၁၀၀ဘီလီယံသုံးရမဲ့ပြဿနာ
Vol. 1 Ch. 10
ကျန်းမုန့်လောင်ကို သူ့အခန်းဖော်က ဖုန်းခေါ်လာသည့်အချိန်မှာ သူ မိနစ်အနည်းငယ်မျှပင် မနားရသေးပေ။
"မင်းပျောက်သွားတာလား။ ဘာတုန်း။ တစ်နာရီအတွင်း ပြန်လာရမှာမဟုတ်ဘူးလား။ ငါ နှစ်ပွဲတောင်ကစားပြီးနေပြီ။ မင်း ကစားမှာလား။ မကစားဘူးလား"
ရှုလီက ကြိမ်းမောင်းဟိန်းဟောက်သံဖြင့် ပြောလာလေသည်။
"ဟားဟားဟား.. ငါက ငါ့မိသားစုဆီက ပိုင်ဆိုင်မှုတွေအများကြီးကို အမွေဆက်ခံရင်း အလုပ်ရှုပ်နေတာ။ အဲ့ဒါကို ဖြေရှင်းဖို့အတွက် အချိန်နည်းနည်းလိုတယ်လေ"
ကျန်းမုန့်လောင် ရယ်လိုက်သည်။
"အခု တအားနောက်မကျသေးဘူးမို့လား"
"ငါ့ဖင်ကိုပဲအမွေဆက်ခံ။ မင်းကိုယ်မင်း တကယ်ပဲ စည်းစိမ်တွေကို အမွေဆက်ခံလိုက်ရပြီလို့ ထင်နေတာလား။ စကားပြောနေတာ တော်လိုက်တော့။ အခုချက်ချင်းဝင်လာခဲ့လိုက်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မင်းပြောပြခဲ့တဲ့ ချစ်စရာကောင်းတဲ့အသံပိုင်ရှင်ကောင်မလေးကိုပါ ခေါ်လာခဲ့နော်"
"သိပြီ"
ကျန်းမုန့်လောင်က တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။
"စည်းစိမ်ဆိုတာထက်တောင် ပိုသေးတယ်။ ကမ္ဘာကြီးတစ်ခုလုံးနီးပါးက ငါတို့မိသားစုအပိုင်လေ"
"ငါအရမ်းစိတ်တိုတာပဲ။ ဒီနေ့ ငါတို့ရဲ့ဟွာရှားအသင်းက
တော်တော်ဆိုးဝါးချက်။ ပြည်တွင်းပွဲစဉ်တွေမှာကျတော့ ကျားတွေလို ပြင်းထန်နေပေမဲ့ နိုင်ငံတကာပွဲစဉ်တွေကျတော့ ကြောက်လန့်နေတဲ့ခွေးတွေလိုပဲ။ စိတ်ပျက်စရာကြီး။ မဖြစ်ဘူး။ ဒီည bronze kiddie league မှာတော့ ငါ မိုးကြိုးနဲ့လျှပ်စီးကို ထိန်းချုပ်မှဖြစ်မယ်။ မြန်မြန်လုပ် ငါတို့ မင်းတို့နှစ်ယောက်ကိုစောင့်နေတာ"
"လာပြီ။ လာပြီ"
ကျန်းမုန့်လောင်က သာမန်ကာလျှံကာဖြင့် အခန်းထဲသို့လျှောက်လာလိုက်လေရာ စခရင်အကြီးကြီးကို မြင်လိုက်သောအခါ လန်းဆန်းတက်ကြွသွားလေသည်။ ထိုအရာမှာ အခန်းထဲတွင် တစ်ပါတည်းထည့်သွင်းထားသော ကွန်ပျူတာတစ်လုံးသက်သက်မျှပင်။ အောက်ထပ်ရှိ esportsအခန်းဆိုပါက မည်မျှခမ်းနားလိုက်လေမလဲဆိုသည်ကို သူ စိတ်ကူးကြည့်နေရုံသာ တတ်နိုင်လေသည်။
