အဲ့ဒီကိုခေါ်သွားပေးပါ့မယ်
Vol. 1 Ch. 15
"အစ်ကိုကျန်း.. ဒါကတော့ ကျွန်တော့်အတွက် ခက်ခဲတယ်ဗျ"
စုယွီက ချက်ချင်းပင် ခါးသက်သက်ပြုံးလိုက်ချေသည်။ သူ့ဆိုင်တွင် Koenigseggကားနှစ်စီးသာရှိပြီး ထိုနှစ်စီးမှာ လူအင်အားနှင့် ကုန်ကြမ်းအရင်းအမြစ်များစွာရင်းပြီးမှ ရထားသောရတနာလေးများပင်။
တစ်နှစ်ချင်းစီတိုင်းမှာထုတ်လုပ်သည့် Koenigseggကားအရေအတွက်မှာ အကန့်အသတ်ရှိသည်။ ထိုကားများမှာလည်း ဒီဇိုင်းကိုချပြလိုက်ချိန်မှာပင် အကုန်ရောင်းထွက်သွားကြပြီဖြစ်၏။ ဟွာရှားတွင် သူတို့၏အဆက်အသွယ်များက သြဇာညောင်းလှသော်လည်း နိုင်ငံရပ်ခြားရှိဒေသခံများကတော့ သူတို့၏အဆင့်အတန်းကို အရေးတယူမရှိလှပေ။
Koenigseggကားမော်ဒယ်အားလုံးကို အရယူနိုင်ဖို့ပင် မဆိုထားနှင့်။ ကားငါးစင်းမျှရယူနိုင်လျှင်ပင် အလွန်ကြီးမားလှသော အားစိုက်ထုတ်မှုဖြစ်နေလေပြီဖြစ်ရာ အောင်မြင်ဖို့ အာမမခံနိုင်ချေ။
"ဒီကားတွေကိုရဖို့ အဲ့လောက်ခက်တာလား"
ကျန်းမုန့်လောင်က ဤကဏ္ဍနှင့်ပတ်သက်လျှင် ဗဟုသုတမရှိပေ။ အကြောင်းမှာ သူ့အဖေက ထွက်မသွားခင်မှာ ကမ္ဘာပေါ်၌ ပိုက်ဆံနှင့် ဖြေရှင်း၍မရနိုင်သည့် ကိစ္စဟူ၍ မရှိကြောင်း ပြောသွားခဲ့သည်။ အကယ်၍ ရှိခဲ့လျှင်လည်း ထိုပိုက်ဆံက မလုံလောက်သေးရုံသက်သက်သာ။
"ကျွန်တော့်ကို တစ်လလောက်ပဲအချိန်ပေးပါ။ နောက်ထပ်နှစ်စင်းလောက်တော့ ရအောင်လုပ်ပေးနိုင်မှာပါ။ ဒါပေမဲ့ စီးရီးတစ်ခုလုံးကို အရယူဖို့ဆိုတာကတော့ ကမ္ဘာ့အချမ်းသာဆုံးလူတောင် လုပ်နိုင်မှာမဟုတ်ပါဘူး"
"အဲ့လိုလား။ ဒါဆို ငါ ဖုန်းတစ်ချက်ဆက်ပြီး မေးကြည့်လိုက်ဦးမယ်"
ဟုန်းရီက ကျန်းမုန့်လောင်မှာ ကိစ္စတစ်ခုခုရှိလာလျှင် သူ(မ)ကူညီပေးနိုင်သည်ဟု ပြောထားသည်။ သို့သော် ဤကားကို သူ့အတွက် သူ(မ)အရယူပေးနိုင်ပါ့မလားဆိုသည်ကိုတော့ သူမသိချေ။
"အစ်ကိုကျန်း.. စီးရီးတစ်ခုလုံးကိုရချင်တယ်ဆိုရင်တော့ တစ်ခုတည်းသောနည်းလမ်းက Koenigseggရဲ့သူဌေးကို ရှာရမယ်။ ပြီးရင် သူအဆက်အသွယ်တွေကတစ်ဆင့် အဲ့ဒီကားတွေကို ပိုင်ရှင်တွေဆီကပြန်ဝယ်မှရမယ်။ အဲ့လိုမှမဟုတ်ရင်တော့ အဲ့ဒါတွေအကုန်လုံးကို လိုက်စုမယ်ဆိုတာက လုံးဝမဖြစ်နိုင်ပါဘူး"
စုယွီ၏အမြင်မှာမူ ဤကိစ္စက လုံးဝဥဿုံမဖြစ်နိုင်ပေ။ ဝယ်သူဆီက ကားပြန်ဝယ်ခြင်းမှာ မျက်နှာပျက်စရာကောင်းသည့်ကိစ္စပင်။ ကျန်းမုန့်လောင်က Koenigseggပိုင်ရှင်၏အဖေ မဟုတ်သရွေ့တော့ မည်သူကမှ သူ့အား မျက်နှာသာပေးလိမ့်မည်မဟုတ်။
