဲ့ဒီမြေကွက်တွေက အစတုန်းက သူတို့အပိုင်လေ။ သူတို့အနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုကိုင်တွယ်ပြီး ပိုင်ဆိုင်ခွင့်ကိုရောင်းပြီးရင် ဒီအတိုင်းပိုက်ဆံထိုင်ယူနေရုံပဲ။ ထန်ဟွေ့အုပ်စု အရမ်းအင်အားတောင့်တင်းနေတာလည်း မထူးဆန်းပါဘူး။ သူတို့မိသားစုလုပ်ငန်းက ကျယ်ပြန့်နေတာပဲ။
"ရှင့်ရဲ့ဘိုးဘေးတွေက ဟိုးအရင်ကတည်းက တော်တော်များများကိုပိုင်ဆိုင်ထားခဲ့တာ။ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီလောက်တုန်းက ရှင့်မိသားစုက ကမ္ဘာ့အချမ်းသာဆုံးမိသားစုဖြစ်ခဲ့ပြီး ကမ္ဘာအနှံ့ကို ခရီးထွက်ရတာက သူတို့ရဲ့ဝါသနာတွေထဲက တစ်ခုဖြစ်ခဲ့တယ်"
"အဲ့ဒီအတောအတွင်းမှာ သူတို့က နာမည်ကြီးပန်းချီပညာရှင်တွေ ဂီတပညာရှင်တွေ အနုပညာရှင်တွေအများကြီးနဲ့ တွေ့ဆုံခဲ့တယ်။ မစ္စတာပီကာဆိုက ရှင့်ဘိုးဘေးကျန်းကျွင်း ဥရောပကိုခရီးထွက်တုန်းက တွေ့ဆုံခဲ့တဲ့လူတစ်ယောက်ပေါ့"
သူတို့က သူငယ်ချင်းအရင်းကြီးတွေလား"
ကျန်းမုန့်လောင် မေးလိုက်၏။
"အဲ့လိုတော့မဟုတ်ပါဘူး။ သူတို့က တစ်ခါပဲတွေ့ခဲ့ကြတာပါ"
"ဒါဆိုရင် ပီကာဆိုက ငါ့ဘိုးဘေးကို ဘာလို့ ပန်းချီကားတစ်ချပ်လက်ဆောင်ပေးခဲ့တာလဲ"
"ဘာလို့လဲဆိုတော့ မစ္စတာပီကာဆိုက အရည်အချင်းရှိတယ်လို့ မစ္စတာကျန်းကျွင်းကထင်ခဲ့တာမို့လို့ သူ့ဖန်တီးမှုလက်ရာအတွက် ငွေပမာဏအများကြီးကို စပွန်ဆာပေးခဲ့တယ်။ အဲဒီခေတ်တုန်းက အဲ့ဒီငွေပမာဏက သူ့တစ်သက်စာထိုင်ဖြုန်းလို့ရလောက်တဲ့ပမာဏမျိုးလေ။ အဲ့ဒါကြောင့် မစ္စတာပီကာဆိုက သူ့ရဲ့ပန်းချီကားနဲ့ပဲ ကျေးဇူးတင်ရှိမှုကိုဖော်ပြခဲ့ရတာလေ"
"ဒီ.. ပိုက်ဆံက ကမ္ဘာကြီးလည်ပတ်အောင်လုပ်နေတာပဲ"
"မစ္စတာပီကာဆို သက်ရှိထင်ရှားရှိစဉ်တုန်းက သူက အမြဲတမ်း သူဂုဏ်ယူရတဲ့ပန်းချီကားတစ်ချပ်ကို လက်ဆောင်အဖြစ်ပို့ပေးတတ်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ပန်းချီကားတွေကများလာတာနဲ့ မစ္စတာကျန်းကျွင်းကလည်း တော်တော်လေးဒုက္ခများတယ်ဆိုပြီး အဲ့ဒါတွေကို အောက်ခံပြားတစ်ခုအနေနဲ့ အစားအသောက်တွေကိုတင်ထားတာမျိုးလုပ်ခဲ့တယ်"
