ဒီဇိမ်ခံပစ္စည်းက လူတစ်ယောက်ကို အသက်တိုစေတာပဲ
Vol. 1 Ch. 11
"လှလိုက်တဲ့မနက်ခင်းလေးပါလား"
ကျန်းမုန့်လောင် မျက်လုံးဖွင့်လိုက်ပြီး မီတာပေါင်းများစွာရှည်သောကုတင်ထက်မှ ထလိုက်ကာ မီတာဒါဇင်ပေါင်းများစွာရှည်သော စင်္ကြလမ်းမှ ဧည့်ခန်းထဲသို့ လျှောက်သွားလိုက်သည်။ ယနေ့မှာ သူဟာ ၁၀၀ဘီလီယံသုံးရာတွင် သူ့ပထမဆုံးတာဝန်ဖြစ်သည့် ကားတစ်စီးဝယ်မည့်လုပ်ငန်းစဉ်ကို ပြီးမြောက်အောင်လုပ်ဖို့အတွက် အဆင်သင့်ဖြစ်နေလေပြီ။
ယနေ့ခေတ်ကြီးထဲတွင် အင်တာနက်သုံးသူအများစုက ပိုက်ဆံမရှိကြသည့်တိုင် ကားများအားလုံးအကြောင်းကိုတော့ သိကြသည်။ ယခင်ကျန်းမုန့်လောင်အဟောင်းကတော့ ပိုက်ဆံလည်းမရှိသလို ကားအကြောင်းလည်း မသိပေ။ မနေ့ညက အချိန်တော်တော်ကြာအောင် အလုပ်လုပ်လိုက်ရပြီးနောက် ထိပ်တန်းအဆင့်ဇိမ်ခံကားများအကြောင်း သူ တစ်နည်းနည်းဖြင့် နားလည်သွားခဲ့သည်။
ကျန်းနန်မြို့လယ်ခေါင်မှာ ဇိမ်ခံကားများကို အထူးရောင်းချပေးသည့် ခေတ်မီခမ်းနားသောဆိုင်တစ်ဆိုင်ရှိသည်။ သင့်မှာ ပိုက်ဆံလုံလုံလောက်လောက်ရှိနေသရွေ့ လွန်ခဲ့သည့်နှစ်၂၀က Limited Editionပြိုင်ကားတစ်စီးကိုပင် ဝယ်ယူနိုင်သည်ဟု ဆိုကြသည်။
"တင်းတောင်"
တံခါးဘဲလ်သံက အခန်းအပြင်ဘက်မှ ထွက်ပေါ်လာပြီး ဟုန်းရီ၏ပုံရိပ်က တံခါးထက်ရှိ သလင်းကျောက်မျက်နှာပြင်ထက်၌ ပေါ်လာလေသည်။
"မစ္စတာကျန်း နိုးပြီလား။ ရှင့်ရဲ့အမှုထမ်းတွေအားလုံးက ဒီနေ့ပဲ နေရာယူပြီးကြပါပြီ။ ရှင် မနက်စာ ဘာစားချင်လဲဆိုတာ ကျွန်မကိုပြောပြလို့ရမလား"
"ပေါ့ပေါ့ပါးပါးရှိတာဆိုရင် ဘာမဆိုရပါတယ်။ အသားညှပ်ပေါင်မုန့်တစ်ခုလောက်ဖြစ်ဖြစ်ပေါ့"
ကျန်းမုန့်လောင်က သာမန်ကာလျှံကာပြောလိုက်သည်။ တကယ်တော့ ကျောင်းမှာဆိုလျှင် သူက မနက်ပိုင်းဆယ်နာရီမှ အိပ်ရာထတတ်သည်။ အိပ်ရာထ၊ မျက်နှာသစ်ဆေးကြော၊ အဝတ်အစားလဲပြီး သူ အဆင်သင့်ဖြစ်သွားချိန်ကျလျှင် နေ့လယ်ခင်းအချိန်ကို ရောက်နေပြီဖြစ်၏။ မနက်စာဆိုသည်မှာ သူ့အဖို့တော့ မရှိမဖြစ်လိုအပ်လှသည်မဟုတ်။
"စကားမစပ်.. ဒီအိမ်ရာထဲမှာ ဝင်ထွက်သွားလာခွင့်ကို ငါ မင်းကို နောက်မှ လွှဲပြောင်းပေးရဦးမယ်။ အဲ့ဒါမှ မင်း အဲ့ဒီအလုပ်သမားတွေကို နေရာချပေးလို့ရမှာပေါ့"
