ဝမ်ယိအုပ်စုကို ဝယ်လို့ရနိုင်လား
Vol. 1 Ch. 4
"တူတူ တူတူ…"
ကျန်းမုန့်လောင် သူ့မိဘများ၏ ဆဲလ်ဖုန်းနံပါတ်များကို ခေါ်ဆိုရန်ကြိုးစားကြည့်လိုက်သည်။ သို့သော် သူ့အား မအားသေးပါဟူသော အသိပေးချက်က နှုတ်ဆက်ချေသည်။ ထိုအချိန်တွင် ကျန်းမုန့်လောင်၏နှလုံးသားထဲ ဆန်တက်လာသည့် ပထမဆုံးခံစားချက်မှာ ထိတ်လန့်မှုဖြစ်၏။
သူသည် နှစ်နှစ်ဆယ်လုံးနီးပါး သူ့မိဘများ၏ထိန်းချုပ်မှုအောက်မှာ ကြီးပြင်းခဲ့ရပြီး ကောလိပ်တက်သည့်အချိန်မှသာ သူ့အတောင်ပံကို အနည်းငယ်ဖြန့်ကြက်ခဲ့ခြင်းပင်။ ယခု သူက ဘွဲ့ယူဖို့နီးနေပြီဆိုသော်ငြား တရားဝင်အရတော့ ကျောင်းသားတစ်ယောက် ဖြစ်နေဆဲသာ။
သူ ဧည့်ခန်းထဲကို ချက်ချင်းအပြေးအလွှားသွားလိုက်သည်။ ထိုနေရာတွင် ထမင်းပေါင်းအိုးက ပူနွေးနေဆဲဖြစ်ပြီး ထိုအထဲတွင် ကြက်ဥနှစ်လုံးနှင့် ဆန်ပြုတ်တစ်ပန်းကန်လည်းရှိကာ ဘေးနားမှာတော့ မှတ်စုတိုလေးတစ်ခုရှိသည်။
"သား... အမေနဲ့အဖေမရှိတဲ့အချိန်အတွင်းမှာ မင်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရမယ်နော်။ ငါတို့အတွက် စိတ်မပူနဲ့။ မနက်ဆယ်နာရီကျရင် အိမ်တော်ထိန်းဟုန်းက မင်းကိုလာတွေ့လိမ့်မယ်။ မင်းက သူစီစဉ်တဲ့အတိုင်း လိုက်လုပ်ရုံပဲ"
မှတ်စုတိုထဲတွင် ရိုးရှင်းလှသော ထိုစာကြောင်းများသာ ရှိသည်။ ကျန်းမုန့်လောင်လည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ သူ့မိဘများ ဘာမှမဖြစ်သရွေ့ သူ စိတ်အေးပါသည်။
မနေ့ညက ဟက်ဟက်ပက်ပက်မစားခဲ့ရသည့်အတွက် ကျန်းမုန့်လောင်တစ်ယောက် လိုသုံးမနက်စာတစ်နပ်ကို အငမ်းမရမျိုချလိုက်သည်။ ထိုအချိန်တွင် သူ့အိမ်တံခါးဘဲလ်သံက မြည်လာလေသည်။
ကျန်းမုန့်လောင် အချိန်ကို တစ်ချက်လှမ်းကြည့်လိုက်သောအခါ နာရီလက်တံက တစ်ဆယ်တိတိကို ရောက်ရှိနေကြောင်း မြင်လိုက်ရသည်။ ချောင်းကြည့်ပေါက်မှ လှမ်းကြည့်လိုက်လေရာ စင်္ကြံလမ်းထဲမှာ အိမ်တော်ထိန်းဟုန်းတစ်ယောက်တည်းမဟုတ်ဘဲ နောက်ထပ်လူနှစ်ယောက်ပါ ရှိနေလေသည်။ သူတို့ထဲမှ တစ်ယောက်ကို သူ ကောင်းကောင်းမှတ်မိသည်။ ထိုလူမှာ သူ့အဖေ၏သူငယ်ချင်း ဟုန်းယွီချင်းဖြစ်သည်။
သူတို့အိမ်ကို မကြာခဏလာလည်တတ်ပြီး ပုံမှန်ဧည့်သည်တစ်ယောက်ဖြစ်နေလေသော ဟုန်းယွီချင်းကို ကျန်းမုန့်လောင်က ပုံမှန်ဆိုလျှင် ဦးလေးဟုန်းဟုခေါ်ခဲ့သည်။