"ဟမ်.. မိန်းယူနစ်က ဘယ်မှာလဲ။ ဒီမှာ ဘာလို့ မိန်းယူနစ်မရှိရတာလဲ"
ကျန်းမုန့်လောင်က ကွန်ပျူတာစားပွဲခုံအောက်တွင် အချိန်အတော်ကြာအောင် လိုက်ရှာကြည့်သော်လည်း ရှာမတွေ့ပေ။
"ဒါက တစ်မျိုးတည်းအစုံသုံးကိရိယာတောင်မဟုတ်ဘူး"
"ဟုန်းရီ.. ဒီမှာရှိတဲ့ကွန်ပျူတာတွေက မိန်းယူနစ်နဲ့ မချိတ်ရသေးဘူးလား"
ကျန်းမုန့်လောင်က ဟုန်းရီ၏ဖုန်းနံပါတ်ကိုခေါ်ဆိုလိုက်သည်။
"မစ္စတာကျန်း.. အကောင်းဆုံးအတွေ့အကြုံကိုခံစားရစေဖို့အတွက် ဒီမှာရှိတဲ့ကွန်ပျူတာတွေအကုန်လုံးကို အောက်ထပ်မှာရှိတဲ့ စူပါကွန်ပျူတာနဲ့ချိတ်ဆက်ထားတာပါ။ ကွန်ယက်ကလည်း ရှင် ဂိမ်းဆော့နေရင်းနဲ့ လိုင်းမကျသွားအောင်လို့ 5Gကွန်ယက်ချိတ်ဆက်ထားတာပါ။ ရှင် အသုံးပြုဖို့လိုလာတဲ့အချိန်တိုင်း အထူးလက်ထောက်ကို အသံနဲ့ပဲ အမိန့်ပေးလိုက်ရင်ရပါပြီ"
ဟုန်ရီက ထိုသို့ဆို၏။
"စူပါကွန်ပျူတာကို အိမ်သုံးကွန်ပျူတာရဲ့မိန်းယူနစ်အဖြစ်သုံးထားတာလား။ တကယ်ပါပဲ။ ငါတို့ အဲ့လောက်အထိ အကျယ်ချဲ့ဖို့လိုလို့လား"
ကျန်းမုန့်လောင်တစ်ယောက် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး ဖုန်းချလိုက်သည်။
"ဒေါ်လာထောင်ချီပြီးပေးရတဲ့ ကွန်ပျူတာတစ်လုံးကတင် ဂိမ်းဆော့ဖို့အတွက် တော်တော်ကောင်းနေတပြီဟာကို ဒါကြီးက လုံးဝမလိုအပ်ဘူးလေ"
သို့သော် ခဏအကြာမှာတော့ ကျန်းမုန့်လောင်လည်း ဂိမ်းကို အလွန်လျင်မြန်စွာ ဒေါင်းလုတ်ဆွဲလိုက်ပြီး လျှပ်စီးတမျှမြန်ဆန်လှသောအရှိန်နှုန်းနှင့် စက်ပိုင်းဆိုင်ရာချောမွေ့မှုကို ခံစားရင်း စိတ်ရင်းပါပါဖြင့် တအံ့တဩရေရွတ်လိုက်သည်။
"အရမ်းမိုက်တာပဲ"
"နှစ်ပွဲလောက်ကစားကြရင်ရော"