ကျန်းမုန့်လောင် ထိုသို့ပြောလိုက်သည်။ သူ့အဖို့ ပြဿနာများမည်စိုး၍ အသေးအဖွဲကိစ္စလေးများကိုတော့ ဟုန်းရီလုပ်နိုင်မည်ဟု သူယုံကြည်ထားသည့်အတွက် သူ(မ)ကိုသာ ဖြေရှင်းဖို့အတွက် လွှဲထားပေးလိုက်သည်။
"ရတာပေါ့ မစ္စတာကျန်း.. ကျွန်မ ချက်ချင်းပဲလုပ်လိုက်ပါ့မယ်။ ရှင့်မနက်စာက မိနစ်နှစ်ဆယ်အတွင်း ရောက်လာပါလိမ့်မယ်။ အဲ့ဒီအချိန်အတွင်းမှာ ရှင် ကိုယ်လက်သန့်စင်ထားလို့ရပါတယ်"
သူ(မ)က ခွန်းတုံ့ပြန်လိုက်၏။
ကျန်းမုန့်လောင်က ရေချိုးခန်းထဲသို့ အိပ်ချင်မူးတူးဖြင့် လမ်းလျှောက်ဝင်သွားလိုက်သော်လည်း အပြည့်အစုံတပ်ဆင်ထားသော တစ်ကိုယ်ရည်သုံးပစ္စည်းများကြောင့် ခဏတာမျှအံ့သြမှင်တက်သွားရလေသည်။
ပစ္စည်းအားလုံးကို နိုင်ငံခြားဘာသာစကားများဖြင့် တံဆိပ်ကပ်ထားလေသည်။ ကျန်းမုန့်လောင်ခမျာ ဘယ်ဟာက မျက်နှာသစ်ခရင်မ်၊ ဘယ်ဟာက သွားတိုက်ဆေး၊ ဘယ်ဟာက လိုးရှင်းလဲဆိုသည်ကိုပင် မခွဲခြားတတ်ချေ။ အမျိုးအစားတစ်ခုချင်းစီမှာ ဘရန်းပေါင်းစုံမှဖြစ်ပြီး ထုပ်ပိုးမှုပုံစံကတောင် အလွန်ဆင်တူလှသည်။
"သောက်ကျိုးနည်း.. ငါက ဒါကိုသုံးရမှာလား"
ရုတ်ခြည်းပင် သူ ကြောင်အသွားရလေသည်။
ကျန်းမုန့်လောင်က သွားတိုက်ဆေးနှင့်တူသည့် လေးထောင့်ဘူးရှည်တစ်ခုကို လျက်ကြည့်လိုက်သည်။ သို့သော် အရသာကြီးမှာ ထူးဆန်းနေပြီး အဖြုန်းအစေ့ဆန်သောပစ္စည်းတစ်ခုခုပင် ပါနေလေသည်။
"ဒါက မျက်နှာသစ်ခရင်မ်များလား"
သူ ထိုသို့တွေးလိုက်မိသည်။
"ဟုတ်သားပဲ။ AIမှတ်ဉာဏ်နဲ့ဆိုရင် ဘာကြီးပဲဖြစ်ဖြစ် Taobaoမှာရှာလို့ရတယ်မလား"
ကျန်းမုန့်လောင်က appတစ်ခုကိုဖွင့်ပြီး မျက်နှာသစ်ခရင်မ်နှင့်တူသောပစ္စည်းတစ်ခုကိုကောက်ယူကာ ဖုန်းကင်မရာရှေ့တွင် ကိုင်ထားလ်ိုက်သည်။
"တီ တီ"
မကြာခင်မှာ ဓာတ်ပုံထဲရှိပစ္စည်းကား သရုပ်မှန်ပေါ်လာချေသည်။
""ဂရိကောင်းကင်ဘုံပင်လယ် ရေဓာတ်ဖြည့်လိုးရှင်း၊ 50ml၊ ၂၁၄၉၉တဲ့လား။ သောက်ကျိုးနည်း.. မျက်နှာသစ်ခရင်မ်က ဒီလောက်တောင်ဈေးကြီးတာလား"
ကျန်းမုန့်လောင်၏လက်များမှာ တုန်ယင်သွားလေတော့သည်။ ယောကျ်ားတစ်ယောက်က ဈေးကြီးသောလိုးရှင်းတစ်ခုကို သုံးဖို့ရာအတွက် အလွန်ကြမ်းတမ်းလွန်းနေသလို ခံစားလိုက်ရသည်။
"အီတလီနိုင်ငံထုတ် Desire မျက်နှာသစ်ခရင်မ်၊ 50ml၊ ၁၉၉၉၉..."