ကျန်တစ်ယောက်မှာ သူနှင့်သက်တူရွယ်တူမိန်းကလေးတစ်ယောက်ပင်။ သူ(မ)၏ မျက်နှာသွင်ပြင်လက္ခဏာများက ဟုန်းယွီချင်းနှင့်ရော အိမ်တော်ထိန်းနှင့်ပါ ဆင်တူလှသည်။ သို့ဖြစ်လေရာ သူ(မ)သည် ဦးလေးဟုန်း၏သမီး ဖြစ်နိုင်လောက်သည်။ သို့သော် ကျန်းမုန့်လောင်ကတော့ သူ(မ)ကို တစ်ခါမှမမြင်ဖူးပေ။
"သောက်ကျိုးနည်း.. ဦးလေးဟုန်းနဲ့ အိမ်တော်ထိန်းဟုန်းတို့နှစ်ယောက်စလုံးက မျိုးရိုးနာမည်ဟုန်းချင်း အတူတူပဲ။ သူတို့က တစ်မိသားစုတည်းကများလား"
ကျန်းမုန့်လောင်ခမျာ သူ ငယ်ငယ်လေးကတည်းက သူ့ဘဝဟာ ဇာတ်ညွှန်းရေးထားလေသလားဟု တွေးလိုက်မိသည်။
သူ့မှတ်ဉာဏ်ထဲတွင် ဟုန်းယွီချင်းက သူ့အဖေကျန်းရှောင်ယွင်ကဲ့သို့ ပင်လယ်ထဲမှာ နေ့စဉ်ရက်ဆက်ရွက်လွှင့်နေရသည့် သင်္ဘောသားတစ်ယောက်ပင်။ အိမ်မှာဆိုလျှင် သူတို့က အခြားသူငယ်ချင်းများလိုမျိုး ထမင်းလည်းအတူစားသလို စကားစမြည်လည်းပြောကြသည်။
သို့သော် အိမ်တော်ထိန်းဟုန်းတစ်ယောက် "အဆင့်နိမ့်"Rolls-Royceကားကြီးကို ယာဉ်မောင်းတစ်ယောက်နှင့်အတူ စီးလာခဲ့ပုံကိုကြည့်ပြီး ကျန်းမုန့်လောင်အဖို့ ဤမြင်ကွင်းများကို ပေါင်းစပ်ကြည့်ဖို့ ခက်ခဲလှကြောင်း သိရှိလိုက်ရသည်။
"ကလစ်"
ခဏကြာအောင် ငေးငိုင်နေမိပြီးနောက် ကျန်းမုန့်လောင် တံခါးတော့ဖွင့်ပေးလိုက်သေးသည်။
"မုန့်..သခင်လေး မတွေ့ရတာကြာပြီနော်"
ကျန်းမုန့်လောင်ကိုမြင်သော် ဟုန်းယွီချင်းက ပြုံးပြနှုတ်ဆက်လိုက်သော်လည်း သူ ခေါ်နေကျနာမည်က တလေးတစားဂုဏ်ပုဒ်တစ်ခုဖြစ်သည့် "သခင်လေး"အဖြစ် ပြောင်းလဲသွားလေသည်။
"ဦးလေးဟုန်း... ဒါဆို ခင်ဗျားက ကျွန်တော့်အဖေနဲ့အတူ နှစ်နှစ်ဆယ်လောက်ကြာတဲ့အထိ ဟန်ဆောင်နေခဲ့တာကိုး"
ကျန်းမုန့်လောင်က ရွဲ့တဲ့တဲ့အပြုံးတစ်ပွင့်ဆင်မြန်းရင်း ပြောလိုက်သည်။
"သခင်လေး.. ဒါတွေအကုန်လုံးက မင်းအဖေရဲ့အကြံတွေပါ။ ကျေးဇူးပြုပြီး ယွီချင်းကို အပြစ်မတင်ပါနဲ့"
အိမ်တော်ထိန်းဟုန်းက ဆိုလာလေသည်။
"ကျွန်တော်တို့မိသားစုထဲမှာ မျိုးဆက်တစ်ခုချင်းစီတိုင်းမှာ မင်းတို့မိသားစုအတွက် ဒီကိစ္စရပ်တွေအကုန်လုံးကို ကူညီလုပ်ကိုင်ပေးဖို့အတွက် တာဝန်ကျေတဲ့လက်ထောက်အဖြစ် ထမ်းဆောင်ပေးရတဲ့ လူတစ်ယောက်စီရှိတယ်။ ဒီကိစ္စတွေကို မင်း စောစောစီးစီးမသိသွားအောင်လို့ သူက မစ္စတာကျန်းရဲ့သူငယ်ချင်းအဖြစ် အမြဲဟန်ဆောင်နေခဲ့ရတာ"
"အဲ့လိုကိုး"
ကျန်းမုန့်လောင်လည်း ထိုသို့တွေးမိပါသည်။
"ဒါဆို ဦးလေးဟုန်းရဲ့တကယ့်သရုပ်မှန်က..."
