ခရမ်းရောင်နေမင်းနယ်ပယ် ...
Vol. 11 Ch. 132
ကူချန်တစ်ယောက် အတားအဆီးတစ်ခု ပြေလျော့သွားသည်ကို ခံစားလိုက်ရလေသည်။ ဤအောင်မြင်မှု၏ အရှိန်သည် ယွမ်ဖူနယ်ပယ် အလယ်အလတ်အဆင့်မှ အထွတ်အထိပ်သို့ ကူးပြောင်းခြင်းထက် မြန်ဆန်၏။
အကြောင်းရင်းသည် ကြယ်ကမ္ဘာကြောင့် ဖြစ်သည်။ ဤနေရာရှိ ဝိညာဉ်ရေးစွမ်းအင်သည် ပြင်ပကမ္ဘာထက် ဆယ်ဆပိုမို သိပ်သည်း၏။
ယင်းသည် ကျောက်စိမ်းသစ်ခွနှင့် ကြယ်ကမ္ဘာမည်သည့် သက်ရောက်မှုကြောင့် ဖြစ်မည်ကို မသိချေ။
ကျောက်စိမ်းသစ်ခွသည် စိတ်ဝိညာဉ်ကို အာဟာရဖြစ်စေမည်။ ၎င်းနှင့်အဝေးသို့ဆုတ်ခွာ ကြည့်သော် သိသာ၏။
ဆိုလိုသည်မှာ ကျောက်စိမ်းသစ်ခွဖြင့် အဝေးတွင် စိတ်ဝိညာဉ်သက်ရောက်မှုမရှိဘဲ ဝိညာဉ်စွမ်းအင်များကိုသာ ခံစားနိုင်မည်။
မည်သို့ပင် ဆိုစေကာမူ ကျောက်စိမ်းသစ်ခွနှင့် ကြယ်ကမ္ဘာတို့သည် တစ်သားတည်းဟု မှတ်ယူနိုင်၏။ ဤနေရာ၌ ကျင့်ကြံသော် ပြင်ပထက် သာလွန်ပေမည်။
ကြယ်ကမ္ဘာတွင် ကောင်းကင်မရှိချေ။ ထို့ကြောင့် နေ၊ လနှင့် ကြယ်များကို မမြင်နိုင် သော်လည်း အချိန်ကာလ အပြောင်းအလဲကို သိရှိနိုင်သည်။
မျက်လုံးများ ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီးနောက် ကျင့်ကြံမှုကို ရပ်နားကာ၊
“ ငါ့ရဲ့ လက်ရှိနှုန်းနဲ့ဆိုရင် နှစ်လအတွင်း ယွမ်ဖူကို ဖြတ်ကျော်နိုင်မယ် ရေမီးဆေးပြားကို သန့်စင်ထားသင့်ပြီ။ ”
-ဟု ရေရွတ်လိုက်၏။
ပြီးပြည့်စုံမှုမှသည် နောက်တစ်ဆင့်သို့ ဖြတ်ကျော်နိုင်ရန်အတွက် အချိန်ကာလအပေါ် တိကျစွာ ခန့်မှန်းနိုင်ခြင်း မရှိတော့ချေ။
အချို့လူများသည် လျင်မြန်စွာ ဖြတ်ကျော်နိုင်သော်လည်း အချို့သည် သူတို့ တစ်သက်တာလုံး ပိတ်မိနေနိုင်မည်။
ယင်းသည် သိမ်မွေ့လွန်းသော ချိန်ခွင်လျှာတစ်ခု ဖြစ်သည်။ ထိုချိန်ခွင်လျှာကို ချိုးဖျက်ချင်သော် သေရှင်တိုက်ပွဲတစ်ခုလို၏။
ပြင်းပျသော စိတ်ခံစားမှု၊ ထိုးထွင်းသိမြင်မှုနှင့် အရင်းအမြစ်များလည်း လိုအပ်နိုင်မည်။
ထိုအရာများ အားလုံးပြည့်စုံသော် ‘အခွင့်အလမ်း’ဟူသော အခြေအနေကို ဖန်တီး ယူနိုင်၏။
ကျင့်ကြံခြင်းတွင် သဘာဝအတိုင်း ကြီးပြင်းရသော သားရဲများမှတပါး လူသားများ အနေဖြင့် အခွင့်အလမ်းများ လိုအပ်သည်။
ရေမီးဆေးပြားသည် အဆင့် (၇) ဆေးဝါးဖြစ်သည်။ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ တစ်ဦး ခရမ်းရောင်နေမင်းနယ်ပယ်သို့ တက်ရောက်ရှိရန် ကူညီနိုင်၏။
