← Chapters

ဒါက စားသောက်ကုန်ဝယ်နေတာလို့ သူ ထင်နေတာလား

Vol. 1 Ch. 13

ဒါက စားသောက်ကုန်ဝယ်နေတာလို့ သူ ထင်နေတာလား

Vol. 1 Ch. 13

ဤနေရာတွင် အကြာကြီးအလုပ်လုပ်လာသည့်တစ်လျှောက် အရောင်းဝန်ထမ်းလေးခမျာ ယခုလိုကြီးကျယ်လှသည့်အပြောမျိုးပြောတတ်သူကို တစ်ခါမှမမြင်ဖူးခဲ့ချေ။ ဤကား၏ဈေးနှုန်းကတင် သူတို့သူဋ္ဌေးများကို အချိန်အတော်ကြာမျက်စိပျက်မျက်နှာပျက်ဖြစ်အောင် လုပ်နိုင်လေသည်။ ယခုလိုသာမန်အဝတ်အစားဝတ်ဆင်ထားသော လူငယ်လေးက ဤမျှပိုက်ဆံအများကြီးကို တကယ်ပဲ ထုတ်သုံးနိုင်ပါ့မလား။

"ဆရာ… ရှင့်ဘက်က ရှင့်ရဲ့ကြွယ်ဝချမ်းသာမှုနဲ့ပတ်သက်ပြီး အရမ်းယုံကြည်မှုရှိတယ်ဆိုရင်တောင်မှ ကွန်မတို့ကတော့ ရှင့်ကို ဈေးနှုန်းပြောပြပေးဖို့ တာဝန်ရှိပါတယ်"

စွန်းယွီမုန့်က လေးလေးနက်နက်ပြောလိုက်လေသည်။

"ဒီကားရဲ့တန်ဖိုးက လက်ရှိမှာ ၄၅သန်းရှိပါတယ်။ ဒီကားကို ရှင်ဝယ်ချင်တယ်ဆိုရင် ရှင့်ရဲ့ဝယ်နိုင်စွမ်းကို ချပြဖို့အတွက် စရန်ငွေ၅သန်းအရင်ချေရမှာပါ"

"စရန်ငွေချေဖို့ လိုသေးတာလား"

ကျန်းမုန့်လောင်က မေးလိုက်လေသည်။

"ကျွန်မတောင်းပန်ပါတယ် ဆရာ.. ဒါက ကျွန်မတို့ဆိုင်ရဲ့စည်းမျဉ်းမို့လို့ပါ။ ပြောရမယ်ဆိုရင် ကျွန်မတို့ရဲ့စရန်က ဒီကားလောကထဲမှာ တော်တော်နိမ့်တဲ့ပမာဏပါ"

စွန်းယွီမုန့်က ရှင်းပြလိုက်သည်။

"မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ ငါဆိုလိုချင်တာက တစ်ခါတည်းငွေအကုန်ချေလို့မရဘူးလား"

"ရှင်.. ရှင်က တစ်ခါတည်းငွေအကုန်ချေချင်တာလား"

"ဟုတ်တယ်လေ။ ပြဿနာရှိလို့လား"

ကျန်းမုန့်လောင်က သူ့အိတ်ကပ်ထဲရှိ ဟွာရှားဘဏ်၏ ဂုဏ်ထူးဆောင်ဘဏ်ကတ်ကို ထုတ်လိုက်လေသည်။

"ပြဿနာမရှိဘူးဆိုရင်လည်း အခုပဲငွေချေလိုက်ရအောင်"

"ဒါက…."

စွန်းယွီမုန့်က ဘဏ်ကတ်ကို ဂရုတစိုက်ယူလိုက်သည်။ သူ(မ)နှင့် ကျန်အရောင်းဝန်ထမ်းနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဤဘဏ်ကတ်တွင် သူ(မ)တို့ ဘာမှထူးခြားနေသည့်အရာမျိုး မမြင်မိပေ။

"ဆရာ.. ရှင့်ရဲ့ကားမောင်းလိုင်စင်နဲ့မှတ်ပုံတင်ကတ်လေး အရင်ပြပေးပါ့လား"

"အိုး ရတာပေါ့"

ကျန်းမုန့်လောင်က ကောင်းစွာပြင်ဆင်ထားပြီးဖြစ်ရာ သူ့စာရွက်စာတမ်းများကို ချက်ချင်းထုတ်လိုက်လေသည်။