"လူသိရှင်ကြားဆိုရင်တော့ ကျွန်တော်က ဟွာရှားရဲ့ထန်ဟွေ့အုပ်စုဥက္ကဋ္ဌပါ"
ဟုန်းယွီချင်းက ပြောလိုက်သည်။
"ဘာရယ်။ ထန်ဟွေ့အုပ်စုရဲ့ဥက္ကဋ္ဌလား။ အိမ်ခြံမြေလုပ်ငန်းကို စတင်တည်ထောင်ခဲ့တဲ့ ဟိုထန်ဟွေ့အုပ်စုလား"
ကျန်းမုန့်လောင် အံ့သြမှင်တက်သွားချေသည်။
"ဟုတ်ပါတယ်။ အဲ့ဒီထန်ဟွေ့အုပ်စုပါပဲ"
"အမလေး"
ကျန်းမုန့်လောင်၏မျက်ဝန်းအစုံမှာ ဆတ်ခနဲအနည်းငယ်လှုပ်သွားရသည်။ ထန်ဟွေ့အုပ်စုတွင် သူ စီမံခန့်ခွဲရေးသင်တန်းသားရာထူးအတွက် အလုပ်လျှောက်ခဲ့သေးသည်။
ထန်ဟွေ့အုပ်စုဆိုသည်မှာ ဟွာရှား၏ အကြီးမားဆုံးသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်းနှင့် စတင်ခဲ့သည်။ နိုင်ငံခြားအိမ်ခြံမြေလုပ်ငန်းလောကတွင် ထန်ဟွေ့အုပ်စုက ထိပ်တန်းလုပ်ငန်းတစ်ခုဟု ဆိုနိုင်ပေသည်။ ပညာရှင်များပင်လျှင် ထန်ဟွေ့အုပ်စုက ထိုနိုင်ငံများထဲ၌ ဒေသခံလုပ်ငန်းများနှင့် ဘယ်လိုအပြိုင်မြေကွက်လုသလဲဆိုသည်ကို မသိကြပေ။
နောက်ပိုင်းမှာ ထန်ဟွေ့အုပ်စုက လုပ်ငန်းအခွဲများ စတင်ခွဲထုတ်လာခဲ့သည်။ ဆော့ဖ်ဝဲနယ်ပယ်မှာဖြစ်စေ၊ Gamingနယ်ပယ်မှာဖြစ်စေ၊ စမတ်ဖုန်းနယ်ပယ််မှာဖြစ်စေ၊ ဆေးဝါးနယ်ပယ်မှာဖြစ်စေ သို့မဟုတ် အခြားလုပ်ငန်းနယ်ပယ်များမှာဖြစ်စေ သူတို့က နေရာတိုင်းတွင်ရှိသည်။
ဘွဲ့ရတစ်ယောက်၏ နှစ်စဉ်ဝင်ငွေမှာ ယွမ်ငါးသိန်းဖြစ်ပြီး ဤပမာဏလေးမျှဖြင့် ဘွဲ့မရသေးသူအမြောက်အများကို ရူးသွပ်သွားအောင် လုပ်နိုင်လေသည်။ ဤကုမ္ပဏီထဲသို့ ဝင်ရောက်နိုင်ဖို့ရန်မှာ အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲထက်ပင် ခက်ခဲလှသည်။ ဤသည်မှာ သစ်လုံးတံတားတစ်ခုကို စစ်သည်ပေါင်းတစ်ထောင်နှင့်အတူ ဖြတ်သန်းဖို့ ကြိုးစားနေရသလိုပင်။
အလုပ်လျှောက်လွှာစစ်ဆေးရေး ပထမဆုံးအဆင့်မှာတင် ကျန်းမုန့်လောင် ပယ်ချခံလိုက်ရတာတော့ မထူးဆန်းပေ။ ပယ်ချခံလိုက်ရသော လျှောက်လွှာရှင်များမှာ တစ်ယောက်ကို နှစ်သိမ့်ဆုယွမ်ငါးရာစီရကြသည်။ ဤသည်မှာ ကုမ္ပဏီက ဘယ်လောက်ချမ်းသာကြွယ်ဝသလဲဆိုသည့် သက်သေပင်။