ဟုန်းရီပင်လျှင် ဤအပိုင်းကို ထုတ်ဖော်ပြောဆိုရန် ခက်ခဲနေလေသည်။
"သောက်ကျိုးနည်း.. အမေရိကန်ဒေါ်လာနဲ့ချီပြီတန်တဲ့ပန်းချီကားတွေကို အောက်ခံပြားတွေအနေနဲ့ သုံးတယ်ပေါ့။ ငါ အရှုံးကိုလက်ခံပါပြီ"
ကျန်းမုန့်လောင်က ဆင်းရဲမွဲတေမှုက သူ့စိတ်ကူးယဉ်နိုင်စွမ်းကို ကန့်သတ်နေခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ပေသည်။ ထိုကဲ့သို့သောတရားလွန်လုပ်ရပ်များဟာ အပြင်းထန်ဆုံးသော သူ့အတွေးများထက်ပင် ကျော်လွန်နေချေသည်။
"ငါ့ကို ခဏလောက်အနားပေးပါဦး။ ငါ တစ်ချက်ကြည့်ကြည့်လိုက်ဦးမယ်"
စတုရန်းမီတာတစ်ဆယ်ဝန်းကျင်ရှိသော ဤဟောခန်းကြီးမှာ ပန်းချီပြခန်းအသေးစားလေးအလားပင်။ ဤနေရာရှိ ဈေးအပေါဆုံးပန်းချီကားပင်လျှင် အမေရိကန်ဒေါ်လာဆယ်ချီပြီးပေးရသည်။ ယခုတော့ သူ့အဖေ အမေရိကန်ဒေါ်လာ၁၂သန်းဖြင့်ဝယ်ထားသော ဤလေယာဉ်က ပြုပြင်မွမ်းမံပြီးနောက်မှာ ဘာကြောင့် အမေရိကန်ဒေါ်လာ၁.၂ဘီလီယံဖြစ်သွားကြောင်း သူ သဘောပေါက်လိုက်လေပြီ။
...
"မစ္စတာကျန်း ကျွန်မတို့ရောက်ပါပြီ"
မိနစ်အနည်းငယ်ကြာသောအခါ လေယာဉ်က ကျန်းနန်မြို့လေဆိပ်သို့ ဖြည်းညင်းစွာဆင်းသက်သွားသည်။
"ဟမ်… ဒီနေရာမှာ ငါ့လေယာဉ်တစ်စင်းတည်းပဲ ဘာလို့ရှိနေရတာလဲ။ တခြားလေယာဉ်တွေကရော"
ကျန်းမုန့်လောင် သိချင်စိတ်ကြောင့် မေးလိုက်မိသည်။ မီတာထောင်ချီပြီး ကျယ်ဝန်းသော လေယာဉ်ဆင်းကွင်းမှာ လူသူကင်းမဲ့နေပြီး လူတစ်ယောက်လေးကိုပင် မမြင်ရချေ။
"မစ္စတာကျန်း.. ဒါက ရှင့်ရဲ့ကိုယ်ပိုင်လေယာဉ်ကွင်းပါ။ ဒီတော့ သေချာပေါက် ရှင့်လေယာဉ်တစ်စင်းပဲရှိတာပေါ့"
ဟုန်းရီက ပြောလိုက်သည်။
"အခု ရှင်က ကျန်းနန်မြို့ကိုပြန်ရောက်နေပြီဆိုတော့ ကိုယ်ပိုင်လေယာဉ်ကို ခရီးဝေးသွားဖို့အတွက်စီစဉ်ပြီး ပစ္စည်းသယ်ပို့ရေးလေယာဉ်တွေကို ဒီနေရာမှာပဲ စီစဉ်ထားလိုက်ပါ့မယ်။ သုံးရက်အတွင်း ပုံမှန်လုပ်ဆောင်မှုအခြေအနေကို ပြန်ရောက်မှာပါ"
