← Chapters

သူငယ်ချင်းလေး.. မင်းမှာ မေးစရာတွေအများကြီးရှိနေလား

Vol. 1 Ch. 2

သူငယ်ချင်းလေး.. မင်းမှာ မေးစရာတွေအများကြီးရှိနေလား

Vol. 1 Ch. 2

"ဘာတွေဖြစ်နေတာလဲ။ ဒါက တကယ်ပဲ အဖေ့ကားလား။ ဒါမှမဟုတ် ငှားလာတာလား"

ကျန်းမုန့်လောင်က ချက်ချင်းဆိုသလို ဓာတ်ပုံတစ်ပုံရိုက်လိုက်ပြီး ကျန်းရှောင်ယွင်ကို မက်ဆေ့ချ်တစ်စောင်ပြန်ပို့လိုက်သည်။

ဤသည်မှာ Rolls-Royceကားတစ်စီးပင်။ ကျန်းမုန့်လောင်အနေနှင့် ကားများအကြောင်း သိပ်မသိသော်လည်း ဈေးအပေါဆုံးRolls-Royceကားပင်လျှင် သန်းနှင့်ချီပြီး ကုန်ကျသည်။ သူတို့မိသားစုပိုင်ပစ္စည်းများအားလုံးကို ရောင်းထုတ်လိုက်လျှင်တောင် ဤကားတစ်စီးစာကို ယှဉ်နိုင်မည်မဟုတ်။

"ကောင်လေး.. မင်းက ဒီလောက်လေးနဲ့တောင် အံ့သြနေပြီပေါ့။ နောက်ပိုင်းကျရင် ဘဝကြီးကိုများ မေးခွန်းထုတ်နေတော့မှာလား။ လာ.. ကားထဲကိုဝင်။ ဒါက ငါတို့မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို အမြဲစီမံပေးနေခဲ့တဲ့ အိမ်တော်ထိန်းကြီးပဲ။ သူ့ကို ဦးလေးဟုန်းလို့သာ ခေါ်လိုက်"

"အိမ်တော်ထိန်းလား။ ကျွန်တော်တို့မိသားစုမှာ အိမ်တော်ထိန်းတစ်ယောက်ရှိတယ်ပေါ့"

ကျန်းမုန့်လောင် အနည်းငယ်းစိတ်ရှုပ်ထွေးသွားရသည်။ ဝတ္ထုများနှင့် ရုပ်ရှင်များထဲတွင် အိမ်တော်ထိန်းဆိုသည်မှာ စီအီးအိုများ သို့မဟုတ် အနောက်နိုင်ငံများတွင်သာရှိသည်ဟု သူထင်ထားခဲ့ခြင်းပင်။

"သခင်လေး.. ကားထဲကိုမြန်မြန်ဝင်လိုက်ပါ။ ကားရပ်နားစခန်းကနေ အိမ်ကိုကားမောင်းရင် နာရီဝက်ကျော်ကျော်လောက်ကြာတယ်။ မစ္စတာကျန်းကို စိုးရိမ်တကြီးနဲ့စောင့်နေရအောင် မလုပ်နဲ့လေ"

"အိုး.. အိုး.."

ကျန်းမုန့်လောင်လည်း ကားထဲကို ချွတ်နင်းဝင်သွားလိုက်သည်။ ယခုလောလောဆယ်တော့ ကားက သူတို့မိသားစုအပိုင်ဖြစ်နေဟန်တူသော်ငြား သူကတော့ စိတ်အေးလက်အေးမနေရဲသေးပေ။ အကြောင်းမှာ ကားအတွင်းပိုင်းကို သူ မတော်တဆဖျက်ဆီးလိုက်မိလျှင် ပြုပြင်စရိတ်က သောင်းဂဏန်းမကလောက်ပေ။

"မောင်းတော့"

