← Chapters

သင့်ကို စမ်းသပ်မှုတစ်ခုပေးခြင်း

Vol. 1 Ch. 3

သင့်ကို စမ်းသပ်မှုတစ်ခုပေးခြင်း

Vol. 1 Ch. 3

ဤနေရာမှာ အမတဘုံတစ်ခုအလား ထင်မှတ်ရသည်။ ဤနေရာ၌ ကျက်သရေရှိသောတိမ်ရောင်စုံများ၊ ပန်းရောင်ရေကန်များ၊ ကျောက်မျက်အရိုင်းတုံးအပြည့်မြေကွက်တစ်ခုနှင့် ရွှေနှင့်ကျောက်စိမ်းစပ်ထားသည့် ခမ်းနားထည်ဝါလှသောအထပ်မြင့်အဆောက်အဦးများနှင့် ပြည့်နှက်နေချေသည်။

ထူးခြားဆန်းပြားသော ပန်းများနှင့် ဆေးဖက်ဝင်အပင်များက မွှေးရနံ့လှိုင်လှိုင်သင်းနေပြီး ပတ်ပတ်လည်တွင် မြူခိုးများရစ်သိုင်းနေဟန် အရိပ်အယောင်တစ်ခုပင် ရှိနေလေသည်။ မြူမှိုင်းများအကြား ပုန်းကွယ်နေသည့်အရာကတော့ ချိုင့်ဝှမ်းများနှင့် မြင့်သွန်းလှသောတောင်တန်းများပင်။

မလှမ်းမကမ်းတွင်မူ အဆောက်အဦးပေါင်းများစွာရှိပြီး တချို့က ရိုးရာဆန်ကာ တချို့က ခေတ်မီနည်းပညာဖြင့်ပြည့်နှက်နေပြီး တချို့ကတော့ ကျန်းမုန့်လောင် ယခင်ကမမြင်ဖူးခဲ့သော ဗိသုကာပညာရပ်မျိုး၊ စိတ်ကူးစိတ်သန်းကောင်းသူတစ်ယောက်ပင် စိတ်ကူးထဲ၌ ပုံမဖော်နိုင်လောက်သော ဗိသုကာဒီဇိုင်းမျိုးပင်။

သို့တိုင် အကြောင်းပြချက်တချို့ကြောင့် ကျန်းမုန့်လောင်လည်း ဤအိပ်မက်မှာ မယုံနိုင်လောက်အောင်စစ်မှန်နေသလို ခံစားနေရသည်။ သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှထွက်ကာ ဆန်းကြယ်ပြီး လှပလွန်းသော ဤနေရာကို ရောက်ရှိလာသည့်အလားပင်။

"လေးစားရပါသောဆရာအသစ်ကို ထူးရှယ်နတ်ဘုရားသင်တန်းကျောင်းမှ ကြိုဆိုပါတယ်။ ကျွန်တော်ကတော့ ဒီကျောင်းရဲ့ AIဘဏ္ဍာစိုးဖြစ်ပါတယ်။ ခင်ဗျား ကျွန်တော့်ကို နာမည်အသစ်တစ်ခုပေးလို့ရပါတယ်"

ထိုအရာက ပြောလိုက်လေသည်။

"ဘာတွေဖြစ်နေတာလဲ။ ငါ့လိုတောသားလူနုံလေးက ဘာလို့ ဒီလိုခေတ်ဆန်တဲ့အိပ်မက်မျိုး မက်နေရတာလဲ"

ရုတ်တရက်ဆန်လှသည့် ဤအသံကြောင့် ကျန်းမုန့်လောင် ထိတ်လန့်သွားလေသည်။

"မစ္စတာ.. ခင်ဗျားက အခုအိပ်မက်မက်နေတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျား ထူးရှယ်နတ်ဘုရားသင်တန်းကျောင်းကို အသက်သွင်းခွင့်မရသေးလို့ပါ။ အဲ့ဒါကြောင့် ခင်ဗျားအမေက ခင်ဗျားရဲ့မသိစိတ်ကို ဒီနေရာဆီဝင်ရောက်နိုင်အောင်လို့ အိပ်မွေ့ချလိုက်တာ။ တိတိကျကျပြောရမယ်ဆိုရင် ခင်ဗျား အိပ်မက်မက်နေတာမဟုတ်ပါဘူး"

