သူ ကြောက်နေတာ ...
Vol. 11 Ch. 133
ထို့နောက်တွင် တာအိုချင်းရှ ရောက်ရှိလာ ပြီးနောက် ကူချန်နှင့် မျက်နှာချင်းဆိုင် အရပ်ဝင် ဝင်ထိုင်သည်။
မင်ယွဲ့က အမြည်းအစားအစာအချို့ကို ယူလာပေးပြီး သူတို့ရှေ့ကျောက်စားပွဲပေါ်တွင် တင်ပေးတော့၏။
“ ဒီကောင်လေး ပြန်လာပြီလား။ ”
တာအိုချင်းရှက တိမ်ပင်လယ်ထံ တစ်ချက်ကြည့်ကာ မေးမြန်းသည်။ ကူချန်မှ မက်မွန်ပွင့်ဝိုင်ကို ဖန်ခွက်အတွင်း ဖြည့်ပေးလိုက်သည်။
ထို့တောက် တာအိုချင်းရှရှေ့ ဝိုင်တစ်ခွက်ကိုတွန်းပို့လျက်၊
“ ပြန်လာပြီ ထင်ရတာပဲ ... ။ ”
“ ထင်ရတာလား ... ။ ”
တာအိုချင်းရှခမျာ မျက်ခုံးပင့်လျက် ကူချန်ထံပြန်ကြည့်၏။ ဤမျှ စားသောက်ဖွယ် များစွာကို ပြင်စေပြီး ထင်ရသည်လော။
“ ဟုတ်တယ် ... ဒီကလေး ပြန်လာနေပြီလို့ ခံစားရလို့ပါ။ ”
“ ဒါဆို သေချာပြီ ... ။ ”
တာအိုချင်းရှမှ ခေါင်းညိတ်လိုက်၏။ တစ်ဖက်လူ၏ ဗေဒင်ပညာရပ်သည် အချိန်တိုင်း မှန်ကန်သော အဖြေကို ပေးချေပြီ။
“ ဒီကလေးထွက်သွားတာ (၆)လလောက်ရှိနေပြီ မဟုတ်လား။ ”
တာအိုချင်းရှမှ ရုတ်တရက် သက်ပြင်းချလိုက်ပြီး၊
“ အခုဆို သူ့ရဲ့ အရပ်အမောင်းက ငါ့ထက်မြင့်နေလောက်ပြီ ... ။ ”
-ဟု ညည်းတွားလိုက်သည်။
ချင်းဖန်ကို သူခေါ်လာခဲ့စဉ် ဤကျောက်စားပွဲ အမြင့်မျှသာ ရှိသေးသည်။ လေးနှစ်သားအရွယ် ဖြစ်နိုင်၏။ ထိုအချိန်မှစ၍ သူ့ကို ကူချန်ထံ ပို့ထားခဲ့သည်။
ချင်းဖန်၏ မူလသည် ရှန်နန်လမ်း၏ ဝေးလံခေါင်သီသောကျေးရွာလေးမှ အငယ်ဆုံး သား ဖြစ်သည်။ သူ့မိသားစုသည် မြင်းစီးဓားပြ များ၏ သုတ်သင်ခြင်း ခံခဲ့ရ၏။
ချင်းဖန်သာလျှင် ရေကန်ထဲတွင် ပုန်းအောင်းနေသဖြင့် လွတ်မြောက်ခြင်းပေပင်။ ထိုစဉ်က ကလေးငယ်သည် လျင်မြန်စွာ အရွယ် ရောက်လာပြီဖြစ်သည်။
“ ကျီး ... ။ ”
ရုတ်တရက် တိမ်ပင်လယ်အတွင်း စူးရှစွာအော်ဟစ်နေသော ငှက်တစ်ကောင်၏ အသံကို ကြားလိုက်ရ၏။
“ ဖရူး ... ။ ”
များမကြာခင် မီးလျှံများနှင့် စာငှက်တစ်ကောင် ပုံရိပ်ကို မြင်လိုက်ရသည်။ ၎င်းက တောင်ပံခတ်လိုက်သော အဟုန်သည် သစ်ရွက်များကို လွင့်စင်စေကုန်၏။
“ ဆရာ ... ၊ စီနီယာအစ်ကို ... ။ ”
ချင်းဖန်တစ်ယောက် အပြုံးဖြင့် မီးစာငှက်ပေါ်မှ ခုန်ဆင်းလာပြီး ညာလက်ကို အားတက်သရော ဝှေ့ယမ်းပြလေသည်။
