အခန်း (၇၆)
Vol. 6 Ch. 76
ဝူကောသည် သူ့လက်များကို ပုခုံးပေါ်တွင် ထားလိုက်သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးကတော့ အေးတာကြောင့် တုန်ခါနေခဲ့သည်။
သူသည် သူ့ရဲ့ဖုန်းကိုကြည့်လိုက်ချိန်တွင် ယနေ့ရဲ့ လက်ရှိအပူချိန်က 32ဒီဂရီဝန်းကျင်မှာပဲရှိပြီး ရာသီဥတုက အနည်းငယ်ပူတာကို တွေ့ရှိလိုက်ရသည်။
အပြင်မှာ အနည်းငယ်လှုပ်ရှားလိုက်ရုံဖြင့် သူ့ခန္ဓာကိုယ်တွင် ချွေးများထွက်လာလိမ့်ဖြစ်သည်။
သို့သော်လည်းပဲ ဒီအခန်းထဲမှာတော့ သူသည် အရမ်းအေးနေသလို ခံစားနေရသည်၊ မဟုတ်ပါလော…?
" ငါ့ခန္ဓာကိုယ်ကပဲ တစ်ခုခုမှားနေတာလား? "
ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲသို့ အပူလှိုင်းတစ်ခုက ဝင်ရောက်လာခဲ့သည်။
သူ့ခန္ဓာကိုယ်အတွင်းပိုင်းထဲတွင် လေပူ နှင့် လေအေးများက ပိုင်နက်လုနေသလိုမျိုး အချင်းချင်းတိုက်တိုက် နေကြသည်။
ထို့ကြောင့် ဝူကော၏ ခန္ဓာကိုယ်က အေးလိုက်၊ပူလိုက်နှင့် တစ်လှည့်စီပြောင်းလဲနေခဲ့သည်။
ထိုဖြစ်ရပ်က ဒဏ္ဍာရီလာ အတွင်းအားလေ့ကျင်နေသလိုမျိုး ဖြစ်နေခဲ့သည် ။
ဝူကောသည် အတော်လေးကို နာကျင်နေပြီး အထူးသဖြင့် သူ့ကိုယ်တွင်းအင်္ဂါများက မသက်မသာဖြစ်သလိုမျိုး ခံစားနေရသည်။
ထို့နောက် သူရူးသွပ်တော့မည်အချိန်တွင် အပူစီးကြောင်းတစ်ခုက သူ့နှာခေါင်းကနေထွက်လာခဲ့သည်။
ထိုအရာကို သတိထားမိလိုက်ပြီး ဝူကော၏ မျက်နှာက ပြောင်းလဲသွားခဲ့သည်။
" ပြီးသွားပြီ ၊ငါတော့ တကယ်ပြဿနာတက်ပြီ။ "
ကျယ်လောင်သောအသံဖြင့် သူသည် ရေချိုးခန်းထဲသို့ ဒုန်းဆိုင်းပြေးသွားခဲ့ပြီး သူ့ခေါင်းကို လက်ဆေးကန်ထဲသို့ မြှုပ်လိုက်၍ သူ့ဘာသာသူပြင်ဆင်ထားခဲ့သည်။
ပေါက်…
ပေါက်…
.
