ငါက ကားဝယ်ရင် ဘယ်တုန်းကမှ ဈေးနှုန်းမကြည့်ဖူးဘူး
Vol. 1 Ch. 12
အမျိုးသားနေ့ဖြစ်နေသော်ငြား မနက်အစောပိုင်းသာရှိသေးသည့်အတွက် လူအသွားအလာကလည်း နေ့လယ်ပိုင်းနှင့် ညနေပိုင်းမှာသာ ရှုပ်သောကြောင့် ကျန်းမုန့်လောင် ကလပ်ထဲသို့ဝင်လာလိုက်သည့်အချိန်မှာ လူအများကြီးရှိမနေပေ။
ဤနေရာသို့ လာရောက်ကြသူအများစုမှာ သူနှင့်မတူဘဲ အသက်ခပ်ကြီးကြီး အောင်မြင်နေသောပုဂ္ဂိုလ်များဖြစ်ပြီး သူတို့အားလုံးလိုလိုမှာ မိန်းမလှလေးတစ်ယောက် အဖော်ပါလာကြသည်။ ရည်းစားလား၊ မိန်းမလား၊ မယားငယ်ပင်ဖြစ်မလားဆိုသည်ကတော့ မသိနိုင်ပေ။
ဝယ်ယူသူအမြောက်အများမရှိလေသောကြောင့် အရောင်းဝန်ထမ်းအများစုကလည်း နားနေဧရိယာတွင်ထိုင်ကာ စကားပြောနေကြသည်။ အထက်တန်းလွှာများအကြားတွင် နေထိုင်နေကြသူများဖြစ်သည့်အတွက် သူတို့မှာ နေ့တိုင်း ပြောစရာခေါင်းစဉ်ပြတ်လပ်သွားသည်ဟူ၍ မရှိချေ။
"အစ်မကျန်း.. ဝယ်သူအသစ်တစ်ယောက်ရောက်နေတယ်"
နှစ်ဆယ်စွန်းစွန်းမျှသာ ရှိသေးသော မိန်းကလေးတစ်ယောက်က ဆိုင်ထဲသို့ဝင်လာသော ကျန်းမုန့်လောင်ကို သတိထားမိလိုက်သည်။
အစ်မကျန်းဟု အခေါ်ခံရသူမှာ ကျန်းမုန့်လောင်ကို တစ်ချက်မျှလှည့်ကြည့်လာပြီးနောက် အကြည့်ပြန်လွှဲသွားသည်။ ဤဆိုင်ထဲတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့သည့်အတွက် တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သူကငွေသုံးနိုင်သလဲဆိုသည့်အထာလေးကို တတ်ကျွမ်းနေပြီဖြစ်၏။
ကျန်းမုန့်လောင်က အသက်ငယ်ပြီး အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း မဟုတ်ပေ။ သူဝတ်ထားသော အဝတ်အစားအားလုံးကို ပေါင်းလိုက်လျှင် ယွမ်တစ်ထောင်မကျော်ပေ။ သူက သာမန်ကျောင်းသားတစ်ယောက်မျှသာဖြစ်၏။
"ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်းဆင်းရဲတဲ့ကျောင်းသားတစ်ယောက်ပါဟာ။ သူက ဒီမှာ ဓာတ်ပုံတစ်ပုံနှစ်ပုံလောက်ရိုက်ချင်လို့ဝင်လာတာဖြစ်မှာ။ သူတို့ဆီမှာ သွားအချိန်ဖြုန်းနေစရာမလိုဘူး"
ထိုကဲ့သို့သောဧည့်သည်များနှင့်လည်း သူတို့ မကြာခဏတွေ့ကြုံဖူးသည်။