"မစ္စတာကျန်း.. ရှင် ကျွန်မဆီက တစ်ခုခုများအကူအညီလိုလို့လား"
ဟုန်းရီက လေးနက်လှသောအမူအရာကို ဆင်မြန်းထားဆဲပင်။
"ငါ Koenigsegg Limited Editionကားတစ်စီးကို မျက်စိကျနေလို့။ ဒါပေမဲ့ သူတို့ဆီမှာ အဲ့ဒီကားကိုဝယ်ဖို့အတွက်ဆိုရင် အရင်ကထုတ်ထားတဲ့ကားမော်ဒယ်အဟောင်းတွေကို အနည်းဆုံးခုနစ်စင်းပိုင်မှရမယ်ဆိုတဲ့ စည်းကမ်းတစ်ခုရှိတယ်တဲ့။ မင်းများ အဲ့ဒီကားတွေကို ရအောင်ရှာပေးနိုင်မလားလို့လေ"
ကျန်းမုန့်လောင်က မေးလိုက်ချေသည်။
"ဒါက အသေးအဖွဲကိစ္စလေးပါ"
ဟုန်းရီက ဆို၏။
"မစ္စတာခရစ်ရှန်ဗွန်ကိုနစ်ဆက်ဂ်က Koenigseggရဲ့ဥက္ကဋ္ဌဆိုပေမဲ့ အဲ့ဒီကုမ္ပဏီမှာ ဥရောပဘရက်ဒလေမိသားစုထဲက ရှယ်ယာရှင်သုံးယောက်လည်းရှိပါတယ်။ သူတို့က ရှယ်ယာရဲ့၇၈.၁ရာခိုင်နှုန်းကို ပိုင်ထားပါတယ်"
"ဘရက်ဒလေမိသားစုက ဘာလဲဟ"
ကျန်းမုန့်လောင်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"အိုး.. ဘရက်ဒလေမိသားစုဆိုတာက ကျွန်မတို့ဟုန်းမိသားစုလိုမျိုး ရှင့်ရဲ့ဥရောပလုပ်ငန်းပိုင်းကို စီမံကိုင်တွယ်ပေးနေရတဲ့မိသားစုပါ။ သူတို့က ရှင်တို့မိသားစုကို အမှုထမ်းလာတာ ကျွန်မတို့မိသားစုထက်တောင်ကြာပါပြီ"
သူ(မ)က ထိုသို့ရှင်းပြလိုက်သည်။
"ငါ ဥရောပဘက်က ရော့စ်ချိုင်းတစ်ခုမိသားစုအကြောင်း ကြားဖူးတယ်။ သူတို့က တအားဖြုံလောက်တဲ့မိသားစုမဟုတ်လား"
"ဟုတ်ပါတယ်။ အဲ့လိုမိသားစုတစ်စု တကယ်ပဲရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့မိသားစုခေါင်းဆောင်ကလည်း ဘရက်ဒလေမိသားစုအခွဲက မိသားစုဝင်တစ်ယောက်ပါ"
"အထင်ကြီးဖို့ကောင်းလိုက်တာ"
ရော့စ်ချိုင်းမိသားစုဟာ ကျန်းမုန့်လောင်၏ရင်ထဲ၌ အာဏာနှင့်ဆန်းကြယ်မှု၏ပြယုဂ်ဖြစ်နေခဲ့သည်မှာ ကြာလှလေပြီ။ သူတို့က အင်တာနက်ပေါ်ရှိကောလာဟလများကြောင့် ဒဏ္ဍာရီတစ်ပါးဖြစ်လုနီးနီးပင်။ သို့သော် ယခုတော့ သူတို့က သူ့လက်အောက်ခံများသာ ဖြစ်နေလေသည်။
"ဒီတော့ မင်းပြောတဲ့သဘောက.. ဒီKoenigseggကုမ္ပဏီက ငါ့အပိုင်နီးနီးပဲပေါ့"
ကျန်းမုန့်လောင်မှာ ယုံရခပ်ခက်ခက်ဖြင့် မေးလိုက်လေသည်။
"အဲ့လိုပြောလို့လည်းရပါတယ်။ မစ္စတာခရစ်ရှန်က ဘရက်ဒလေမိသားစုနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိတဲ့အတွက် ရှင်က အဲ့ဒီကုမ္ပဏီမှာ လုံးဝနီးပါးသြဇာအာဏာညောင်းပါတယ်"
ဟုန်းရီက အတည်ပြုပေးလာသည်။
"ငါလိုချင်နေတဲ့ကားက..."