အင်တာဗျူးဖြေဖို့ ပြင်ဆင်နေချိန်တုန်းက ဥက္ကဋ္ဌ၏နာမည်ကိုမြင်ပြီး တိုက်ဆိုင်မှုတစ်ခုသက်သက်ဟုသာ သူထင်ခဲ့မိသည်။ သို့သော် အိမ်ခြံမြေဈေးများက မြင့်လွန်းကြောင်းနှင့် သူ့မိန်းမ၏အသုံးအဖြုန်းကြီးမှုအကြောင်း အမြဲအထွန့်တက်လေ့ရှိသော ဦးလေးဟုန်းက ဤကော်ပိုရေးရှင်းကြီး၏ ဥက္ကဋ္ဌဖြစ်နေလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ချေ။
ကြောက်ဖို့အကောင်းဆုံးအရာမှာ ဤဥက္ကဋ္ဌက တကယ်တမ်းမှာတော့ သူ့အဖေ၏ကိုယ်ရေးလက်ထောက်သာသာမျှ ဖြစ်နေသည်ဟူသော အချက်ပင်။
"အဟွတ် အဟွတ် အဟွတ်"
စိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုကြီးက ဆူနာမီလှိုင်းလုံးထက် မလျော့ပေ။
"နေဦး။ 'လူသိရှင်ကြား'ဆိုတာက ဘာသဘောလဲ"
ကျန်းမုန့်လောင်က ရုတ်ခြည်းဆိုသလို ထိုစကားလုံးများကို သတိပြုမိလိုက်သည်။
"အိုး.. ဒီသရုပ်မှန်က ဒီအတိုင်းအပေါ်ယံဟန်ပြသက်သက်ပါပဲ။ ကျွန်တော်တို့ဟုန်းမိသားစုက မင်းတို့မိသားစုဆီမှာ နှစ်ပေါင်းတစ်ထောင်ကျော်လောက် တာဝန်ထမ်းဆောင်ခဲ့တာလေ။ ကျန်းမိသားစုရဲ့စောင့်ရှောက်မှုအောက်မှာ ကျွန်တော်တို့က ဟွာရှားနဲ့ အာရှတစ်ခွင်လုံးမှာ အချမ်းသာဆုံးမိသားစုဖြစ်လာခဲ့ပါပြီ"
"အဟွတ် အဟွတ် အဟွတ်"
ကျန်းမုန့်လောင်ခမျာ သူ ယခုလေးတင်မျိုချလိုက်သည့် ဆန်ပြုတ်တစ်ဝက်လောက်က ချောင်းတဟွတ်ဟွတ်ဆိုးပြီး ပြန်ထွက်လာချေသည်။ သူတို့မိသားစု၏အိမ်တော်ထိန်းကတောင် အာရှမှာ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်ဆိုပါက သူတို့မိသားစုဆိုလျှင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေမည်မဟုတ်လေလား။
"မစ္စတာကျန်းက ကမ္ဘာ့လုပ်ထုံးလုပ်စဉ်တွေကို မချိုးဖောက်စေချင်တာကြောင့် လူအနည်းစုကပဲ ကျွန်တော်တို့ရဲ့ဖြစ်တည်မှုကို သိကြပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေကို လုပ်ရကိုင်ရလွယ်ကူစေဖို့အတွက် တော်ရုံသင့်ရုံဖြစ်တည်မှုတစ်ခုကို ကျွန်တော်တို့လိုအပ်ခဲ့လို့လေ။ အဲ့ဒီလိုပါ"
"တော်ရုံသင့်ရုံဖြစ်တည်မှု..."