ပေါက်…
သူ့နှာခေါင်းမှ နှာခေါင်းသွေးများက သုံးကြိမ်ယိုစီးလာခဲ့သည်။
ထိုသွေးများက လက်ဆေးကန်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
" အား…အခုမှပဲ ပိုပြီး သက်တောင့်သက်သာရှိတော့တယ်။ "
ဝူကောသည် သူ့နှာခေါင်းမှ သွေးများကို ဆေးကြောပြီးနောက် သူသည် စိမ်ခံအိပ်ခန်းစီသို့ လမ်းလျှောက်သွားခဲ့သည်။
သို့သော်လည်းပဲ သူသည် နှစ်မိနစ်အတွင်းမှာပဲ ရေဆေးကန်စီသို့ ပြန်ပြေးလာခဲ့ရသည်။
,
ပေါက်…
ပေါက်…
သူ့နှာခေါင်းမှ နှာခေါင်းသွေးများ နှစ်ကြိမ်ယိုစီးလာခဲ့သည်။ထို့ေနာက် သူသည် နှေးကွေးစွာဖြင့် စိမ်ခံအိပ်ခန်းထဲသို့ နောက်တစ်ကြိမ်လမ်းလျှောက်သွားခဲ့သည်။ထို့ပြင် သူ့ခန္ဓာကိုယ်အတွင်းထဲတွင်လည်း
ပူလိုက် ၊ အေးလိုက်နှင့် တစ်လှည့်စီဆက်ပြီးတော့ ပြောင်းလဲနေခဲ့သည်။
ထိုအချိန်တွင် သူ့နှာခေါင်းမှ နှာခေါင်းသွေးများက နောက်တစ်ကြိမ်ထပ်မံပြီး ယိုလာခဲ့တာကြောင့် သူသည် ရေချိုးခန်းစီသို့ ပြေးသွား၍ သူခေါင်းကို လက်ဆေးကန်ထဲသို့ နောက်တစ်ဖန် မြှုပ်လိုက်ရသည်။
ပေါက်…
ပေါက်…
သူ့နှာခေါင်းကနေပြီးတော့ နှာခေါင်းသွေးများက နှစ်ကြိမ် ပန်းထွက်လာခဲ့သည်။
….
ထိုသို့ဖြင့် သူသည် မိနစ်အနည်းငယ်တိုင်းတွင် သန့်စင်ခန်းထဲသို့ အပြေးအလွှားသွားခဲ့ရသည်။
ဝူကောသည် ပထမက နှာခေါင်းသွေးယိုတာကို အချိန်ဆယ်မိနစ်လောက်တော့ တောင့်ခံနိုင်သေးသည်
" ဒါက နှာခေါင်းသွေး နည်းနည်းလေးပါဘဲ…။ငါက လူငယ်ဖြစ်ပြီးတော့ သန်မာတဲ့အတွက် ကိုယ်တွင်းဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးသင့်တယ်။ "
ဒါပေမဲ့လည်း မိနစ်နှစ်ဆယ်ကြာပြီးနောက်တွင် သူ့၏မျက်နှာက အနည်းငယ်ဖြူဖျော့လာခဲ့သည်။
" ၁၀၀cc …မဆိုးပါဘူး…"
…
ထို့နောက် နာရီဝက်ကြာပြီးနောက်တွင် သူ့၏ မျက်နှာက ပိုပြီးတော့တောင်မှ ဖြူဖျော့လာခဲ့သည်။
" ငါလေးက ၂၀၀cc…တောင် တိုင်းပြည်အတွက် သွေးလှူလိုက်တာဘဲ။ "
…
မိနစ်လေးဆယ်ကြာပြီးနောက်တွင် ဝူကော၏ မျက်နှာက အပြာရောင်အနည်းငယ်သန်းလာခဲ့သည်။
" ၃၀၀ccတောင် ငါလေးက သွေးလှူခဲ့တာဘဲ…။ဒါပေမဲ့ ငါဒါကို တောင့်ခံနိုင်သေးတယ်။ "
……
ထိုသို့ဖြင့် မိနစ်ငါးဆယ်ကြာပြီးနောက် သူလမ်းလျှောက်သောအခါတွင် လေပေါ်မှာလွင့်နေခဲ့သည်။သူသည် သွေးအများကြီးဆုံးရှုံးခဲ့ရတာကြောင့် သူ့ရဲ့ခေါင်းက လေးလံနေခဲ့ပြီး သူ့ခြေထောက်တွေကလည်း ပေါ့ပါးနေသလို ခံစားနေရသည်။ထို့ကြောင့် သူခြေလှမ်းနှစ်လှမ်း လှမ်းပြီးတိုင်း နောက်သို့တစ်လှမ်းပြန်ဆုတ်သွားခဲ့သည်။
