← Chapters

ဒီအိမ်ရာတစ်ခုလုံးကို ရှင်တို့မိသားစုပိုင်တာ

Vol. 1 Ch. 5

ဒီအိမ်ရာတစ်ခုလုံးကို ရှင်တို့မိသားစုပိုင်တာ

Vol. 1 Ch. 5

"ကောင်းပြီလေ။ ဒါဆိုနေလိုက်ပါ"

ကျန်းမုန့်လောင်မှာ ကိုယ်ပိုင်အိမ်၏လေးနက်မှုကို နားလည်ခြင်းမရှိ။ ထိုအရာမှာ စင်စစ်တွင် ဘယ်လောက်အံ့သြဖို့ကောင်းလဲဆိုသည်ကိုလည်း ပုံဖော်မကြည့်တတ်ချေ။

သူ့မိသားစုနှင့် ရင်းနှီးသူတစ်ယောက်ယောက် အနားမှာရှိနေခြင်းဟာ ဆိုးဝါးသောအရာတစ်ခုတော့ ဖြစ်ဟန်မတူပေ။ အထူးသဖြင့် ဟုန်းရီက ရှိသင့်ရှိထိုက်သောနေရာများတွင် ကောက်ကြောင်းအပြည့်အစုံရှိပါသည့် အလှပဂေးလေးဖြစ်၏။ သူ(မ)ကို အနားခေါ်ထားရသည်မှာလည်း မျက်စိပသာဒဖြစ်ဖွယ်ရာရှိ၏။ ယခုလေးတင် သူ(မ)ငုံ့ကိုင်းလိုက်ချိန်မှာ နှင်းဖြူရောင်အသားအရေတစ်စွန်းတစ်စဟာ သူ(မ)လည်ပင်းလိုင်းမှတစ်ဆင့် ထင်းခနဲထွက်ပေါ်လာသည်။

ကျစ် ကျစ် ကျစ်...

"ဟုန်းရီ... အခုကစပြီး ငါ မင်းကိုပဲအားကိုးတော့မယ်နော်။ ငါတို့ အဆင်ပြေကြဖို့ မျှော်လင့်ပါတယ်"

ကျန်းမုန့်လောင်က ရက်ရက်ရောရောလက်ဆန့်ထုတ်ပေးလျက် ပြောလာလေသည်။

သို့သော် ဟုန်းရီကတော့ အနောက်ကို ခြေတစ်လှမ်းဆုတ်၍သာ ကျန်းမုန့်လောင်ကို တလေးတစားဦးညွှတ်အရိုအသေပေးလေသည်။

"မစ္စတာကျန်းက ပျော်တတ်တာပဲ။ ဒါက ဟုန်းမိသားစုရဲ့တာဝန်ဝတ္တရားပါ"

"ဒီကောင်မလေးတော့ ဦးနှောက်ဆေးခံထားရတယ်ထင်တယ်"

ကျန်းမုန့်လောင်က မပွင့်တပွင့်ရေရွတ်လိုက်သည်။ သို့သော် သူ စိတ်ထဲတော့မထားပေ။

"သခင်လေး... မစ္စတာကျန်းရဲ့ပိုင်ဆိုင်မှုတွေကို မင်းနာမည်အောက်မှာ လွှဲပြောင်းထားလိုက်ပါပြီ။ ကျွန်တော်တို့က ဖြေရှင်းရမဲ့အသေးစိတ်ကိစ္စလေးတွေ အများကြီးရှိသေးတဲ့အတွက် အခုလောလောဆယ်တော့ ရီရီကို မင်းဆီမှာ ထားခဲ့လိုက်ပါ့မယ်"

"အိုး အိုး အိုး... လုပ်စရာရှိတာ ဆက်လုပ်ပါ။ ကျွန်တော်က အဆင်ပြေပါတယ်"

ကျန်းမုန့်လောင်က စိတ်အားတက်ကြွစွာ ဆိုလိုက်သည်။

ကျန်းမုန့်လောင်ကို တရိုတသေဦးညွှတ်ပြီးနောက် ဦးလေးဟုန်းနှင့် သူ့သားက ထွက်ခွာသွားလေတော့သည်။ ယခုတော့ အခန်းထဲတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သာ ကျန်ရစ်နေခဲ့သဖြင့် လေထုက ရုတ်ခြည်းနေရခက်သွားချေသည်။