ဤဇိမ်ခံကားအရောင်းဝန်ထမ်းများ၏ အခြေခံလစာက သိပ်မမြင့်ပေ။ ထို့ကြောင့် သူတို့အဖို့တော့ ကော်မရှင်ခကသာ သူတို့ဝင်ငွေ၏အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဤနေရာရှိကားများက သန်းနှင့်ချီပြီးပေးရသည့်အတွက် တစ်လကို တစ်စီးလောက်ရောင်းရလျှင်ပင် သူတို့အတွက် လူအများစုထက် လုံလောက်နေပြီဖြစ်၏။
သို့ဖြစ်လေရာ သူတို့အတွက်တော့ မှန်ကန်တိကျသောဝယ်ယူသူကို ရွေးချယ်တတ်ဖို့ရာမှ အရေးအကြီးဆုံးအရည်အချင်းတစ်မျိုးပင်။
"ရှောင်မုန့်.. နင်က ဒီမှာလူသစ်ဆိုတော့ နင် နားမလည်တာတွေ အများကြီးရှိတယ်။ ငါတို့ဆီက သင်ယူစမ်းပါ။ နောင်အနာဂတ်ကျရင်လေ ဒီလိုလူမျိုးကို လိုက်ခယရတာက သက်သက်အချိန်ကုန်တာပဲဆိုတာ နင်သိသွားလိမ့်မယ်။ အဲ့လိုလုပ်နေမဲ့အစား နင် မိတ်ကပ်လေးပုတ်နေလိုက်တာကမှ အကျိုးရှိဦးမယ်။ နင့်ရဲ့အလှတရားနဲ့သာဆိုရင် စကားချိုချိုလေးတွေနည်းနည်းလောက်ပြောပြီး ကားအစင်းရေနည်းနည်းလောက်ထပ်ရောင်းရဖို့က သိပ်မခက်လောက်ပါဘူး"
ထိုအချိန်မှာပင် ဗိုက်ပူပူအမျိုးသားတစ်ယောက်က ကျန်းမုန့်လောင်၏အနောက်မှ လျှောက်လာလေသည်။ အရပ်ရှည်ရှည်နှင့်အလှပဂေးလေးတစ်ယောက်ကလည်း သူ့လက်ကောက်ဝတ်ကိုချိတ်ထားပြီး သူ(မ)၏အိတ်ပေါ်တွင် LVတံဆိပ်ကြီးက တလက်လက်တောက်ပြောင်နေသည်။
အစ်မကျန်း၏မျက်ဝန်းများက တောက်ပသွားရလေသည်။
"စောင့်ကြည့်ပြီးသင်ယူနေ.. ဒါကမှ တကယ့်ဝယ်သူတစ်ယောက်ပဲ"
အစ်မကျန်းက သူ(မ)ကိုယ်သူ(မ) မှန်ထဲတွင် ကြည့်ရှုစစ်ဆေးလိုက်ပြီး ပရော်ဖက်ရှင်နယ်ဆန်သောအပြုံးတစ်ပွင့်ကို ဆင်မြန်းရင်း အသစ်ဝင်လာသောဝယ်သူကို နှုတ်ဆက်လိုက်သည်။
"ဆရာ.. ကားတွေကြည့်ဖို့လာခဲ့တာလားရှင့်။ ဆရာ့အတွက်လား။ ဆရာ့ဘေးက မိန်းမလှလေးအတွက်လား"
ထိုအမျိုးသားက အားရပါးရပြုံးလိုက်လေရာ သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများက တွန့်လိမ်သွားရလေသည်။ သူ့လို အောင်မြင်သောလူတစ်ယောက်အတွက်တော့ အပျော်ရွှင်ရဆုံးအခိုက်အတန့်များမှာ ဈေးဝယ်ထွက်ပြီး အရောင်းဝန်ထမ်းဆီက လေးစားကြည်ညိုဟန်အကြည့်များကို ခံစားရသည့်အချိန်မျိုးမှာ ရရှိခြင်းပင်။
"ငါတို့ကို Maserati လိုက်ပြပေး။ မင်းတို့မှာ မကြာသေးခင်ကပဲ မိန်းကလေးစီးဖို့အဆင်ပြေတဲ့ အနီရောင်မော်ဒယ်လ်သစ်ကားတစ်စီးရောက်တယ်လို့ ကြားထားတယ်"
"ဆရာ.. ရှင်သတင်းရထားတာသိပ်မှန်တာပဲ။ ဒီဘက်ကိုကြွပါ"
...