ဦးလေးဟုန်းက မတိုင်မီကအတိုင်း သြဇာအရှိန်မျိုးပြန်ဖြစ်သွားပြီး ကားဒရိုင်ဘာကလည်း တံခါးကို ဂရုတစိုက်ပိတ်ကာ ဒရိုင်ဘာထိုင်ခုံသို့ ပြန်သွားလေသည်။ ကားက သူ့အိမ်သို့ ချောချောမွေ့မွေ့မောင်းနှင်နေလေတော့သည်။

"ဦးလေး.. ခင်ဗျားက ဦးလေးဟုန်းလား"

ကျန်းမုန့်လောင်တစ်ယောက် သတိကြီးကြီးထားပြီး မေးလိုက်သည်။

"ခင်ဗျားက ကျွန်တော်တို့မိသားစုရဲ့အိမ်တော်ထိန်းလို့ ကျွန်တော့်အဖေကပြောတယ်။ ဒါပေမဲ့ ကျွန်တော်က ခင်ဗျားကို ဘာလို့အရင်ကမမြင်ဖူးခဲ့တာလဲ"

"ဟီးဟီးဟီး.. သခင်လေး မစ္စတာကျန်းက ဒီလိုကိစ္စတွေအကြောင်း မင်းကိုမသိစေချင်ဘူးလေ။ သူ့မှာလည်း သူ့အကြောင်းပြချက်နဲ့သူရှိတာကိုး။ အခု မင်းကို အသိပေးလိုက်ပြီဆိုတော့ အဲ့ဒီအဓိပ္ပာယ်က သူ မင်းကို အရာအားလုံးလက်လွှဲပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့သဘောပဲ။ မင်း အိမ်ကိုရောက်တဲ့အခါကျရင် အကုန်သိရပါလိမ့်မယ်"

ဦးလေးဟုန်းက တလေးတစားပြန်ဖြေပေးသည်။

"သောက်ကျိုးနည်း.. ကျွန်တော့်အဖေပြောတဲ့ မိသားစုအမွေကိုဆက်ခံရမယ်ဆိုတဲ့စကားက အမှန်ပဲလား"

ကျန်းမုန့်လောင်၏နှလုံးသားလေးဟာ ရုတ်ခြည်း အပြင်းအထန်ခုန်လှုပ်လာသည်။

ဒီလိုသာဆိုရင် ဘာလို့အလုပ်ကြိုးစားနေရမှာလဲ။ အမွေတွေကို အသာလေးဆက်ခံလိုက်တာက ပိုမကောင်းဘူးလား။

"ဦးလေးဟုန်း ကျွန်တော် တစ်ခုလောက်မေးလို့ရမလား"

"သခင်လေး.. မေးသာမေးပါ။ မစ္စတာကျန်းက ကျွန်တော့်ကို ထုတ်မပြောဖို့ညွှန်ကြားထားတဲ့ကိစ္စမဟုတ်သရွေ့ မင်းမေးတာကို ကျွန်တော် သေချာပေါက်အကုန်ပြန်ဖြေပေးမှာပါ"

"ဒီကားက တကယ်ပဲ ကျွန်တော်တို့ကားလား။ ငှားထားတာမဟုတ်ဘူးမလား"

ကျန်းမုန့်လောင်ခမျာ ယခုအခိုက်အတန့်လေးကို သံသယအပြည့်ဖြစ်နေဆဲပင်။

"ဒါပေါ့။ ဒီကက မစ္စတာကျန်းရဲ့အပိုင်ပါ"

ဦးလေးဟုန်းက ပြောလိုက်၏။

"သခင်လေးက ဒီကားကို အရမ်းအဆင့်နိမ့်တယ်လို့ ထင်နေတာလား။ ကံဆိုးချင်တော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူးလေ။ မစ္စတာကျန်းက ရုတ်တရက်ကြီးစီစဉ်လိုက်တာဆိုတော့ ကျွန်တော့်မှာ ပြင်ဆင်ချိန်မရလိုက်ဘူး။ အဲ့ဒါကြောင့် အရင်ဆုံး မင်းကို ဒီကားနဲ့ပဲ ဖြစ်ကတတ်ဆန်းလာကြိုဖို့ဖြစ်သွားတာ"