"အမ်.. မင်း မနက်စာမစားရသေးဘူးမလား။ ငါ့မှာ ကြက်ဥတစ်လုံးကျန်သေးတယ်"

ကျန်းမုန့်လောင်က သူ ခွဲမိတော့မတတ်ဖြစ်သွားသည့် ကြက်ဥပြုတ်တစ်လုံးကို ကိုင်ထားပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် မစ္စတာကျန်း... ကျွန်မ စားပြီးပါပြီ"

ဟုန်းရီက ပြန်ပြောလိုက်သည်။

"ရှင် ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ"

"အစီအစဉ်လား"

ကျန်းမုန့်လောင်က သူ(မ)ဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားမလည်ပေ။

"ကျွန်မဆိုလိုချင်တာက လာမဲ့ကာလအတွက် ရှင် ဘာလုပ်ဖို့ရည်ရွယ်ထားလဲ"

"ဒါက..."

ကျန်းမုန့်လောင်ခမျာ သူပိုင်ဆိုင်ထားခဲ့သည့် သာမန်လူတစ်ယောက်၏ဘဝက ရုတ်ခြည်းအဆုံးသတ်သွားသလို ခံစားလိုက်ရသည်။

ထင်မထားသည့်ကိစ္စများ ဖြစ်မလာခဲ့ပါက သူ့အနေနှင့် အလုပ်ဆက်ရှာနေရမည်သာ။ သင့်တင့်သောအလုပ်တစ်ခုကို ရှာတွေ့ခဲ့လျှင် သူ ထိုအလုပ်မှာ ခြေကုပ်ယူထားလိုက်မည်။ သူသဘောကျသည့်အလုပ်မျိုး ရှာမတွေ့ခဲ့လျှင် သူနှစ်သက်သည့်လုပ်ငန်းတစ်ခုကို ရွေးချယ်ပြီး အတွေ့အကြုံယူမည်။ ထို့နောက်မှသာ အလုပ်ပြောင်းဖို့ စိတ်ကူးထားသည်။

သို့သော် ညတွင်းချင်းအိမ်ပြန်လာရပြီး ယခုအချိန်အထိ မည်မျှမည်ပုံများပြားလေကြောင်း မသိရသည့် မိသားစုစည်းစိမ်ကို အမွေဆက်ခံကာ မသေချာမရေရာသောအနာဂတ်ကို ချန်ထားရစ်ခဲ့ရလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။

"ထူးဆန်းလိုက်တာ။ ချမ်းသာခြင်းရဲ့ပျော်ရွှင်မှုက စိတ်ကူးကြည့်လို့တောင်မရဘူးလို့ ပြောကြတယ်မလား။ ငါကတော့ ဘာလို့နဝေတိမ်တောင်ဖြစ်နေရသေးတာလဲ"

ကျန်းမုန့်လောင် ထိုသို့တွေးတောချိန်ဆလိုက်သည်။ စားဖို့သောက်ဖို့ပျော်ဖို့ပါးဖို့သာသိသော လူတစ်ယောက်ဖြစ်လာရမည်လား။ ထိုသို့ဆိုပါက ငါးဆားနယ်တစ်ကောင်နှင့် ဘာများကွာတော့မည်လဲ။

"ဟုတ်သားပဲ။ ငါ သတိမေ့နေတုန်းကတွေ့ခဲ့တဲ့ ဟိုထူးရှယ်နတ်ဘုရားသင်တန်းကျောင်း"

သူတို့မိသားစုစည်းစိမ်နှင့် ယှဉ်ကြည့်ပါက ထူးရှယ်နတ်ဘုရားသင်တန်းကျောင်းကသာ တကယ့်မိသားစုရတနာအစစ်ဖြစ်ကြောင်း သူ့အဖေပြောသွားခဲ့သည့်စကားကို ကျန့်မုန့်လောင် ပြန်သတိရလိုက်သည်။