"သောက်ကျိုးနည်း.. ငါက အရင်ရောက်တာကို"
ကျန်းမုန့်လောင်မှာ လုံးဝဇဝေဇဝါဖြစ်သွားရသည်။ အမှန်အတိုင်းပြောရပါလျှင် သူ့လက်ထဲတွင် ယွမ်ဘီလီယမ်တစ်ရာကိုင်ထားပါသော်ငြား ယခုလိုအဆင့်မြင့်နေရာတစ်ခုကို လာဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူ့လက်နှင့်ခြေထောက်ကို ဘယ်နားသွားထားရမှန်း တကယ်မသိပေ။
သူသာ အရောင်းဝန်ထမ်းကို လှမ်းခေါ်လိုက်ရင် ခေတ်မမီရာကျနေမလား။
"ဆရာ.. ကားတွေကြည့်ဖို့ ရောက်လာတာလား"
ကျန်းမုန့်လောင်၏ရှက်ရွံ့မှုကို သတိပြုမိသွားသော စွန်းယွီမုန့်က လက်ဦးမှုရယူ၍ သူ့ဆီကို ချဉ်းကပ်လာသည်။ ရိုးသားသောမိန်းကလေးတစ်ယောက်ဖြစ်သည့် စွန်းယွီမုန့်ဟာ သုံးစွဲနိုင်စွမ်း ဘယ်လောက်ပဲရှိရှိ၊ ဝန်ဆောင်မှုကောင်းနှင့် ထိုက်တန်တန်မတန်တန် ဝယ်သူတိုင်းဟာ ဝယ်သူပဲဟူသော အပြစ်ကင်းစင်သည့်ယုံကြည်မှုကို လက်ကိုင်စွဲထားဆဲပင်။
အခြားလူများ၏အတွေကလည်း မှားတော့မမှားပေ။ ဤသည်မှာ အမြင်ချင်းမတူရုံသက်သက်သာဖြစ်၏။
"ဟုတ်တယ်။ ဒါပေမဲ့ ကျွန်တော်က ဒီနေရာနဲ့သိပ်မရင်းနှီးလို့။ ခင်ဗျား အဆင်ပြေမယ်ဆိုရင် ကျွန်တော့်ကို လိုက်ပြပေးလို့ရမလား"
ထိုမိန်းကလေးက သူ့အား အခြားသူများကဲ့သို့ အပြင်ပန်းကိုကြည့်ပြီး အကဲမဖြတ်သည့်အတွက် ကျန်းမုန့်လောင်ကလည်း သူ(မ)အပေါ် အမြင်ကောင်းရှိသည်။
"ဆရာ.. ဈေးနှုန်းဘယ်လောက်ထဲက စိတ်ဝင်စားလဲရှင့်။ ကျွန်မတို့ကားတွေက ဈေးနှုန်းတစ်သန်းကနေ ဆယ်သန်းကြားဝန်းကျင်ရှိပါတယ်"
"ဘာပဲဖြစ်ဖြစ် အကုန်အဆင်ပြေပါတယ်။ ကျွန်တော်က ကားတွေနဲ့ပတ်သက်လာရင် အချိတ်အဆက်သိပ်မရှိလို့။ ကျွန်တော်ကြိုက်တယ်ဆိုရင် ဝယ်လိုက်မှာပဲ"
```
စွန်းယွီမုန့်၏မျက်ဝန်းများဟာ အံ့ဩမှုအရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ ကားတစ်စီးဝယ်ဖို့အတွက် ကြားခံဆက်သွယ်မှုတစ်ခုရှာဖို့လိုကြောင်း သူ(မ) ယခင်က တစ်ခါမှမကြားခဲ့ဖူးပေ။ ဤသည်မှာ ကားတစ်စီးဝယ်နေခြင်းပင်။ ချိန်းတွေ့တာလည်းမဟုတ်သလို ဖူးစာဖက်ရှာနေတာလည်းမဟုတ်။