ကျန်းမုန့်လောင်၏မျက်နှာမှာ ကိုးရိုးကားရားဖြစ်သည်အထိ မဲ့ရွဲ့သွားရလေသည်။ ကမ္ဘာ့အဆင့်မီအုပ်စုတစ်ခု၏ ဥက္ကဋ္ဌရာထူးဟာ တော်ရုံသင့်ရုံဖြစ်တည်မှုတစ်ခုဖြစ်သည် ဟူသောစကားကို သူ ပထမဆုံးကြားဖူးခြင်းပင်။
ရုတ်ခြည်းပင် ကျန်းမုန့်လောင်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်က သူပြောခဲ့ဖူးသည့် ဟာသတစ်ခုကို ပြေးသတိရလိုက်မိသည်။
"ဦးလေးဟုန်း.. ကျွန်တော် မေးစရာတစ်ခုရှိတယ်။ ကျွန်တော်သာ ခင်ဗျားကို ဝမ်ယိအုပ်စုကိုဝယ်ခိုင်းမယ်ဆိုရင် ခင်ဗျားလုပ်ပေးနိုင်မလား"
"အဲ့ဒီအုပ်စုကို ဘယ်လောက်အထိ ဝယ်ချင်တာလဲ။ ဝမ်ယိအုပ်စုရဲ့လက်ရှိဈေးကွက်တန်ဖိုးက ဟွာရှားငွေကြေးဘီလီယံငါးရာခန့်ရှိပါတယ်။ ၂၀ရာခိုင်နှုန်းလောက်ပဲ လိုချင်တာဆိုရင် အချိန်တစ်ရက်ပဲကြာမှာ။ ဒါပေမဲ့ အုပ်စုတစ်ခုလုံးကို လိုချင်တာဆိုရင်တော့ နည်းနည်းလောက်ပိုကြာလိမ့်မယ်။ ငါးရက်ကနေ ခုနစ်ရက်လောက်ပေါ့"
"သခင်လေးက ဝမ်ယိကို ဝယ်ချင်လို့လား။ လိုချင်တယ်ဆိုရင် ကျွန်တော် အခုပဲစီစဉ်လိုက်လို့ရပါတယ်။ ဒီပိတ်ရက်အကုန်လောက်မှာပဲ ကျွန်တော် မင်းအတွက် အကုန်ရအောင်ဝယ်ပေးပါ့မယ်။ တစ်ပတ်နီးပါးလောက်ကြာမှာပေါ့.."
ဟုန်းယွီချင်းက လေးနက်တည်ငြိမ်စွာ ပြောလိုက်လေသည်။
"မလိုပါဘူး။ မလိုပါဘူး။ ကျွန်တော်က ဒီတိုင်းမေးကြည့်တာပါ"
ကျန်းမုန့်လောင်၏စိတ်ခံစားချက်ကား ထိန်းမနိုင်သိမ်းမရဖြစ်နေလေတော့သည်။
ဈေးကွက်တန်ဖိုးဘီလီယံငါးရာရှိသော ကုမ္ပဏီတစ်ခု၊ မရေမတွက်နိုင်သော ဘွဲ့ရများက ထိုနေရာတွင်အလုပ်လုပ်ရဖို့ အပြင်းအထန်ပြိုင်ဆိုင်နေရသော အဓိကကော်ပိုရေးရှင်းကြီးတစ်ခုကို သူ့ဘက်က စကားတစ်ခွန်းဟလိုက်သည်နှင့် ရက်အနည်းငယ်အတွင်း အုပ်စုတစ်ခုလုံးကို အရယူနိုင်ခြင်းမှာ အလွန်စိတ်ကူးယဉ်မဆန်လွန်းဘူးလား။
"ဟက်ချိုး"
ကီလိုမီတာတစ်ထောင်ခန့်ဝေးသည့် အဝေးတစ်နေရာရှိ ဝမ်ယိဌာနချုပ် ဥက္ကဋ္ဌရုံးခန်းထဲတွင် ရှိနေလေသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်မှာ နှာချေလိုက်မိသည်။ ထိုလူမှာတော့ တခြားလူမဟုတ်။ ဝမ်ယိအုပ်စု၏ဥက္ကဋ္ဌတင်းရှန်ရှီပင်။
"ထူးဆန်းလိုက်တာ.. ရုတ်တရက်ကြီး ငါ ဘာလို့ နေမထိထိုင်မသာဖြစ်သွားတာပါလိမ့်။ အဲ့ဒီဂိမ်းတွေကြောင့် ကစားသမားတွေက ငါ့ကို ထပ်ဝေဖန်နေကြတာများလား"
...