သို့သော် သူ့အား စိန်ခေါ်မှုတစ်ခု ပေးအပ်ခဲ့လေသည်။ ထိုအရာကို တရားဝင်အမွေဆက်ခံရန်နှင့် ၎င်း၏ခွင့်ပြုချက်များကို ရယူရန်အတွက် တစ်နှစ်အတွင်း ၁၀၀ဘီလီယံသုံးရမတဲ့။ ကြည့်ရသလောက်တော့ စိတ်ဝင်စားဖို့ကောင်းသည့် တာဝန်တစ်ရပ်ပင်။

"စကားမစပ် ဟုန်းရီ.. ငါသာ ဘီလီယံ၁၀၀လိုချင်တယ်ဆိုရင် အဲ့ဒီပမာဏကိုရဖို့အတွက် အချိန်ဘယ်လောက်ကြာမလဲ"

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ပင်လျှင် ပိုင်ဆိုင်မှုအများစုဟာ ငွေသားမဟုတ်ကြောင်း ကျန်းမုန့်လောင်သိထားသည်။ ငွေသား၁၀ဘီလီယံထုတ်ဖို့ဆိုသည်မှာ လွယ်ကူလှသည်တော့မဟုတ်။

"၁၀၀ဘီလီယံတည်းပဲဆိုရင်တော့ အချိန်မရွေးဖြစ်နိုင်ပါတယ်"

ဟုန်းရီက တစ်စက္ကန့်တောင် တွေဝေမနေဘဲ ပြန်ဖြေလာသည်။

"ဘာ။ အချိန်မရွေးလား။ မင်း နောက်နေတာလား"

"မစ္စတာကျန်း.. ဟုန်းမိသားစုစီမံပေးနေရတဲ့ ပိုင်ဆိုင်မှုတွေထဲမှာတောင် အလွယ်တကူထုတ်ယူနိုင်တဲ့ရန်ပုံငွေ ကုဋေသုံးသောင်းရှိပါတယ်"

"ကုဋေသုံးသောင်းလား"

ကြောက်မက်ဖွယ်ရာကောင်းသည့် ထိုကိန်းဂဏန်းကြောင့် ကျန်းမုန့်လောင် လျှာခလုတ်တိုက်မိတော့မတတ်ပင်။

"အမေရိကန်ဒေါ်လာနဲ့နော်"

ဟုန်းရီက နောက်ထပ်ဂဏန်းတစ်ခုကို ထပ်ပြောလာသည်။

"နောက်တစ်ခါကျရင် စကားကိုတစ်ခါတည်းပြီးအောင်ပြောပေးစမ်းပါ။ ငါ့ကို နှလုံးရောဂါရအောင်မလုပ်နဲ့။ မင်းက လူတစ်ယောက်ကို ဒီလိုပုံစံမျိုးနဲ့ နှလုံးရောဂါရအောင်လုပ်တာလား"

အဆုံးမှာတော့ သူ့ဖခင်က သူ့ကို သိပ်မထိတ်လန့်ဖို့ ဘာကြောင့်မှာသွားလဲဆိုသည်ကို ကျန်းမုန့်လောင် နားလည်သွားလေပြီ။ ဤသည်မှာ လူတစ်ယောက်ကို လန့်သေသွားအောင်လုပ်နိုင်သည့် စည်းစိမ်မျိုးပင်တည်း။

ဟုန်းရီခမျာ စိတ်ထဲမှ တခစ်ခစ်မရယ်ဘဲ မနေနိုင်ပေ။

မစ္စတာကျန်းကိုကြည့်ရတာ သူ့မိသားစုရဲ့ချမ်းသာမှုအကြောင်း ဘာမှသိထားပုံမရဘူး။

သူ(မ)ကိုယ်တိုင်လည်း ဟုန်းမိသားစု၏အရင်းအမြစ်များကို တန်ဖိုးဖြတ်ပေးရန် တာဝန်ပေးခံရစဉ်က ထိတ်လန့်သွားခဲ့ရသည်။ ချမ်းသာကြွယ်ဝမှုခေါ်သောအရာမှာ ကျန်းမိသားစု၏ ပြန့်ကျဲနေသောအင်ပါယာကြီး၏ အစိတ်အပိုင်းသေးသေးလေးမျှသာ ဖြစ်၏။

