မင်းတို့အိမ်မှာ ရေနံတွင်းတစ်ခုရှိတာလား
Vol. 1 Ch. 9
"ဟုတ်တယ်လေ။ ဒါက အိမ်ရာတစ်ခုတည်းပဲမဟုတ်ဘူးလား"
ဟုန်းရီက ချေပပြောဆိုလေသည်။
"ငါ ပြောစရာစကားတွေတောင် ပျောက်ရှသွားတယ်"
တစ်ရပ်ကွက်လုံးက တည်နေရာတစ်ခုတည်းမှာရှိပြီး ထိုအရာကို အိမ်ရာတစ်ခုတည်းဟု ပြောမည်ဆိုပါလျှင်လည်း ပြဿနာတော့မရှိ။
"မစ္စတာကျန်း.. ကျွန်မ ရှင့်ကိုအသေးစိတ်မိတ်ဆက်ပေးပါရစေ။ ဒီရပ်ကွက်က လွန်ခဲ့တဲ့သုံးနှစ် ရှင် ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်တက်နေတုန်းက ထန်ဟွေ့အုပ်စုက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ထားခဲ့တာပါ။ ရှင့်အဖေက ရှင် ကျန်းနန်မြို့မှာ အခြေချနိုင်ဖို့အတွက် ဟိုးအရင်ကတည်းက စီစဉ်နေခဲ့တာ"
"ကျန်းရှောင်ယွင်က တကယ်အမြော်အမြင်ရှိတာပဲ"
ကျန်းမုန့်လောင်က တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။
"ဒီရပ်ကွက်ထဲမှာ စုစုပေါင်းအဆောက်အဦး၈ခုရှိတယ်။ အလယ်ကအဆောက်အအုံမှာ အထပ်၂၉ထပ်ရှိပြီး သူ့ဘေးပတ်ပတ်လည်က အဆောက်အဦးခုနစ်ခုကတော့ အထပ်၁၇ထပ်ရှိတယ်။ အဲဒီအဆောက်အဦးတွေအကုန်လုံးကို ဓာတ်လှေကားနှစ်စီးနဲ့ချိတ်ဆက်ထားပြီး တစ်ထပ်ကိုတိုက်ခန်းလေးခန်းဆောက်လုပ်ထားတယ်။ တစ်ခန်းချင်းစီက စတုရန်းမီတာ၉၅နဲ့ ၁၂၁ကြားမှာရှိပါတယ်။ ဒီနေရာရဲ့ပိုင်ဆိုင်မှုစျေးနှုန်းပေါ်အခြေခံလိုက်ရင် တစ်စတုရန်းမီတာမှာ ၉၀၀၀၀ကနေ ၁၁၀၀၀၀အထိ ရှိပါတယ်"
"ဘုရားရေ...၇နဲ့၁၇ပေါင်းတော့ ၂၉..ပြီးတော့ လေးနဲ့မြှောက်လိုက်ရင်..."
