← Chapters

ငါ ... ဘယ်တော့မှ မငြင်းဘူး

Vol. 11 Ch. 136

ငါ ... ဘယ်တော့မှ မငြင်းဘူး

Vol. 11 Ch. 136

ကိုယ်လက်အင်္ဂါ ပြန်လည် ရယူခြင်း ဆေးပြားအတွက် လိုအပ်သည့် ဆေးအမယ်များ မရရှိသေးသောကြောင့် ရေမီးဆေးပြားကို သန့်စင်ရန် ပြင်ဆင်နေခဲ့သည်။

ရေမီးဆေးပြားသည် အဆင့်(၇) ဖြစ်သည်။ သူသည် အဆင့်(၇) အဂ္ဂိရတ်ပညာရှင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အောင်မြင်စွာ သန့်စင်နိုင်ခြင်း ရှိ၊မရှိ မသိနိုင်ချေ။

ဆေးဝါးများ သန့်စင်ရာတွင် ကျွမ်းကျင်မှုအပြင် ကံကြမ္မာလည်းလိုသည်။ ၎င်းသည် ထောင်ပေါင်းများစွာသော ဝိညာဉ် အနှစ်သာရကို ပေါင်းစည်းခြင်းပေပင်။

တစ်မျိုးနှင့်တစ်မျိုး ၎င်းတို့၏ပိုလျှံမှုနှင့် ချို့တဲ့မှုများအပေါ် ဖြည့်ဆည်းလျက် ယင်ယန် ညီညွှတ်စေခြင်းဖြစ်သည်။

အဋ္ဌမတန်း ဆေးပြားများ အတွက်မူ သူ့အတွက် အတားအဆီးဖြစ်စေသော ဆေးပြား မရှိတော့ချေ။ သတ္တမတန်း သည်သာ အသစ်အဆန်း ဖြစ်နေသည်။

“ ဒီဆေးဖက်ဝင်အပင်တွေက ရှာရတာ မလွယ်ဘူး ငါမအောင်မြင်ရင် အနည်းဆုံးတော့ တစ်နှစ်အချိန်ယူရလိမ့်မယ်။ ”

ကူချန်အနေဖြင့် ချင်းမူပေါင်းစည်းခြင်း သုတ္တန်ကို ကျွမ်းကျင်သော်လည်း အနည်းငယ် စိုးရိမ်နေသေးသည်။

လက်ရှိကျင့်ကြံမှု အဆင့်အရ သတ္တမတန်းဆေးပြားများသည် သန့်စင်ရန် ခက်ခဲနေဆဲဖြစ်သည်။

ဆေးလုံးဖွဲ့စည်းနေစဉ် ချီပြတ်လပ်ကာ မီးငြိမ်းသွားမည်ကို စိုးရိမ်၏။ ခရမ်းရောင်နေမင်း နယ်ပယ်သည် စိတ်အချရဆုံးပေပင်။

ထို့ကြောင့် အနည်းငယ် ဝိရောဓိ ဖြစ်နေခြင်းပေပင်။ ခရမ်းရောင်နေမင်း နယ်ပယ် တက်ရောက်ရန် ရေမီးဆေးပြားကို လိုအပ်၏။ အဆိုပါ ရေမီးဆေးပြားကို သန့်စင်ရန် ခရမ်းရောင်နေမင်းကျင့်ကြံမှု လိုနေသည်။

ယင်းသည် သူ့ကို ပိတ်မိသွားစေ၏။ ထို့ကြောင့် အဂ္ဂိရတ်သမားအတွက် မဖြစ်မနေ စစ်မှန်သောမီးတောက် လိုအပ်ခြင်းပေပင်။

စစ်မှန်သောမီးတောက်သည် ကောင်းကင်နှင့်မြေကြီးကြား ဝိညာဉ်စွမ်းအင်ကို သဘာဝအတိုင်း ဆွဲဆောင်နိုင်စွမ်းရှိသည်။

ဤနည်းဖြင့် စစ်မှန်သောချီသုံးစွဲမှုကို လျှော့ချနိုင်၏။ သို့သော် စစ်မှန်သောမီးတောက် ရရှိရန် မလွယ်ချေ။