ကျန်းမုန့်လောင်က သူ့သူငယ်ချင်းစာရင်းကိုဖွင့်လိုက်ပြီး အကျင့်အရ အိမ်နီးချင်းတိုင်းပြည်၏နတ်ဘုရားမရှီယွမ်လီမေ့၏အပြုံးမျက်နှာလေးကို တင်ထားသည့် " Double Sugar Starbucks"ဆိုသည့် အဗာတာလေးကို နှိပ်လိုက်သော်လည်း ထိုအပြုံး၏နောက်ကွယ်တွင် အလွန်အထီးကျန်လှသောပုံရိပ်လေးတစ်ခုရှိကြောင်း ကျန်းမုန့်လောင်သာလျှင် သိသည်။
ယခုဆိုလျှင် ကျန်းမုန့်လောင် သူ(မ)နှင့် သိလာသည်မှာ နှစ်ဝက်မျှရှိလေပြီ။ သူ(မ)က သီချင်းဆိုရတာကို သဘောကျပြီး ကျန်းမုန့်လောင်က စန္ဒရားတီးရတာကို သဘောကျသည်။ သူတို့က ကျန်းမုန့်လောင်၏ဘဝနိမ့်ပါးနေခဲ့ချိန်မှာ ဗီဒီယိုအတိုလေးတွေတင်သည့်ပလက်ဖောင်း၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး အချင်းချင်းလိုက်ခ်ပေးခဲ့ရာမှ အတူပေါင်းပြီး သီချင်းဆိုဖြစ်ခဲ့ကြကာ အဆုံးမှာတော့ တစ်ယောက်၏သူငယ်ချင်းစာရင်းတွင် တစ်ယောက်က ပါဝင်လာခဲ့လေသည်။
သူတို့နှစ်ယောက်က အလွန်ထပ်တူညီကြသည့်လူများပင်။ ကျန်းမုန့်လောင် သူ(မ)နှင့် တွေ့လည်းမတွေ့ခဲ့ဖူးသလို နှစ်ဝက်ကြာပြီးတာတောင် သူ(မ)၏နာမည်အစစ်ကို မသိသေးပေ။ သူတို့၏နေ့စဉ်ဒုက္ခများနှင့် ရယ်စရာဖြစ်ရပ်များကို ဝေမျှနေသည်ကလွဲလျှင် သူတို့က ဂိမ်းလည်းအတူကစားပြီး သီချင်းများဇာတ်လမ်းများကိုလည်း အချင်းချင်းဝေမျှတတ်ကြသည်။
အနည်းငယ်ကိုးရိုးကားရားနိုင်ဟန်တူသော်လည်း ကျန်းမုန့်လောင်ဘက်က သူ့ထက် အသက်တစ်နှစ်ပိုကြီးပြီး တစ်ခါမှလည်း မတွေ့ဖူးသော ဤမိန်းကလေးအပေါ် ခံစားချက်များတိုးတက်နေပြီဖြစ်၏။
"နှစ်ယောက်တွဲကစားမလား"
ပြန်စာက ကျန်းမုန့်လောင်ထံသို့ ခပ်မြန်မြန်ရောက်ရှိလာသည်။
"ပြီးတော့ ငါ့ရဲ့အခန်းဖော်သုံးယောက်လည်းပါတယ်။ သူတို့က မင်းရဲ့အသံက လှတယ်ဆိုတာကိုကြားထားလို့ ဒီနေ့ မင်းကို ဂိမ်းကစားဖို့ဖိတ်လိုက်ပါဆိုပြီး အတင်းပြောနေကြတာ"
"နင် ငါနဲ့အခုထိမတွေ့ဖူးသေးဘူးလေ။ ဘာလို့ ဒီလိုမျိုးကြွားနေရတာလဲ။ တကယ်လို့ ငါက အသံပြောင်းတဲ့ကိရိယာကိုသုံးထားတဲ့ ပေါင်နှစ်ရာလောက်ရှိတဲ့ အန်တီကြီးတစ်ယောက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ အဲ့လိုဆိုရင် နင့်အခန်းဖော်တွေရဲ့အိမ်မက်တွေတော့ ကွဲကြေကုန်တော့မှာပဲ ဟုတ်တယ်မလား"