မကြာမီတွင် စွန်းယွီမုန့်က စနစ်ထဲရှိ အချက်အလက်များကို စစ်ဆေးအတည်ပြုပြီးနောက် စာရွက်စာတမ်းများကို ကျန်းမုန့်လောင်ကို ပြန်ပေးလိုက်သည်။

"ဆရာ.. ရှင့်ရဲ့စာရွက်စာတမ်းတွေက အဆင်ပြေပါတယ်။ ကျွန်မတို့ အခုစာချုပ်ချုပ်ပြီး ငွေပေးချေရေးကိစ္စကို ဆက်လုပ်ကြတော့မလား"

"ဟုတ်ကဲ့။ မြန်မြန်လေးလုပ်ပေးပါ။ ကျွန်တော် တခြားကားတွေကိုလည်း ကြည့်ချင်သေးတယ်"

"ရှင်က တခြားကားတွေကိုလည်း ကြည့်ချင်သေးတာလား"

ထိုစကားကိုကြားသော် စွန်းယွီမုန့်က ပို၍ပင်အံ့ဩသွားလေသည်။ သူ့မှာ Pagani Fengshenကားကို ဝယ်နိုင်လောက်သည့် ငွေကြေးအင်အားမျိုးရှိသည်ဆိုလျှင်ပင် ပိုက်ဆံအများကြီးတော့ ကျန်တော့မည်မဟုတ်။ သို့တိုင် သူက တခြားကားများကို ကြည့်ချင်နေသေးသည်တဲ့လား။

"ကျွန်တော် ဒီတစ်စီးပဲဝယ်ချင်တယ်လို့ ပြောခဲ့မိလို့လား"

"ဒီလိုပုံစံနဲ့ပြိုင်ကားဝယ်တာက သာမန်ပဲလား"

ကျန်အရောင်းဝန်ထမ်းနှစ်ယောက်မှာ ထိုသို့တွေးလိုက်မိလေသည်။ အစတုန်းကတော့ သူတို့က သူ့ကို သာမန်ကျောင်းသားလေးတစ်ယောက်ဟု ထင်ခဲ့ခြင်းဖြစ်သော်လည်း ထင်မထားပါဘဲ သူက ငွေကိုရေလိုသုံးနိုင်သော ဒုတိယမျိုးဆက်လူချမ်းသာသားသမီးတစ်ယောက်ဖြစ်နေခဲ့သည်။ အကယ်၍ သူသာ တကယ်ငွေချေခဲ့ပါက ကော်မရှင်ခအားလုံးက စွန်းယွီမုန့်ဆီသို့ ရောက်သွားတော့မည်သာ။

"ဆရာ..စာချုပ်က ဒီမှာပါ။ ဘာပြဿနာမှမရှိဘူးဆိုရင် ရှင်လက်မှတ်ထိုးငွေချေပြီးတာနဲ့ ကားက ရှင့်အပိုင်ဖြစ်သွားပါပြီ"

စွန်းယွီမုန့်က ကျန်းမုန့်လောင်ကို စာချုပ်ကမ်းပေးလိုက်သည်။

ကျန်းမုန့်လောင်က စာချုပ်ကိုပင် တစ်ချက်မျှမကြည့်ပေ။ အကယ်၍ ပြဿနာတစ်ခုခုတက်ခဲ့လျှင်လည်း ကမ္ဘာတစ်ဝှမ်းရှိသူ့ရှေ့နေများက သူ့အစား ကျန်းနန်မြို့ကိုလာပြီး တရားစွဲပေးကြလိမ့်မည်သာ။

သူက ရောင်းဝယ်ရေးစက်ထဲကို သူ့လျှို့ဝှက်နံပါတ်ရိုက်ထည့်လိုက်ပြီး သူနာမည်ကိုလက်မှတ်ထိုးပြီးနောက် ပြေစာထွက်လာသည့်အချိန်မှာပင် ငွေပေးချေမှုအောင်မြင်ကြောင်း ကြေညာစာထွက်လာလေသည်။

"သူ့မှာ တကယ်ပဲ၄၅သန်းရှိတယ်ဟ"

ထိုအချိန်မှာ အရောင်းဝန်ထမ်းနှစ်ယောက်က သူတို့အသည်းများကွဲသွားသည့်အသံကို ကြားလိုက်ရသည်။ သူတို့သာ အစောပိုင်းတုန်းက နည်းနည်းလောက်ပိုပြီးတက်ကြွခဲ့ပါက ဤအရောင်းအဝယ်ကို သူတို့လုပ်နိုင်ခဲ့မည်ဖြစ်၏။