"ရှင် ဒီလောက်အထိဒုက္ခခံစရာမလိုပါဘူး။ ရှင် အဲ့ဒီကားကို သဘောကျတယ်ဆိုရင် ကျွန်မ မစ္စတာခရစ်ရှန်ကို တိုက်ရိုက်ဆက်သွယ်ပြီး သူ့ကိုစီစဉ်ခိုင်းလိုက်ပါ့မယ်"
သူ(မ)က ထိုသို့ကမ်းလှမ်းလာသည်။
"မဟုတ်ဘူး။ မဟုတ်ဘူး။ ငါ အလကားမယူချင်ဘူး"
ကျန်းမုန့်လောင် ဟုန်းရီကို ခပ်မြန်မြန်တားလိုက်သည်။ ဤသည်မှာ သူ့ပိုက်ဆံဘီလီယံဆယ်ဂဏန်းကို တစ်ချီတည်းနှင့် သုံးပစ်နိုင်မည့် ရွှေရောင်အခွင့်အရေးတစ်ခုဖြစ်သည်။
သူက အဲ့ဒါကို ဘယ်လိုလုပ်ပြီး လက်လွတ်ခံနိုင်မှာလဲ။
"မစ္စတာခရစ်ရှန်ကို ကားတန်ဖိုးသာပြောခိုင်းလိုက်ပါ။ ငါ ချက်ချင်းဝယ်လိုက်မယ်။ ပြီးတော့ ငါ့ကို ဘာလျှော့ဈေးမှလည်း မပေးစေနဲ့။ သူသာ အဲ့လိုလုပ်ခဲ့မယ်ဆိုရင် သူ ငါ့ကို ဖြေရှင်းချက်ပေးရလိမ့်မယ်နော်"
ဖုန်းတစ်ဖက်ရှိ ဟုန်းရီခမျာ နဝေတိမ်တောင်ဖြစ်သွားရသည်။
သူ ဘာတွေတွေးနေတာလဲ။
အလကားရမည့်အရာကို ငြင်းပယ်ကာ လျှော့ဈေးလည်းလက်မခံဘဲ ပိုက်ဆံသုံးဖို့သာဘူးခံငြင်းနေပြီး ထိုကိစ္စနှင့်ပတ်သက်ပြီးလည်း စိုးရိမ်ကြောင့်ကြနေသေးသည်။
ကျန်းမုန့်လောင် ဘာတွေများကြံစည်နေတာလဲ။
သို့သော် ကျန်းမုန့်လောင်က ထိုသို့အမိန့်ပေးလာမှတော့ ဟုန်းရီကလည်း လိုက်နာရုံသာရှိသည်။ ဘီလီယံဆယ်ဂဏန်းလောက်က သူတို့၏ချမ်းသာကြွယ်ဝမှုနှင့်ယှဉ်လျှင် သမုဒ္ဒရာထဲကျသွားသည့် ရေတစ်စက်သာသာပင်။
"အခြေအနေဘယ်လိုရှိလဲ အစ်ကိုကျန်း။ အဲ့ဒီကိစ္စက မလွယ်ဘူးလို့ ကျွန်တော်ပြောသားပဲ"
စုယွီက ကျန်းမုန့်လောင်၏မျက်နှာထက်ရှိ အံ့သြမှင်တက်နေသော အမူအရာကိုမြင်ပြီး ဤဖုန်းခေါ်ဆိုမှုကြောင့် သူ လမ်းပျောက်သွားသလို ခံစားနေရသည်ဟု ထင်နေခြင်းပင်။
ထိုစဉ် မန်နေဂျာကျန့်၏ဖုန်းက ထမြည်လာသည်။ ထို့နောက် သူ့အမူအရာက အံ့သြမှင်တက်သွားရပြီးနောက် နိုင်ငံခြားဘာသာစကားဖြင့် ဖုန်းတစ်ဖက်ရှိလူနှင့် တလေးတစားစကားပြောနေလေသည်။
"သူတို့က Koenigseggကလား"
စုယွီက ဆွီဒင်ဘာသာစကားကို အနည်းငယ်နားလည်သောကြောင့် ထိုသို့မေးလိုက်ခြင်းပင်။ မန်နေဂျာကျန့်က ဆွီဒင်ဘာသာစကားပြောနေခြင်းဖြစ်ကြောင်း သူ အတပ်ပြောနိုင်သည်။
