← Chapters

ချင်အေ ...

Vol. 11 Ch. 135

ချင်အေ ...

Vol. 11 Ch. 135

ဖူစုနိုင်ငံ၊ အင်ပါယာမြို့တော်၊ လောကျန့်တောင်။

လောကျန့်တောင်သည် အင်ပါယာရုံးတော်ပိုင် ဧရိယာအတွင်း တည်ရှိရာ တောင်တစ်လုံးဖြစ်၏။ ထို့ကြောင့် အခြားသော တောင်တန်းများနှင့် မခြားချေ။

သာမန်အမြင့်၊ သာမန်သစ်ပင်၊ သာမန်အဆောက်အဦးများနှင့် သာမန်ခြံဝင်း တစ်ခုရှိသည်။

သို့သော် ထိုတောင်တန်းသည် တော်ဝင်မိသားစုအတွင်း တားမြစ်နယ်မြေ အဖြစ်တည်ရှိသည်။ လူအနည်းငယ်သာ ဝင်ရောက်နိုင်၏။

အဘယ့်ကြောင့်ဆိုသော် ထိုတောင်တန်းသည် တော်ဝင်မိသားစုအတွက် မူလအောင်မြေဖြစ်၏။

ဒဏ္ဍာရီများအရ လွန်ခဲ့သော နှစ်ပေါင်းရာဂဏန်းအချိန်က ဧကရာဇ်ချင်သည် ဤနေရာသို့ ကောင်းကင်မှကျဆင်းလာသော ဓားတစ်လက်ကို မြင်တွေ့ခဲ့ရသည်။

ထိုဓားကို ဆွဲထုတ်လိုက်ချိန်တွင် မှော်ဆန်သော ရေနက်ဓားပညာတစ်ရပ်ကို နားလည်သွားခဲ့သည်။

ဤနည်းဖြင့် ပထမ ဖူစုနိုင်ငံတော်ကို နှစ်ပေါင်းရာနှင့်ချီအောင် အုပ်စိုးနိုင်ခြင်းဖြစ်၏။ လက်ရှိ ဒုတိယဖူစုနိုင်ငံတော်ကို အုပ်စိုးသူသည် ထိုတောင်တန်း၌ ကျင့်ကြံနေသည်။

ဤပုဂ္ဂိုလ်သည် ယနေ့ဖူစုနိုင်ငံ၏ တစ်ပါးတည်းသော ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူဖြစ်၏။ သူ့အသက်မှာ နှစ်ပေါင်း (၄၀၀) ကျော်နေချေပြီ။

ဖူစုနိုင်ငံကို တည်ထောင်သူ၏ မြေးတော်ဖြစ်ပြီး လက်ရှိ ဖူစုဧကရာဇ်မင်း၏ အဘိုးလည်း ဖြစ်သည်။

“ ကျွီ ... ။ ”

လောကျန့်တောင်ထိပ်ပေါ်ရှိ တားမြစ်ခြံဝင်းတံခါး ရုတ်တရက် ဖွင့်လာပြီး အပြာရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက် လှမ်းထွက်လာ၏။

သူ့မျက်တွင်းများမှာ ချိုင့်ဝင်လျက် အသားအရေမှာ နီရဲနေသည်။ ခန္ဓာကိုယ်သည် အရိုးနှင့် အရေမျှသာ ကျန်၏။

ခြံဝင်းတံခါးကို စောင့်ပေးနေသည့် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူက အံ့အားသင့်စွာ ပြန်လှည့်ကြည့်သည်။

ဘိုးဘေးသည် အမှန်ပင် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာချေပြီ။ ထိုနောက် အစောင့်က လေးနက်သော အသွင်ဖြင့် လှမ်းတက်သွားကာ၊

“ ဂုဏ်ယူပါတယ် ဘိုးဘေး ... နှစ်ပေါင်းများစွာ ဒုက္ခပေးနေတဲ့ ဒဏ်ရာကို ဖြေရှင်းနိုင်ခဲ့ပြီ။ ”

-ဟု အလျင်စလို ဂုဏ်ပြုလိုက်၏။

သို့သော် အဘိုးအိုက အေးစက်စွာ ပြန်ကြည့်သည်။ ထိုအကြည့်သည် ဗလာဖြစ်ပြီး အကြည့်ခံရသူကို အေးခဲသွားစေ၏။

ယွမ်ဖူနယ်ပယ် ကျင့်ကြံသူခမျာ နှလုံးခုန်နှုန်းများ မြန်လာတော့သည်။ ကျောရိုး တစ်လျှောက် ချွေးများဖြင့် ရွဲနစ်လာပြီး ခေါင်းငုံ့ထား၏။