မတ်တပ်ထရပ်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းလျက် အကြောဆန့်ကာ ကြယ်ကမ္ဘာ တစ်နေရာရှိ ဆေးဘက်ဝင်စိုက်ခင်းထံသို့ လျှောက်လှမ်းသွား၏။
ရှန်ရှင်းနယ်ပယ်သည် ကျင့်ကြံမှုလမ်းအတွက် တံခါးဝမျှသာဖြစ်ပြီး စစ်မှန်သောချီကို သိမ်းဆည်းခွင့်မရှိသေးချေ။
ယွမ်ဖူနယ်ပယ်၌သာ ကျင့်ကြံခြင်း စတင်နိုင်ရန် ခရမ်းရောင်နန်းတော်ကို ဖွင့်လှစ် ပေးသည်။
ဤနည်းဖြင့် ယွမ်ဖူနယ်ပယ်တွင် လျှို့ဝှက်နည်းစနစ်များကို စတင်လေ့ကျင့်နိုင်ပြီ ဖြစ်၏။ ဆိုလိုသည်မှာ နည်းစနစ်တစ်ခုအတွက် လိုအပ်သောချီကို ထောက်ပံ့နိုင်ပြီဖြစ်သည်။
နည်းစနစ်တစ်ခုအတွက် သုံးစွဲရသော ချီကုန်ဆုံးမှုသည် များပြားသဖြင့် ယွမ်ဖူနယ်ပယ် အောက်တွင် မည်သူမျှ အသုံးမပြုနိုင်ချေ။
ထို့ကြောင့် ရှန်ရှင်းမှ ယွမ်ဖူကို တက်ရောက်ခြင်းသည် နဂါးတံခါးဖြတ်သန်းခြင်း အဖြစ် တင်စားကြသည်။
တစ်ဖက်တွင် ယွမ်ဖူနယ်ပယ်သည် ကျင့်ကြံမှုလမ်းတွင် နဂါးတံခါးဖြစ်နိုင်ခဲ့သော် ခရမ်းရောင်နေမင်းနယ်ပယ်သည် စစ်မှန်သော ကျင့်ကြံသူဖြစ်သည်။
ဤနယ်ပယ်၏ လုပ်ငန်းစဉ်သည် ကောင်းကင်နှင့်မြေကြီးကြား ဝိညာဉ်စွမ်းအင် များကို စုပ်ယူကာ စစ်မှန်သောချီအဖြစ် သိမ်းဆည်းခြင်းဖြစ်၏။
ထို့ကြောင့် ခရမ်းရောင်နန်းတော်၌ စစ်မှန်သောချီများကို ပိုမိုသိမ်းဆည်းထားနိုင်၏။ ခရမ်းရောင်နေမင်းနယ်ပယ်သည် နေထွက်ချိန် အရှေ့အရပ်မှလာသော ခရမ်းရောင်လေဟု အဓိပ္ပါယ်ရသည်။
မနက်ခင်း အာရုံဦးတွင် တက်လာသော ယန်ဓါတ်ကြွယ်ဝသည့် နေရောင်ခြည်များကို ရည်ရွယ်သည်။
ခရမ်းရောင် နေမင်းတစ်စင်းသည် စစ်မှန်သောချီကို (၉)ဆတိုးစေ၏။ ခရမ်းရောင် နေမင်းနှစ်စင်းသည် (၁၈)ဆတိုးသည်။
ဤနည်းဖြင့် ခရမ်းရောင်နေမင်း သုံးစင်းသည် (၂၇)ဆဖြစ်ကာ နေကိုးစင်းသည် (၈၁)ဆဖြစ်ချေ၏။ နေကိုးစင်းသည် ခရမ်းရောင် နေမင်းနယ်ပယ်၏ ကန့်သတ်ချက်ပေပင်။
သို့သော် လူတိုင်းသည် ခရမ်းရောင် နေကိုးစင်းကို မစုစည်းနိုင်ချေ။ ဖိသိပ်ခြင်းနှင့် အရည်အချင်းလိုအပ်၏။
ခရမ်းရောင်နေမင်း နယ်ပယ်ကို အဆင့်သုံးဆင့် ခွဲထားသည်။ ကနဦးခရမ်းရောင် နေမင်းအဆင့်သည် ခရမ်းရောင်နေ(၁)လုံးမှ (၃)လုံးအထိဖြစ်၏။
အလယ်အလတ် ခရမ်းရောင်နေမင်း အဆင့်သည် နေ(၄)လုံးမှ (၆)လုံးအထိဖြစ်ကာ၊ အဆင့်မြင့် ခရမ်းရောင်နေမင်းအဆင့်သည် နေ(၇)လုံးမှသည် (၉)လုံးအထိဖြစ်၏။
ကနဦး ခရမ်းရောင်နေမင်းနယ်ပယ်နှင့် အဆင့်မြင့်ခရမ်းရောင်နေမင်း နယ်ပယ်ကြား ကွာဟချက်သည် ကြီးမားချေပြီ။