"သူဌေး.. ဒီကားရဲ့တာဝန်ရှိသူ မစ္စတာဆေ့ချ်က သူ ခဏနေရင်လာခဲ့မယ်လို့ ပြောတယ်"
"မစ္စတာဆေ့ချ်က ဒီကိုလာမှာလား"
စုယွီခမျာ ပြောမပြတတ်အောင် အံ့သြသွားရလေသည်။ မစ္စတာဆေ့ချ်က Koenigseggကုမ္ပဏီ၏မန်နေဂျာရာထူးမျှသာ ရှိသော်လည်း အလွန်မာနကြီးပြီး သူ့အား ထမင်းစားဖိတ်ဖို့ရန်အတွက်ပင် အလွန်ခက်ခဲလှသည်။
"အထူးပုဂ္ဂိုလ်တစ်ယောက်က ဒီနေ့ ကျွန်တော်တို့ဆီကိုရောက်နေတဲ့အတွက် သူလည်း တစ်နာရီအတွင်းလာခဲ့မယ်လို့ပြောတယ်"
"အထူးပုဂ္ဂိုလ်တစ်ယောက်လား"
စုယွီက ကျန်းမုန့်လောင်ကို လှမ်းကြည့်လိုက်သည်။ မစ္စတာဆေ့ချ်ပြောသည့် အထူးပုဂ္ဂိုလ်က ကျန်းမုန့်လောင်များလား။
"စုယွီ.. ငါ မင်းကိုလိုက်ရှာနေတာကြာလှပြီ။ မင်းက ဒီနေရာကို ဘာလို့ရောက်နေတာလဲ"
ကျန်းမုန့်လောင်၏နောက်ခံက မည်သို့နှယ်ဖြစ်လေမလဲဟု စုယွီစဉ်းစားတွေးတောနေခိုက်မှာ လှိုက်လှဲပျူငှာသောအသံတစ်သံက ဓာတ်လှေကားအဝင်ဝမှ ထွက်ပေါ်လာသည်။
ရှေ့မှဦးဆောင်လာသူများမှာ လူငယ်နှစ်ယောက်ဖြစ်ပြီး ဟူဒီနှင့်ဂျင်းတစ်စုံကိုဝတ်ဆင်ထားသော်ငြား သူတို့ခန္ဓာကိုယ်ထက်ရှိ အဝတ်အစားများက ဈေးပေါသည့်လမ်းဘေးထည်များဟု မည်သူမှမထင်ကြပေ။
အင်တာနက်ဆယ်လီအလှပဂေးလေးများကလည်း သူတို့ကိုဝန်းရံထားလေသည်။
"ဒါက..ဝိုး.. အဲ့ဒါဥက္ကဋ္ဌဝမ်မလား။ ဒီလိုနေရာမှာ သူနဲ့တွေ့ရလိမ့်မယ်လို့ထင်မထားဘူး"
ကျန်းမုန့်လောင် အလွန်အံ့သြသွားရသည်။ ထိုလူငယ်လေးနှစ်ယောက်ထဲမှ တစ်ယောက်ဟာ သြဇာအာဏာညောင်းသည့်ဝမ်မျိုးဆက်မှ ဝမ်လင်ဖြစ်သည်။
သူ့နံဘေးရှိတစ်ယောက်မှာ ဝမ်လင်လောက်တော့ နာမည်မကြီးသော်ငြား ဟွာရှားရှိ အင်တာနက်သုံးသူများအကြားတွင် ပြောစမှတ်တွင်သည့်ဆိုရိုးစကားတစ်ခုရှိသည်။
"မင်းတို့တွေသာ အလုပ်ကြိုးစားလို့ ချမ်းသာတဲ့လူဖြစ်မလာနိုင်ပေမဲ့ ချင်းဖုန်းကတော့ ချမ်းသာနိုင်တယ်"တဲ့။
ချင်းဖုန်း၏နောက်ခံမှာ ဝမ်လင်၏နောက်ခံထက်ပင် ပို၍နက်နဲလှသည်ဟု ဆိုကြလေသည်။