"ငါ့မှာ တခြားလေယာဉ်တွေလည်း ရှိသေးတာလား"
"ဒါပေါ့"
ဟုန်းရီက ရယ်လိုက်လေသည်။
"ရှင့်မှာ နိုင်ငံအမျိုးမျိုးမှာ အမြဲအဆင်သင့်ရှိနေတဲ့ ကုန်တင်ယာဉ်၁၂၇စင်းရှိတယ်။ အဲ့ဒီလေယာဉ်တွေက ရှင့်ကို အချိန်မရွေး ဘယ်နေရာကနေပဲဖြစ်ဖြစ် ဒေသခံထုတ်ကုန်တွေကို ယူလာပေးဖို့အဆင်သင့်ပါပဲ။ ဥပမာပြောရရင် ရှင် ဩစတေးလျပုစွန်တုပ်ကို စားချင်တယ်ဆိုရင် မနက်ဖြန်မနက်လောက်ဆိုရင် အဲ့ဒါကို သယ်လာပေးတဲ့လေယာဉ်တစ်စင်း ရောက်လာမှာပါ"
"ရှင့်မှာ ခရီးသွားဖို့အတွက်လည်း ကိုယ်ပိုင်လေယာဉ်၁၂စင်းနဲ့ ရှင့်ကို အချိန်မရွေးအမှုထမ်းဖို့အဆင်သင့်ဖြစ်နေတဲ့ လူအယောက်တစ်ထောင်လောက်လည်း ရှိသေးတယ်"
"တော်တော့ ရပ်လိုက်။ ငါရူးတော့မယ်။ ဒါက လူချမ်းသာပြဿနာတစ်မျိုးပဲ"
ကျန်းမုန့်လောင်က အံ့ဩမှင်တက်နေချေသည်။ ဤထိတ်လန့်မှုများကို တောင့်ခံနိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာသန်မာမှုက ဘယ်လောက်အတိုင်းအတာအထိ လိုအပ်လေသလဲ။
"မစ္စတာကျန်း.. နောက်ကျနေပြီ။ ကျွန်မ ရှင်နေရမဲ့နေရာကို ခေါ်သွားပေးသင့်ပြီ"
ဟုန်းရီက ဆို၏။
"ဟမ်.. အိုကေ.. အရင်ဆုံး ငါ ဘယ်မှာနေရမလဲဆိုတာ သွားကြည့်ကြတာပေါ့"
...
ကားတော်တော်များများက အဝေးပြေးလမ်းမထက်မှာ ပိတ်မိနေသော်လည်း မြို့ထဲဧရိယာနှင့် မိုးပျံလမ်းထက်မှာတော့ အလွန်ချောချောမွေ့မွေ့သာ။ ကျန်းမုန့်လောင်လည်း အဆောင်ဂရုချက်ထဲတွင် ၉၉+ဖြစ်နေသောမက်ဆေ့ချ်များကို ကြည့်ရန်အတွက် ဖုန်းဖွင့်လိုက်သည်။
"ငါ့ကောင်တို့.. နာမည်ကြီးတွေရဲ့ရှာဖွေမှုတွေကို သွားကြည့်လိုက်။ သောက်ကျိုးနည်းပဲကွာ.. ဟယ်လီကော်ပတာတစ်စီးက ကားတစ်စင်းကို သယ်သွားတာ မင်းတို့မြင်လိုက်လား"
"သောက်ရမ်းမိုက်တာပဲ။ ဒါက ပိုက်ဆံအစွမ်းပဲကွ။ ဟယ်လီကော်ပတာနဲ့ အဲ့လိုလုပ်ဖို့ဆိုရင် ဘယ်လောက်များကုန်လိုက်မလဲ"
"အဲ့ဒီကားထဲမှာ အရေးပေါ်ကိစ္စတစ်ခုခုလုပ်ဖို့ အလျင်လိုနေတဲ့ ကုမ္ပဏီစီအီးအိုတစ်ယောက်ယောက်ရှိနေတာပဲဖြစ်ရမယ် ဟုတ်တယ်မလား"
