← Chapters

မင်းဘာဖြစ်ခဲ့တာလဲ မပြောရသေးဘူး

Vol. 11 Ch. 134

မင်းဘာဖြစ်ခဲ့တာလဲ မပြောရသေးဘူး

Vol. 11 Ch. 134

“ စီနီယာအစ်ကို ... ဒါဆို မင်းအမြင်မှာ ငါချင်းဖန်က ခွေးတစ်ကောင်ပေါ့။ ”

ချင်းဖန်ခမျာ မျက်ဝန်းများ နီရဲလျက် ကူချန်ကိုပြန်ကြည့်၏။ ချက်ချင်း မျက်ရည်များ ရစ်ဝိုင်းလာတော့သည်။ ထိုအမူအရာကြောင့် ကူချန်မှ လှောင်ပြုံးဖြင့်၊

“ မင်းရဲ့ ဟန်ဆောင်မှု အရည်အချင်းက ဒီခရီးအပြန်မှာ ပိုမိုက်မဲလာတယ်။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

“ မဟုတ်ဘူး ... ငါတကယ် နာကျင်နေတာ။ ”

“ ဒဏ်ရာက နာနေတုန်းလား။ ”

“ မဟုတ်ဘူး နှလုံးသားက။ ”

“ နှလုံးသားကလား ... မင်းပြောတော့ ဘဝကိုပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း ချင်တယ်ဆို ... ။ ”

ချင်းဖန်တစ်ယောက် ရှက်ရွံ့သွား၏။ စီနီယာအစ်ကိုနှင့် ပတ်သတ်သော် မည်သည့် ကဏ္ဍတွင်မှ အရေးမကြီးတော့ချေ။

တစ်ဖက်တွင် စားသောက်ဖွယ်ရာများဖြင့် မင်ယွဲ့ဝင်ရောက်လာသည်။ ချင်းဖန်အသွင်ကို မြင်ချိန်၌ ထိတ်လန့်စွာဖြင့် မှင်သပ်သွား၏။

“ ချင်းဖန် ... ။ ”

ချင်းဖန်မှ သူမထံ မော့ကြည့်ကာ ညာလက်ဖြင့် ရွှင်မြူးစွာ ဝှေ့ယမ်းပြလိုက်ပြီး၊

“ ငါဘာမှမဖြစ်ပါဘူး ငါ့ဘယ်လက် ပြတ်သွားတာပါ။ ”

-ဟု ပြောကြားတော့၏။

ထို့နောက် ညာလက်ဖြင့် တူတစ်စုံကို ဝှေ့ရမ်းပြလိုက်ကာ၊

“ ဒီမှာ လက်တစ်ဖက် ကျန်ပါသေးတယ် ကံကောင်းတာက ပြတ်သွားတာ ဘယ်လက်မို့ပဲ မဟုတ်ရင် ငါနည်းနည်းခက်ခဲသွားနိုင်တယ် အခုတော့ အနည်းဆုံးတော့ စားသောက်တဲ့အခါ အဆင်ပြေနေသေးတယ်။ ”

-ဟု ထပ်မံပြောကြားလိုက်သည်။

မင်ယွဲ့ခမျာ ဂရုဏာဒေါသနှင့် ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ချေ။ တစ်ဆက်တည်းမှာပင် ချင်းဖန်၏ပြတ်နေသော ဘယ်ဘက်လက်မောင်းထံ ပြန်ကြည့်ပြီး ဝမ်းနည်းလာစေ၏။

ရုတ်တရက် ကူချန်ထံ မော့ကြည့်ကာ၊

“ စီနီယာအစ်ကို၊ မင်းမှာအကြံဉာဏ်တွေ ရှိသေးလား။ ”

-ဟု မေးမြန်းသည်။

သူမ၊ ချင်းဖန်နှင့် ကူချန်သည် မောင်နှမများဖြစ်၏။ အထူးသဖြင့် ချင်းဖန်နှင့် သူမသည် မိဘမဲ့များဖြစ်သဖြင့် သွေးရင်းချာ မောင်နှမအရင်းများကဲ့သို့ ပေပင်။