“ မင်ယွဲ့ ... ငါပြန်လာပြီ၊ မင်း ငါ့ကိုလွမ်းနေပြီလား။ ”
မင်ယွဲ့၊ တာအိုချင်းရှနှင့် ကူချန်တို့၏ အကြည့်များသည် ချင်းဖန်၏ ဘယ်ဘက်လက် ပေါ်သို့ ကျရောက်သွားသည်။
“ မင်း ဘာဖြစ်လာတာလဲ ... ။ ”
တာအိုချင်းရှက စိုးရိမ်စွာဖြင့် ချက်ချင်းထရပ်လိုက်ပြီးမေးမြန်း၏။ ချင်းဖန်တစ်ယောက် ခေါင်းကုတ်လျက်၊
“ မတော်တဆမှု တစ်ခုပါ ... ။ ”
-ဟု ပြန်ဖြေသည်။
သူ့အဖြေကြောင့် တာအိုချင်းရှမှ ဒေါသထွက်လာပြီး စိတ်ပျက်လက်ပျက်ဖြင့်၊
“ မင်း ... သွေးဝိညာဉ်ဂိုဏ်းနဲ့ သွားပတ်သတ်လာတာ မဟုတ်လား ... ။ ”
-ဟု မေးမြန်းလိုက်၏။
ချင်ဖန်၏ ဘယ်ဘက်ခန္ဓာကိုယ် တစ်ခြမ်းလုံးနီးပါး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ခြောက်ကပ်နေပြီဖြစ်သည်။ ဤမြင်ကွင်းသည် တာအိုချင်းရှကို စိတ်မကောင်းဖြစ်စေ၏။
ချင်းဖန်သည် သူ့သက်တမ်းတစ်ဝက်၌ ပထမဆုံးကောက်ယူမွေးစားခဲ့သော သားကြီး ဖြစ်သည်။
လက်ရှိအချိန်၌ မုဆိုးမချောချောနှင့် အိမ်ထောင်ကျပြီး သားသမီးနှစ်ယောက် မွေးဖွား ထားသော်မှ ထိုခံစားချက် မပျောက်ချေ။
ဒုက္ခိတတစ်ယောက်ကဲ့သို့ ချင်းဖန်၏ ဆိုးရွားလှသောအခြေအနေကို မြင်လိုက်ရချိန်၌ နာကျင်ခြင်းအပြင် ဒေါသလည်းဖြစ်မိသည်။
ယနေ့တွင် ဟဲရှလမ်းဟူသည် သွေးဝိညာဉ်ဂိုဏ်းမှ သိမ်းပိုက်ထားသည့် နယ်မြေဖြစ်၏။
ချင်းဖန်၏ ကျင့်ကြံမှုအဆင့်ဖြင့် သွေးလုလင်ခေါင်းဆောင်များနှင့် မတွေ့သော် ဤမျှလောက် ရလဒ်မဆိုးရွားသင့်ချေ။ ချင်းဖန်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး၊
“ ဆရာ ... ငါသူတို့ကို ရန်စဖို့ မရည်ရွယ်ပေမယ့် ... ။ ”
“ မိန်းမတစ်ယောက်ကြောင့် မင်းဒုက္ခရောက်ခဲ့ရတာ မဟုတ်လား ... ။ ”
ကူချန်မှ မျက်ခုံးပင့်ပြီး ထိုစကားကို ဆက်ပေးလာသဖြင့် ချင်းဖန်တစ်ယောက် ထိတ်လန့်သွားသည်။
“ စီနီယာအစ်ကို ... မင်း ဒီလိုကိစ္စတွေကိုတောင် တွက်ချက်နိုင်တာလား။ ”
“ မှန်တယ် ... ။ ”
ကူချန်က ဝိုင်တစ်ခွက်ကို ကောက်ကိုင်လိုက်ပြီးနောက် ခေါင်ညိတ်ပြ၏။ ထို့နောက် ချင်းဖန်ထံ ပြန်ကြည့်ကာ၊
“ မင်းစကားပြောတဲ့အခါ မျက်ခွံတွေ နည်းနည်းမှေးစင်းသွားတယ် မင်းအကြည့်တွေ လှုပ်ရှားပြီး နှုတ်ခမ်းတွေကို လက်နဲ့သုတ်တယ် မျက်လုံးထဲမှာတော့ ရှက်ရွံ့မှုရှိနေတယ် ...