"ဟုတ်သားပဲ။ ခင်ဗျားတို့ ဒီနေ့ ဒီကိုဘာလို့ရောက်လာတာလဲ..."
ယခုမှသာ ကျန်းမုန့်လောင်လည်း သူတို့၏လာရင်းကိစ္စကို မေးရန် သတိရတော့သည်။
"အိုး.. ကျွန်တော်တို့ဆီကို မစ္စတာကျန်းက အသိပေးစာတစ်စောင်ပို့ထားလို့ပါ။ သူက အဲ့ဒီနေရာကို မင်းရဲ့အဘိုးနဲ့ တခြားလူတွေရယ်နဲ့အတူ သွားနေလောက်ပြီ"
ဦးလေးဟုန်းက စကားဆိုလာသည်။
တစ်သက်လုံး ကျန်းမိသားစုအတွက် တာဝန်ထမ်းဆောင်လာသည့်အတွက် သူဟာ ကျန်းမိသားစုအရေးအရာကိစ္စများကို တချို့တစ်ဝက်နားလည်ထားသည်။ တော်တော်ကြာတိုင်း တစ်ခေါက်လောက်တော့ ကျန်းမိသားစု၏မျိုးဆက်တစ်ဆက်ချင်းစီက ဆန်းကြယ်လှသော နေရာတစ်ခုကို သွားရမည်ဖြစ်ကြောင်း သူသိထားသည်။ ဘယ်နေရာလဲဆိုသည်ကိုမူ သူ သိလည်းမသိသလို မေးလည်းမမေးကြည့်ဖူးပေ။
"မစ္စတာကျန်းက မင်းကိုစောင့်ရှောက်ပေးဖို့အတွက် ကျွန်တော်တို့ဆီမှာ အပ်သွားခဲ့တယ်။ တကယ်တော့ အဲ့ဒါက ကျွန်တော်တို့ဟုန်းမိသားစုရဲ့တာဝန်နဲ့စစ်ဆင်ရေးတစ်ခုပါပဲ။ ဒါပေမဲ့ ယွီချင်းက နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ရတာဆိုတော့ သူ့မှာ ကိစ္စတော်တော်များများကို ထပ်လုပ်ဆောင်နိုင်တဲ့ခွန်အားမရှိတော့ဘူး။ သူ မင်းကိုမစောင့်ရှောက်ပေးနိုင်မှာကို ကျွန်တော်စိတ်ပူမိလို့ ရီရီကို မင်းရဲ့အချိန်ပြည့်ကိုယ်ရေးလက်ထောက်အဖြစ် ခန့်ထားပေးဖို့ စဉ်းစားလိုက်မိတယ်လေ"
"ရီရီ"
ဦးလေးဟုန်းက သူ့ဘေးရှိ မိန်းကလေးကို လှည့်ကြည့်လိုက်သည်။
"ဒါက ကျွန်တော့်မြေးမလေး ဟုန်းရီတဲ့။ အခုကစပြီး မင်းမှာ ဘဝနဲ့ပတ်သက်တာ ဒါမှမဟုတ် တခြားပြဿနာတစ်ခုခုများရှိခဲ့ရင် သူ့ကို အကူအညီတောင်းလို့ရပါတယ်"
"မင်္ဂလာပါ မစ္စတာကျန်း.. ဒီနေ့ကစပြီး ရှင် ကျွန်မကို ဘယ်အလုပ်ကိစ္စပဲဖြစ်ဖြစ် ယုံယုံကြည်ကြည်အပ်လို့ရပါတယ်"
ဟုန်းရီဟုခေါ်သော မိန်းကလေးက ကျန်းမုန့်လောင်ကို တရိုတသေဦးညွှတ်ပြီး ပြောလာလေသည်။