ငယ်စဉ်အချိန်က ချင်းဖန်သည် နတ်နဂါးမြို့အတွင်း ခိုးသွားကာ သူမအတွက် မုန့်များ အမြဲဝယ်လာနေကျ ဖြစ်သည်။

ထိုစဉ်က စီနီယာအစ်ကိုမှ သူမကို ခေါ်ဆောင်လာသည်မှာလည်း ချင်းဖန်ကြောင့် ပေပင်။ ချင်းဖန်သည်သာ အနိုင်ကျင့်ခြင်းတွင် သူမကို ကာကွယ်ရန် ဆန္ဒမရှိသော် ယနေ့ မင်ယွဲ့ရှိလာနိုင်မည် မဟုတ်ချေ။

ကူချန်မှ ခေါင်းညိတ်လိုက်ပြီး၊

“ ရှိတယ် ... ဒါပေမယ့် အခု အခြေအနေအပေါ် သူ အတော်ကျေနပ်နေပုံ ရတယ် မဟုတ်လား။ ”

-ဟု ချင်းဖန်ထံ ကြည့်လိုက်သည်။

“ ဟမ့် ... ။ ”

ထိုစကားကြောင့် ချင်းဖန်တစ်ယောက် အနည်းငယ် အံ့အားသင့်သွား၏။ များမကြာခင် မျက်ဝန်းများ ပြူးကျယ်လျက် ဝမ်းသာအားရဖြင့် ထခုန်တော့သည်။

“ စီနီယာအစ်ကို ... ငါသိတယ် မင်းကဒီကမ္ဘာမှာ နတ်ဘုရားပဲ မင်းငါ့ကိုကူညီဖို့ နည်းလမ်းရှိနေတယ် ဟားဟားဟား ... ။ ”

ကွေးနိုင်ဆန့်နိုင်သော လက်တစ်ဖက် ရှိနေခြင်းသည် လက်ကို ဆုံးရှုံးထားသူအတွက် မည်မျှနှမျောစရာ ကောင်းကြောင်း သူသိပြီး ဖြစ်လေသည်။

အမှန်တွင် သူ့အခြေအနေကို ဆရာ၊မင်ယွဲ့နှင့် စီနီယာအစ်ကိုမှ စိတ်မကောင်း ဖြစ်နေမည်စိုးကာ ဟန်ဆောင်နေခြင်း မျှသာ ပေပင်။

ရုပ်ရည်ချောမောလှသော သူ့ကဲ့သို့ ယောကျ်ားတစ်ယောက်သည် လက်တစ်ဖက် ဆုံးရှုံးရသည်မှာ အမျိုးသမီးများအတွက် နာကျင်စရာဖြစ်နေပေမည်။

“ လောလောဆယ်တော့ နည်းလမ်း မရှိသေးဘူး။ ”

ကူချန်က ခေါင်းယမ်းလျက် လက်နှစ်ချောင်းကို ထောင်ပြလိုက်ပြီး၊

“ လက်ရှိပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းနှစ်ခုရှိတယ် ... ပထမနည်းလမ်းက မင်းရဲ့ကျင့်ကြံမှုကို စင်ကြယ်ခြင်းနယ်ပယ် အမြန်ရောက်အောင်ကြိုးစားပါ ...

-ဟု တည်ငြိမ်စွာ ပြောကြားတော့သည်။

“ စင်ကြယ်ခြင်းနယ်ပယ်မှာ မင်းရဲ့ဦးခေါင်းကွဲမသွားသေးသရွေ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပျက်စီးသွားရင်တောင်မှ ပြန်လည်ပေါက်လာနိုင်တယ်။ ”

ထိုနေရာအရောက်တွင် ချင်းဖန်သည် ကူချန်ကိုပြန်ကြည့်ပြီး၊

“ စီနီယာအစ်ကိုကြီး၊ မင်းပြောတာ နားထောင်လို့ကောင်းတယ် ... ။ ”

-ဟု ရွဲ့ပြောလိုက်သည်။

စင်ကြယ်သောနယ်ပယ် ဟူသည် ခရမ်းရောင်နေမင်း နယ်ပယ်အထက် နယ်ပယ် ဖြစ်သည်။ ဘီလူးတစ်ကောင် ကဲ့သို့သော ကူချန် သည်ပင် ယွမ်ဖူနယ်ပယ်၌သာ ရှိနေသေး၏။