"အဆင့်နိမ့်တယ်တဲ့လား။ ဖြစ်ကတတ်ဆန်းနိုင်တယ်တဲ့လား"

ထိုစာလုံးများက ကျန်းမုန့်လောင်၏စိတ်အစဉ်ထဲ တဝဲလည်လည်ဖြစ်သွားချေသည်။

ခင်ဗျားတကယ်ကြီးပြောနေတာလား ဦးလေးကြီး။ ဒီလောက်အထိ လေလုံးထွားဖို့လိုလို့လား။ ဒါက Rolls-Royceနော်။ ကျန်းနန်တစ်မြို့လုံးမှာတောင် ဒီလိုကားတစ်စီးကို လူတွေအများကြီးဝယ်နိုင်ကြတာမဟုတ်ဘူး။ ဒီကားက ထိပ်တန်းအဆင့်ဇိမ်ခံကားတစ်စီး..။ အဲ့ဒါကို ခင်ဗျားက အဆင့်နိမ့်တယ်လို့ပြောလိုက်တာလား။

ဘယ်လိုကားမျိုးကိုမှ အဆင့်မြင့်တယ်လို့ သတ်မှတ်တာလဲ။ ဘယ်လိုကားမျိုးကမှ ဖြစ်ကတတ်ဆန်းမနိုင်တာလဲ။

"ကျွန်တော်တို့က တကယ်ပဲ အဲ့လောက်တောင်ချမ်းသာတား"

ကျန်းမုန့်လောင်က ထပ်မေးလိုက်ပြန်သည်။

"ဟီးဟီးဟီး သခင်လေး.. မစ္စတာကျန်းရဲ့ကြွယ်ဝချမ်းသာမှုကို ကျွန်တော်အသေးစိတ်တော့မသိပေမဲ့ ကျွန်တော်စီမံပေးနေရတဲ့ ပိုင်ဆိုင်မှုတချို့ရဲ့တန်ဖိုးက လက်ရှိအချမ်းသာဆုံးလူမစ္စတာဘင်ဇိုထက်တောင် ပိုသာတယ်ဆိုတာတော့ အတပ်ပြောနိုင်ပါတယ်"

ဦးလေးဟုန်းက ထိုသို့နှယ်ဖြေလာသည်။

"အမလေး"

အစတုန်းကမူ သူတို့မိသားစုက တကယ်ပဲချမ်းသာပါက အတော်အတန်ကြီးမားသော ကုမ္ပဏီတစ်ခုကိုသာ ပိုင်ဆိုင်လိမ့်မည်ဟု သူထင်ခဲ့မိသည်။ သို့သော် ဦးလေးဟုန်း၏စကားအရဆိုပါက သူ့မိသားစု၏ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းကတင် ကမ္ဘာ့အချမ်းသာဆုံးလူတစ်ယောက်ဖြစ်ဖို့ လုံလောက်နေချေပြီ။

"သခင်လေး.. မင်းရဲ့မိသားစုကိစ္စနဲ့ပတ်သက်ပြီး တကယ်တော့ ကျွန်တော်လည်းသိပ်မသိပါဘူး။ ကျွန်တော်တို့မိသားစုရဲ့မစ်ရှင်က မစ္စတာကျန်းရဲ့စည်းစိမ်ဥစ္စာကို စီမံထိန်းသိမ်းပေးပြီး တခြားမဆိုင်တာတွေကို မစပ်စုဖို့ပါပဲ"

"ခင်ဗျားမိသားစုလား"

ကျန်းမုန့်လောင်တစ်ယောက် ထိုစကားလုံးများ၏အဓိပ္ပာယ်ကို နားမလည်သဖြင့် နောက်တစ်ဖန်အံ့သြမှင်တက်သွားရချေသည်။