ထိုအရာက ရှင်းပြလေသည်။

"ငါ့အမေက ငါ့ကိုအိပ်မွေ့ချလိုက်တာလား"

ကျန်းမုန့်လောင် တုံ့ခနဲရပ်တန့်လိုက်သည်။

"ငါ့အမေ အိပ်မွေ့ချတတ်မှန်းတောင် ငါမသိခဲ့ဘူး"

"သား.. မင်း မသိတဲ့အရာတွေ အများကြီးရှိပါသေးတယ်။

ထိုအချိန်ဝယ် ကျန်းရှောင်ယွင်၏အသံက ကျန်းမုန့်လောင်၏အနောက်မှ ထွက်ပေါ်လာပြီး သူ့မိဘနှစ်ပါးလုံးက သူ့အနောက်မှ တိတ်တိတ်လေးပေါ်လာချေသည်။

"အမေ..အဖေ.. ဘာတွေဖြစ်နေတာလဲ။ ကျွန်တော့်ကို တစ်ယောက်ယောက်ရှင်းပြပေးနိုင်မလား"

ကျန်းမုန့်လောင်ခမျာ နှစ်နှစ်ဆယ်ကျော်သက်တမ်းရှိသည့် ကမ္ဘာကြီးအပေါ်ထားသော သူ့အမြင်က စတင်ပြိုလဲလာသလို ခံစားလိုက်ရသည်။

"ဒါက ခပ်မြန်မြန်ရှင်းပြလို့ရနိုင်တဲ့ကိစ္စမဟုတ်ဘူး"

ကျန်းရှောင်ယွင်က ဆိုလာ၏။ မြောက်များလှစွာသော သူဆိုလျှင် ဤချမ်းသာကြွယ်ဝမှုများနှင့် အံ့ဘနန်းထူးရှယ်နတ်ဘုရားသင်တန်းကျောင်းကို သူ့ဖခင်တစ်ဖြစ်လဲ ကျန်းမုန့်လောင်၏အဘိုးထံမှ အမွေဆက်ခံခဲ့ရစဉ်က သူ့တုံ့ပြန်ပုံမှာ ကျန်းမုန့်လောင်ထက်ပင် ပိုဆိုးသေးသည်။

"ရှင်းရှင်းပြောရရင် ထူးရှယ်နတ်ဘုရားသင်တန်းကျောင်းဆိုတာက ကျန်းမိသားစုရဲ့မျိုးရိုးအဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ရတနာတစ်ခုပဲ။ အဲ့ဒီကခွင့်ပြုချက်တွေအားလုံးကို မင်းရလိုက်တာနဲ့ မင်းဆန္ဒရှိတဲ့အရာတိုင်းကို ဒီနေရာမှာ တကယ်ဖြစ်အောင်ဖန်တီးနိုင်တယ်"

"အဖေ.. ကျွန်တော်က ရုပ်ဝါဒီတစ်ယောက်နော်။ သိပ္ပံပညာကိုလည်း ယုံကြည်တယ်။ ဒီတော့ ကျွန်တော် အမတတစ်ယောက်ဖြစ်လာနိုင်လား"

ကျန်းမုန့်လောင်ကလည်း ခွန်းတုံ့ပြန်၍ မေးခွန်းထုတ်လိုက်သည်။

ကျန်းမုန့်လောင်နှင့် သူ့ဇနီးဝမ်ယန်ကျဲတို့က အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြသည်။

"အမတဖြစ်ဖို့ဆိုတာ ခက်သလား"