"ဟုတ်သားပဲ။ ခင်ဗျားတို့ဆီမှာ အကန့်အသတ်နဲ့ထုတ်လုပ်ထားတဲ့ ကားတွေအများကြီးရှိတယ်လို့ ကြားထားတယ်"
ကျန်းမုန့်လောင်က မေးလိုက်သည်။ ယခု သူ့မှာ ပိုက်ဆံရှိနေပြီဖြစ်သည့်အတွက် ထူးခြားတာတစ်ခုခုကို လိုချင်လာသည်မှာ သဘာဝကျပေသည်။ အကန့်အသတ်နှင့်ထုတ်လုပ်ထားသည့် ကားများကလည်း အတော်အတန်စျေးကြီးလှသည်မဟုတ်လား။ သူ့ဘီလီယံတစ်ရာဘတ်ဂျက်ထဲမှ တစ်စိတ်တစ်ပိုင်းကိုတော့ သုံးနိုင်လောက်ပါရဲ့။
"အကန့်အသတ်နဲ့ ထုတ်လုပ်ထားတဲ့ကားကို စိတ်ဝင်စားတာလား။ ဒါပေမဲ့ ကျွန်မတို့ဆီမှာ အကန့်အသတ်နဲ့ထုတ်ထားတဲ့ကားတွေက အနည်းဆုံးတစ်သန်းက စတာနော်။ ရှင်သေချာရဲ့လား"
"သေချာတာပေါ့။ မင်း ငါ့ကို Paganiကို အရင်လိုက်ပြပါ့လား"
ကျန်းမုန့်လောင်က Paganisအကြောင်း နားလည်သောကြောင့် ပြောလိုက်ခြင်းမျိုးမဟုတ်ဘဲ ထိုနာမည်ကို အသံထွက်သည့်အခါ နာမည်က မိမိုက်သည်ဟုထင်မိသောကြောင့်ပင်။
"ဆရာ ကျွန်မတို့မှာ အကန့်အသတ်နဲ့ထုတ်လုပ်ထားတဲ့ Pagani Wind Spiritတော့ရှိပေမဲ့ ဈေးနှုန်းက.."
စွန်းယွီမုန့်က ဤအကြောင်းကို ဘယ်လိုပြောရမှန်းမသိသဖြင့် ခဏမျှအကျပ်ရိုက်သွားခဲ့ရသည်။ ဤကားက ဟွာရှားစက်ရုံနှင့်ပူးပေါင်းမှုကို အမှတ်ရနေစေဖို့ရည်ရွယ်၍ လွန်ခဲ့သည့်နှစ်အနည်းငယ်က ထုတ်လုပ်ခဲ့သော Limited Editionမော်ဒယ်လ်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ သုံးစင်းသာရှိသည်။
ဆိုင်ပိုင်ရှင်များက ဤကားကိုဝယ်နိုင်ဖို့အတွက် အတော်ကြိုးစားခဲ့ရပြီး ဤကားကို သူတို့ကိုယ်တိုင်တောင် ကိုယ်ပိုင်ငွေနှင့်ဝယ်ယူရန် ဝန်လေးကြသည်။ အကြောင်းမှာ ထိုအချိန်တုန်းက အခြေခံရောင်းဈေးက ယူရို၅သန်းဖြစ်ပြီး လက်ရှိစျေးနှုန်းကတော့ အလွန့်အလွန်များပြားသောပမာဏတစ်ခုဖြစ်သည်။
ဤကားကို ဤနေရာတွင် ပြသထားသည်မှာ အတော်ကြာခဲ့ပြီဖြစ်ပြီး လူပေါင်းထောင်ချီက ကြည့်ခဲ့ပြီးကြပြီဆိုသော်ငြား ပြခန်းထဲမှာ ဆက်ရှိနေခြင်းဟာ ဤကား မည်မျှဈေးကြီးသလဲဆိုသည်ကို သက်သေပြနေလေသည်။