"ကျွန်တော်တို့ဟုန်းမိသားစုရဲ့ မျိုးရိုးဗီဇမှတ်တမ်းထဲမှာ မျိုးဆက်နှစ်ဆယ်ကျော် မှတ်တမ်းတင်ထားပြီးပါပြီ။ ကျွန်တော်တို့ရဲ့ ဆွေစဉ်မျိုးဆက်ပြဇယားထဲမှာ မှတ်တမ်းတင်ထားတဲ့ ပထမမြောက်ဘိုးဘေးကစပြီး ကျွန်တော်တို့တစ်မိသားစုလုံးက မင်းမိသားစုကို ခစားနေခဲ့ရတာပါ"

ဦးလေးဟုန်းက ဆို၏။

"ဘာတွေဖြစ်နေတာပါလိမ့်"

ကျန်းမုန့်လောင်၏စိတ်အစဉ်မှာ လုံးဝဖရိုဖရဲဖြစ်သွားရပြီး "ကောင်လေး မင်းမှာမေးစရာမေးခွန်းတွေ အများကြီးရှိနေလား"ဟူသောစာသားက သူ့နားထဲ ပဲ့တင်ထပ်နေချေတော့သည်။ သူ အိပ်ရာကမနိုးသေးဘဲ အိပ်မက်မက်နေဆဲလားဟူ၍ပင် တွေးနေမိသည်။

```

သို့သော် ထိုအချိန်မှာ ကားက သူတို့နေအိမ်သို့ရောက်ရှိလာသည်။ ဂိတ်တံခါးဝမှာ မတ်တတ်ရပ်နေသူများမှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ ထိုသူတို့မှာ ကျန်းမုန့်လောင်၏အဖေ ကျန်းရှောင်ယွင်နှင့် သူ့အမေဝမ်ယန်ကျဲတို့ ဖြစ်၏။

"မစ္စတာကျန်း ခင်ဗျားညွှန်ကြားထားတဲ့အတိုင်း ကျွန်တော် သခင်လေးကို ပြန်ခေါ်လာခဲ့ပါပြီ"

ဦးလေးဟုန်းက ကျန်းရှောင်ယွင်ကို တလေးတစားဦးညွှတ်ကာ ပြောလိုက်သည်။ ကျန်းရှောင်ယွင်ကိုကြည့်သော ဦးလေးဟုန်း၏အကြည့်ထဲတွင် လေးစားကြည်ညိုမှုအရိပ်အယောင်များ ယှက်သန်းနေသည်မှာ ထိုင်ကိုးကွယ်တော့မတတ်ဖြစ်နေကြောင်း ကျန်းမုန့်လောင် သတိပြုမိလိုက်သည်။

"ပင်ပန်းသွားပြီ ဦးလေးဟုန်း.. အခုပြန်လို့ရပါပြီ။ ကျွန်တော် ခင်ဗျားကိုခိုင်းထားတဲ့အလုပ်ကို မှတ်မိတယ်မလား။ အခုကစပြီး မုန့်လောင်ကို စောင့်ရှောက်ပေးပါဦး"

ကျန်းရှောင်ယွင်က ဦးလေးဟုန်းကိုပြောလိုက်သည်။

"မစ္စတာကျန်း.. ဘာတွေပြောနေတာလဲ။ ဒါက ကျွန်တော်လုပ်သင့်တဲ့အရာပါ။ စိတ်ချထားပါ။ ခင်ဗျားမရှိရင်တောင် ကျွန်တော် သခင်လေးကို ကောင်းကောင်းစောင့်ရှောက်မှာပါ"

"ကောင်းပြီ။ ဒါဆို ခင်ဗျားသွားပြီး ကိစ္စတွေကိုင်တွယ်လိုက်ဦး"

"ဟုတ်ကဲ့ပါ"