ကျန်းမုန့်လောင်လည်း တစ်ရပ်ကွက်လုံးရှိ အိမ်များ၏ဈေးနှုန်းကို ခေါင်းထဲမှာ ခပ်မြန်မြန်တွက်ချက်လိုက်သည်။ သို့သော် သူ့သင်္ချာစိတ်တွက်နည်းက ထပ်မတွက်နိုင်တော့ပေ။ ယခု သူစဉ်းစားနိုင်သောအရာမှာ ဤပမာဏက ဘယ်လောက်များပြားသလဲဆိုသည်ကိုပင်။ ထိုပိုက်ဆံပမာဏကို ရဖို့အတွက်ဆိုလျှင် သာမန်အလုပ်ကို ဘယ်နှဘဝလောက်လုပ်မှရနိုင်မည်လဲ။
"အလယ်မှာရှိတဲ့အဆောက်အဦးက အလင်းရောင်အကောင်းဆုံးပါပဲ။ ပြီးတော့ အသုံးအဆောင်ပစ္စည်းတွေကလည်း အစုံအလင်ရှိပါတယ်။ ရှင့်အတွက် အထူးသီးသန့်ပြင်ဆင်ပေးထားတာပါ"
ဟုန်းရီက အရှေ့မှဦးဆောင်၍ ကျန်းမုန့်လောင်ကို ဓာတ်လှေကားထဲသို့ ခေါ်သွားပြီး ၂၅လွှာကိုသွားဖို့ ခလုတ်နှိပ်လိုက်သည်။
"မစ္စတာကျန်း... ဒီအဆောက်အဦးရဲ့ ၂၅ထပ်ကနေ ၂၉ထပ်အထိ အချင်းချင်းဆက်သွယ်ထားတယ်။ အဓိကကတော့ ရှင့်ရဲ့နေထိုင်ရေးနဲ့ ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲနိုင်အောင်လို့ပေါ့။ အပေါ်ဆုံးအထပ်မှာတော့ လဟာပြင်ဥယျာဉ်သေးသေးလေးတစ်ခုနဲ့ ရေကူးကန်ရှိပါတယ်။ အဆင့်မြင့်အိမ်တွင်းနည်းပညာရဲ့ကျေးဇူးကြောင့်ပေါ့။ ခွင့်ပြုချက်တွေကို မပြင်ဆင်ရသေးခင်မှာတော့ အိမ်ထဲကို ရှင်တစ်ယောက်တည်းပဲ ဝင်လို့ရပါတယ်"
"ငါ ဒါကိုဘယ်လိုဖွင့်ရမှာလဲ"
ကျန်းမုန့်လောင်က အထဲကိုဝင်ပြီး တစ်ချက်လှည့်ပတ်ကြည့်ချင်လှပြီ။
"ရှင့်ရဲ့လက်ဗွေနဲ့ဖွင့်ရမှာပါ"
"တီ! အတည်ပြုခြင်းအောင်မြင်ပါတယ်။ လေးစားရပါသော မစ္စတာကျန်းမုန့်လောင်...အိမ်ကကြိုဆိုပါတယ်"
ကလစ်!
တံခါးက ဖြည်းဖြည်းချင်းပွင့်သွားလေသည်။ ကျယ်ဝန်းလှသော အဝင်ခန်းမကိုမြင်ပြီးနောက် ကျန်းမုန့်လောင်ခမျာ ကူကယ်ရာမဲ့စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
အဝင်ခန်းမကိုဖြတ်ကျော်လိုက်လျှင် စတုရန်းမီတာ၂၀၀ကျော်ကျယ်ဝန်းသော ဧည့်ခန်းတစ်ခန်းရှိသည်။ ဤတိုက်ခန်းထဲမှာပင် ၂၅ထပ်နှင့် မိုးပျံတိုက်ခန်းတို့အကြား လွတ်လွတ်လပ်လပ်ကူးသန်းသွားလာနိုင်စေဖို့အတွက် အိမ်တွင်းဓာတ်လှေကားတစ်ခုလည်း ဆင်ထားသေးသည်။
"မစ္စတာကျန်း... ဒီငါးလွှာရဲ့တကယ့်အကျယ်အဝန်းက တစ်လွှာချင်းစီကို စတုရန်းမီတာ၅၀၀ကျော်ရှိပါတယ်။ တကယ်လို့ ရှင့်ဘက်ကလိုအပ်ခဲ့မယ်ဆိုရင် အောက်ဘက်ငါးလွှာကိုပါ ချိတ်ဆက်ပေးဖို့အတွက် လူတစ်ယောက်ငှားလိုက်ပါ့မယ်"