"စိတ်မပူပါနဲ့။ ကျွန်တော် တစ်ချက်ကြည့်ကြည့်လိုက်မယ်။ ကျွန်တော်က ကားတစ်စီးဝယ်တဲ့အခါ ဘယ်လောက်စျေးကြီးလဲဆိုတာကို ဂရုမစိုက်ဘူး။ ကြည့်ကောင်းနေသရွေ့ရပြီ"
ကျန်းမုန့်လောင်က ဆက်မေးလိုက်သည်။
"စကားမစပ် ကျွန်တော်ကြိုက်ရင် ဝယ်လို့တော့ရတယ်မလား။ နောက်မှ"ရောင်းဖို့မဟုတ်ပါဘူး"ဆိုပြီး ပေါက်ကရတွေ လာမပြောနဲ့နော်"
စွန်းယွီမုန့်က ကျန်းမုန့်လောင်၏ သဘာဝကျပြီးအေးဆေးသည့်လေသံကို အကဲခတ်နေရင်း ဤလူငယ်လေးက သက်သက်ဟန်ဆောင်နေသလား သို့မဟုတ် ငွေရေးကြေးရေးအရ တကယ်ပဲတတ်နိုင်သလားဆိုသည်ကို သူ(မ) တိတိကျကျမဆုံးဖြတ်နိုင်ပေ။
ဤကားက သန်းပေါင်းဆယ်ချီသောကားပင်။ သဘောကျတာနဲ့ပဲ ဈေးတောင်မမေးဘဲ ဝယ်နိုင်တဲ့လူရယ်လို့ ရှိနိုင်လို့လား။ အဲဒါက ဘာလဲ။ ဘဏ္ဍာရေးလွတ်လပ်မှုလား။ မဟုတ်ဘူး။ ဒါက ဘဏ္ဍာရေးလွတ်လပ်မှုထက် ပိုတယ်။ ဒါက စူပါကားလွတ်လပ်မှုပဲ။
"စိတ်ချပါ ဆရာ။ ဒီကားက ရောင်းဖို့ပါ။ တကယ်လို့များ ရှင့်ဘက်က အဲဒီအချက်ကို အလေးထားတယ်ဆိုရင် ကျွန်မတို့ ဒီနေ့ပဲ စာချုပ်မှာလက်မှတ်ထိုးလို့ရပါတယ်"
"ကောင်းတာပေါ့။ သွားကြစို့"
ကျန်းမုန့်လောင်က Pagani Wind Spiritဟူသော နာမည်ကို ယခင်ကတည်းက ကြားခဲ့ဖူးသော်လည်း ဓာတ်ပုံထဲမှာသာ မြင်ဖူးခဲ့သည့်အတွက် ဤတစ်ခေါက်မှာတော့ တကယ့်ကားအစစ်ကိုမြင်ရဖို့အတွက် စိတ်လှုပ်ရှားနေမိသည်။
"ဆရာ..ဒီကားက တန်ဖိုးကြီးလွန်းလို့ မြေအောက်ကားဂိုဒေါင်မှာ ရပ်ထားရပါတယ်။ ကျေးဇူးပြုပြီး ကျွန်မနောက်ကလိုက်ခဲ့ပါ"
"အင်း"
ကျန်းမုန့်လောင်က စွန်းယွီမုန့်အနောက်ကနေ ဧည့်ကြိုစားပွဲဆီအထိ လိုက်လာခဲ့သည်။
"မစ္စစု..ကျွန်မ မြေအောက်ကားဂိုဒေါင်ရဲ့သော့တွေ လိုချင်လို့"
စွန်းယွီမုန့်က ပြောလိုက်သည်။
"မြေအောက်ကားဂိုဒေါင်လား။ သူကလေ"
စုဟယ်က မြေအောက်ကားဂိုဒေါင်မှာ ရပ်ထားသည့်ကားများက Limited Editionမော်ဒယ်လ်များအပါအဝင် သန်းဆယ်ချီတန်သောပြိုင်ကားများဖြစ်ကြောင်း သိနေသည့်အတွက် ကျန်းမုန့်လောင်ကို တအံ့တသြစိုက်ကြည့်ပြီး ဤလူငယ်လေးက ဒီကားကိုတတ်နိုင်ပါ့မလားဟု တွေးနေမိသည်။