... ဒီအသွင်အပြင်အရ မင်းလမ်းမှာ လူတစ်စုနဲ့တွေ့ပြီး စကားအနည်းငယ်ပြောမယ် အတူတူနေထိုင်ဖို့ ဆုံးဖြတ်မယ် ... မင်းတို့ဟာ အန္တရာယ်ကို အတူတူတွန်းလှန်မယ် ...
... အခက်အခဲတွေကို အတူတူ ဖြေရှင်းကြမယ် ဒီနည်းနဲ့ သူတို့အပေါ် မင်းရဲ့ ယုံကြည်မှုတွေ တဖြည်းဖြည်း တိုးလာတယ် ဒါပေမယ့် အရေးကြီးတဲ့အချိန်မှာ သူတို့က မင်းအပေါ် သစ္စာဖောက်ခဲ့တယ်။ ”
... ဒီအတွက် မင်းမှာ ဒေါသ၊ နားမလည်မှုနဲ့ မယုံကြည်နိုင်မှုတွေဖြစ်လာမယ် မဟုတ်ရင် မင်း အမူအရာက ဒီလောက်ရှုပ်ထွေးနေမှာ မဟုတ်ဘူး ...
... ဒါပေမယ့် ယောကျ်ားတွေကြား ခင်မင်ရင်းနှီးမှုက ရိုးရိုးရှင်းရှင်းနဲ့ ဖြူစင်ပါတယ် မိန်းမတစ်ယောက်တွေ့တဲ့ အခါမှသာ မင်း မျက်ဝန်းတွေက ရှက်ရွံ့လာတာ ... ။ ”
ဤအခိုက်တွင် ချင်းဖန်တစ်ယောက် လုံးဝတိတ်ဆိတ်သွား၏။ ပြန်လည် ငြင်းဆိုရန် အကြောင်းပြချက် မတွေ့တော့ချေ။
“ စီနီယာအစ်ကို၊ ဒါက အံ့သြစရာ ကောင်းလွန်းပါတယ်။ ”
တာအိုချင်းရှသည် ထိုအခြေအနေအပေါ် ထူးဆန်းစွာကြည့်ပြီး
“ ကောင်လေး၊ မင်းက တကယ်ပဲ မိန်းမတစ်ယောက် လှည့်စားတာကို ခံလိုက် ရတာလား။ ”
-ဟု မေးမြန်းလိုက်သည်။
ချင်းဖန်မှ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အံကြိတ်လိုက်ကာ၊
“ အနာဂါတ်မှာ မိန်းမတွေကို ဘယ်တော့မှ မယုံကြည်တော့ဘူး။ ”
-ဟု တုန့်ပြန်၏။
တာအိုချင်းရှက ကူချန်ထံ ပြန်ကြည့်ကာ တိတ်တဆိတ်သွားသည်။ ချင်းဖန်တစ်ယောက် အမှန်ပင် မိန်းမတစ်ယောက် လှည့်စားခြင်းကို ခံလိုက်ရပုံရ၏။
မဟုတ်သော် သည်မျှ နာကြည်းနေမည် မဟုတ်ချေ။ ချင်းဖန်မှ မျက်ဝန်းများ နီရဲလျက် ကူချန်ကို ရုတ်တရက် မော့ကြည့်လာပြီး၊
“ စီနီယာအစ်ကို ... ငါမင်းကို နားလည်သွားပါပြီ။ ”
-ဟု ပြောကြားလိုက်သည်။
“ ဟမ် ... မင်းဘာနားလည်တာလဲ။ ”
ကူချန်မှ ရှုပ်ထွေးစွာဖြင့် ပြန်မေး၏။ ချင်းဖန်တစ်ယောက် စာနာသောအကြည့်နှင့်၊
“ မင်းမိန်းမတွေကို ထိတွေ့ဆက်ဆံမှု ရှောင်ရှားပြီး တာအိုမှာ ဘဝကိုနစ်မြုပ်ထားတာ အကောင်းဆုံးပါပဲ။ ”
-ဟု ယုံကြည်ချက် ပြင်းစွာ ဖြေကြားလိုက်တော့၏။
ထိုစကားကြောင့် ကူချန်မှ ခေါင်းယမ်းလျက်၊