ဟုန်းရီက တလေးတစားပြောလိုက်သည်။
"မလုပ်နဲ့.. မလိုပါဘူး။ အခုတောင် တော်တော်ကျယ်နေပါပြီ။ ငါတစ်ယောက်တည်း ဒီတစ်လွှာမှာနေမယ်ဆိုရင်တောင် တော်တော်လေးအကျယ်ချဲ့ရာကျနေပြီ"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"တခြားအဆောက်အအုံတွေနဲ့ အောက်ဘက်အလွှာတွေကရော ဘယ်လိုနေလဲ"
"အိုး.. အောက်ဘက်အလွှာတွေမှာ esportsအခန်း အားကစားခန်းမ ဆာဗာအခန်း ဧည့်သည်အခန်း စာကြည့်တိုက်စသဖြင့်ရှိပါတယ်"
"ဒီအဆောက်အဦးက ရှင်နဲ့ရှင့်သူငယ်ချင်းတွေ အပန်းဖြေဖို့လာတဲ့အခါမျိုးမှာ အဓိကသုံးဖို့ထားထားတဲ့ အဆောက်အဦးပါ"
ဟုန်းရီက ရှင်းပြလိုက်သည်။
"ပတ်ပတ်လည်က အဆောက်အဦး၁၇ခုကတော့ ရှင် ဒီမှာနေမယ်လို့ဆုံးဖြတ်လိုက်ပြီဆိုရင် ရှင့်ရဲ့ဒရိုင်ဘာ လေယာဉ်မှူး စားဖိုမှူး လုံခြုံရေး အိမ်အကူဝန်ထမ်းနဲ့ တခြားဝန်ဆောင်ရေးအမှုထမ်းတွေက အနီးအနားမှာနေပြီး ရှင်လိုအပ်တဲ့အချိန် အချိန်မရွေးတာဝန်ထမ်းဆောင်ဖို့အဆင်သင့်ဖြစ်နေမှာပါ"
"ဒါတွေနဲ့ယှဉ်လိုက်ရင် Tomsonပထမတန်းစားအိမ်ရာက ဘာမှမဟုတ်ဘူးပဲ"
ကျန်းမုန့်လောင်၏မှတ်ဉာဏ်ထဲတွင် မင်ကျူးမြို့တော်၏ Tomsonပထမတန်းစားအိမ်ရာကို ဇိမ်ခံအိမ်ရာများ၏စံပြဟု မှတ်ယူထားခဲ့သည်။ သို့သော် သူ့အိမ်နှင့်ယှဉ်လိုက်ပါက ထိုအိမ်ရာမှာ တစ်ဆင့်မကနိမ့်သွားလေသည်။
မည်သို့ပင်ဖြစ်စေ Tomsonပထမတန်းစားအိမ်ရာက မည်မျှပင်အထက်တန်းဆန်နေပါစေ။ နေထိုင်သူအများကြီးရှိပြီး ဤအဆောက်အဦးရှစ်ခုကတော့ သူတစ်ယောက်တည်းသာ ပိုင်ဆိုင်ခြင်းပင်။ ဤသည်ကို အဆင့်တူသည်ဟု သတ်မှတ်၍ရနိုင်သလား။
ကျန်းမုန့်လောင်က ဧည့်ခန်းထဲသို့ လျှောက်ဝင်လာလိုက်လေရာ ထိုဧည့်ခန်းအလယ်မှာ သူ တန်ဖိုးမဖြတ်ရဲသည့် ဆိုဖာတစ်စုံစာရှိနေပြီး နံရံထက်မှာလည်း "Starry Night"နှင့် ဆင်တူလွန်းလှသော ပန်းချီကားအကြီးကြီးတစ်ချပ်ရှိနေချေသည်။
"ဒါက ဗန်ဂိုးရဲ့ပန်းချီကားတော့ မဖြစ်နိုင်ဘူးမလား"
ကျန်းမုန့်လောင်က ပေါ့ပေါ့တန်တန်ပင် မေးကြည့်လိုက်သည်။