အအံ့ဩဆုံးသူကတော့ စွန်းယွီမုန့်ပင်။ ကျန်းမုန့်လောင်ဘက်က ငွေမချေသေးသရွေ သူ(မ)မှာ မျှော်လင့်ချက်အများကြီးမထားခဲ့ပေ။ ဤအရောင်းအဝယ်မှရသည့် ကော်မရှင်ခက သူ(မ)ကို တစ်သောင်းနီးပါး အမြတ်ထွက်သွားစေမည်ဖြစ်၏။

"ကျွန်တော့်ကို တခြားကားတွေပြပေးပါဦး"

ကျန်းမုန့်လောင်က သူ့ကတ်ကိုဖယ်ထားလိုက်ရင်း..

"ကျွန်တော်က ကားတစ်စီးကိုလက်ညှိုးထိုးပြရင် ခင်ဗျားကလည်း တစ်ခုလိုက်မှတ်ထားလိုက်။ စုစုပေါင်းကုန်ကျငွေကို ကျွန်တော်တို့ နောက်မှတွက်ကြတာပေါ့"

"ရ…ရပါတယ် မစ္စတာကျန်း"

ဤစကားတစ်ခွန်း၏ သက်ရောက်မှုမှာ သံသယကင်းလောက်အောင်‌ ကြောက်မက်ဖွယ်ကောင်းသည်။

သူတို့အနေနှင့် စားသောက်ဆိုင်မှာ ဟင်းပွဲများကို တစ်ခုပြီးတစ်ခုမှာကြတာမျိုးသာ ကြားဖူးခဲ့သော်လည်း ဇိမ်ခံကားများကို အသီးအရွက်ဝယ်သလို တစ်စီးပြီးတစ်စီးရွေးထုတ်နေသူမျိုးကို သူတို့ တစ်ခါမှမကြားဖူးပေ။

"ဒီလမ်ဘော်ဂီနီကားကလည်း Limited Editionပဲလား"

ကျန်းမုန့်လောင်က မြေအောက်ကားဂိုဒေါင်ထဲတွင် စိမ်ပြေနပြေလှည့်ပတ်ကြည့်နေချေသည်။

"ဟုတ်ပါတယ် ဆရာ.. ဒီတစ်စင်းက Lamborghini Venomပါ။ ရှင် ဒီနာမည်ကိုတော့ ကြားဖူးမှာပေါ့။ ဒီကားက ကျွန်မတို့အရောင်းပိုင်းက ပိုင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့သူဋ္ဌေးရဲ့ Audiကုမ္ပဏီကအဆက်အသွယ်တွေကတစ်ဆင့် ဒီကိုယူလာတာပါ။ ဒါပေမဲ့ ဒီကားက ရောင်းချဖို့အတွက် ပြသထားတာပါ။ ဈေးနှုန်းကတော့ ဟွာရှားဒေါ်လာ၇၂သန်းရှိပါတယ်"

"ဒီတော့ ဒါက ဒဏ္ဌာရီလာ Lamborghini Venomပေါ့။ ဒါကိုမြင်ရတာလည်း အတွေ့အကြုံတစ်ခုပဲနော်"

ကျန်းမုန့်လောင်က ဤကား၏ဒဏ္ဌာရီလာသတင်းကို ကြားသိထားတာ ကြာလှပြီဖြစ်သော်လည်း ဤနေရာတွင် မြင်ရလိမ့်မည်ဟုတော့ ထင်မထားပေ။ ကြည့်ရသည်မှာ ဤဆိုင်ပိုင်ရှင်က အလွန်ဩဇာညောင်းသူတစ်ယောက် ဖြစ်ရပေမည်။

"လမ်ဘော်ဂီနီက နောက်တွဲယာဉ်တွေစလုပ်ခဲ့တာလို့ ကြားဖူးတယ်။ တကယ်လို့ ကျွန်တော် ဒါကိုဝယ်မယ်ဆိုရင် ခင်ဗျား ဒီကားကို နောက်တွဲယာဉ်ပါထည့်ပေးလိုက်လို့ရမလား"

ကျန်းမုန့်လောင်က စနောက်လိုက်လေသည်။

"ဆရာ.. အဲ့ဒါကိုတော့ ကျွန်မတို့မန်နေဂျာကို မေးမှဖြစ်မှာပါ။ ဒါပေမဲ့ ရှင် ဒါကိုဝယ်မယ်ဆိုရင် ဟိုနားမှာရှိတဲ့မော်တော်ဆိုင်ကယ်ကိုပါ လက်ဆောင်အနေနဲ့ပေးမှာပါ"