ထိုအချိန်တွင် ကျန်းမုန့်လောင်လည်း ဟုန်းရီဟုခေါ်သော မိန်းကလေးကို စတင်စူးစမ်းကြည့်လိုက်မိတော့သည်။ သူ(မ)က အရပ်၁၆၅စင်တီမီတာရှည်ပြီး အသားအရေဖြူကာ ရှည်လျားသွယ်လျသော ခြေတံတို့ကို ပိုင်ဆိုင်ထားသည်။ သူ(မ)၏ပိတုန်းရောင်ဆံကေသာကို ခေါင်းအနောက်ဘက်မှာ ခပ်မြှင့်မြှင့်မြှောက်စည်းထားသည်။ သူ(မ)က စံချိန်မီအလှပဂေးလေးတစ်ယောက်ဖြစ်သော်လည်း သူ(မ)ကို သူ့ကိုယ်ရေးလက်ထောက်အဖြစ် မြင်ယောင်ကြည့်ဖို့ မအပ်စပ်သလို ခံစားနေရသည်။
"သခင်လေး.. ရီရီက အသက်ငယ်သေးပေမဲ့ သူ့ရဲ့စီမံကိုင်တွယ်တတ်တဲ့ လုပ်ဆောင်ရည်ကတော့ ယွီချင်းထက်တောင် သာပါသေးတယ်"
ဦးလေးဟုန်းက ဆိုလာသည်။
"သူက ဒီနှစ်ထဲမှာပဲ ဘဏ္ဍာရေးမေဂျာနဲ့ ဆေးဝါးကုသမှုမေဂျာမှာ ပါရဂူဘွဲ့ရထားတာပါ။ မင်းဆီမှာ ပိုပြီးကောင်းကောင်းမွန်မွန်တာဝန်ထမ်းဆောင်နိုင်ဖို့အတွက်လည်း သူက ငယ်ငယ်လေးကတည်းက အမျိုးသားဘာသာစကားတွေကို သင်ယူနေခဲ့တာမို့ မင်းကို နည်းလမ်းအမျိုးမျိုးနဲ့ ကူညီပေးနိုင်မှာပါ"
"အံ့မခန်းမိန်းမငယ်လေးပေါ့"
ကျန်းမုန့်လောင်က နောက်ပြောင်လိုက်သည်။
"ဦးလေးဟုန်း.. ခင်ဗျားရဲ့မြေးမချောချောလေးကို ကျွန်တော်နဲ့အတူထားခဲ့လို့ အဆင်ပြေမယ်ဆိုတာ သေချာရဲ့လား"
ထင်မှတ်မထားပါဘဲ ဦးလေးဟုန်းက သူ့အား အရိုအသေပေး၍ ပြောလာချေသည်။
"သခင်လေးသာ သူ့ကို သဘောကျတယ်ဆိုရင် အဲ့ဒါက ရီရီနဲ့ ကျွန်တော်တို့ဟုန်းမိသားစုအတွက် ကောင်းချီးတစ်ခုပါပဲ"
"ဒါက..."
ကျန်းမုန့်လောင်ခမျာ ထိုအဆိုပြုချက်ကြောင့် ဆို့နင့်သွားရသည်။
"ဦးလေးဟုန်း.. ဧကရာဇ်တစ်ပါးတောင်မှ ဒီလိုအလေးပေးဆက်ဆံမှုမျိုးရနိုင်မှာမဟုတ်ဘူးမလား"
"ဧကရာဇ်လား"
ဦးလေးဟုန်းက ရယ်လျက် ခေါင်းခါယမ်းပြလေသည်။
"မင်းရဲ့ဘိုးဘေးတွေသာ ဧကရာဇ်ဖြစ်ချင်ခဲ့တယ်ဆိုရင် အဲ့ဒီဧကရာဇ်တွေအကုန်လုံး လုံးဝတတ်နိုင်မှာမဟုတ်ဘူး။ အကြွယ်ဝဆုံးမင်းဆက်မှာတောင် မင်းတို့မိသားစုရဲ့စကားတစ်ခွန်းက အင်ပါယာတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိတယ်"
ထိုစကားကို ကြားလိုက်ရချိန် ကျန်းမုန့်လောင်တစ်ယောက် သူ အလွန်အမင်းကြောက်လန့်သွားခဲ့ကြောင်း ဝန်ခံပါသည်။