"မစ္စတာကျန်း.. ဒါက အရင်တုန်းက ရှင့်အဖေက ရှင့်ကိုပေးဖို့အတွက်ဆိုပြီး ကျွန်မတို့အတွက် စီစဉ်ပေးသွားခဲ့တဲ့ငွေပါ"

ဟုန်းရီက ကျန်းမုန့်လောင်ကို ခရမ်းရောင်ဘဏ်ကတ်တစ်ခု ပေးလိုက်သည်။

"ရှင့်အဖေက ရှင့်အတွက်ချပေးသွားတဲ့စမ်းသပ်မှုတချို့အကြောင်းလည်း ပြောသွားသေးတယ်။ အခုလေးတင် ရှင်မေးလိုက်တဲ့ ၁၀၀ဘီလီယံကိစ္စက အဲ့ဒါနဲ့များ ပတ်သက်နေမလား"

"ဒီကတ်ထဲမှာ ၁၀၀ဘီလီယံရှိနေတယ်လို့ ပြောမလို့တော့ မဟုတ်ဘူးမလား"

ကျန်းမုန့်လောင်ခမျာ တုန်လှုပ်နေရသဖြင့် ကတ်ကိုပင်လက်မခံရဲပေ။

"ဟုတ်ပါတယ် မစ္စတာကျန်း.. ဒါက ဟွာရှားဘဏ်ရဲ့ဂုဏ်ထူးဆောင်ကတ်ပါ။ နိုင်ငံတစ်ဝှမ်း ဟွာရှားဘဏ်နဲ့ချိတ်ဆက်ထားတဲ့ ကော်ပိုရေးရှင်းတစ်ခုရှိတဲ့နေရာတိုင်းမှာ ဟိုတယ်ပဲဖြစ်ဖြစ် ဈေးဝယ်စင်တာပဲဖြစ်ဖြစ် ရှင့်အနေနဲ့ အမြင့်ဆုံးအဆင့်အကျိုးခံစားခွင့်ရှိပါတယ်"

"အမလေး.. အနက်ရောင်ကတ်ကတင် တော်တော်ကြမ်းနေပြီလို့ထင်နေတာ။ ဂုဏ်ထူးဆောင်ကတ်ဆိုတာမျိုးပါ ရှိမှန်း ဘယ်သူကသိမှာလဲ"

ကျန်းမုန့်လောင်လည်း ခရမ်းရောင်သလင်းကျောက်ဖြင့် အလွှာအုပ်ထားဟန်တူပြီး အေးစက်စက်နိုင်ကာ ထိတွေ့ကိုင်တွယ်ရန်ခက်ခဲလှသည့် သူ့လက်ထဲရှိဘဏ်ကတ်နှင့် ကစားနေလိုက်သည်။

"မစ္စတာကျန်း.. ဟွာရှားဘဏ်ရဲ့ ဒီအနက်ရောင်ကတ်က ရှားကောင်းရှားနိုင်ပါတယ်။ ဒါပေမဲ့ မြို့တိုင်းမှာ လူအနည်းစုလောက်ကတော့ ဒီကတ်ကိုပိုင်ကြတယ်။ ဒါပေမဲ့ ဒီဂုဏ်ထူးဆောင်ကတ်ရှိတဲ့လူကတော့ တစ်နိုင်ငံလုံးပေါင်းတာတောင် ဆယ်ယောက်မကျော်ပါဘူး။ သူ့ရဲ့ဒစ်စကောင့်ဈေးနှုန်းနဲ့ ဝန်ဆောင်မှုအဆင့်က အနက်ရောင်ကတ်ပိုင်ရှင်တွေ လာယှဉ်လို့မရတဲ့အရာပါပဲ။ တစ်ခါတလေကျရင် ဒီကတ်က အဆင့်မြင့်လွန်းလို့ လူတွေက မမှတ်မိတာမျိုးလည်း ဖြစ်တတ်တာကြောင့် သုံးဖို့အတွက် အဲ့ဒီလောက်အထိ သက်သောင့်သက်သာဖြစ်တာမျိုးတော့မဟုတ်ဘူး"