ထို့ကြောင့် သူသည် စင်ကြယ်ခြင်း နယ်ပယ်သို့ ရောက်လိုသည်လော။ ဤဘဝကြီး အပြင် နောက်ထပ် ဘဝတစ်ခုထပ်ပေးသော်မှ မလုံ‌လောက်မည်ကို စိုးရိမ်သည်။

လက်ရှိဘဝတွင် ခရမ်းရောင်နေမင်း နယ်ပယ်သို့ တက်ရောက်ရန် အိမ်မက်သာရှိ၏။ စင်ကြယ်ခြင်းနယ်ပယ်အကြောင်း တွေးပင် မတွေးချေ။

“ စီနီယာအစ်ကို ... ဒုတိယနည်းလမ်းကို မင်းဘာလို့ ဆက်မပြောသေးတာလဲ။ ”

“ ဒုတိယနည်းလမ်းက အဌမတန်း ကိုယ်လက်အင်္ဂါ ပြန်လည်ဖွံ့ဖြိုးခြင်း ဆေးပြားပဲ ဒါပေမယ့် ဒီဆေးပြားက အမျိုးမျိုးရှိတယ် ...

... အဆင့်အတန်း မြင့်မားလေ ဆေးအာနိသင်က အားကောင်းလေပဲ ဒီလို ဆေးပြားမျိုးရရင် မင်းအဆင်ပြေမယ်။ ”

“ အဌမတန်းလား ... ။ ”

ချင်းဖန်တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ကူချန်ထံကြည့်ကာ၊

“ စီနီယာအစ်ကို ... မင်းအဲဒါကို သန့်စင်နိုင်တယ် မဟုတ်လား။ ”

-ဟု ပြန်၍မေးမြန်းတော့၏။

“ အမှန်ပဲ ... ။ ”

ကူချန်မှ ခေါင်းညိတ်သည်။ သို့သော် သူ့စကားမဆုံးသေးချေ။

“ ဒီလိုဆေးပြားမျိုးသန့်စင်ဖို့ ငါ့အတွက် အခက်အခဲ သိပ်မရှိပါဘူး ... ပြဿနာက ပါဝင် ပစ္စည်းတွေ ရှာရခက်နေတာပဲ ...

... အဓိက ဆေးအမယ်တွေဖြစ်တဲ့ သွေးဖျော်ပန်းနဲ့ သဘာဝမြက်တွေ ရှိနေပေမယ့် နောက်ထပ် အဓိက ဆေးအမယ်တစ်မျိုးဖြစ်တဲ့ အရိုးပေါင်းစပ်မြက် မရှိဘူး ...

... ဒီဆေးပြားအတွက် ဆေးဘက်ဝင် ပါဝင်ပစ္စည်းလိုအပ်ချက်က အရမ်းတင်းကြပ်ပြီး အစားထိုး ဆေးအမယ်မရှိဘူး ...

... ဒါကြောင့် ရှားပါးဆေးအမယ်ဖြစ်တဲ့ အရိုးပေါင်းစပ်မြက်ရမှဖြစ်မယ် ဒီဆေးဘက်ဝင် အပင်က ... ချင်းယွမ်‌စျေးမြို့တော်မှာတောင် ရှာဝယ်လို့မရဘူး။ ”

ထိုစကားကြားသောအခါ စိတ်မပျက်ဘဲ ချင်းဖန်တစ်ယောက် သက်ပြင်းချတော့သည်။ အဆုံးတွင် နည်းလမ်းတစ်ခု ရှိနေသရွေ့ မျှော်လင့်နိုင်သေး၏။

ကျင့်ကြံမှုကို စင်ကြယ်ခြင်းနယ်ပယ် တက်ရောက်ခြင်းနှင့်ယှဉ်သော် မဆိုးလှချေ။ အရေးအကြီးဆုံးမှာ စီနီယာအစ်ကိုသည် ဤဆေးကိုဖော်စပ်ပေးရန် သူ့ခေါင်းထဲ ရှိနေတော့မည်မှာ သေချာ၏။