"သေချာပေါက်ပဲ။ အရေးကြီးအစည်းအဝေးတစ်ခုခု ဒါမှမဟုတ် အရေးတကြီးလက်မှတ်ထိုးရမဲ့ စာချုပ်တစ်ခုခုရှိတာနေမယ်"
"အဲ့ဒါ ဘယ်သူမှန်း ဘယ်သူမှမသိကြဘူး။ အင်တာနက်သုံးစွဲသူတွေ နာရီပေါင်းများစွာလိုက်ရှာတာတောင် ဘာမှမသိရသေးဘူး"
"မုန့်လောင်.. အဲ့ဒါက မင်းတို့မြို့ရဲ့ရှုမျှော်ခင်းကြည့်တဲ့တံတားမဟုတ်လား။ မင်းမြင်လိုက်သေးလား။ ထွက်လာပြီး တစ်ခုခုပြောစမ်းပါ"
"@ကျန်းမုန့်လောင် မှော်ပညာကိုသက်သေခံဖို့ ထွက်လာခဲ့စမ်းပါ"
"@ကျန်းမုန့်လောင်.. မင်း အဝေးပြေးလမ်းမှာ အသက်ရှူကျပ်ပြီးများ သေသွားပြီလား။ တစ်ခုခုပြောဦးလေ"
"အမလေး ငါ့သားရယ်.. သူ အသေဆိုးနဲ့သေသွားရှာပြီ"
"ငါ့သားရဲ့ဆီးအိတ်ပေါက်ကွဲမှုအတွက် သုံးမိနစ်လောက်ငြိမ်သက်ပေးလိုက်ရအောင်"
...
"ဒီသစ္စာဖောက်ကောင်တွေ"
ကျန်းမုန့်လောင်က ဂရုထဲတွင် ရွံရှာနေဟန်အီမိုဂျီတစ်ခုပို့လိုက်သည်။
"ဟေး ဘော့စ်ကျန်းထွက်လာပြီလား။ ဘယ်လိုလဲ။ မင်းရဲ့ဆီးအိတ်အကောင်းအတိုင်းရှိနေသေးရဲ့လား"
"ဒီတစ်ခေါက် မိသားစုအမွေကိုဆက်ခံဖို့အတွက် အိမ်ပြန်လိုက်ရတာ ဒီလောက်အထိရှုပ်ထွေးလိမ့်မယ်လို့ ထင်မထားဘူးမလား ဟားဟား"
"ငါပြောမှာကို မင်းတို့ယုံမှာတောင်မဟုတ်ဘူး။ ဒါပေမဲ့ ငါ တကယ်ကြီး စည်းစိမ်တစ်ခုကို အမွေဆက်ခံခဲ့ရတာကွ။ အဲ့ဒီ Maybachကားနဲ့ ဟယ်လီကော်ပတာက ငါ့ဟာတွေ"
ကျန်းမုန့်လောင်က ဂရုထဲတွင် ကြေညာလိုက်သည်။ သူတို့ သူ့ကိုယုံလိမ့်မည်မဟုတ်ကြောင်းလည်း သေချာနေခဲ့သည်။
"ဟားဟားဟား… မင်း ဒီအိပ်မက်ကိုမက်နေတုန်းက ဘယ်လိုအနေအထားမျိုးဖြစ်နေတာလဲကွ။ ငါလည်း စမ်းကြည့်ချင်လို့"
"မြန်မြန်ပြန်လာခဲ့။ ငါတို့ မင်းနဲ့ကစားဖို့အတွက် စောင့်နေကြတာ။ အကုန်အဆင်သင့်ဖြစ်နေပြီ"
"ငါ့ကို တစ်နာရီလောက်အချိန်ပေး"
မြို့တော်စီရင်စုထဲရှိ လူနေဧရိယာထဲသို့ ကားဝင်သွားသည့်အချိန်မှာ ကျန်းမုန့်လောင်က ခပ်မြန်မြန်ပင် ဂရုချက်ထဲမှထွက်လိုက်သည်။ မတိုင်မီက ပွက်ပွက်ညံနေခဲ့သော ပတ်ဝန်းကျင်ကလည်း ရုတ်ခြည်းတိတ်ဆိတ်သွားသည်။