"အဲ့ဒါက ယောကျ်ားတစ်ယောက်ရဲ့ အာရုံခြောက်ပါးပဲလေ။ ငါ့ရဲ့မသိစိတ်က မှားခဲ့မယ်ဆိုရင် ငါ့ခေါင်းပေါ်မှာမတ်တတ်ရပ်ပြီး ငါ့ဆံပင်ကိုလျှော်ပြမယ်"
"ဟားဟားဟား..ဝင်ခဲ့တော့ မြန်မြန်လုပ်။ ငါ ဒီရက်ပိုင် တော်တော်အားယားနေတာ"
"ငါ နင့်ကို ခဏနေရင်ထည့်လိုက်မယ်"
"ကောင်မလေးချောချောလေးက ဘယ်မှာလဲ။ ကောင်မလေးချောချောလေးက ဘယ်မှာလဲ"
ကျန်းမုန့်လောင်က သူ့အခန်းဖော်များနှင့် ချိတ်ဆက်လိုက်သည်နှင့် သူတို့က မစောင့်နိုင်တော့ဘဲ တကျည်ကျည်တကျာကျာလုပ်နေကြသည်။
"ကျန်းမုန့်လောင်.. မင်း ဘာဖြစ်နေတာလဲ။ မင်း ကျန်းနန်မြို့ကို ပြန်ရောက်နေပြီမဟုတ်ဘူးလား။ မင်း ဒီလောက်နောက်ကျနေတာတောင် အဆောင်ကို ဘာလို့ပြန်မလာတာလဲ။ တစ်ညလုံး အင်တာနက်ကဖေးမှာပဲနေဖို့ စီစဉ်နေတာလား"
"ငါ့က ငါ့ကိုယ်ပိုင်အိမ်မှာလေ။ မင်းတို့ယုံမှာတောင်မဟုတ်ဘူး။ ဒါပေမဲ့ ၂၉ထပ်ရှိတဲ့ ဒီအဆောက်အဦးကြီးတစ်ခုလုံးက ငါ့အပိုင်တဲ့။ ငါ့ကွန်ပျူတာကလည်း စူပါကွန်ပျူတာနဲ့ချိတ်ဆက်ထားတာ။ ဂိမ်းကစားရတာ ရှယ်ကိုချောမွေ့နေရောပဲ"
ကျန်းမုန့်လောင်က ဆိုလိုက်၏။
"ဟားဟားဟား.. မင်းက အရမ်းမိုက်တာပဲ။ ငါဆိုရင် အဲ့လိုစကားမျိုးပြောဖို့ အိပ်မက်တောင်မမက်ရဲဘူး။ မြန်မြန်လုပ်.. ကောင်မလေးချောချောလေးကို ထည့်လိုက်တော့"
"ဟုတ်တယ်။ ဟုတ်တယ်။ သူ့ကို ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ် အခန်း၃၁၀ရဲ့နွေးထွေးမှုလေးကို ခံစားခွင့်ပေးလိုက်ရအောင် "
"ဟယ်လို အားလုံးပဲ"
မိန်းကလေးတစ်ယောက်၏ ချိုသာလှသောအသံလေးတစ်သံက အသင်းvoice chatထဲမှ ထွက်ပေါ်လာလေသည်။
"သောက်ကျိုးနည်း.. အဲ့ဒီအသံပဲ။ အမေရေ ကျွန်တော်ချစ်မိပြီဗျို့"
"ဝါး.. အချစ်ဦးလိုခံစားချက်မျိုးပဲ"
"ကျန်းမုန့်လောင်.. နောက်ဆုံးတော့ မင်း ဘာလို့ ညတိုင်း နားကြပ်တပ်ပြီး သူနဲ့စကားပြောနေလဲဆိုတာ ငါနားလည်သွားပြီ။ ဒီအသံက ရတနာတစ်ပါးပဲကွ"