"လက်သန့်ဆေးက နှစ်သောင်းကျော်"
"မုတ်ဆိတ်ရိတ်ခရင်မ်က တစ်သောင်းကျော်.. ဒါကြီးကဓားပြတိုက်နေတာလား"
မျက်နှာသစ်ခရင်မ်နှင့် လက်သန့်ဆေးတို့လို ပစ္စည်းများကပင် ဤမျှမတန်တဆဈေးမြင့်နေလိမ့်မည်ဟု ကျန်းမုန့်လောင် တကယ်ထင်မထားခဲ့ပေ။
...
"နောက်ဆုံးတော့ သွားတိုက်ဆေးရှာတွေ့ပြီ"
ကျန်းမုန့်လောင်က ပစ္စည်းတစ်ဒါဇင်လောက်ကို စကန်ဖတ်ပြီးနောက်မှာတော့ သွားတိုကိဆေးဘူးတစ်ဘူးကို ရှာတွေ့လိုက်လေပြီ။
"အင်္ဂလန်ရဲ့တော်ဝင်သီးသန့်.. Taobaoမှာ တကယ့်ထုတ်ကုန်အစစ်မရှိဘူး။ ခန့်မှန်းခြေဈေးနှုန်းပေါင်၁၂၀၀၀.. ကိစ္စမရှိဘူး.."
အိပ်စက်ပြီးနောက်မှ စိတ်ခွန်အားပြန်လည်ရရှိလာသော ကျန်းမုန့်လောင်ခမျာ စျေးကြီးလှသော ရေချိုးခန်းသုံးပစ္စည်းများကြောင့် နောက်တစ်ကြိမ်ကြေကွဲသွားရပြန်သည်။
"ငါ့ရဲ့ယွင်နန်ပိုင်ယောင်သွားတိုက်ဆေးကပဲ အဆင့်နိမ့်တာလား။ ဒါမှမဟုတ် ကျုံးဟွာသွားတိုက်ဆေးကပဲ အဆင့်မြင့်လွန်းနေလို့လား"
ကျန်းမုန့်လောင်က သက်ပြင်းတချချနှင့် သူ့ကံကြမ္မာသူ လက်ခံလိုက်ရသည်။ သူ့အသက်သူ့အရွယ်မှာ မခံစားရသင့်သည့် စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးများကို ခံစားနေရသော်လည်း သူဟာ အံတင်းတင်းကြိတ်လျက် ဇွဲရှိရှိကိုင်တွယ်နိုင်ရုံသာတတ်နိုင်လေသည်။
ကျန်းမုန့်လောင် မျက်နှာသစ်ဆေးကြော၍ ပြီးစီးသောအခါ မနက်စာက သူ့စားပွဲပေါ်တွင် နေရာချထားပြီးဖြစ်၏။ စားပွဲဘေးမှာတော့ ဟွာရှားနိုင်ငံသားဟုတ်ဟန်မတူသည့် စားဖိုမှူးတစ်ယောက်ရှိနေလေသည်။
```
"မင်္ဂလာမနက်ခင်းပါ မစ္စတာကျန်း။ ကျွန်တော်က ခင်ဗျားရဲ့နေ့စဉ်အစားအသောက်ကို တာဝန်ယူထားတဲ့ စားဖိုမှူးတွေထဲက တစ်ယောက်ပါ။ ခင်ဗျား ကျွန်တော့်ကို ဘရု့စ်လို့ ခေါ်လို့ရပါတယ်"
စားဖိုမှူးက ဟွာရှားစကားပီပီသသဖြင့် ပြောလာလေသည်။
"စားဖိုမှူးတွေထဲက တစ်ယောက်လား"
ကျန်းမုန့်လောင်က ထိုစကားကို သံယောင်လိုက်၍ ပြောလိုက်သည်။