"မြို့ထဲမှာ ဒီလိုကြော့မော့တဲ့လူနေဧရိယာတစ်ခုရှိလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"
ကျန်းမုန့်လောင်က အနီးပတ်ဝန်းကျင်တစ်ဝိုက်ကို စစ်ဆေးဖို့အတွက် တည်နေရာကိုဖွင့်ကြည့်လိုက်သော်လည်း ထူးဆန်းသည်မှာ ဤရပ်ကွက်မှာ မြေပုံထဲပေါ်သော်ငြား ဘာနာမည်မှမရှိပေ။
"မစ္စတာကျန်း.. ကျွန်မတို့ရောက်ပါပြီ။ ဒါက ကျန်းနန်မြို့ထဲမှာရှိတဲ့ ရှင့်ရဲ့အကြီးဆုံးအိမ်ပါ"
ဟုန်းရီက ပြောလာလေသည်။
"အကြီးဆုံးလား။ ဒီနေရာကလား"
ကျန်းမုန့်လောင်က ရပ်ကွက်ထဲရှိ အဆောက်အဦးများကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုအဆောက်အဦးများမှာ အရွယ်အစားအားဖြင့် စတုရန်းမီတာတစ်ရာနှစ်ရာရှိသည်။ တည်နေရာနှင့် အိမ်ရာအရွယ်အစားကိုကြည့်ပါက ဈေးနှုန်းမှာ ဆယ်သန်းနှင့်အထက်မှာ ရှိနိုင်လောက်သည်။ သို့သော် ဟယ်လီကော်ပတာဖြစ်ရပ်ပြီးသွားသည့်နောက် ကျန်းမုန့်လောင်စိတ်ထဲ စိတ်ပျက်နာကျင်မှုတစ်ခုကို ခံစားခဲ့ရသည်။
"ဘယ်အဆောက်အဦးလဲ"
ကျန်းမုန့်လောင်က မေးလိုက်သည်။ ရပ်ကွက်ထဲတွင် အဆောက်အဦးရှစ်ခုရှိပြီး အလယ်ရှိအဆောက်အဦးက အမြင့်ဆုံးဖြစ်ကာ ကျန်အဆောက်အဦးများက ဘေးပတ်ပတ်လည်တွင် ဝန်းရံထားပြီး လကိုဝန်းရံထားသော ကြယ်ပွင့်များအလားပင်။ ဤသည်မှာ သူမတူထူးခြားလှသော ဗိသုကာပညာလက်ရာတစ်ခုနှင့်ပင် တူသေးသည်။
"ဘယ်အဆောက်အဦးလဲဆိုတာက ဘာကိပြောချင်တာလဲ"
ဟုန်းရီက ပဟေဋ္ဌိဖြစ်ဟန်ဖြင့် မေးလာသည်။
"ငါ့အိမ်က ဘယ်အဆောက်အဦး ဘယ်အထပ်လဲလို့မေးနေတာလေ"
ကျန်းမုန့်လောင် ထပ်ပြောလိုက်သည်။
ဟုန်းရီက ပြုံးလိုက်သည်။
"မစ္စတာကျန်း.. ကြည့်ရတာ ကျွန်မပြောတာကို ရှင်နားမလည်ဘူးထင်တယ်။ ကျွန်မ ဒီအိမ်ရာလို့ပြောတာက ဒီတစ်ရပ်ကွက်လုံးကို ဆိုလိုချင်တာပါ"
"တစ်ရပ်ကွက်လုံးလား"
ကျန်းမုန့်လောင်၏ မတိုင်ခင်က စိတ်ပျက်မှုမှာ ချက်ချင်းကင်းစင်သွားရပြီး ထိတ်လန့်မှုက အစားထိုးဝင်ရောက်လာသည်။
"မင်းပြောတဲ့အိမ်ရာတစ်ခုဆိုတာက ဒါလား"
…..