"ငါလေး နှာခေါင်းသွေးယိုတာ ၄၀၀cc နီးပါးရှိနေပြီ "
အထူးသဖြင့် တစ်နာရီကြာပြီးနောက်တွင် သူ့၏ဦးခေါင်းကို လက်ဆေးကန်ပေါ်တွင် တင်ထားရသည်။
ဝူကောသည် မှန်ထဲတွင် နှာခေါင်းသွေးယိုနေတဲ့ သူ့ပုံကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
" အစ်ကိုကြီးနှာခေါင်း ကျေးဇူးပြုပြီးတော့ နှာခေါင်းသွေးယိုတာကို ရပ်ပေးနိုင်မလား ? နှာခေါင်းသွေးယိုတာ ၅၀၀ccတောင်ရှိပြီလေ။ အကယ်၍ ငါလေး ဆက်ပြီးတော့ သွေးယိုနေရင် ငါလေး သွေးအားနည်းလာလိမ့်မယ် ။ " ( ccက ဘာလဲ မသိဘူး 🙄)
အချိန်တစ်နာရီနဲ့ ဆယ်မိနစ်ကြာပြီးနောက်တွင် သူသည် မူးနောက်နောက်ဖြစ်နေတာကြောင့် တည်ငြိမ်စွာနဲ့ မတ်တပ်မရပ်နိုင်တော့ပေ။
" သေစမ်း… !! ဘာကြောင့် မင်းတို့ တံခါးကို မဖွင့်နိုင်ရသေးတာလဲ… ? ။ တကယ်လို့ မင်းတို့ တံခါးမဖွင့်သေးရင် ငါလေး ဒီမှာဘဲ တကယ်သေရလိမ့်မယ်… ။
ဝူကောသည် သူ့ရင်ထဲ၌ ခါးခါးသီးသီး ပြုံးလိုက်ပြီး သွေးအားနည်းရောဂါကြောင့် ဒီမှာပဲ သူသေသွားနိုင်တယ်လို့ ခံစားနေရသည်။
ပိုဆိုးတာက ထိုသေတွင်းကို သူကိုယ်တိုင်တူးခဲ့ခြင်းဖြစ်သည်။
တစ်နာရီနဲ့မိနစ်၂၀အကြာမှာတော့ ဝူကောသည် နောက်ထပ်နှာခေါင်းသွေး၁၀၀ccလောက် ယိုပြီးချိန်တွင် တံခါးက ပွင့်လာခဲ့သည်။
နောက်ဆုံးမှာတော့ ဝူကောသည် ကယ်တယ်ခံရတာကြောင့် ဝမ်းသာသွားခဲ့သည်။
သူ့၏မျက်နှာပေါ်က သွေးများကို လက်ဆေးကန်မှ ရေများဖြင့် အမြန်ရှင်းလိုက်ပြီး အပြင်သို့ ပြေးထွက်သွားခဲ့သည်။
အခုတော့ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။သူ အပြင်ထွက်ပြီးနောက် ဆုံးရှုံးသွားသော သွေးများကို ပြန်လည်ဖြည့်တင်းရန်အတွက် အာရဟာဖြစ်စေတဲ့ အစားအစာများကို ချက်ချင်းဘဲစားရလိမ့်မည်ဖြစ်သည်။ သို့သော်လည်းပဲ သူသည်သွေးအလွန်အကျွံဆုံးရှုံးထားတာကြောင့် အားနည်း၍ မူးဝေလာပြီး အရှေ့သို့လဲကျသွားခဲ့သည်။
ထိုအချိန်တွင် အန်တီလျူသည် အရမ်းစိုးရိမ်သွားခဲ့ပြီး ဝူကောကို အမြန်ကူညီပေးခဲ့သည်။
" ရှောင်ဝူ ၊ဘာကြောင့် သား ရုတ်တရက် လဲကျရတာလဲ ? ။ အို…ဘုရား...ဘုရား…သားမျက်နှာက ဘာလို့ ဖြူဖျော့နေရတာလဲ ? "
ဝူကောသည် အန်တီလျူ၏ရင်ခွင်ထဲတွင် လဲလျောင်းနေ၍ သူဘယ်တုန်းမှ မကြုံတွေ့ခဲ့ရဖူးတဲ့ နွေးထွေးမှုနှင့် စိတ်ငြိမ်သက်မှုကို ခံစားပြီး အန်တီလျူကို ရှင်းပြလိုက်သည်။
" အန်တီလျူ…ကျွန်တော်…."