ရုတ်တရက် ချင်းမူပေါင်းစည်းခြင်း သုတ္တန်တွင် အဂ္ဂိရတ်ပညာရပ်တစ်ခုကို သတိရ လာသည်။

ဝိညာဉ်စွမ်းအင်များကို ဆွဲငင်နိုင်သော ဝင်္ကပါဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကြား ဝိညာဉ်စွမ်းအင်များကို စုပ်ယူခြင်းဖြင့် ‘ချီ’ ကုန်ဆုံးမှု သက်သာစေမည်။

“ ဒီနည်းလမ်းက စစ်မှန်သောမီးတောက် အတွက် လိုအပ်တဲ့ ချီကုန်ဆုံးမှုကို လျော့ချပေး နိုင်ပေမယ့် ဆေးရဲ့အောင်မြင်မှုနှုန်းကို သက်ရောက်မှု ရှိလာလိမ့်မယ်။ ”

သို့သော် ဤကမ္ဘာကြီးတွင် ပြီးပြည့်စုံသော အဖြေဟူ၍ မရှိချေ။ ရုတ်တရက် ကြယ်လက်စွပ် အပေါ် သတိရလာသည်။

“ ကြယ်ကမ္ဘာထဲမှာ ဝိညာဉ်စွမ်းအင်က ပြင်ပကမ္ဘာထက် အများကြီး သိပ်သည်းပါတယ် အဲဒီထဲမှာ ... ဆေးသန့်စင်ရင် ငါလိုအပ်တဲ့ စွမ်းအင်ကိုထောက်ပံ့ပေးနိုင်မယ်။ ”

အတွေးဖြင့် ကြယ်ကမ္ဘာအတွင်း ဝင်ရောက်သွားကာ အဠမတန်း ဆေးပြားများ သန့်စင်ကာ ရလာဒ်ကို စမ်းသပ်နေခဲ့သည်။

ထို့‌နောက်တွင် လင်းရင်ဘုံကျောင်းသည် ယခင်ကဲ့သို့ ငြိမ်သက်ခြင်းမျိုး ပြန်လည်ရောက်ရှိ သွားခဲ့ကာ တောင်တန်းတစ်ခုလုံး နှင်းများ ထူထပ်စွာ ဖုံးလွှမ်းနေတော့၏။

***

နတ်နဂါးမြို့၊ ကူအိမ်တော်။

ကူဖုန်းတစ်ယောက် လက်တစ်ဖက် မရှိတော့သောချင်းဖန်ကိုကြည့်ကာ မျက်ခုံး ပင့်လျက်၊

“ မင်းလက် ဘာဖြစ်တာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ဒီမေးခွန်းကို မဖြေချင်ဘူး။ ”

ချင်းဖန်က ရှက်ရွံ့စွာ ခေါင်းကုတ်ပြီး ပြုံးလေသည်။ ကျင့်ကြံမှုလောကသို့ ပထမဆုံး ခရီးထွက်ချိန်မှာပင် လက်တစ်ဖက် ဆုံးရှုံးခြင်းသည် ရှက်စရာပေပင်။

ချင်းဖန်မှ မပြောချင်သောကြောင့် ကူဖုန်းသည်လည်း ဆက်မမေးတော့ဘဲ သူ့ရှေ့မှ ဆေးပြားများကိုကြည့်လျက် သက်ပြင်းချ လိုက်သည်။

“ မင်းရဲ့ စီနီယာအစ်ကို ကျင့်ကြံနေပြန်ပြီလား။ ”

“ ဟုတ်ကဲ့ ... စီနီယာအစ်ကိုက ဒီတစ်လအတွင်း လာနိုင်ဦးမှာ မဟုတ်ဘူး ... အရေးပေါ် အခြေအနေမှာ

... စီနီယာအစ်ကိုက ... ဦးလေးကူကို ဆက်သွယ်ဖို့ပေးထားတဲ့တံဆိပ် သုံးလို့ရတယ် မှာလိုက်တယ်။ ”

“ ကောင်းပြီ ... ။ ”