မင်ကျူးမြို့တော်တွင် နေထိုင်ကြသော ဤလူနှစ်ယောက်မှာ ယနေ့တွင် ကျန်းနန်မြို့ကိုရောက်လာဖို့ အကြောင်းဖန်သွားပြီး "အာကီနာတောင်တက်အသင်း"ဆီသို့ ရောက်လာမိသည်မှာ တော်တော်တိုက်ဆိုင်လေသည်။
"မင်းတို့နှစ်ယောက်က နေ့လယ်မှရောက်လာမယ်လို့ ငါထင်နေတာ"
စုယွီ အံ့သြသွားရချေသည်။
"မင်းဆီက နေ့လယ်စာကပ်စားချင်လို့လေ"
ချင်းဖုန်းက ရယ်မောလျက် ပြောလာလေ၏။
"စကားမစပ် လူအိုကြီးဝမ်က မင်းရဲ့ Lamborghini Venomကို မျက်စိကျနေတာ တော်တော်ကြာပြီ။ မင်း ဒီနေ့ အဲ့ဒီကားနဲ့ခွဲခွာနိုင်ဖို့ သူကမျှော်လင့်ပါတယ်တဲ့"
သူတို့သုံးယောက်သားမှာ အလွန်ရင်းနှီးလှပုံပေါ်သည်။ စုယွီ၏နောက်ခံမှာ ချင်းဖုန်းနှင့်ဝမ်လင်တို့ကို မမီသော်ငြား သိသိသာသာလည်းနောက်ကောက်ကျမနေပေ။
"ငါ့ကောင်ရာ.. ၇၂သန်းတန်တဲ့ကားတစ်စီးကိုဝယ်ဖို့အတွက် ငါ့အဖေရှေ့မှာ ဒူးထောက်တောင်းပန်ရင်တောင် သူက ငါ့ကိုပိုက်ဆံထုတ်ပေးမှာမဟုတ်ဘူးကွ။ ငါ့မှာ တစ်ဘီလီယံနဲ့ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုပေမဲ့ ဒီကားကိုဝယ်ရမှာကတော့ တကယ်အထိနာတယ်ကွာ"
ချင်းဖုန်းက ထိုကားကို အချိန်အတော်ကြာမျက်စိကျနေခဲ့သော်ငြား ဝယ်ယူရန်မတတ်နိုင်သဖြင့် မနာလိုအားကျစွာဖြင့် ပြောနေသည်။
"ဒါက..ဒါက ကသိကအောက်နိုင်လိုက်တာ"
စုယွီက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။
"အဲ့ဒီကားကို ခုနကပဲရောင်းလိုက်ပြီ။ မင်းတို့ နည်းနည်းနောက်ကျသွားပြီ"
"ဘာ.. ရောင်းလိုက်ပြီလား။ ဘယ်သူ့ကိုလဲ။ ကျန်းနန်မြို့မှာ အဲ့ဒီလောက်ငွေအင်အားရှိတဲ့လူက တကယ်ရှိလို့လား"
ချင်းဖုန်းနှင့် ဝမ်လင်တို့နှစ်ယောက်လည်း အံ့သြသွားရလေသည်
"ဒီမှာလေ။ ငါ မင်းတို့နှစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ ဒါက အစ်ကိုကျန်းမုန့်လောင်တဲ့။ ငါလည်း သူနဲ့ ဒီနေ့မှတွေ့တာ။ အဲ့ဒီကားကိုဝယ်ထားတာ သူပဲပေါ့"
"မိုက်လိုက်တာ အစ်ကိုရေ"
ချင်းဖုန်းနှင့် ဝမ်လင်တို့က သဘောထားကြီးကြသူများဖြစ်ပြီး ကားတစ်စီးအတွက် မကျေမနပ်ဖြစ်သွားဟန်မပြပေ။