ပေါက်…
ထိုအချိန်တွင် သူ့၏ နှာခေါင်းမှ နှာခေါင်းသွေးများပန်းထွက်လာခဲ့တာကြောင့် အန်တီလျူကို ပက်ဖျန်းမိသွားခဲ့သည်။
ဝူကော : …
အန်တီလျူ : …
ပြေးလာကြသည့် ကြည့်ရှုသူများ : "..."
လင်ပေ့ဖန်သည် သူ့၏ ဦးခေါင်းကို ထိလိုက်ပြီး မျက်တောင်ခတ်၍ မေးမြန်းလိုက်သည်။
" ငါတို့လာတာ အချိန်မှန်ပဲ မဟုတ်ဘူးလား ? "
ဝူကော : ……
" ပေါက် "
သူ့နှာခေါင်းမှ နောက်တစ်ကြိမ် နှာခေါင်းသွေးများ ယိုစီးလာခဲ့ပြန်သည်။
ထိုနေ့တွင် ကုမ္ပဏီ၌ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ သတင်းတစ်ခုက ပျံ့နှံ့သွားခဲ့သည်။
" မင်းတို့ ကြားပြီးပြီလား ? ။ ဝူကောက အန်တီလျူရဲ့ ရင်ခွင်ထဲမှာ လဲလျောင်းပြီးတော့ သူ့နှာခေါင်းကလည်း နှာခေါင်းသွေးတွေလျှံနေတယ်။ဝူကောက အန်တီလျူကို ကြိတ်ကြိုက်နေတယ်လို့ ငါ သံသယရှိတယ်။ "
" ဘယ်ဝူကောလဲ ? "
" အသစ်ခန့်ထားတဲ့ သန့်ရှင်းရေးအလုပ်သမား အသစ်လေ "
" အို့ ၊ သူပေါ့။ သူက ဘာဖြစ်ခဲ့လို့လဲ ? ။ ဘာလို့ သူက အန်တီလျူရဲ့ ရင်ခွင်ထဲမှာ လဲလျောင်းပြီးတော့ နှာခေါင်းသွေးလျှံရတာလဲ ? "
" အဲ့ဒီအချိန်တုန်းက ဘော့စ်လင်ရဲ့အခန်းထဲမှာ ဝူကောက ပိတ်မိနေတာကြောင့် သူ အပြင်မထွက်နိုင်ဘူး။ ဒါပေမဲ့ တံခါးဖွင့်တဲ့အချိန်မှာ သူက အန်တီလျူစီကို တည့်တည့်ပြေးသွားခဲ့တယ်။ နောက်ပိုင်း ဘာဆက်ဖြစ်သွားလဲဆိုတာကိုတော့ ငါလည်းမသိဘူး။ပြီးတော့ သူလဲကျတဲ့အချိန်မှာ အန်တီလျူက သူ့ကို ကူညီပေးခဲ့တယ်။ ရလဒ်ကတော့ သူတို့နှစ်ယောက် အနီးကပ်ထိတွေ့မှုကြောင့် ဝူကောက နှာခေါင်းသွေးလျှံလာခဲ့တယ်။"
" ကြမ်းလှချည်လားဟ ၊သူက အဲ့ဒီလို ထိတွေ့ရုံနဲ့ နှာခေါင်းသွေးလျှံတယ်ပေါ့လေ ? ။ ဝူကောက အရမ်းငယ်သေးတယ်။ သူက အနည်းငယ်ဖြားယောင်းသွေးဆောင်မှုကိုတောင် မခံနိုင်ဘူးပ။ ဒါပေမဲ့