ကျန်းမုန့်လောင်၏အခန်းဖော် သရဲအိမ်ဝံပုလွေက အူလိုက်လေသည်။
ကျန်းမုန့်လောင်ကလည်း ညင်သာစွာဖြင့် တခစ်ခစ်ရယ်မောလိုက်မိသည်။ သူ(မ)၏အသံက မယုံကြည်နိုင်လောက်အောင် ချိုသာလွန်းလှပြီး သူဆိုလျှင် သူ(မ)၏အသံမက်ဆေ့ချ်များကို အခေါက်ခေါက်အခါခါ နားထောင်ခဲ့ရသည်။
အခန်းဖော်များက အရည်အချင်းရှိသူများပင်။ "Frappuccino Double Sugar"က ကျန်းမုန့်လောင်နှင့် နှစ်ယောက်တွဲပွဲစဉ်ကစားခဲ့ဖူးသည့် သာမန်မိန်းကလေးများထက် အဆပေါင်းများစွာပိုတော်ပြီး ဆင့်ခေါ်သူ၏ချိုင့်ဝှမ်းတစ်လျှောက် တင့်ကားကိုမောင်းချသွားပြီး မိုးကြိုးနှင့်လျှပ်စီးကို ဆင့်ခေါ်ကာ လမ်းကြောင်းမှာရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
သူတို့က ပိတ်ရက်ရထားဆဲဖြစ်ပြီး နောက်တစ်ရက်တွင်လည်း အတန်းမရှိသောကြောင့် ညသန်းခေါင်ကျော်သည်အထိ ကစားခဲ့ကြပြီးမှ အင်တင်တင်ဖြင့် ဂိမ်းကိုအဆုံးသတ်လိုက်ကြသည်။ သူတို့အတွက်တော့ လူမှုအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်ရတော့မည်ဖြစ်ရာ ယခုကဲ့သို့ပျော်ရွှင်ဖွယ်နေ့ရက်လေးများက ရှားပါးလာတော့မည်ဖြစ်၏။
"ဒီနေ့တော်တော်ပျော်ဖို့ကောင်းတယ်။ ငါ အိပ်ချင်နေပြီ။ အရင်အိပ်နှင့်တော့မယ်"
"အတူတူပဲ။ ငါလည်းအိပ်ချင်နေပြီ"
ကျန်းမုန့်လောင်က ကျီစယ်လိုဟန်အသံဖြင့် ပြောလိုက်လေသည်။
"ကောင်းသောညပါ"
"ကောင်းသောညပါ"
ကျန်းမုန့်လောင်က သူ့ဖုန်းကို ဘေးနားမှာချထားလိုက်ပြီး ကြီးမားလှသော သူ့ကုတင်ထက် လှဲချလိုက်လေသည်။ ထိုအိပ်ရာမှာ သူ ဆယ်ပတ်လောက်လှိမ့်လို့တောင်ရလောက်အောင် ကြီးမားလေသည်။
မနေ့ညကတည်းက အရာအားလုံးဟာ အိပ်မက်တစ်ခုအလားပင်။
"အိုး ဟုတ်သားပဲ။ အဖေနဲ့အမေပြောခဲ့တဲ့ "ထူးရှယ်နတ်ဘုရားသင်တန်းကျောင်း"ဆိုတဲ့ ဘိုးဘွားပိုင်အမွေ"
မနက်နိုးလာသောအခါ ကျန်းမုန့်လောင်တစ်ယောက် သေချာအာရုံစူးစိုက်ကြည့်ပါက သူ့စိတ်အာရုံထဲတွင် အစိမ်းရောင်တောက်ပနေသော အမှတ်အသားတစ်ခုကို မြင်နေရကြောင်း သိလိုက်ရသည်။