"ထူးခြားဆန်းကြယ်ပုံပေါက်ပေမဲ့ တော်တော်လေးလည်း အံ့သြဖို့ကောင်းတယ်"

မည်သို့ပင်ဖြစ်စေ ၎င်းမှာ သူ့မိဘများ၏ပိုက်ဆံဖြစ်သောကြောင့် ကျန်းမုန့်လောင်အနေနှင့် ထိုကတ်ကို ကိုင်ထားရခြင်းအတွက် စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးဖြစ်သလို မခံစားရပေ။

"မစ္စတာကျန်း... ရှင် ဒီမှာဆက်မနေတော့ဖို့ စီစဉ်ထားတယ်မလား"

ဟုန်းရီက မေးလာချေသည်။

"ဟုတ်တယ်။ ငါ့မိဘတွေ အိမ်မှာမရှိဘူးဆိုတော့ ဒီမှာနေလည်း အကျိုးမရှိဘူး။ ငါ ကျန်းနန်မြို့ကိုပြန်ဖို့ စီစဉ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း အဲ့ဒီမှာ သုံးနှစ်ကျော်လောက်နေခဲ့တာဆိုတော့ ငါ့သူငယ်ချင်းတွေအကုန်လုံးကလည်း အဲ့ဒီမှာပဲလေ"

"ကျွန်မ အဲ့ဒါတော့သိထားပါတယ်"

ဟုန်းရီက ပြုံးလျက်ပြောလိုက်သည်။

"ရှင့်ကိုအဖော်ပြုပေးဖို့အတွက် ကျွန်မ လူတစ်ယောက်စီစဉ်ထားပါတယ်။ ရှင့်မှာ ဘာမှလုပ်စရာမရှိဘူးဆိုရင် ကျွန်မတို့ အခုချက်ချင်းထွက်ခွာလို့ရပါပြီ။ ကျန်းနန်မြို့မှာရှိတဲ့ ရှင့်ရဲ့အိမ်၁၇လုံးထဲကတစ်ခုခုကို ကြိုက်တဲ့အချိန် ရွှေ့ပြောင်းလို့ရပါတယ်"

"အိမ်၁၇လုံးလား။ အဲ့ဒီလောက်တောင်များလား"

ကျန်းနန်မြို့က ကျန်းမုန့်လောင် ပထမနှစ်တက်စဉ်က ဘယ်လောက်အထိ တိုးတက်မှုနောက်ကျနေသလဲဆိုသည်ကို သူ ကောင်းကောင်းမှတ်မိသေးသည်။ သူတို့ကျောင်းတစ်ဖက်ရှိ လူနေအိမ်ယာတစ်ခုမှာ တစ်စတုရန်းမီတာကို ယွမ်၆၆၀၀ဈေးရှိပြီး ယခုထိ ဝယ်သူမပေါ်သေးပေ။

သို့သော် အာရှ-ပစိဖိတ်ညီလာခံဖွင့်လှစ်မှုကြောင့် ကျန်းနန်မြို့ရှိ အိမ်ခြံမြေဈေးများမှာ ဒုံးပျံအလား ထိုးတက်သွားခဲ့ပြီး ယခုမူ သူတို့ကျောင်းနားရှိနေရာတစ်ခုကို ဝယ်ယူဖို့ဆိုလျှင် တစ်စတုရန်းမီတာကို ယွမ်လေးသောင်းပေးလျှင်တောင် မလောက်တော့ချေ။

ထို့ပြင် ထိုကျောင်းများမှာ အိမ်ယာဈေးနှုန်းတစ်စတုရန်းမီတာကို ယွမ်တစ်သိန်းပေါက်သော မြို့လယ်ခေါင်နှင့် နှစ်ဆယ်ကီလိုမီတာဝေးသည်။