အန်တီလျူက သူ့ထက် အသက်များကြီး ကြီးတယ်လေ။ပြီးတော့ အန်တီလျူက သူ့အမေအရွယ်လောက်တောင်ဖြစ်နိုင်တယ်။ ဒါကို သူက တကယ်ပဲ ….။ဒါက မင်းပဲ နားကြားမှားမိတာဖြစ်နိုင်မလား "
" ဘယ်လိုဖြစ်ပြီးတော့ မှားနိုင်မှာလဲ ? ။အဲ့ဒီဖြစ်ရပ်ကို လူဆယ်ယောက်ကျော်နဲ့ ဘော့စ်လင်တောင် မြင်ခဲ့တယ်။ တစ်ချို့လူတွေက ရှောင်ဟွမ်းလိုမျိုး ဒီလိုပုံစံကို ကြိုက်တာဖြစ်နိုင်တယ်။ "
" ငါကြားမိတာကတော့ သူ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘူးတဲ့ ။ "
" ဟား…ဟား "
" ဟား…ဟား "
သူတို့ပြောတာကို ခိုးနားထောင်နေတဲ့ ဝူကောသည် စိတ်ထဲကနေ ပြောလိုက်သည်။
မင်းတို့ အတင်းဖျင်းပြောတာရပ်ပေးနိုင်မလား…?
သူသည် သူ့ခန္ဓာကိုယ်ထဲမှာ လေပူလေအေးတွေကြောင့် သူနှာခေါင်းသွေး လျှံရခြင်း ဖြစ်တယ်ဆိုတဲ့အကြောင်းကို တကယ်ဘဲ ရှင်းပြချင်ခဲ့သည်။ဒါပေမဲ့လည်း သူပြောတာကို တစ်ယောက်မှ ယုံကြည်ကြမည်မဟုတ်ပေ။
" မေ့လိုက်တော့ ။ ဒါကို ဒီအတိုင်းပဲ ထားလိုက်တော့မယ်။ ပြီးတော့ ဒီကိစ္စက မြန်မြန်ပြီးသွားလိမ့်မယ်။ "
ထိုအချိန်တွင် အန်တီလျူသည် တံမြက်စည်း တစ်လက်ကို ကိုင်၍ လာခဲ့ပြီး စိုးရိမ်စွာဖြင့် မေးမြန်းခဲ့သည်။
" ရှောင်ဝူ ၊ သားရဲ့ ခန္ဓာကိုယ်မှာ ပြဿနာတစ်ခုခုရှိလို့လား ? ။ မနေ့တုန်းက သားရဲ့ နှာခေါင်းကနေပြီးတော့ နှာခေါင်းသွေးလျှံတာ အများကြီးပဲ ။ သားရဲ့မျက်နှာကလည်း အရမ်းပဲ ဖြူဖျော့နေတာ…။ အဲ့ဒီတုန်းကဆိုရင် အန်တီ သေလောက်အောင်ကို စိုးရိမ်သွားခဲ့တာ … "
ဝူကောက ရှင်းပြလိုက်သည်။
" အန်တီလျူ ၊ကျွန်တော်ရဲ့ ကိုယ်တွင်းအပူချိန်က ပြဿနာရှိတာကြောင့် ကျွန်တော် နှာခေါင်းသွေးလျှံခဲ့ရတာဘဲ… "
" ဒါက ကိုယ်တွင်းအပူချိန်ကြောင့် ဖြစ်ရတာပေါ့…။ဒါဆိုရင် အန်တီစိတ်အေးရပြီ။ ဒါပေမဲ့ သားရဲ့မျက်နှာက ဖြူဖျော့နေတုန်းပဲ ။ သား နောက်တစ်ရက်လောက် အနားယူဖို့ လိုအပ်သေးလား ? "
" မလိုတော့ဘူး။ဒါက သေးငယ်တဲ့ ပြဿနာလေးပါဘဲ…"