"ထူးရှယ်နတ်ဘုရားသင်တန်းကျောင်းထဲကိုဝင်မယ်"
ကျန်းမုန့်လောင်က အမိန့်ပေးချက်တစ်ခုကို ထုတ်ပြန်လိုက်သည်။
"သခင်က သခင်ဟောင်းပေးသွားတဲ့စိန်ခေါ်မှုကို မပြီးမြောက်သေးတဲ့အတွက် စိန်ခေါ်မှုကိုအောင်မြင်မှ ကျောင်းတော်ထဲကိုဝင်ခွင့်ရမှာပါ"
ထူးရှယ်နတ်ဘုရားသင်တန်းကျောင်း၏ စမတ်ဘဏ္ဍာထိန်းကောထန်၏အသံက ကျန်းမုန့်လောင်၏နားထဲတွင် မြည်ဟည်းလာသည်။
"သောက်ကျိုးနည်း.. ဒါဆို သူတို့က ငါ့ကို တကယ်ပဲ အဲ့လိုတာဝန်မျိုးပေးသွားတာပေါ့"
ကျန်းမုန့်လောင်က ခါးသက်စွာဖြင့် တခစ်ခစ်ရယ်လိုက်လေသည်။ သူ့မှာ ၁၀၀ဘီလီယံဟူသော ငွေပမာဏမျိုးကို တစ်ခါမှမတွေ့ကြုံဖူးပေ။ တစ်ချီတည်းနှင့် တစ်သောင်းလောက်သုံးဖို့ပင်မဆိုထားနှင့်။ သူသုံးခဲ့ဖူးသည့် အများဆုံးပမာဏမှာ သူ့တက္ကသိုလ်နှစ်စဉ်ကျူရှင်ကြေး၈၈၀၀ပေးခဲ့ခြင်းသာ ဖြစ်၏။
ပို၍ခက်ခဲသည့်အရာမှာ ထိုပိုက်ဆံကို သူ လှူဒါန်းပစ်၍လည်း မရသလို သူများကို ပေးပစ်လိုက်၍လည်း မရချေ။
"၁၀၀ဘီလံယမ်ကို ဘယ်လိုသုံးရမလဲ"
ကျန်းမုန့်လောင်က ပိုင်တုတွင် ဤမေးခွန်းကို ရိုက်ရှာလိုက်သည်။
"အိမ်တွေဝယ်ရမှာလား။ ကမ္ဘာကြီးရဲ့တစ်ဝက်လောက်က ငါပိုင်တာတွေချည်းပဲဟာကို ငါက ဘာလို့ အိမ်တွေဝယ်နေရဦးမှာလဲ"
" streamerတွေကို မုန့်ဖိုးပေးရမှာလား။ အဲ့ဒီအင်တာနက်သူတောင်းစားတွေကို မုန့်ဖိုးပေးရအောင် ငါက ရူးနေလို့လား"
"ကမ္ဘာပတ်ပြီးခရီးသွားရမလား။ ငါ နှစ်တစ်ရာလောက် ကမ္ဘာပတ်ရင်း အစားအသောက်တွေ နင်းကန်စားပြီး နေ့တိုင်းအပျော်အပါးလိုက်စားနေရင်တောင် အဲ့ဒီပိုက်ဆံတွေအကုန်လုံးကို ကုန်အောင်သုံးနိုင်မှာမဟုတ်ဘူး"
"ကားတွေဝယ်ရမှာလား။ ဟင်း..ဒါကတော့ မဖြစ်နိုင်ဘူး"
"ရင်းနှီးမြှုပ်နှံမှုလုပ်ရမှာလား။ ဝမ်တာ့ယွီလုပ်တဲ့အတိုင်း လုပ်ရမှာလား"
ပေါက်ကရအဖြေများကို တစ်ခုပြီးတစ်ခုကြည့်ရှုရင်း ကျန်းမုန့်လောင်တစ်ယောက် သက်ပြင်းချလိုက်မိသည်။
"ပိုက်ဆံအများကြီးရှိတာကလည်း ပြဿနာတစ်ခုပဲနော်"
…….