အမတဖြစ်ရန်မှာ ခက်ခဲရုံမျှမကဲ စင်စစ်မဖြစ်နိုင်သည့်အရာပင်။

"ထူးရှယ်နတ်ဘုရားသင်တန်းကျောင်းက ဘယ်လောက်မှော်ဆန်လဲဆိုတာကို မင်း သူ့ခွင့်ပြုမိန့်တွေကို ကျော်ဖြတ်ခွင့်ရလာတာနဲ့အမျှ တဖြည်းဖြည်းနားလည်လာပါလိမ့်မယ်"

ကျန်းရှောင်ယွင်က ဆန်းကြယ်လှသောအပြုံးတစ်ပွင့်ကိုဆင်မြန်းရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ဒီရတနာက ငါတို့မိသားစုရဲ့ဘိုးဘွာပိုင်အမွေပစ္စည်းဖြစ်တဲ့အတွက် မင်းကို လွယ်လွယ်လေးအမွေဆက်ခံခွင့်တော့မပေးနိုင်ဘူး။ ငါ မင်းကို အရင်ဆုံးစမ်းသပ်မှဖြစ်မယ်"

"ကောင်းပြီလေ။ မင်း တစ်နှစ်အတွင်း သန်းတစ်သိန်းသုံးရမယ်။ အဲ့ဒါမှ ငါ မင်းကို ထူးရှယ်နတ်ဘုရားသင်တန်းကျောင်းကို ဝင်ခွင့်ပေးမှာ"

သူက ထိုသို့ကြေညာလိုက်သည်။

"ဟုတ်ကဲ့ပါ။ သတ်မှတ်ခြင်းပြီးဆုံးပါပြီ။ သခင်အသစ်က တစ်နှစ်အတွင်း သန်းတစ်သိန်းကုန်အောင်သုံးနိုင်မှ ထူးရှယ်နတ်ဘုရားသင်တန်းကျောင်းကို ဝင်ခွင့်ရမှာပါ။ လှူဒါန်းခြင်း၊ ပျက်စီးခြင်းနဲ့ လက်ဆောင်ပေးခြင်းတို့ကတော့ အကျုံးမဝင်ပါဘူး"

မတိုင်မီက ထိုအသံကြီးက ထပ်မံထွက်ပေါ်လာပြန်သည်။

"ဘာရယ်။ သန်းတစ်သိန်းသုံးရမယ်တဲ့လား"

ကျန်းမုန့်လောင်ခမျာ ထိုကိန်းဂဏန်းကြောင့် ခိုက်ခိုက်တုန်သွားရသည်။ တစ်နှစ်အတွင်း သန်းတစ်သိန်းသုံးရမည်ဆိုသည်မှာ တစ်ရက်ကို သုံးဘီလီယံသုံးရမည့်သဘောပင်။

ဒါက ဘယ်လိုစမ်းသပ်မှုမျိုးလဲ။

"ခဏနေပါဦး။ အဖေက မိသားစုစည်းစိမ်နဲ့ ဒီဘိုးဘွားပိုင်အမွေကို ကျွန်တော့်ကိုအမွေဆက်ခံခိုင်းမယ်ဆိုရင် အဖေကရော ဘာလုပ်တော့မှာလဲ"

ကျန်းမုန့်လောင်က တစ်ခုခုတော့ထူးဆန်းနေသလို တောက်လျှောက်ခံစားနေရသည်။ ပုံမှန်ဆိုလျှင် ပိုင်ဆိုင်မှုများကို နောက်မျိုးဆက်အား လွှဲပြောင်းပေးခြင်းမှာ နောက်ဆုံးအချိန်အတွက် ကိစ္စများစီမံချိန်မှသာ လုပ်ရခြင်းမျိုးပင်။ ဧကန္တ....