"ဟုတ်ပါတယ်။ ဒါပေမဲ့ မစ္စတာဗန်ဂိုးရဲ့ပန်းချီကားတွေက သူ ဆုံးပါးပြီးတဲ့နောက်မှ နာမည်ကြီးကျော်ကြားလာခဲ့တာလေ။ ဒီပန်းချီကားက လွန်ခဲ့တဲ့၁၂နှစ်တုန်းက ပြင်သစ်ဘုရင်က ရှင့်အဖေကိုအလကားပေးခဲ့တဲ့ မွေးနေ့လက်ဆောင်ပါ"
"ဒီကျန်းမိသားစုက ကြီးမားတဲ့ ဩဇာလွှမ်းမိုးမှုတစ်ခုခုတော့ ရှိရမယ်"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"ငါ့ဘိုးဘေးတွေက ပြင်သစ်မြေကွက်အကြီးကြီးတစ်ကွက် ဒါမှမဟုတ် တစ်ခုခုဝယ်ခဲ့တယ်လို့တော့ လာမပြောနဲ့နော်"
"အဲ့လိုမဟုတ်ပါဘူး"
ဟုန်းရီက ပြောလိုက်လေသည်။
"သမိုင်းဖြစ်ရပ်တွေမှာလည်း ဖြစ်ပျက်ရတဲ့နည်းလမ်းတစ်ခုစီ ရှိကြတယ်။ ဟွာရှားက သိပ်မငြိမ်းချမ်းခဲ့တဲ့ကာလတစ်ခု ရှိခဲ့တယ်။ တကယ်တော့ အဲဒီအချိန်တုန်းကသာ ကျန်းမိသားစု ဟွာရှားမှာရှိနေခဲ့မယ်ဆိုရင် ဒီကိစ္စတွေ တစ်ခုမှဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီကာလအတွင်းမှာ ရှင့်ရဲ့ဘိုးဘေးတွေအားလုံးက ဟိုနေရာမှာပဲရှိနေခဲ့ကြတယ်"
"ထပ်ပြီးတော့ အဲ့ဒီထူးရှယ်နတ်ဘုရားသင်တန်းကျောင်းပဲလား"
ကျန်းမုန့်လောင်က ရုတ်တရက်ဆိုသလို ထိုနေရာကို အလွန်စိတ်ဝင်စားသွားသည်။ သူ့မိဘများနှင့် ဘိုးဘေးများကို ဤမျှဆွဲဆောင်ထားသည့်နေရာက ဘယ်လိုနေရာမျိုးလေလဲ။
"ဒါပေမဲ့ ရှင့်မိသားစုဝင်တွေက တော်တော်လေးဒေါသကြီးတတ်ပြီး အပြစ်ရှိသူတွေကို ခွင့်လွှတ်ပေးတတ်တဲ့လူစားမျိုးတွေ မဟုတ်ကြဘူး။ ရှင့်အဘိုးပြန်ရောက်လာတော့ ပထမဆုံးလုပ်တဲ့အရာက အဲ့ဒီနိုင်ငံတွေရဲ့စွမ်းအင်ထောက်ပံ့မှုကို ဖြတ်တောက်ပစ်လိုက်တာပဲ။ တကယ်တော့ သူတို့ရဲ့ရေနံဓာတုအရင်းအမြစ်အများစုက အာဖရိကဘက်ကတင်သွင်းမှုကို မှီခိုနေရတာလေ။ ပြီးတော့ အဲ့ဒီရေနံထွက်ရာမြေကွက်တွေနဲ့တွင်းတွေက အပြင်ပန်းကကြည့်ရင်တော့ ဆော်ဒီအာရေဗျနိုင်ငံတွေက ပိုင်တယ်လို့ထင်ရပေမဲ့လည်း တကယ်တမ်းမှာတော့ လုပ်ပိုင်ခွင့်တွေကို ရှင့်မိသားစုကပဲပိုင်တာပါ"
"သောက်ကျိုးနည်း.. ကြမ်းလိုက်တာ"
ကျန်းမုန့်လောင်ဟာ သူ့မိသားစုက ချမ်းသာရုံချမ်းသာပြီး မြေယာပိုင်ရှင်များဖြစ်နေရုံမျှတင်မကဘဲ မိုင်းတွင်းများနှင့် ရေနံတွင်းများပါ ပိုင်ဆိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
"နောက်တော့ ဘာဆက်ဖြစ်လဲ"