" ဒါဆိုရင်လည်း ကောင်းပြီလေ။ သားနေလို့ ကောင်းတယ်ဆိုရင်လည်း သား အလုပ် သား သွားလုပ်တော့…" ဟု ပြောပြီးနောက် အန်တီလျူက သူ့ကို တံမြက်စည်းပေးလိုက်သည်။
ဝူကောသည် အန်တီလျူစိတ်ထိခိုက်သွားပုံ မပေါ်တာကို မြင်လိုက်ရတာကြောင့် နောက်ဆုံးမှာတော့ စိတ်သက်သာရာရသွားခဲ့သည်။
ထို့နောက် ဝူကောသည် သူ့ရဲ့နောက်ထပ် ကလဲ့စားချေမည့် အစီအစဉ်ကို တိတ်တဆိတ် စီစဉ်ရင်း သူလုပ်ရမည့် သန့်ရှင်းရေးအလုပ်ကို စတင်လုပ်ခဲ့သည်။
" ဒြပ်စင်ငါးပါး မီးခွဲထုတ်ခြင်းအစီအရင်ကိုတော့ ထပ်ပြီး အသုံးမပြုနိုင်တော့ဘူး။ အကယ်၍ လူနှစ်ယောက်က တူညီတဲ့ အဖြစ်အပျက်မျိုးပဲ ထပ်ပြီး ဖြစ်ပျက်ခဲ့ရင် သာမန်လူတောင် ပြဿနာတစ်ခုခုရှိတာကို သိသွားလိမ့်မယ်။လင်ပေ့ဖန်က အရမ်းပဲ ပါးနပ်လွန်းတယ်။ ဒါ့ကို သူသတိမထားမိမှာ မဖြစ်နိုင်ဘူး။ "
" ဒါကြောင့် ငါ တစ်ခြားအစီအရင်ကို အသုံးပြုရမယ်။ "
" နောက်ထပ် လျှို့ဝှက်အစီအရင်တစ်ခု "
" ဒီတစ်ကြိမ်တော့ တစ္ဆေခြောက်ကောင် ညို့ယူခြင်းအစီအရင်ကို ငါ အသုံးပြုရမယ်။ "
ထို့နောက် ဝူကောသည် ပြုံးပြီး အောင်ပွဲခံလိုက်သည်။
" ဒီအစီအရင်က လူတွေရဲ့ အလိုချင်ဆုံးဆန္ဒတွေကို လှုံ့ဆော်ပေးနိုင်တယ်။ ဒါ့အပြင် အစီအရင်က လူတွေကို အချစ်နွံထဲကျရောက်စေပြီးေတာ့ ၎င်းတို့ရဲ့ ဆင်ခြင်တုံတရားကို ဆုံးရှုံးစေနိုင်တယ်။"
" ဒီနည်းနဲ့ဆိုရင်တော့ သူ ဆင်ခြင်တုံတရားကင်းမဲ့သွားမှာ အသေအချာဘဲ။သူ အဲ့ဒီလို ဆင်ခြင်တုံတရား တစ်ကြိမ် ကင်းမဲ့လိုက်တာနဲ့ လူတိုင်းရဲ့ စိတ်ထဲမှာရှိတဲ့ သူ့ရဲ့ပုံရိပ်ကို ဖျက်ဆီးပစ်ဖို့အတွက် အကောင်းဆုံးအချိန်ဘဲ။ အကယ်၍ ငါက သက်သေတွေကို ပြင်ဆင်ပြီးေတာ့ ဒီဖြစ်ရပ်ကို ဖော်ထုတ်လိုက်ရင် သူ့ရဲ့ဂုဏ်သိက္ခာတွေ ပျက်ဆီးသွားလိမ့်မယ် ။ဟီး…ဟီး "
ထိုအတွေးဖြင့် သူသည် လှုပ်ရှားဖို့ကို မစောင့်နိုင်တော့ပေ။