ကျန်းမုန့်လောင် ဘာတွေတွေးနေလဲဆိုသည်ကို သူ့အမူအရာမှတစ်ဆင့် ကျန်းရှောင်ယွင်သိလိုက်သည်။

"ဘာပေါက်ကရတွေတွေးနေတာလဲကွ။ ငါတို့က တခြားနေရာတွေကို လှည့်ပတ်စူးစမ်းချင်ရုံပဲရှိတာ"

ကျန်းရှောင်ယွင်က မှော်ဝင်ထူးရှယ်နတ်ဘုရားသင်တန်းကျောင်း၏ အဆုံးနားရှိ ကောင်းကင်ဘုံသို့တက်လှမ်းရာလှေကားထစ်တစ်ခုနှင့် ဆင်တူသည့် ရှုမျှော်ခင်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအရာမှာ တိမ်တိုက်များထဲကို မြွေလိမ်မြွေကောက်ရစ်ပတ်လျက် မြင့်တက်နေသည်မှာ ထိုလှေကား၏အဆုံး၌ အမည်မသိကမ္ဘာသစ်တစ်ခုရှိနေသည့်အလားပင်။

"ဒီကမ္ဘာကြီးထဲမှာ အဖေနဲ့အမေက ပိုက်ဆံနဲ့ဝယ်လို့ရသမျှအရာအားလုံးကို ခံစားခဲ့ပြီးပြီ။ အဲ့ဒီအရာကယူဆောင်လာပေးတဲ့ ပျော်ရွှင်မှုက ခဏတာသက်သက်ပဲ။ အခုဆိုရင် အဖေတို့ အဲ့ဒါကိုငြီးငွေ့နေပြီမို့ ကမ္ဘာသစ်တစ်ခုကို စူးစမ်းရှာဖွေချင်လို့"

"နေပါဦး။ အဖေတို့ ဘာတွေပြောနေတာလဲ။ ကျွန်တော်နားမလည်တော့ဘူး"

ကျန်းမုန့်လောင်တစ်ယောက် လုံးဝစိတ်ရှုပ်ထွေးသွားရသည်။ သူတို့က ဘယ်ကမ္ဘာသစ်ကို ရှာဖွေစူးစမ်းမှာလဲ။ သူတို့က မကောင်းဆိုးဝါးတွေလား။ အမတတွေလား။

"သား.. နောက်တစ်ခေါက် အဖေတို့ပြန်လာတဲ့အခါကျရင် မင်း အိမ်ထောင်ကျပြီး သားသမီးတွေမွေးထားတာကို မြင်ချင်မိတယ်။ တစ်ယောက်နှစ်ယောက်ဆိုရင်လည်း မနည်းသလို ငါးယောက်ခြောက်ယောက်ဆိုရင်လည်း သိပ်မများပါဘူး"

"ဘုန်း!"

ထိုအခိုက်အတန့်ဝယ် ကောင်းကင်ဘုံလှေကားထိပ်မှာ ကောင်းကင်ထက်မှ အလင်းရောင်တစ်ဖြာ ဆင်းသက်လာပြီး ရွှေရောင်အလင်းတိုင်တစ်ခုက လှေကားတစ်ခုလုံးကို ဖုံးအုပ်ထားလိုက်သည်မှာ ဆန်းကြယ်လှသောအင်အားတစ်ရပ်က အရာအားလုံးကို ဆွဲငင်သွားသည့်အလားပင်။

"မိန်းမရေ အချိန်ကျပြီ"

ကျန်းရှောင်ယွင်နှင့် သူ့ဇနီးဝမ်ယန်ကျဲတို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။

"ဟုတ်ပြီလေ။ သွားရမဲ့အချိန်ရောက်ပြီ"

ထိုစုံတွဲက ကျန်းမုန့်လောင်ကို အင်တင်တင်ဖြင့်ကြည့်ကာ...

"မုန့်လောင်.. မင်းရဲ့ဘဝကို ကောင်းကောင်းခံစားလိုက်ဦး။ မင်း တစ်ခုခုလိုအပ်တာရှိရင် ဘဏ္ဍာစိုးဟုန်းဆီကိုသာ သွားလိုက်။ ဒီကမ္ဘာကြီးထဲမှာ မင်း အချက်သုံးချက်ကိုပဲ မှတ်ထားဖို့လိုတယ်"

ဘာတွေဖြစ်နေလေမှန်း အတိအကျမသိသော်ငြား သူတို့၏စကားများက အရေးကြီးကြောင်းကိုတော့ ကျန်းမုန့်လောင် သိသည်။