"သူတို့က ဘာတတ်နိုင်မှာတဲ့လဲ။ သူတို့ရဲ့ရေနံတွင်းတွေက လိုအပ်တဲ့ရေနံပမာဏရဲ့ ဆယ်ပုံတစ်ပုံတောင် မထုတ်လုပ်နိုင်ဘူးလေ။ ကိုင်တွယ်ရခက်ခဲတဲ့ဒြပ်စင်တွေကလွဲရင် သူတို့သိမ်းယူထားတဲ့ရတနာတွေအကုန်လုံးကိုပြန်ပေးပြီး မမျှတတဲ့သဘောတူစာချုပ်အထပ်လိုက်ကြီးကို လက်မှတ်ထိုးပေးရုံအပြင် မရှိတော့ဘူးပေါ့။ အပြင်ပန်းကကြည့်ရင်တော့ သူတို့မှာ ကျန်းမိသားစုနဲ့ အရမ်းခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ဆိုပေမဲ့ တကယ်ကတော့ သူတို့က ရှင်တို့ကိုကြောက်နေရတာ"
ဟုန်းရီက ထပ်ဖြည့်ပြောလာလေသည်။
"အာရှမှာ အဓိကအားဖြင့်တော့ ကျွန်မတို့ဟုန်းမိသားစုကပဲ ကိစ္စတွေကို ကိုင်တွယ်နေတာပါ။ တခြားတိုက်ကြီးတွေမှာလည်း သက်ဆိုင်ရာမိသားစုတွေရှိပြီး သူတို့တွေကလည်း ကျန်းမိသားစုကို အမှုတော်ထမ်းလာတာ တော်တော်ကြာပါပြီ။ သူတို့တွေကလည်း စကားတစ်ခွန်းတည်းနဲ့ နိုင်ငံတစ်နိုင်ငံကို အလွယ်တကူကျွမ်းထိုးမှောက်ခုံဖြစ်သွားအောင်လုပ်နိုင်စွမ်းရှိပါတယ်"
"ငါ.. ငါ သွေးတက်တော့မယ်ထင်တယ်"
ကျန့်မုန့်လောင်က သူ့ရင်ဘတ်သူ အမြန်ပွတ်သပ်လိုက်ရသည်။
ဟုန်းရီ၏ပြောစကားအရဆိုလျှင် သူ့မိသားစုဟာ ကမ္ဘာမြေ၏အုပ်ချုပ်သူပင် မဟုတ်လား။
"ဒီစန္ဒရားက ဘာလို့ဒီလောက်တောင်ဟောင်းနေရတာလဲ"
အခြားဇိမ်ခံအိမ်ယာများကဲ့သို့ ခန်းမထောင့်နားမှာ စန္ဒရားတစ်လုံးရှိနေသော်လည်း ဤစန္ဒရားက နေရာတော်တော်များများ ပျက်စီးနေလေသည်။
"ဒါက ဒီအတိုင်းအလှပြထားရုံသက်သက်တော့ မဟုတ်ဘူးမလား"
"မစ္စတာကျန်း.. ဒီစန္ဒရားကို Broadwoodလို့ခေါ်ပါတယ်။ မစ္စတာဗန်သိုဗင်က သူ့ဘဝနေဝင်ချိန်အထိ ဒီစန္ဒရားကိုသုံးခဲ့တာပါ။ မစ္စတာဗန်သိုဗင် သေဆုံးသွားပြီးတဲ့နောက်မှာ ဆရာလစ်ဇ်ရဲ့လက်ထဲကိုရောက်သွားခဲ့ပြီး နောက်ဆုံးမှာ ဟန်ဂေရီယန်အမျိုးသားပြတိုက်မှာ အဆုံးသတ်သွားခဲ့တယ်"
"နောက်ပိုင်းမှာ ရှင့်အဘိုးက မစ္စတာကျန်းရှောင်ယွင်ကို စန္ဒရားတီးသင်ပေးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဝယ်ထားခဲ့ပေမဲ့ သူက ဂီတပိုင်းကို သဘောမကျတော့ မသုံးဖြစ်ခဲ့ဘူး။ ဒီနေရာကိုဆောက်လုပ်ပြီးတဲ့အခါမှာတော့ ဒီနေရာကိုရွှေ့ထားခဲ့ကြတယ်လေ"
"ဗန်သိုဗင်နဲ့လစ်ဇ်တို့တီးခတ်ခဲ့တဲ့ စန္ဒရားတစ်လုံး..."