"ဟုတ်တာပေါ့။ ခင်ဗျားမှာ စုစုပေါင်း စားဖိုမှူး၇၉ယောက်ရှိတယ်လေ။ တစ်ယောက်ချင်းစီတိုင်းက မတူညီတဲ့ဟင်းလျာတွေမှာ ကျွမ်းကျင်ကြသူတွေလေ။ ကျွန်တော်ကတော့ ဥရောပစတိုင်လ်မနက်စာပြုလုပ်ရာမှာ ကျွမ်းကျင်သူပေါ့"
"၇၉ယောက်..."
ကျန်းမုန့်လောင်ခမျာ အလွန်အကျယ်ချဲ့လွန်းအားကြီးသော နေထိုင်မှုဘဝပုံစံကို စတင်လက်ခံရန် နှေးကွေးနေဟန်ပင်။ သူက သူ့အရှေ့ရှိ ရိုးရိုးရှင်းရှင်းမနက်စာကို အမူအရာကင်းမဲ့စွာဖြင့် ဖွင့်လိုက်လေသည်။ မနက်စာမှာ အသားညှပ်ပေါင်မုန့်တစ်ချပ်နှင့် နွားနို့တစ်ခွက်ပင်။
"နောက်ဆုံးတော့ သာမန်လူတစ်ယောက်စားတဲ့အစားအသောက်မျိုးပဲ"
ချမ်းသာကြွယ်ဝသောဘဝကို နေ့စဉ်ဖြတ်သန်းခြင်းက သူ့ကို အသက်တိုစေသလားဆိုသည်ကို ကျန်းမုန့်လောင် သံသယပွားနေမိသည်။ သူက အသားညှပ်ပေါင်မုန့်ကို တစ်ကိုက်ကိုက်လိုက်လေရာ လတ်လတ်ဆတ်ဆတ်ပုစွန်တုပ်နှင့် ဂဏန်းအရသာက သူ့ခံတွင်းထဲကို စိုးမိုးသွားလေသည်။
ယခုလိုထူးခြားလှသော အသားညှပ်ပေါင်မုန့်ကို သူ ပထမဆုံးအကြိမ်မြည်းစမ်းဖူးခြင်းပင်။
"ဒီဟာက ဒေါ်လာတစ်ရာကျော်လောက်တော့ ပေးရမှာပဲနော် ဟုတ်တယ်မလား"
ကျန်းမုန့်လောင်က နွားနို့နောက်တစ်ငုံမော့လိုက်လေရာ ထိုအရာကလည်း အရသာရှိလှသည်။
"မစ္စတာကျန်း.. ဒါက လန်ဒန်စင်ရော်ကြက်ဥလိပ်ပါ။ သာမန်စားဖိုမှူးတစ်ယောက် လုပ်မယ်ဆိုရင်တောင် အမေရိကန်ဒေါ်လာ၁၅၀ပေးရပါတယ်။ ကျွန်တော် ဥရောပမှာအလုပ်လုပ်တုန်းက ဒါမျိုးတစ်ခုကို ဒေါ်လာ၆၈၀ပေးရပါတယ်"
"ဖွီး.. အဟွတ် အဟွတ် အဟွတ်"
ကျန်းမုန့်လောင်ခမျာ ပါးစပ်ထဲကနွားနို့များ ပြန်ပန်းထွက်တော့မတတ်ပင်။ သူက သူ့ဘေးရှိ နွားနို့နှင့် အသားညှပ်ပေါင်မုန့်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤမနက်စာမှာ ဟွာရှားငွေကြေးတစ်သောင်းဝန်းကျင် ကျသင့်ပေလိမ့်မည်။ မကြာသေးခင်ကမှ ဘွဲ့ရသွားသူများပင် တစ်လကို ဤမျှမရှာနိုင်ကြချေ။ သို့တိုင် သူကတော့ တစ်လုတ်နှစ်လုတ်စာမျှဖြင့် သုံးပစ်လိုက်လေပြီ။