အချိန်မည်မျှ ကုန်လွန်သွားသည် သူ မသိနိုင်ချေ။ သူ တစ်ခုခု မှားယွင်းသွားကြောင်း နားလည်လာ၏။ ယင်းအသိက သူ့ကို တုန့်လှုပ်စေသည်။

“ မျိုးနွယ်စုဝင်အားလုံးကို ... ချက်ချင်း ဒီလာဖို့အမိန့်ယူသွားပါ ငါပြောစရာရှိတယ်။”

“ နားလည်ပါပြီ ... ။ ”

ခြံစောင့်ခမျာ ကျင့်ကြံသူခမျာ ထိတ်လန့်စွာဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွား တော့၏။ များမကြာခင် ခြံဝင်းအတွင်း လူအများဖြင့် ပြည့်သွားသည်။

လူတိုင်းသည် ယွမ်ဖူနယ်ပယ်ဖြစ်၏။ အဖိုးအိုမှ တံခါးဝတွင် တိတ်ဆိတ်စွာ ရပ်နေဆဲ ဖြစ်သည်။ သူ့အမည်မှာ ချင်အေဖြစ်၏။

“ ဘိုးဘေး၊ ငါတို့ချင်မိသားစုရဲ့ ယွမ်ဖူနယ်ပယ်မှာ ကျင့်ကြံသူ (၂၁)ယောက်လုံး ရောက်ရှိလာပါပြီ။ ”

ခြံစောင့်ကျင့်ကြံသူမှ သတင်းပို့၏။

“ နှစ်ဆယ့်တစ်ယောက်လား ... ။ ”

ချင်အေမှ မျက်ခုံးပင့်သည်။

“ ဟုတ်ကဲ့ ... ချင်ကျိမင် သေသွားပါပြီ။ ”

“ သေသွားတာလား ... ။ ”

ချင်အေက ခြံစောင့် ကျင့်ကြံသူကို ပြန်ကြည့်လိုက်ကာ အဆုံးတွင် လက်ဝှေ့ယမ်း ပြလျက်၊

“ မေ့လိုက်ပါ ... ဒီအကြောင်း နောက်မှပြောကြရအောင် ... ငါဒီကိစ္စတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းပေးမယ်။ ”

-ဟု ပြောကြားလိုက်သည်။

ထို့နောက် ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်၏။ ယွမ်ဖူနယ်ပယ်(၂၁)ဦးမှ ချင်အေရှေ့တွင် ခေါင်းငုံ့နေဆဲပေပင်။

သူတို့နှလုံးသားထဲ စိုးရိမ်ပူပန်မှုနှင့် စိတ်မသက်မသာ ဖြစ်နေသော ခံစားချက်များ ဝင်ရောက်လာတော့၏။ အဆုံး၌ သက်ပြင်းချသံ ထွက်ပေါ်လာပြီး၊

“ ငါအသက်ရှင်ဖို့ သုံးနှစ်ကျန်သေးတယ်။ ”

-ဟု ပြောကြားလာ၏။

“ ဘိုးဘေး ... ။ ”

လူတိုင်း အံ့အားသင့်စွာ ပြန်မော့ကြည့် လိုက်ကြသည်။ ထို့နောက် မျှော်လင့်ချက်များ ဆုံးရှုံးလျက် ဝမ်းနည်းကုန်တော့၏။

ဖူစုနိုင်ငံသည် မည်မျှပင် ဝရုန်းသုန်းကားဖြစ်နေပါစေ ဘိုးဘေးရှိနေသရွေ့ အချိန်မရွေး ပြန်၍ဦးမော့လာနိုင်မည်။

ထို့ကြောင့်ပင် သူတို့အားလုံးသည် အကြွင်းမဲ့သစ္စာရှိနေကြခြင်း ဖြစ်၏။ သို့သော် သုံးနှစ်ကုန်လွန်ပြီးနောက် ဖူစုနိုင်ငံသည် ပြိုကွဲရပေတော့မည်။

“ ဘိုးဘေ ... အဲဒီနတ်ဆိုးပေးခဲ့ရဲ့ ဒဏ်ရာတွေကို မဖယ်ရှားနိုင်ခဲ့ဘူးလား။ ”

သည်းမခံနိုင်တော့ဘဲ တစ်စုံတစ်ဦးမှ မေးသည်။ ချင်အေက ခေါင်းခါပြလိုက်ပြီး၊

“ နတ်ဆိုးကြောင့်ရတဲ့ ဒဏ်ရာတွေက ပျောက်ကွယ်သွားပါပြီ ဒါပေမယ့် ငါ့အုတ်မြစ်ကို ပျက်စီးသွားစေတာမို သက်တမ်းကုန်သွားပြီ ...