ဦးလေးဟုန်းက ကားထဲကိုပြန်ဝင်သွားလိုက်ပြီးနောက် Rolls-Royceကားကလည်း အရှိန်ပြင်းပြင်းထွက်ခွာသွားလေတော့သည်။

"ဘာတွေဖြစ်နေတာလဲ။ အဖေမရှိရင်တဲ့လား။ အဖေ.. အဖေတို့ ဘယ်သွားကြမလို့လဲ။ ပျားရည်စမ်းခရီးလား။ မဖြစ်နိုင်တာ.. မဖြစ်နိုင်တာ။ ဒီလောက်နှစ်တွေအများကြီးစခန်းသွားခဲ့ပြီးပြီကို အခုထိ အချစ်စိတ်နဲ့ စိတ်လှုပ်ရှားစရာလေးတွေ ရှာဖွေချင်နေတုန်းပဲလား"

"ဖြန်း!"

ကျနရှောင်ယွင်က ကျန်းမုန့်လောင်၏ခေါင်းကို ရိုက်ချလိုက်သည်။

"ကောင်စုတ်လေး "စခန်းသွားခဲ့ပြီးပြီ"ဆိုတာက ဘာသဘောတုန်း။ ကောင်းကောင်းမွန်မွန်မပြောတတ်ဘူးလား"

"ဒါဆို အဖေတို့ဘယ်သွားမလို့လဲ။ 'Condar Heroes'ထဲကလိုမျိုး ဟီးရိုးစုံတွဲဖြစ်ဖို့အတွက် တောနက်ထဲကိုသွားကြမလို့လား"

ကျန်းမုန့်လောင်က ဆက်လက်စနောက်နေလေသည်။

"မင်း ဝတ္ထုတွေအများကြီးဖတ်နေတာလား"

ဝမ်ယန်ကျဲက ကျန်းမုန့်လောင်၏နဖူးကို လက်ချောင်းဖြင့်ထိုးလိုက်သည်။

"အိမ်အရင်ပြန်ပြီး ဆွေးနွေးရအောင်"

ကျန်းရှောင်ယွင်က ဆိုလိုက်လေသည်။

ဤသည်မှာ ၈၉မီတာပတ်လည်အိမ်လေးပင်ဖြစ်သော်ငြား Rolls-Royceကားနှင့် ဝင်လာရသည့်အတွက် မအပ်စပ်သလို ထူးဆန်းနေချေသည်။

ထမင်းစားစားပွဲပေါ်တွင် အရသာရှိသောဟင်းလျာများနှင့် ပြည့်နှက်နေသော်လည်း ကျန်းမုန့်လောင်ကတော့ မေးစရာမေးခွန်းများနှင့်ပြည့်နေ၍ စားမဝင်နိုင်ပေ။

သူက ဦးတည်ချက်မဲ့စွာဖြင့် စားစရာကိုလှမ်းယူလိုက်သောအခါ ညစာစားပွဲရှိလေထုက ပိုမိုတင်းကျပ်လာသည်။

"အမေနဲ့အဖေ.. ဘာတွေဖြစ်နေတာလဲဆိုတာကို ပြောပြဖို့အချိန်တန်ပြီမဟုတ်ဘူးလား။ အဖေတို့နှစ်ယောက်ပေါင်းပြီး ကျွန်တော့်ကိုညာနေတာလား။ တကယ်မလိုအပ်ဘူးနော်။ အဲ့ဒီကုမ္ပဏီက ကျွန်တော့်ကိုအလုပ်ဖြုတ်လိုက်တော့ရော ဘာဖြစ်လဲ။ သူတို့ ကျွန်တော့်ကိုမလိုချင်ရင် အဲ့ဒါ သူတို့ရဲ့ဆုံးရှုံးနစ်နာမှုလေ။ အလုပ်ဆိုတာ အမြဲပြန်ရှာလို့ရပါတယ်"

"ဘယ်သူက မင်းကိုညာနေလို့လဲ။ အခု ငါမင်းကိုအတည်ပြောမယ်။ ဒီနေ့ကစပြီး မိသားစုရဲ့ပိုင်ဆိုင်မှုမှန်သမျှ မင်းကိုလွှဲပြောင်းပေးလိုက်ပြီ"