"ကျွန်တော်က ချင်းဖုန်းပါ။ သူကတော့ ဝမ်လင်လေ။ ရှာဖွေမှုအများဆုံးစာရင်းမှာ အမြဲရှိနေတဲ့တစ်ယောက်မို့လို့ ကျွန်တော် အထူးတလည်မိတ်ဆက်ပေးနေစရာလိုမယ်မထင်ပါဘူး"
သူတို့အတွက်တော့ ယခုလိုငွေကြေးအင့်အားတောင့်တင်းသူတစ်ယောက်နှင့် သေချာပေါက်မိတ်ဆွေဖွဲ့သင့်သည်ဟု ခံယူထားသူများပင်။
"ကျွန်တော် ခင်ဗျားရဲ့ဂုဏ်သတင်းကို လေးစားနေခဲ့တာကြာပြီ"
ကျန်းမုန့်လောင်အနေနှင့် ယခုလိုအထက်တန်းအဆင့်ပုဂ္ဂိုလ်များနှင့် အနီးကပ်တွေ့ဆုံခွင့်ရလိမ့်မည်ဟု လုံးဝထင်မထားချေ။
"အစ်ကိုကျန်းဝယ်တာ အဲ့ဒီကားတစ်စင်းတည်းမဟုတ်ဘူးနော်"
စုယွီက ဘေးဘက်ရှိပြေစာကို ကောက်ကိုင်လိုက်သည်။
"ကြည့်လိုက်.. သူက ဒီမှာရှိသမျှ Limited Editionကားအားလုံးနီးပါးကို ဝယ်ထားတာ"
"ဝိုး"
ဝမ်လင်မှာ သူ့ကိုယ်သူ ပိုက်ဆံသုံးနိုင်ဖြုန်းနိုင်သည်ဟု ထင်ခဲ့မိသည်။ သို့သော် ကိုယ့်ထက်သာလွန်သူတစ်ယောက်ကတော့ ရှိစမြဲပင်။ တစ်ချီတည်းနှင့် သန်းခုနစ်ရာကိုသုံးစွဲလိုက်ခြင်းပင်။ သူကိုယ်တိုင်ပင် ထိုမျှအထိသတ္တိမရှိချေ။
"စကားမစပ် ခင်ဗျားတို့နှစ်ယောက်လည်း ကားလာဝယ်တာလား"
ကျန်းမုန့်လောင်က မေးကြည့်လိုက်သည်။
"ဟုတ်တယ်။ အစကတော့ ကျွန်တော်က အဲ့ဒီvenomကို လိုချင်ခဲ့တာ။ ဒါပေမဲ့ အစ်ကိုကျန်းက အဲ့ဒါကိုဝယ်လိုက်ပြီဆိုတော့ ကျွန်တော်တို့ တခြားကားကိုပဲ ရွေးရတော့မှာပေါ့"
ဝမ်လင်က ရှင်းပြလိုက်သည်။
"စိတ်မပူပါနဲ့။ ဒီနေ့ ကျွန်တော်တို့တွေ့နေကြပြီဆိုမှတော့ ကျွန်တော် အဲ့ဒီကားကို ခင်ဗျားအတွက် လက်ဆောင်ပေးလိုက်ပါ့မယ်"
ကျန်းမုန့်လောင်က ထိုသို့ကမ်းလှမ်းလိုက်သည်။
"ခင်ဗျား.. ခင်ဗျားက ကျွန်တော့်ကိုပေးမလို့လား"
ထိုကဲ့သို့ကြီးမားလှသည့်ရိုက်ချက်ကြောင့် ကြီးမြတ်လှသောဝမ်လင်ကိုယ်တိုင်ပင် ဆွံ့အသွားရသည်။
ဝမ်လင်က သူများမျက်နှာကို ငွေနှင့်ပစ်ပေါက်ရင်း ကြီးပြင်းလာခဲ့သူတစ်ယောက်ဖြစ်သည်။ ယနေ့မှာတော့ တစ်စုံတစ်ယောက်က သူ့ခေါင်းပေါ်ကို ငွေနှင့်လောင်းချပြလိုက်ခြင်းလေလား။