... ငါအသက်ရှင်ဖို့အတွက် သုံးနှစ်ပဲ ကျန်တော့တယ် ဒီသုံးနှစ်အတွင်း မင်းတို့ကို ကာကွယ်ပေးမယ် ... ပြဿနာတိုင်းကိုလည်း ဖြေရှင်းပေးမယ် ...

... သုံးနှစ်ကုန်လွန်ပြီးရင် အရာအားလုံး မင်းတို့အပေါ် မူတည်လိမ့်မယ် ... မင်းတို့တွေ အချင်းချင်း ပြန်မသတ်သရွေ့ ... ဒီဖူစုနိုင်ငံကို နှစ်တစ်ရာတိတိ ကာကွယ်နိုင်မယ် ...

... တကယ်လို့ အနှစ်တစ်ရာအတွင်း ခရမ်းရောင်နေမင်းနယ်ပယ်ကို မင်းတို့တွေထဲက တစ်ယောက်မှ ဝင်ရောက်မလာနိုင်တော့ရင် ကံကြမ္မာကို လက်ခံလိုက်ကြပါ။ ”

ချင်အေက တိတ်ဆိတ်သွား၏။ ဖူစုနိုင်ငံတစ်ခုလုံး၌ ယွမ်ဖူနယ်ပယ်ကျင့်ကြံသူ ဆယ်ဦးခန့်သာ ရှိနေကြောင်း သိထားသည်။

ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ၏ သက်တမ်းသည် နှစ်သုံးရာဖြစ်၏။ ထို့ကြောင့် ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး မရှိသော တော်ဝင်မိသားစုသည် သူတို့အတွက် အသားတစ်တစ်ခုဖြစ်လာပေမည်။

သည့်ပြင် ခရမ်းရောင်နေမင်း နယ်ပယ် တစ်စုံတစ်ဦးမရှိသော် အခြားသော နိုင်ငံများမှ ကျူးကျော်လာနိုင်၏။

ထိုအခြေအနေကို နားလည်ထားသော တော်ဝင်မိသားစုဝင် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ များခမျာ ကြောက်ရွံ့မှုအငွေ့အသက်များ ချက်ချင်း ခံစားလာရတော့သည်။

***

စာကြည့်တိုက်အတွင်း စာရွက်စာတမ်းများဖြင့် ပြန့်ကျဲနေသော စားပွဲခုံ တစ်လုံးတွင်ထိုင်လျက် ချင်ထိုက်တစ်ယောက် အလုပ်ရှုပ်နေသည်။

ထိုစဉ် တစ်စုံတစ်ရာကို ခံစားမိဟန်ဖြင့် ခေါင်းမော့ကြည့်၏။ နန်းတွင်း အစေခံဝတ်ရုံဖြင့် မိန်းကလေးတစ်ယောက် သတိနှင့်ဝင်လာပြီး၊

“ အရှင်မင်းကြီး ... ဆီမီးထပ်ထည့်ရမယ့် အချိန်ရောက်ပြီ။ ”

-ဟု တိုးတိုးလေးပြောသည်။

ချင်ထိုက်မှ ခေါင်းညိတ်ပြ၏။ နန်းတွင်းအစေခံမိန်းကလေးက စားပွဲခုံအနား လျှောက်လှမ်းလာကာ ကောက်ကြောင်းကို လှစ်ဟပြီး ဆီးမီးခွက်ကိုင်လိုက်သည်။

တစ်ဆက်တည်းမှာပင် ဆီမီးများ လောင်းထည့်ပေးနေလျက်ဖြင့် ချင်ထိုက်၏ အခြေအနေကို တိတ်တဆိတ်ခိုးကြည့်၏။

သို့သော် ချင်ထိုက်သည် လှည့်၍ပင် မကြည့်တော့ချေ။ ထို့ကြောင့် နန်းတွင်းအစေခံ မိန်းကလေးသည် အနည်းငယ် စိတ်ပျက်သွားပြီး ဦးညွှတ်လျက် တံခါးဆီသို့ ပြန်လျှောက် သွားတော့သည်။

ထို့နောက် တံခါးပိတ်ခါနီးအချိန်တွင် သည်းမခံနိုင်ဘဲ မျှော်လင့်တကြီးဖြင့် လည်ပြန် လှည့်ကြည့်မိပြန်၏။ သို့တိုင် ချင်ထိုက်သည် ကျောပေးလျက်အနေအထားဖြင့် စားပွဲတွင် ထိုင်နေဆဲပေပင်။

***

All Chapters