ထိုကာလသည် အလွန်ဆုံးနောက်ထပ် နှစ်အနည်းငယ်မျှသာ ကြာနိုင်မည်။ အတွေးဖြင့် ချင်းဖန်တစ်ယောက် သက်သာရာရလာ၏။

အကြည့်များက စားပွဲပေါ်ရှိ အစားအသောက်များထံ ရောက်ရှိလာပြီးနောက် စားချင်စိတ်များ ဝင်ရောက်လာသည်။

တစ်ညတာ ပင်ပန်းပြီးနောက်၊ တင်းမာနေသောအာရုံကြောများ ပြေလျော့ကာ ခန္ဓာကိုယ်လိုအပ်ချက်ကို သတိပြုမိလာ၏။

များမကြာခင် ငတ်မွတ်နေသော တစ္ဆေတစ်ကောင်ကဲ့သို့ စားပွဲဆီသို့ပြေးလာပြီး ပလုတ်ပလောင်းစားသောက်တော့၏။

“ ခဏနေဦး ... ။ ”

တာအိုချင်းရှက ရုတ်တရက် ဟန့်တားလိုက်သည်။ ချင်းဖန်တစ်ယောက် မျက်လုံးပြူးလျက် ပြန်မော့ကြည့်၏။

“ မင်းဘာဖြစ်ခဲ့တာလဲ မပြောရသေးဘူး။ ”

“ ဟမ် ... ဒါ မလိုအပ်တော့ဘူး မဟုတ်လား။ ”

ထိုမေးခွန်းကြောင့် ချင်းဖန်ခမျာ ထမင်းနင်သွားလေသည်။ တစ်ချိန်တည်းမှာပင် ရှက်ရွံ့သော အမူအရာပေါ်လာ၏။

ဤဖြစ်စဉ်သည် ရှက်စရာပေပင်။ နှစ်ကြိမ်တိတိ လှည့်စားခံရပြီးနောက် မည်မျှ ညံ့ဖျင်းကြောင်း ဝန်ခံရာကျပေမည်။

အရေးကြီးဆုံးအချက်သည် သူစိတ်ခံစားချက်မှာ ဖြူစင်ခဲ့သည်။ ယင်းကို တစ်ဖက်လူမှ အသုံးချလှည့်စားခြင်းပေပင်။

“ မင်း ... အနည်းဆုံးတော့ ... ။ ”

တာအိုချင်းရှက မင်ယွဲ့ကို ကြည့်သည်။ ထို့နောက်တွင် ကူချန်ထံ ကြည့်၏။ အဆုံးတွင် သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးကာ၊

“ ငါ ... မင်းအတွက် စိတ်ပူခဲ့တယ် ... မင်းရဲ့စီနီယာအစ်ကိုကလည်း မင်းကိုကူညီဖို့ ချွယ်အာကို စေလွှတ်ခဲ့ရတယ် ... ဒီလို လူတွေကို မရှင်းပြသင့်ဘူးလား။ ”

-ဟု ပြောကြားလိုက်သည်။

ချင်းဖန်မှ အနည်းငယ် တွေးတောလျက် စကားပြောရန် ကြိုးစားလိုက်သော်လည်း အသံ ထွက်မလာချေ။

မင်ယွဲ့မှ သူ့ကို မကြည့်သော်လည်း ဘေးတွင်ရပ်ကာ ငြိမ်သက်စွာ စောင့်မျှော်နေ၏။ စီနီယာအစ်ကိုမှ ဝိုင်ခွက်ကို မော့သောက်လျက် တိတ်ဆိတ်နေသည်။ ယနေ့တွင် သူတို့အတွက် အရေးတကြီး လုပ်စရာများ မရှိချေ။

ဆောင်းဦးပေါက်ရာသီဖြစ်သဖြင့် သစ်ရွက်ခြောက်များ လှဲကျင်းရန်သည်ပင် မင်ယွဲ့အတွက် အလျင်မလိုသည်မှာ သဘာဝပေပင်။

***

All Chapters