"ပထမအချက် ငါတို့မိသားစုထက် ပိုချမ်းသာတဲ့လူရယ်လို့မရှိဘူး။ ဒုတိယအချက် ငါတို့မိသားစုမဖြေရှင်းနိုင်တဲ့ကိစ္စရယ်လို့မရှိဘူး။ တတိယအချက် တကယ်လို့များ မင်း ငါတို့ထက် ပိုချမ်းသာတဲ့လူတစ်ယောက်ယောက်ကို တွေ့ခဲ့တာတို့ ဒါမှမဟုတ် ငါတို့မဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုခုတို့များရှိခဲ့ရင် မင်း သေချာပေါက်အိပ်မက်မက်နေတာပဲ"

ကျန်းမုန့်လောင်ခမျာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ ကျန်းရှောင်ယွင်က သူ့ကို အရေးကြီးတာဝန်တစ်ရပ် ပေးအပ်လာမည်ကို သူ လေးလေးနက်နက်စောင့်ဆိုင်းနေခဲ့သော်လည်း တစ်ဖက်လူပြောရမည့်စကားက ဤစကားတဲ့လား။

သို့သော် ဤအရာအားလုံးက တကယ့်အစစ်လေလား။ သို့မဟုတ် အဆောင်ခန်းထဲတွင် သူ ဖုန်းကိုင်လိုက်သည့်အချိန်မှစ၍ အခုအချိန်အထိဖြစ်ပျက်နေသော အရာအားလုံးက အိပ်မက်မက်နေခြင်းလေလား။

ရုတ်ခြည်းပင် ကျန်းမုန့်လောင်၏မိဘများက တစ်ယောက်လက်ကို တစ်ယောက်ကိုင်လိုက်ကြပြီး ထိတ်လန့်အံ့သြနေသော သူ့မျက်စိရှေ့မှာတင် သူတို့က တကယ်ကြီးပျံတက်သွားကြချေသည်။ သူတို့ဟာ ထူးရှယ်နတ်ဘုရားသင်တန်းကျောင်းဟုခေါ်သောနေရာမှတစ်ဆင့် ကြယ်ကြွေလေးတစ်စင်းလို အထက်ကိုဆန်တက်ပြီးနောက် မလှမ်းမကမ်းရှိ ကောင်းကင်ဘုံလှေကားဆီသို့ ဝင်ရောက်ပြီး ထိုရွှေရောင်အလင်းတိုင်ကြား ဖုံးအုပ်ခံထားရသည့် တိမ်တိုက်များထဲကို ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။

"ငါ့..ငါ့မိဘတွေက အထက်ဘုံကိုတက်လှမ်းသွားတာလား"

ကျန်းမုန့်လောင်က ကောင်းကင်ကြီးကို ငေးကြောင်ကြောင်စိုက်ကြည့်ရင်း သူ့မျက်နှာထက်၌ အံ့သြမှင်တက်မှုများဖြင့် ပြည့်နှက်နေသည်။

ဟုတ်တယ်။ သူ အိပ်မက်မက်နေတာပဲဖြစ်ရမယ်။

ခဏအကြာ သူ မျက်လုံးပြန်ဖွင့်လိုက်လျှင် သူ့အဆောင်ခန်းထဲရှိ စာရေးစားပွဲပေါ်မှာ မှီလျက်သားဖြစ်နေမည်မှာ သေချာပေါက်ပင်။ ကွန်ပျူတာမျက်နှာပြင်ထက်မှာလည်း အင်တာဗျူးကျကြောင်း အသိပေးထားသည့် အီးမေးလ်က ပြသနေဆဲဖြစ်ပေလိမ့်မည်။

"သခင်အသစ်... ကျေးဇူးပြုပြီး စနစ်ကို တတ်နိုင်သမျှမြန်မြန်လေး နာမည်ပေးပါဦး"

"ဒါဆို မင်းကို ရှောင်ကျီလို့ခေါ်ကြတာပေါ့"

"ဒီနာမည်ကို ၂၃ဆက်မြောက်သခင်က သုံးခဲ့ပြီးပါပြီ။ ကျေးဇူးပြုပြီး နာမည်ပြန်ပေးပါ"

ကျန်းမုန့်လောင် : "???"