ကူဖုန်းက ခေါင်းညိတ်လိုက်သည်။ သို့တိုင်ချင်းဖန်သည် ထွက်ခွာသွားခြင်း မရှိဘဲ ကူဖုန်းထံ တစ်ချက်ကြည့်လိုက်ပြီး၊

“ ဦးလေးကူ ... မင်းစိုးရိမ်စရာရှိနေလား။ ”

-ဟု စပ်စုတော့၏။

သူ့မေးခွန်းကြောင့် ကူဖုန်းခမျာ အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးလျက်၊

“ မင်း ... လူတွေရဲ့ အမူအရာတွေ ဖတ်တတ်အောင် သင်ယူထားတာလား ... ။ ”

-ဟု ပြောကြားလိုက်သည်။

ချင်းဖန်တစ်ယောက် သတိမထားမိခင် ကြီးပြင်းလာပုံရ၏။ ထိုအတွေးက ကူဖုန်းအပေါ် ပို၍ ဝမ်းနည်းမိစေသည်။ အချိန်သည် လျင်မြန် လွန်းချေပြီ။ စိုးရိမ်စရာကောင်းလှ၏။

“ လူတွေဟာ အမြဲတမ်း ... တိုးတက် ကြီးပွားဖို့အတွက် သင်ယူနိုင်ရမယ် မဟုတ်လား ဦးလေးကူကို ငါ့ကိုပြောပါ ... ငါမင်းကို ကူညီနိုင်တာ တစ်ခုခုရှိမလား။ ”

ချင်းဖန်စကားကြောင့် ကူဖုန်းမှ လေးနက်စွာပြန်ကြည့်၏။ ထို့နောက် သူက သက်ပြင်းချလိုက်ကာ၊

“ မင်းသိပါတယ် ... ဒီကိစ္စက မင်းရဲ့အကူအညီ လိုတကယ်အပ်နိုင်တယ်။ ”

-ဟု စကားစလာတော့သည်။

“ ပြောပါ ဦးလေးကူ ... ။ ”

“ မင်းရဲ့ စီနီယာအစ်ကိုက ... သူ့အသက်အရွယ်နဲ့ လက်ထပ်သင့်တယ်လို့ မင်းထင်လား။ ”

“ ဟုတ်ကဲ့ ... မိန်းမတစ်ယောက်က စီနီယာအစ်ကိုရဲ့ ဓားဆွဲမှုအရှိန်ကို နှောင့်နှေး စေတာ အမှန်ပါပဲ ... ။ ”

ကူဖုန်းတစ်ယောက် မျက်ခုံးပင့်လျက် ချင်းဖန်ထံ အံ့အားသင့်စွာ ပြန်ကြည့်လိုက်သည်။

( ကောင်လေး ... မင်းပဲ ငါ့ကို ကူညီချင်တယ်လို့ စပြောလာတာမဟုတ်လား ဒါဆို ... ဘာလို့ မင်းစီနီယာအစ်ကိုဘက်က ဖြစ်နေရတာလဲ။ )

ထို့အကြည့်ကြောင့် ချင်းဖန်တစ်ယောက် အနည်းငယ်အနေခက်လာပြီး အပြစ်ရှိသွားသလို ခံစားလာရသည်။

“ အဟမ်း ... အမျိုးသမီး တစ်ယောက်ကြောင့် မင်းရဲ့လက်မောင်းက ဒီလိုဖြစ်သွားတာလား ။ ”

ရုတ်တရက် ကူဖုန်းမှ မေးမြန်းလိုက်တော့သည်။ ချင်းဖန်တစ်ယောက် ခေါင်းကုပ်လျက်၊

“ ဦးလေးကူ ... ဒါကို မင်းဘယ်လိုသိလဲ။ ”

-ဟု ရှက်ရွံ့စွာ မေးမြန်းလိုက်၏။

“ ထိုးထွင်းသိမြင်မှုနဲ့ မင်းရဲ့ရပ်တည်ချက် အပြောင်းအလဲကြောင့်ပဲ ။ ”