“ မင်းငါ့ကို နားမလည်ဘူး တကယ်တော့ ငါက ယောက်ျားနဲ့မိန်းမကြား ချစ်ခြင်းမေတ္တာကို ဆန့်ကျင့်နေတာမဟုတ်ဘူး။ ”
-ဟု ရှင်းပြလိုက်၏။
“ ဒါဆို ... အစ်မမုကို မင်းဘာလို့ အကြိမ်ကြိမ် ရှောင်တိမ်းနေရတာလဲ ... ဓားဆွဲ လိုက်တာနဲ့ နတ်ဘုရားတစ်ပါးလို ဘာလို့များ ကြည့်ကောင်းလာရတာလဲ။ ”
“ ဒါက တခြားအကြောင်းပြချက်ကြောင့်ပါ မင်းယူဆနေသလို မဟုတ်ဘူး ... ။ ”
ထိုမေးခွန်းကြောင့် ကူချန်မှ ပြုံးလိုက်လေသည်။ ချင်းဖန်ခမျာ အနည်းငယ် စိတ်ရှုပ်သွားတော့၏။
တစ်ဖက်တွင် တာအိုချင်းရှသည် ကူချန်ထံလေးလေးနက်နက် စိုက်ကြည့်ကာ၊
“ သူ ကြောက်နေတာ ... ။ ”
-ဟု ဝင်ပြောလာ၏။
“ ကြောက်နေတာလား ... ။ ”
ချင်းဖန်တစ်ယောက် အံ့အားသင့်သွားပြီး၊
“ စီနီယာအစ်ကို ... မင်းအစ်မမုကို ကြောက်နေတာလား ဒါမှမဟုတ် တစ်စုံတစ်ရာ အခြားကြောက်စရာ ရှိနေသေးတာလား။ ”
-ဟု မေးမြန်း၏။ ကူချန်မှ ခေါင်းခါလျက်၊
“ လူတစ်ယောက် ဖြစ်နေသရွေ့ ... သူတို့ကြောက်တဲ့ အရာတစ်ခုတော့ ရှိနေတာ သဘာဝပါပဲ ... လူသားတွေမှာ ခံစားချက် ခုနစ်ပါးနဲ့ ဆန္ဒခြောက်ပါးရှိတယ် ...
... ကြောက်ရွံ့ခြင်းက အဲဒီ ခံစားချက် ခုနစ်ပါးနဲ့ ဆန္ဒခြောက်ပါးထဲမှာ ပါဝင်နေတယ် မင်းဟာ လူသားတစ်ယောက်ဖြစ်ပြီး ... ဆန္ဒနဲ့ လိုချင်တပ်မက်မှု လုံးဝမရှိဘူး ...
... ဆိုရင်တောင် ဒီခံစားချက်ကလည်း ဆန္ဒတစ်ခုပဲမဟုတ်လား ငါက လူတစ်ယောက် ဖြစ်နေတာမို့ ဒီလိုအခြေအနေကနေ မလွတ်မြောက်နိုင်သေးပါဘူး။ ”
-ဟု ရှင်းပြလိုက်သည်။
“ စီနီယာအစ်ကို မင်းဘာကို ကြောက်တာလဲ။ ”
ချင်းဖန်မှ သိချင်သွား၏။ ကူချန်က သူ့ထံပြန်ကြည့်ပြီး၊
“ ဥပမာ ... ဒီတစ်ကြိမ် မင်းပြန်မလာနိုင်တော့မှာ ... ။ ”
“ စီနီယာအစ်ကို မင်းငါ့ကို အရမ်း ဂရုစိုက်တာပဲ ... ။ ”
ကူချန်စကားမဆုံးခင် ချင်းဖန်က မျက်ဝန်းများတောက်ပလာပြီး ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်ရေရွတ်တော့၏။ စီနီယာ အစ်ကိုသည် အမှန်ပင် ချစ်စရာကောင်းသည်။
“ အဲလို မဟုတ်ဘူး ... ။ ”
သို့သော် ကူချန်မှ ခေါင်းခါလျက် ဆက်ပြောလာသောစကားကြောင့် မျက်နှာရှုံ့မဲ့ သွားတော့သည်။
“ ငါ့မှာ ကြောင်တစ်ကောင်နဲ့ ခွေးတစ်ကောင် ရှိနေတယ်ဆိုရင် သူတို့သေတဲ့ အခါ ငါဝမ်းနည်းမိမှာပဲ မဟုတ်လား။ ”
***