"ဒါဆိုလည်း ကောင်းပြီ။ မင်းကို ရှောင်ဝမ်လို့ခေါ်မယ်"

"ဒီနာမည်ကလည်း ၁၆ဆက်မြောက်သခင်က သုံးခဲ့ပြီးပါပြီ။ ကျေးဇူးပြုပြီး နာမည်ပြန်ပေးပါ"

"ဘာ.. ငါ့ဘိုးဘေးတွေက ဘယ်လိုမကောင်းဆိုးဝါးတွေပါလိမ့်"

ကျန်းမုန့်လောင်က သူ့နဖူးကို ရိုက်ချလိုက်သည်။

"ဒါဆို မင်းကို ဂျန်ကျီလို့ခေါ်မယ်"

"ဒီနာမည်ကိုတော့ ၁၄၉ဆက်မြောက်သခင်ဖြစ်တဲ့ ခင်ဗျားအဖေက သုံးပြီးပါပြီ။ ကျေးဇူးပြုပြီး နာမည်ပြန်ပေးပါ"

"ကျန်းရှောင်ယွင် ခင်ဗျား..."

ကျန်းမုန့်လောင် လက်သီးတင်းတင်းဆုပ်လိုက်မိသည်။

"ဒါဆိုရင် ငါ မင်းကို ကောထန်လို့ခေါ်မယ်"

"နာမည်ပေးခြင်းအောင်မြင်ပါတယ်။ ထူးရှယ်နတ်ဘုရားသင်တန်းကျောင်းရဲ့ ထက်မြက်တဲ့လက်ထောက်ကောထန်က တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ၂၄၉ဆက်မြောက်သခင်ရဲ့ညွှန်ကြားချက်အတိုင်း ထူးရှယ်နတ်ဘုရားသင်တန်းကျောင်းကို ဝင်ရောက်ခွင့်ရဖို့အတွက် တစ်နှစ်အတွင်း သန်းတစ်သိန်းကုန်အောင်သုံးရပါလိမ့်မယ်။ အချိန်ရေတွက်မှုကတော့ အခုပဲစပါပြီ"

ရုတ်ခြည်းဆိုသလို ဘေးပတ်ပတ်လည်ရှိ အရာအားလုံးက မှောင်အတိကျသွားပြီး ဆန်းကြယ်လှသောသင်တန်းကျောင်းကြီးကလည်း သူ့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။

"မင်း စောင့်ကြည့်နေလိုက်"

ကျန်းမုန့်လောင်က အသက်ပြင်းပြင်းရှိုက်ရှူလိုက်သည်။

ဒါတွေအကုန်လုံးက အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်နေခဲ့ရင် ငါ ငါ့ခေါင်းပေါ်တက်ပြီး အသင့်စားခေါက်ဆွဲပြုတ်စားရင်းနဲ့ ခေါင်းလျှော်ပြမယ်။

ကျန်းမုန့်လောင် မျက်လုံးဖွင့်လိုက်လေရာ မျက်စိစူးဖွယ်အလင်းရောင်တစ်ခုက ပြတင်းပေါက်မှတစ်ဆင့် သူ့မျက်လုံးကို ထိုးနေလေသည်။ သူသည် သူ့အခန်းထဲတွင် လဲလျောင်းနေခြင်းဖြစ်ပြီး အိမ်ထဲတွင်လည်း သူတစ်ယောက်တည်းသာ ရှိ၏။ အိပ်ရာဘေးရှိ စားပွဲထက်တွင် အစိမ်းရောင်ကျောက်ရိုင်းတစ်တုံးဖြင့် အလှဆင်ထားသော သေတ္တာလေးတစ်လုံးရှိနေသည်။

ကျန်းမုန့်လောင်၏အသက်ရှူသံများက ရုတ်ခြည်းမြန်ဆန်သွားရသည်။

ဒါ...ဒါတွေအားလုံးက တကယ့်အစစ်အမှန်တွေများလား။

All Chapters