ဤမနက်စာတန်ဖိုးကို သိသွားပြီးနောက်မှာ ကျန်းမုန့်လောင်က ဂရုတစိုက်စားသောက်လိုက်သည်။ သို့သော် မြင့်မားလှသောကုန်ကျစရိတ်က ကျေနပ်ဖွယ်ကောင်းသောအရသာနှင့် နူးညံ့မှုကြောင့် ပေးရတာတန်ပါသည်။
"မစ္စတာကျန်း.. အဆောက်အဦးရှစ်ခုစလုံးအတွက် အဝင်အထွက်ခွင့်ပြုချက်တွေကို ကျွန်မ ရှင့်အတွက်စီစဉ်ပေးပြီးပါပြီ။ တချို့သီးသန့်နေရာတွေကလွဲရင်ပေါ့။ တချို့အပိုင်းတွေမှာတော့ နေ့တိုင်း သန့်ရှင်းရေးလုပ်ပြီး ထိန်းသိမ်းစောင့်ရှောက်ပေးမဲ့ဝန်ထမ်းတွေ ရောက်လာပါလိမ့်မယ်"
ဟုန်းရီက ခရေစေ့တွင်းကျပြောလာလေသည်။
"ရှင့်မှာ ဒီနေ့အတွက် ဘာအစီအစဉ်များရှိလဲ။ ရှင့်ရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ အမှုထမ်းတွေက အဆင်သင့်ဖြစ်နေပါပြီ။ ရှင် ကမ္ဘာပေါ်က ဘယ်နေရာကိုပဲသွားသွား အဆင်သင့်ဖြစ်နေပါပြီ"
"မလိုပါဘူး။ ငါ ဒီနေ့ ကားတွေသွားကြည့်ဖို့ စီစဉ်ထားတယ်"
ကျန်းမုန့်လောင်က ဆိုလိုက်သည်။
"ရှင် ကားတစ်စီးဝယ်ဖို့ စီစဉ်နေတာလား"
ဟုန်းရီက လုံးဝအံ့သြမသွားပေ။ ယေဘုယျကျကျပြောရလျှင် ပိုက်ဆံအနည်းငယ်ရှိသည့် ကျန်းမုန့်လောင်အရွယ် အမျိုးသားတစ်ယောက်က ပြိုင်ကားနှင့် ဇိမ်ခံကားများကို စိတ်ဝင်စားကြသည်။
"ကျွန်မ စီစဉ်ပေးစရာလိုသေးလား။ ရှင့်မိသားစုက ပြိုင်ကားကုမ္ပဏီတော်တော်များများမှာ ရှယ်ယာဝင်ထားသေးတယ်"
"မလိုဘူး။ ငါကိုယ်တိုင်ပဲ သွားကြည့်ချင်တယ်။ ငါ့ကိုအဖော်ပြုပေးဖို့အတွက်ဆိုပြီး လူတစ်ယောက်ထည့်ပေးလိုက်စရာမလိုဘူးနော်"
ကျန်းမုန့်လောင်အနေနှင့် သူ့ကိုယ်သူ အနောက်က လက်ထောက်တကားကားနှင့် အလိုလိုက်ခံထားရသည့် သူဌေးသားတစ်ယောက်လို ဖြစ်မနေစေချင်ပေ။
"ဒါဆိုလည်း ကောင်းပါပြီ။ ရှင် တစ်ခုခုလိုအပ်ရင် ကျွန်မကိုသာပြောပါ"
"နားလည်ပြီ"
ကျန်းမုန့်လောင်က ထိုသို့ပြောရင်း ဂျာကင်ကိုကောက်ဝတ်ကာ အခန်းအပြင်သို့ လျှောက်ထွက်လာလိုက်သည်။