အိမ်ယာပိုင်ဆိုင်မှု၁၇ခုဆိုပါက တစ်ခုကို ပျမ်းမျှဈေးနှုန်းယွမ်ငါးသောင်းနှင့် စတုရန်းမီတာ၁၀၀ခန့်ရှိသည်ဟု ယူဆကြည့်မည်ဆိုလျှင် တန်ဖိုးအားဖြင့် သန်းတစ်ရာနီးနီးဖြစ်သွားမည်သာ။

"ငါတို့ကျောင်းနားမှာရော အိမ်တစ်လုံးရှိလား"

ကျန်းမုန့်လောင် မေးခွန်းထုတ်လိုက်သည်။

"ရှိတာပေါ့။ မစ္စတာကျန်းရဲ့ကျောင်းနဲ့ ၁.၂ကီလိုမီတာအကွာမှာ တစ်နေရာရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအိမ်က သိပ်တော့မကြီးပါဘူး။ စတုရန်းမီတာ၄၀၀ပဲရှိပါတယ်။ နည်းနည်းလည်း လူနေထူထပ်မှုရှိပါလိမ့်မယ်"

ဟုန်းရီက အရှိကိုအရှိအတိုင်း ပြောလိုက်သည်။

"စတုရန်းမီတာ၄၀၀ရှိတဲ့အိမ်က လူနေထူထပ်မယ်တဲ့လား"

ကျန်းမုန့်လောင်၏ အတန်းဖော်တစ်ယောက်ဆိုလျှင် မြို့လယ်ခေါင်ရှိ ၅၀စတုရန်းမီတာကျယ်ဝန်းသော တစ်ပတ်ရစ်တိုက်ခန်းလေးတစ်ခန်းကို သုံးသန်းနီးနီးပေးဝယ်ပြီး အလွန်တရာစိတ်ကျေနပ်နေခဲ့ဖူးသည်။ ကျန်းမုန့်လောင်အဖို့တော့ စတုရန်းမီတာ၄၀၀ကျယ်ဝန်းသောအိမ်မျိုးကို အိပ်မက်ပင်မမက်ရဲခဲ့ချေ။

သို့သော် ဟုန်းရီအတွက်မူ စတုရန်းမီတာ၄၀၀ကပင် ကျယ်ဝန်းသည်ဟု မသတ်မှတ်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူ(မ)က စတုရန်းမီတာ၈၀၀ကျယ်ဝန်းသော သုံးထပ်ဗီလာတွင် နေထိုင်ခဲ့သည်သာ။ ကျန်းမုန့်လောင်အတွက်ဆိုလျှင် စတုရန်းမီတာ၁၀၀၀ကျယ်ဝန်းသော နေရာတစ်ခုကပင် အနည်းငယ်ချို့တဲ့နေတာမျိုး ဖြစ်နိုင်လေသည်မဟုတ်လား။

"ဒါပေမဲ့ ကျွန်မကတော့ တခြားနေရာတစ်ခုကိုပဲ ထောက်ခံပေးချင်ပါတယ်။ အဲ့ဒါက ကျောင်းနဲ့တော့ နည်းနည်းဝေးပေမဲ့ ရှင့်မှာလည်း တက်စရာအတန်းတွေက သိပ်မကျန်တော့ဘူးမလား။ လိုအပ်လာရင် ရှင့်ကို အကြိုအပို့လုပ်ပေးဖို့အတွက် ကျွန်မ ဒရိုင်ဘာတစ်ယောက်စီစဉ်ပေးလို့ရပါတယ်"

သူ(မ)က ဆက်ပြောနေလေသည်။

"အဲ့ဒီနေရာက ကျယ်လား"

သူလည်း မေးကြည့်လိုက်သည်။

"အရမ်းကျယ်ပါတယ်။ ရှင့်ရဲ့နေ့စဉ်လိုအပ်ချက်နဲ့ အစားအသောက်ကိစ္စအတွက် ကျွန်မ လူတစ်ယောက်စီစဉ်ပေးပါ့မယ်။ အဲ့ဒါက ကျန်းနန်တစ်မြို့လုံးမှာ လှုပ်ရှားသက်ဝင်မှုအရှိဆုံးနေရာတွေထဲက တစ်ခုပါပဲ"