"ပိုင်ဆိုင်မှုအကုန်လား။ ဘယ်လောက်လဲ"

ကျန်းမုန့်ယောင်က သိလိုစိတ်ကြောင့် မေးလိုက်သည်။

"ငါလည်းမသိဘူး။ ငါ ဘယ်တုန်းကမှ မရေကြည့်ဖူးဘူး။မင်းရဲ့လက်ကျန်ဘဝတစ်လျှောက်လုံးသုံးရင်တောင် အဲ့ဒါကိုလျော့သွားအောင်လုပ်လို့မရဘူးဆိုတာပဲသိထား"

ကျန်းရှောင်ယွင်က မျက်လှည့်ပြလိုက်သည့်အလား ဘူးလေးတစ်ဘူးကို ထုတ်လိုက်သည်။ ဘူးထဲတွင် အစိမ်းရောင်ကျောက်တစ်လုံးရှိနေပြီး အလင်းရောင်အောက်တွင် မျက်စိဖမ်းစားဖွယ်အရောင်အဝါများ လင်းလက်နေဟန်ပင်။

"မိသားစုပိုင်ဆိုင်မှုတွေအပြင် ဒီကျောင်းကိုပါ မင်း လက်လွှဲယူရမယ်"

"ကျောင်းလား။ ဒါက ကျောက်တုံးလေးတစ်တုံးမဟုတ်ဘူးလား။ ဘာကျောင်းလဲ"

ကျန်းမုန့်လောင်က ကျောက်တုံးကိုဆွဲယူလိုက်သော်လည်း ထင်မှတ်မထားပါဘဲ ကျောက်တုံးလေးက သူ့လက်ဝါးထဲကိုရောက်သည်နှင့် ရေခဲအလား အရည်ပျော်သွားပြီး သူ့အရေပြားထဲကို စိမ့်ဝင်ကာ ခြေရာလက်ရာတောင်မကျန်ဘဲ ပျောက်ကွယ်သွားလေသည်။

"ဘာလဲဟ"

ကျန်းမုန့်လောင်ခမျာ လန့်လွန်းအားကြီးပြီး ထိုင်ခုံပေါ်က ပက်လက်လန်လျက် လဲကျသွားသည်။ အမည်မသိအရာဝတ္ထုတစ်ခုက သူ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်သွားလေပြီ။ ဤကိစ္စထက်ပိုပြီး ထူးခြားဆန်းကြယ်သောကိစ္စမျိုးရှိနိုင်ပါဦးမလား။

သို့သော် ကျန်းမုန့်လောင်၏မိဘများကတော့ ဤကိစ္စကို ကြိုသိထားသည့်အလား လုံးဝမတုန်မလှုပ်သာ။

"ကောင်းပြီ။ သွားအိပ်တော့။ မင်းနိုးလာတဲ့အခါကျရင် အကုန်နားလည်သွားလိမ့်မယ်"

ဝမ်ယန်ကျဲ၏လက်က ကျန်းမုန့်လောင်၏မျက်စိရှေ့ကို ရုတ်တရက်ရွေ့လျားလာသည်မှာ အိပ်မွေ့ချလုပ်ငန်းစဉ်ကို လုပ်လိုက်သည့်အလားပင်။ ထို့နောက် သူ့အမြင်အာရုံက ဝေဝါးသွားရပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားလေတော့သည်။

သူ့အိပ်မက်ထဲတွင်မူ သူသည် အဆုံးစွန်အောင်ဆန်းကြယ်လှသော နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့လေ၏။

All Chapters