ချင်းဖန်ခမျာ နှုတ်ခမ်းများ တွန့်ခေါက် သွားလေသည်။ ဤသည်မှာ မယားငယ်အပေါ် အဝတ်ဗလာချွတ်ခံရခြင်းနှင့် တူနေ၏။

“ စိတ်မပူပါနဲ့ မင်းရဲ့စီနီယာအစ်ကိုက မင်းလိုပြဿနာမျိုး ရှိမှာမဟုတ်ပါဘူး။ ”

( သေစမ်း ... ။ )

ကူဖုန်းစကားကြောင့် ချင်းဖန်မှ သူ့ကိုယ်သူ ကျိန်ဆဲလိုက်သည်။

“ ဒါပေမယ့် ... စီနီယာအစ်ကိုက မိန်းမတွေကို စိတ်မဝင်စားဘူး ဦးလေးကူက လက်ထပ်စေချင်ရင် တစ်ယောက်ယောက် သဘောမတူမှာ ကြောက်မိတယ်။ ”

“ မင်း ... မိန်းကလေးမု အကြောင်း ပြောနေတာလား။ ”

“ မှန်တယ် ... စီနီယာအစ်ကိုနဲ့ လက်ထပ်ဖို့အတွက် ထိုက်တန်တဲ့လူက အစ်မမု တစ်ယောက်တည်း ရှိတယ် ဒါပေမယ့် ...

... ဒီကိစ္စကို စီနီယာအစ်ကို သဘောတူလာအောင် သမားရိုးကျ ဆွဲဆောင်မှု နည်းလမ်းတွေသုံးလို့ အဆင်မပြေနိုင်ဘူး ငါ့မှာ အကြံတစ်ခုရှိတယ် ဦးလေးကူ ... ဒါပေမယ့် ဖြစ်နိုင်ပါ့မလားတော့ မသိဘူး။ ”

ဤပြဿနာအတွက် နည်းလမ်းပေါင်းစုံကို ဖမ်းဆုပ်ရန် ကူဖုန်းမှ စဉ်းစားထားပြီး ဖြစ်သည်။ ဆိုလိုသည်မှာ သည်ကလေး ချင်းဖန်အပေါ် မယုံကြည်ရသော်လည်း နားထောင်ရန် ရွေးချယ်ထား၏။

“ ပြောတာပါ ... ။ ”

ထို့နောက် နှစ်ယောက်သား အချိန် အနည်းငယ်ကြာအောင် တီးတိုးတိုင်ပင်နေ၏။ ကူဖုန်းတစ်ယောက် မျက်ဝန်းများ မှေးစင်းလျက် အဆုံးတွင် ချင်းဖန်ပုခုံးကို ပုတ်လိုက်ပြီး၊

“ ဒီကိစ္စသာ တကယ်အောင်မြင်ရင် မင်းကိုငါဆုချီးမြှင့်မယ်။ ”

ချင်းဖန်မှ လက်ဝှေ့ယမ်းလိုက်ပြီး၊

“ မလိုပါဘူး ဦးလေးကူ ... ညီငယ် တစ်ယောက်အနေနဲ့ စီနီယာအစ်ကိုရဲ့ ကိစ္စကို စဉ်းစားပေးသင့်တယ် မဟုတ်လား။ ”

“ ဟားဟားဟား ... ကောင်းပြီ မင်းပြောခဲ့တဲ့အတိုင်း ဆက်လုပ်ပါ မမေ့နဲ့ ... ။ ”

ချင်းဖန်မှ သူ့အကြံဉာဏ် အောင်မြင်သွား သကဲ့သို့ ပျော်ရွှင်နေသော ကူဖုန်းထံကြည့်ကာ အနည်းငယ် အံသြသွား၏။ ထို့‌နောက် လေးနက်သော အသွင်ဖြင့်။

“ အဟမ်း ... ဒါနဲ့ဦးလေးကူ ... မင်း ငါ့ကိုအိမ်ထောင်ချပေးဖို့ စဉ်းစားနေရင်တော့ ငါ ဘယ်တော့မှ ငြင်းမှာမဟုတ်ဘူး။ ”

***

All Chapters