မွေးရာပါလမ်းမမှတ်မိသူတစ်ဦးဖြစ်သောကြောင့် ကျန်းမုန့်လောင်သည် ခဏခဏလမ်းပျောက်တတ်လေ့ရှိသည်။ မြေပုံကိုမှီခိုရင်း ထွက်လာခဲ့လိုက်သည့်အခါမှာတော့ အဆုံးတွင် ယန်ကျင်းမှ လူချမ်းသာဒုတိယမျိုးဆက်များပိုင်ဆိုင်သည်ဟု သတင်းထွက်ပေါ်နေသောဇိမ်ခံကားရောင်းဝယ်ရေးဆိုင်သို့ ရောက်ရှိလာခဲ့သည်။
Ferrariပင်ဖြစ်စေ၊Lamborghiniပင်ဖြစ်စေ၊ Paganiပင်ဖြစ်စေ၊ McLarenပင်ဖြစ်စေ ကြိုက်ရာဇိမ်ခံကားတစ်စီးကိုသာ နာမည်တပ်ကြည့်လိုက်။ ဤနေရာတွင် သေချာပေါက်ရှိသည်။
အမျိုးသားနေ့ဖြစ်သောကြောင့် ခရီးသွားများ ဝင်ထွက်သွားလာကြသည်ဖြစ်ရာ သူတို့ဘက်ကလည်း လူအများအပြားကို ဆွဲဆောင်နိုင်သည့် ကားပြပွဲကို ခုနစ်ရက်ကြာကျင်းပဖို့ စီစဉ်ခဲ့ကြသည်။ သူတို့အနေနှင့် ကားဝယ်ဖို့မတတ်နိုင်လျှင်တောင် ဤပွဲကိုလာကြည့်ရုံနှင့်ပင် တန်နေလေပြီ။
ကားအရောင်းဆိုင်က အလွန်ကြီးမားလွန်းလှသည်။ မြေအောက်ကားဂိုဒေါင်အပါအဝင် စုစုပေါင်းလေးထပ်ရှိပြီး တစ်ထပ်ချင်းစီကလည်း စတုရန်းမီတာထောင်ချီပြီးကျယ်ဝန်းသည်။ အပြင်ဘက်ကကြည့်လျှင် ဤအဆောက်အအုံက ဘေးချင်းကပ်4Sဆိုင်များကို လုံးဝလွှမ်းမိုးထားလေသည်။
"အာကီနာတောင်တက်ကလပ်"
ကျန်းမုန့်လောင်ဟာ ဤဇိမ်ခံကားအရောင်းဆိုင်၏သင်္ကေတကို မြင်သောအခါ အရယ်မရပ်နိုင်လောက်အောင် ဖြစ်သွားရသည်။ ဤလူချမ်းသာသားသမီးများက ဟာသဉာဏ်ရှိကြပြီး ကားအရောင်းဆိုင်ကို ကလပ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ကြသည်။ တကယ်တမ်းတော့ ဤသည်မှာ ဆန်းသစ်သောစိတ်ကူးတစ်ခုပင်။
သို့သော် သူတို့အတွက်တော့ ဤနေရာတွင် မိတ်ဆွေဖွဲ့ခြင်း၏တန်ဖိုးက ငွေရှာခြင်းထက် ပိုကြီးမားလေသည်။
"ဒီမှာ ငါကြိုက်တဲ့ကားတချို့များရှိမလားပဲ"
ကျန်းမုန့်လောင်က မျှော်လင့်ချက်တပွေ့တပိုက်ဖြင့် "အာကီနာတောင်တက်ကလပ်"ထဲသို့ ဝင်လာခဲ့လိုက်သည်။
…..