"အိုး"

ကျန်းမုန့်လောင်၏အကြည့်က သူတို့ဘေးရှိ လမ်ဘော်ဂီနီလိုဂိုတပ်ထားသော ငွေရောင်မော်တော်ဆိုင်ကယ်ဆီသို့ ကျရောက်သွားသည်။

"လမ်ဘော်ဂီနီက မော်တော်ဆိုင်ကယ်တွေပါလုပ်မှန်း ငါမသိခဲ့ဘူး"

"မှတ်ထားလိုက်တော့။ ငါ ဒီတစ်စီးလည်းယူလိုက်မယ်"

ကျန်းမုန့်လောင်က တစ်ချက်လှမ်းကြည့်ကာ လမ်းဆက်လျှောက်နေလေသည်။

"ချမ်းသာခြင်းနတ်ဘုရားပဲ။ ချမ်းသာခြင်းနတ်ဘုရားပဲ အား.."

အရောင်းဝန်ထမ်းနှစ်ယောက်က ကျန်းမုန့်လောင်ကိုစောင့်ကြည့်ပြီး သူ ဘယ်ကားကိုမှ မတော်တဆမဖျက်ဆီးမိလေအောင် ကာကွယ်ပေးရန်အတွက် ရောက်နေကြခြင်းဖြစ်၏။ သို့သော် ယခုကြည့်ရသလောက်တော့ သူဟာ ခပ်လျှိုလျှိုနေနေသည့် ထိပ်သီးလူချမ်းသာတစ်ယောက်ဖြစ်နေဟန်တူပြီး ပိုက်ဆံဆယ်သန်းဝန်းကျင်ကိုလည်း မျက်တောင်တစ်ချက်မခတ်ဘဲ ငွေချေနေလေသည်။

ဒီလိုလူမျိုးက စောင့်ကြည့်ဖို့လိုလို့လား။

ဤကားအရောင်းဆိုင်၏ အဓိကရည်ရွယ်ချက်မှာ ပိုင်ရှင်ဖြစ်သူကို ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များနှင့် အဆက်အသွယ်ကောင်းတစ်ခုတည်ဆောက်နိုင်ရန် ကူညီပေးဖို့ဖြစ်သည်။ သူတို့မန်နေဂျာကလည်း မြေအောက်ကားဂိုဒေါင်ရှိကားများထဲမှ တစ်စီးစီးရောင်းထွက်သွားခဲ့လျှင် သူ့အား အသိပေးဖို့မှာထားသည်။ ထို့နောက်မှတစ်ဆင့် သူက သူဋ္ဌေးကို ပြန်အကြောင်းကြားမည်ပင်။ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးက ယခုလေးတင် ကားနှစ်စီးကို တစ်ချီတည်းဝယ်သွားသည်မှာ ကိစ္စသေးသေးလေးမဟုတ်ပေ။

"ယွီမုန့်.. ဧည့်သည်တွေကိုကြည့်ထားလိုက်။ ငါ မန်နေဂျာကိုသွားသတင်းပို့လိုက်ဦးမယ်"

"အိုကေ"

စွန်းယွီမုန့်က ဤကဲ့သို့သောလူမျိုးကို တစ်ခါမှမကြုံဖူးခဲ့သော တက္ကသိုလ်စီနီယာကျောင်းသူတစ်ယောက်ပင်။ ဝယ်သူက အစကတည်းက ဘာပြဿနာမှမရှာခဲ့သော်လည်း သူ(မ)ကတော့ သူသုံးလိုက်သောပမာဏကြောင့် အံ့ဩမှင်တက်သွားရပြီး သေချာရေရာစွာစဉ်းစားနိုင်စွမ်းပင်မရှိတော့ချေ။

"ဒီကားကဘာလဲ။ ဒီကားဘရန်းကို အရင်ကတစ်ခါမှမမြင်ဖူးပါဘူး"

ကျန်းမုန့်လောင်က သူ မရင်းနှီးသောကားတစ်စီးကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။

"ဆရာ.. ဒါက Koenigsegg One:1ပါ။ ဒီကားက ဒီနေရာမှာ ဈေးအကြီးဆုံးကားတစ်စီးဖြစ်ပြီး ဟွာရှားဒေါ်လာသန်း၁၂၀ရှိပါတယ်"

"သောက်ကျိုးနည်း.. ဈေးအကြီးဆုံးကားကတောင် သန်း၁၂၀ပဲရှိတာလား"