ကျန်းမုန့်လောင်ဟာ ဈေးနှုန်းကိုမမေးမြန်းပါဘဲ ဉာဏ်ရှိရှိရှောင်ရှားခဲ့ပြီး ဤအရာမှာ ကိန်းဂဏန်းအလွန်ကြီးမားသောအရာတစ်ခုဖြစ်နိုင်ကြောင်း ပင်ကိုသိစိတ်ဖြင့် ခန့်မှန်းကြည့်လိုက်သည်။
"ဒီသလင်းကျောက်ရုပ်တုကရော"
ကျန်းမုန့်လောင်က စန္ဒရားဘေးမှာရှိသည့် ၁:၁စကေးရှိ ပန်းပုရုပ်တုတစ်ခုကို သတိထားမိလိုက်သည်။
"ဒါက ဗန်သိုဗင်လား။ လစ်ဇ်လား""
"ဒါက.... ဒါက ကျန်းလန်ဖုန်းလို့ခေါ်တဲ့ ရှင့်ဘိုးဘေးတွေထဲကတစ်ယောက်ပါ။ သူက စန္ဒရားတွေကို ချစ်မြတ်နိုးတဲ့လူတစ်ယောက်လေ။ ဥရောပမှာ ပညာသင်ကြားနေရင်းနဲ့ နာမည်ကြီးဂီတပညာရှင်အနည်းစုကိုတောင် သင်ကြားပေးခဲ့သေးတယ်။ ဒါပေမဲ့ သူက အရမ်းသိုသိုသိပ်သိပ်နေတတ်တဲ့လူဆိုတော့ ကာယကံရှင်တွေကလွဲရင် အဲ့ဒီအကြောင်းကို ဘယ်သူမှမသိခဲ့ကြဘူး။ ဒီရုပ်တုက သူ တော်ဝင်ဂီတပြိုင်ပွဲမှာ ပထမဆုရပြီးတဲ့နောက် ဖန်တီးထုလုပ်ထားခဲ့တာ"
"စကားမစပ် ဒါက သလင်းကျောက်မဟုတ်ပါဘူး။ ဒီရုပ်တုက စိန်နဲ့ထုဆစ်ထားတာပါ"
"စိန်တဲ့လား။ ဒီလောက်ကြီးမားတဲ့ စိန်ကြီးတစ်လုံးနဲ့လား"
ကျန်းမုန့်လောင်၏မျက်ဝန်းများမှာ မျက်လုံးပေါက်ထဲမှ ပေါက်ထွက်လာတော့မတတ်ပင်။
"အိုး..ရေနံတွင်းတွေအပြင် ရှင့်မိသားစုက အာဖရိကမှာလည်း စိန်တွင်းတွေအများကြီးပိုင်တယ်။ ဒါက အရင်တုန်းက ထွင်းထုထားတဲ့စိန်အရိုင်းတုံးကြီးတစ်တုံးနဲ့လုပ်ထားတာလေ"
"ငါ မခံနိုင်တော့ဘူး"
ကျန်းမုန့်လောင်တစ်ယောက် သူ့မိသားစု၏ချမ်းသာကြွယ်ဝမှုများကြောင့် ဆိုဖာပေါ်သို့ တန်းတန်းမတ်မတ်လဲကျသွားခဲ့သည်။
"မစ္စတာကျန်း.. ရှင့်အတွက်စီစဉ်ပေးထားတဲ့ ဝန်ဆောင်ရေးအမှုထမ်းတွေကို သေချာစိစစ်ရွေးချယ်ထားပြီးပါပြီ။ သူတို့တွေအားလုံး မနက်ဖြန်ကျရင် ဒီကိုရောက်လာပါလိမ့်မယ်။ တစ်ခုခုလုပ်ပေးဖို့လိုရင် ကျွန်မကိုပြောပါ။ ဒီနေ့တော့ ရှင် ခရီးပန်းနေလောက်ရောပေါ့။ စောစောအနားယူသင့်တယ်နော်။ ကျွန်မရဲ့အိမ်က ဒီနားက နံပါတ်၁အဆောက်အဦးထဲမှာပါ"
"ကောင်းပါပြီ။ ဒီနေ့ မင်းလည်းပင်ပန်းသွားပြီ။ သွားပြီး အနားယူလိုက်ပါဦး"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။ ယခုလောလောဆယ်တော့ တစ်နေ့လုံး သူကြုံတွေ့ခဲ့ရသည့် ထိတ်လန့်မှုများကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တစ်ယောက်တည်းနေချင်မိသည်။
……