သူ(မ) ရှင်းပြလိုက်သည်။

"ကောင်းပြီလေ။ ဒါဆို အဲ့ဒီကိုသွားရအောင်"

ကျန်းမုန့်လောင် ဆုံးဖြတ်ချက်ချလိုက်သည်။

"နားလည်ပါပြီ။ ရှင့်ရဲ့အရေးကြီးပိုင်ဆိုင်မှုပစ္စည်းတချို့ကို ထုပ်ပိုးထားလိုက်ပါ။ ပြီးရင်တော့ ကျွန်မတို့ သွားဖို့အတွက် အဆင်သင့်ပြင်လို့ရပြီ"

ဟုန်းရီက အကြံပေးလာချေသည်။

"ကောင်းပြီ"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်ပြီး အိမ်တစ်ဝိုက်ကို အခေါက်ရေတချို့ လျှောက်ပတ်ကြည့်လိုက်သည်။ အဆုံးတွင်မူ သူ အယ်လ်ဘမ်တစ်ခုကိုသာ ယူခဲ့လိုက်သည်။ အခြားအရာများက ယခုအချိန်မှာ အရေးကြီးဟန်မတူတော့ပေ။

"မစ္စတာကျန်း.. ရှင့်ရဲ့ကားက အဆင်သင့်ဖြစ်နေပါပြီ"

Maybachကားတစ်စီးက အောက်ထပ်တွင် သူတို့အား စောင့်ဆိုင်းနေလေသည်။

"မင်္ဂလာနေ့လယ်ခင်းပါ မုန့်လောင်"

ကျန်းမုန့်လောင် ကားထဲကိုဝင်တော့မည့်ဆဲဆဲတွင် ယခုလေးတင်မှ ဈေးဝယ်ပြီးစီးလာသည့် အန်တီလျိုနှင့် အောက်ထပ်မှာ တည့်တိုးလေသည်။

"အန်တီ..အန်တီလျို မင်္ဂလာပါ"

"ထူးဆန်းလိုက်တာ.. သူက ဘာလို့လုံးဝမအံ့သြရတာလဲ"

ယူနစ်၂တွင်နေထိုင်ကြသူများထဲမှာ အန်တီလျိုက ပါးစပ်အဖွာဆုံးပင်။ အသေးအဖွဲကိစ္စလေးတစ်ခုကတောင် သူ(မ)နားထဲရောက်သွားပါက တောမီးအလား ပျံ့နှံ့သွားမည်သာ။

ယုတ္တိရှိရှိဆိုရပါက ဇိမ်ခံကားတစ်စီးထဲ ဝင်သွားသည်ကိုမြင်ပါက သူ(မ)အနေနှင့် ခါတိုင်းလိုမျိုး သူ့ဆီ လာစပ်စုသင့်သည်မဟုတ်ပါလား။

သူက ဘာလို့ တအားတည်ငြိမ်နေရတာလဲ။

"မစ္စတာကျန်း.. ဒီမှာရှိတဲ့လူတွေကလည်း ရှင်တို့ရဲ့သရုပ်မှန်ကို သိကြပါတယ်။ သူတို့ကလည်း ကျွန်မတို့လိုမျိုး ရှင့်မိသားစုအတွက် တာဝန်ထမ်းဆောင်နေကြတာလေ။ ကျွန်မတို့လောက်တော့ မကြာသေးဘူးပေါ့"

ဟုန်းရီက အသေးစိတ်ဖော်ထုတ်ရှင်းပြလိုက်သည်။

"ဘာ.. အဲ့ဒါ ဘာအဓိပ္ပာယ်လဲ"

"ဒီအိမ်ရာထဲမှာရှိတဲ့ အိမ်တွေအကုန်လုံး.. နေထိုင်သူတွေအပါအဝင် အိမ်ရာစီမံခန့်ခွဲရေးဝန်ထမ်းတွေနဲ့ တခြားအကုန်လုံးကို ရှင်တို့မိသားစုပိုင်တာပါ"

All Chapters