ကျန်းမုန့်လောင်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်လေသည်။ ဤနှုန်းအတိုင်းဆိုပါက ၁၀၀ဘီလီယံသုံးရမည့်ကိစ္စမှာ တစ်သက်လောက်ကြာသွားနိုင်သည်။

"ဒီထက်ပိုပြီးဈေးကြီးတာမရှိဘူးလား"

စွန်းယွီမုန့်က အစတုန်းကတော့ ဤလူကြီးမင်းက ကားကို အလွန်ဈေးကြီးပါလားဟု ထင်သွားလိမ့်မည်ဟုတွေးထားသော်လည်း ထင်မထားပါဘဲ သူက ဤကားကို အလွန်ဈေးပေါသည်ဟု ထင်နေချေသည်။ ဤသည်မှာ တစ်ဘီလီယံကျော်တန်သော ကားတစ်စီးဖြစ်သည်။ တစ်ဘီလီယံကို နည်းတယ်လို့ထင်ရလောက်အောင် သူ့မှာ ပိုက်ဆံတွေဘယ်လောက်များရှိတာပါလိမ့်။

"ကဲပါလေ။ မရှိတာထက်စာရင်တော့ ကောင်းတာပေါ့။ ကျွန်တော် ဒီတစ်စီးလည်းယူမယ်"

ကျန်းမုန့်လောင်က အရာအားလုံးဟာ ပျင်းစရာကောင်းလာသည့်အလား သက်ပြင်းချလိုက်သည်။ သူက ယနေ့တော့ ဘီလီယံအနည်းငယ်လောက် ကုန်အောင်သုံးပစ်နိုင်ဖို့ မျှော်လင့်ထားခဲ့တာဖြစ်သည်။

...

"ဘာ။ လူတစ်ယောက်က Pagani လေနတ်ဘုရားနဲ့ Lamborghini Venomကို တစ်ချီတည်းဝယ်သွားခဲ့တာလား။ ပြီးတော့ ငွေအပြည့်ချေခဲ့တယ်ပေါ့လေ"

မန်နေဂျာရုံးခန်းထဲတွင် ကလပ်မန်နေဂျာမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည်။

"အဲ့ဒါ ဘယ်သူလဲ။ ယန်ကျင်းရဲ့သခင်လေးချင်းလား။ ဒါမှမဟုတ် မင်ကျူးမြို့တော်က သခင်လေးဝမ်လား"

သခင်လေးချင်းနှင့် သခင်လေးဝမ်တို့မှာ ဟွာရှားတွင် နာမည်အကြီးဆုံးဒုတိယမျိုးဆက်လူချမ်းသာများထဲမှ နှစ်ယောက်ဖြစ်၏။ သူတို့က အရေးပါထင်ရှားသောမိသားစုများမှ ဆင်းသက်လာရုံမျှမကဘဲ သူတို့ကိုယ်တိုင်ကလည်း အလွန်ဩဇာညောင်းသည်။ မန်နေဂျာ၏စိတ်ထဲတွင် ဟွာရှား၌ ကားနှစ်စီးကို တစ်ပြိုင်တည်းဝယ်နိုင်လောက်သူမှ ထိုလူငယ်လေးနှစ်ယောက်သာရှိသည်ဟု တွေးထားခြင်းပင်။

ထို့ပြင် ထိုသခင်လေးများနှင့် သူတို့၏သူဋ္ဌေးများက တစ်နည်းနည်းဖြင့် ရင်းနှီးကျွမ်းဝင်ကြကြောင်း သူ အမှတ်ရလိုက်သည်။

"မဟုတ်ပါဘူး မန်နေဂျာ။ အဲ့ဒီလူက တော်တော်ငယ်တဲ့လူငယ်လေးတစ်ယောက်ပါ"

"သူတို့ကိုကြည့်ဖို့ ငါ့ကိုခေါ်သွားစမ်းပါ"

မန်နေဂျာကလည်း အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ယောက် ယနေ့ရောက်လာလေကြောင်း သိလိုက်လေပြီ။ သူက လမ်းလျှောက်နေရင်း ဖုန်းကိုဆွဲထုတ်ကာ…

"သူဋ္ဌေး.. ကျွန်တော်တို့မြေအောက်ကားပြခန်းထဲကကားတွေ ရောင်းထွက်သွားပါပြီ။ တစ်စီးတည်းတင်မဟုတ်ပါဘူး"

...

All Chapters