ဤနည်းဖြင့် တိုက်ပွဲအတွင်း ကွာဟချက်ကို ထင်ရှားစေ၏။ တစ်ဖက်တွင် ယွမ်ဖူနယ်ပယ်နှင့် ခရမ်းရောင်နန်းတော်ကြား ကွာဟချက်မှာ သာ၍ကြီးလာသည်။
ခရမ်းရောင်နေမင်းနယ်ပယ်သည် တိုက်ပွဲအတွင်း စွမ်းအင်ပြတ်တောက်မှုမရှိဘဲ နေ့ရောညပါ တိုက်ပွဲဝင်ရန် ပြဿနာမရှိချေ။
ထို့ပြင် ကုန်ဆုံးသွားသော စွမ်းအင်များကိုလည်း စုပ်ယူမှုအရှိန် (၈၁)ဆဖြင့် ပြန်လည် ဖြည့်တင်းနိုင်မည်။
ဤသည်မှာ ယွမ်ဖူနယ်ပယ်သည် ခရမ်းရောင်နေမင်းနယ်ပယ်ကို နှိုင်းယှဉ်၍ မရသောနှုန်းဖြစ်သည်။
ထို့ကြောင့် သူ့ပန်းတိုင်သည် ခရမ်းရောင်နေမင်းနယ်ပယ်၌ နေ(၉)လုံးကို စုစည်းနိုင်ရန် ရည်ရွယ်၏။
အညှောင့်များထွက်လာသော ဆေးစိုက်ခင်းထံ တစ်ချက်စစ်ဆေးကြည့် ပြီးနောက် အခန်းအတွင်း ကူချန်ပုံရိပ် ပြန်လည်ထွက်ပေါ်လာသည်။
ကုတင်ပေါ်မှ ကြယ်ကျောက်တုံးကို ကောက်ယူပြီး တံခါးတွန်းဖွင့်လျက်အခန်းထဲမှ လှမ်းထွက်လာခဲ့သည်။
“ ကျွီ ... ။ ”
ဆောင်းဦးလေပြေများ အခန်းအတွင်း ဖြတ်တိုက်လာ၏။ မနေ့ညက မိုးအနည်းငယ်ရွာ သဖြင့် ခြံဝင်းအတွင်း မြေသင်းရနံ့များ ထုံမွှန်းနေသည်။
မြေပြင်ပေါ်တွင် သစ်ရွက်ခြောက်များ ပြည့်နှက်နေ၏။ ထိုစဉ် မင်ယွဲ့သည် သူမတာဝန် အတိုင်း ထိုသစ်ရွက်များကို လှဲကျင်းပေးရန် တံမြက်စည်းကိုင်လျက် ဝင်လာသည်။
တံခါးဝ၌ ကူချန်ရပ်နေတာကို ရုတ်တရက်မြင်လိုက်သဖြင့် မျက်ခုံးပင့်ကာ အံ့အားသင့်လာပြီး၊
“ စီနီယာအစ်ကို ... ဒီတစ်ခါ မင်းတံခါးပိတ်ကျင့်ကြံတာ အရမ်းမြန်နေတယ်။ ”
လက်ရှိ ကျင့်ကြံမှုနယ်ပယ်အရ စီနီယာအစ်ကိုသည် (၁၀)ရက်၊ (၁၅)ရက်ခန့် ကြာနိုင်မည်။ ယခုမူ (၃)ရက်မပြည့်မီ ထွက်လာခြင်းဖြစ်သည်။
ထိုစကားကြားချိန်၌ ကူချန်မှ တိမ်ပင်လယ်အတွင်း မျှော်ကြည့်လိုက်ကာ၊
“ အခု မင်းလုပ်ရမှာက ဒီတံမြက်စည်းလှဲဖို့ထားပြီး မနက်စာ အရင်ပြင်ထားလိုက်ပါ။ ”
-ဟု ပြောကြားလိုက်သည်။
မင်ယွဲ့တစ်ယောက် အံ့သြသွားပြန်၏။ ယွမ်ဖူနယ်ပယ်၌ တိမ်နှင့်လေကို စားသုံးနိုင်ပြီ ဖြစ်သည်။ စီနီယာအစ်ကိုအတွက် ဆာလောင်ခြင်း မဖြစ်သင့်ချေ။
သို့သော် စီနီယာအစ်ကိုမှ တိမ်ပင်လယ်အတွင်း မျှော်ကြည့်နေသည်ကို သတိရလာပြီး၊
“ အစ်ကိုချင်းဖန် ပြန်လာပြီလား။ ”
-ဟု မေးမြန်းလိုက်သည်။
ကူချန်မှ ခေါင်ညိတ်ပြပြီး၊
“ ဒီတစ်ကြိမ် သူ အန္တရာယ်ကြုံခဲ့ရတယ် အစားအသောက်ကို အရင်ပြင်ပါ သူ့အတွက် အသုံးဝင်လိမ့်မယ်။ ”
-ဟု ပြန်လည်ဖြေကြားသည်။
***