သို့သော် သူတို့ဆီမှာ ကားကြည့်ချင်သည်ဟူသော ဝယ်သူ၏တောင်းဆိုချက်ကို ငြင်းဆန်ခွင့်မရှိပေ။ ကျန်းမုန့်လောင်က တကယ်ပင် ဝယ်ဖို့မတတ်နိုင်ဘူးဆိုလျှင်တောင် သူ့ဘက်က ကားတစ်စီးကိုကြည့်ချင်ပါက သူတို့ကလည်း လိုက်လံပြသပေးရမည်သာ။
"သူ ကားတွေကို ပရမ်းပတာလိုက်မထိစေနဲ့"
စုဟယ်က တီးတိုးပြောလိုက်လေသည်။
"မင်းတို့နှစ်ယောက်က သူတို့နောက်ကလိုက်ကြည့်ကြ"
စုဟယ်က အခြားအရောင်းဝန်ထမ်းနှစ်ဦးကို ညွှန်ကြားလိုက်သည်။ ကားသာ တစ်ခုခုဖြစ်သွားခဲ့လျှင် လူတိုင်းမှာ တာဝန်ရှိပေသည်။
သူတို့အုပ်စုဟာ ဓာတ်လှေကားစီး၍ မြေအောက်ကားပြခန်းကို ရောက်လာကြသည်။ မီးတွေလင်းလာချိန်မှာတော့ ကျန်းမုန့်လောင်ရှေ့တွင် မိမိုက်လှသည့် ကားအတန်းလိုက်ကြီးတစ်ခုက ရုတ်တရက်ပေါ်ပေါက်လာသည်။
ရုတ်ခြည်းဆိုသလို ကျန်းမုန့်လောင်၏အကြည့်က သူ့ရှေ့တည့်တည့်ရှိ ခရမ်းရောင်ပြိုင်ကားပေါ်သို့ ကျရောက်သွားသည်။ တရုတ်ရိုးရာဒြပ်စင်များနှင့် အလှဆင်ထားသော ထိုကား၏ ပြီးပြည့်စုံလှသည့် လေခွင်းအားက သူ့အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်လိုက်နိုင်သည်။
"ဆရာ ဒါကPaganiလေဝိညာဉ်ပါ။ "ယာဇီ"လို့လည်း ခေါ်ပါတယ်။ "Dragon's Nine Offspring"ရဲ့ဒဏ္ဍာရီကို မှည့်ခေါ်ထားတာပါ။ ဘာလို့လဲဆိုတော့ ဒါကို ပထမဆုံးကြိုတင်မှာယူသူက ဟွာရှားဖောက်သည်တစ်ယောက်ဖြစ်နေခဲ့လို့ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကားက ကျွန်မတို့သူဌေးလက်ထဲကို ရောက်လာခဲ့တယ်လေ"
"ကျွန်တော် ဒီကားကိုယူမယ်"
ကျန်းမုန့်လောင်က တစ်ချက်မျှတွေဝေတုံ့ဆိုင်းမနေပေ။ သူ့မျက်ဝန်းများက ဤကားကိုမြင်လိုက်ချိန်ကတည်းက အကြည့်လွှဲမရတော့ပေ။
"ဆရာ.. ကျွန်မ အခုထိ ဈေးနှုန်းမပြောရသေးဘူး"
"ကျွန်တော် ခုနကပြောခဲ့တဲ့အတိုင်း ကျွန်တော်မဝယ်နိုင်တဲ့ကားဆိုတာမျိုး မရှိတဲ့အတွက် ကားဝယ်တဲ့အခါ ဈေးနှုန်းကို ဘယ်တော့မှမကြည့်ဘူး"
……..