မင်းအတွက် ပြဿနာသုံးခု ဖြေရှင်းပေးမယ်
Vol. 11 Ch. 137
ကြယ်ကမ္ဘာအတွင်း နယ်မြေသည် ပန်းကန်လုံးတစ်လုံးကို ဇောက်ထိုးမှောက် ထားခြင်းနှင့်တူ၏။
အမှောင်နံရံများဖြင့် ပိတ်ဆို့ထားပြီး အမည်မသိအရာမှ အလင်းရောင်များ တောက်ပ နေစေသည်။
လက်ရှိအချိန်၌ ရွှေရောင်မီးတောက် တစ်စသည် ကြယ်ကမ္ဘာအတွင်း ဖျစ်ဖျစ်မြည် နေတော့၏။ ၎င်းမီးတောက် ပတ်လည်တွင် အရောင်အသွေးစုံလင်သော အရည်များ ရစ်သိုင်းနေသည်။
အဂ္ဂိရတ်ပညာဟူသည် ကွဲပြားသော ဂုဏ်သတ္တိများနှင့် အကျိုးသက်ရောက်မှုများကို ပေါင်းစပ်ကာ မယုံနိုင်ဖွယ် အသွင်ပြောင်းမှု အဖြစ် ဖန်တီးခြင်းဖြစ်သည်။
ထို့ကြောင့် ဆေးဖက်ဝင်အရည်များ၏ မတူညီသောဂုဏ်သတ္တိများကို ပေါင်းစပ်နိုင်ရန် အနှစ်သာရများ ထုတ်ယူရချေပြီ။
“ ..... ။ ”
ရုတ်တရက် အက်ကွဲသံတိုးတိုးနှင့်အတူ နတ်ဆိုးဆေးပြား ကွဲထွက်သွားပြီး အနီရောင် အရည်များ စီးထွက်လာသည်။
ဤသည်မှာ မီးစွမ်းအင်သဘာဝကို ပိုင်ဆိုင်သော အနှစ်သာရပေပင်။ ယင်းသည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ၏ စစ်မှန်သောချီ အကာအကွယ်အလွှာကို အလွယ်တကူ လောင်မြိုက်ပစ်နိုင်၏။
တစ်ချိန်တည်းမှာပင် ကူချန်သည်လည်း မျက်နှာအသွင် ဖြူဖျော့နေသော်မှ အနည်းငယ် စိတ်သက်သာရာရသွားသည်။
ဤမတိုင်မီ နတ်ဆိုးဆေးပြားကို အရည်ဖျော်ရာ၌ မီးတောက် မလုံလောက်ဘဲ ကုန်းဆုံးခဲ့ရသည်။
(၁၅)ရက် ကုန်လွန်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နတ်ဆိုးဆေးပြားကို အရည်ဖျော်နိုင်ပြီဖြစ်သည်။
“ ဝှစ် ... ။ ”
ထိုနောက် နတ်ဆိုးဆေးပြား၏ မီးအနှစ်သာရအရည်များကို ပုလင်းတစ်လုံးထဲ ထည့်သိမ်းလိုက်သည်။
အဂ္ဂိရတ်ပညာရပ်တွင် ကဏ္ဍကြီး နှစ်ရပ်ရှိသည်။ ပထမကဏ္ဍတွင် အနှစ်သာရကို ထုတ်ယူရန်ဖြစ်၏။ ထိုလုပ်ငန်းစဉ်သည် ငြီးငွေ့ဖွယ် အကောင်းဆုံးပေပင်။
စိတ်ရှည်သည်းခံနိုင်မှုအပေါ် စမ်းသပ်ခြင်းမည်၏။ ဒုတိယကဏ္ဍကြီးသည် အနှစ်သာရများ ပေါင်းစပ်ရန်ဖြစ်သည်။
ဤလုပ်ငန်းစဉ်သည် အဂ္ဂိရတ်ပညာရှင် တစ်ယောက်၏ လျှို့ဝှက်ချက်ဖြစ်ပြီး ၎င်းအပေါ် မည်သူမဆို အောင်မြင်နိုင်သည် မဟုတ်ချေ။
ထိုအဆင့်သည် ကျရှုံးနိုင်ချေ အများဆုံး လုပ်ငန်းစဉ်ဖြစ်၏။ ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ်စွမ်းအင်များကို မွေးဖွားပေးသည်။
မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင် အနှစ်သာရများကို ပေါင်းစည်းခြင်းဖြင့် ယင်ယန် ဟန်ချက်ညီမှု ရရှိစေ၏။
ထို့ကြောင့် ပေါင်းစပ်ခြင်းဟူသည် အခက်ခဲဆုံးသော လုပ်ငန်းစဉ်ဖြစ်ကာ အဂ္ဂိရတ် သမားများအတွက် ကြီးစွာသော စမ်းသပ်မှု ပေပင်။
ရောစပ်ထားသော ဆေးဘက်ဝင် အနှစ်သာရများတွင် မတူညီသည့်ဂုဏ်သတ္တိများ ရှိ၏။ ခြေတစ်လှမ်းမှားသော် ဆေး၏ ဂုဏ်သတ္တိများပြောင်းလဲပေမည်။
ဆိုလိုသည်မှာ အနည်းငယ်မျှသော အမှားအယွင်းသည်ပင် ယခင်ကြိုးစားမှုအားလုံး အလဟသဖြစ်စေကာ အဆိပ်ဖြစ်နိုင်ချေ (၉၉%) သေချာနေ၏။
ဆေးပြားတိုင်း၏ လေပုံ-သုံးပုံသည် အဆိပ်ဖြစ်ပြီး အဆိပ်များ၏ လေးပုံ-သုံးပုံသည် ဆေးဖြစ်သည်။
ဆေးနှင့်အဆိပ်။ အဆိပ်နှင့်ဆေး။ ဤသည်မှာ အဂ္ဂိရတ်ပညာ၏ ပါးလွှာသော မျဉ်း တစ်ကြောင်း ပေပင်။
“ ဝှစ် ... ။ ”
ကူချန်မှ လက်ဝှေ့ရမ်းရာ ကြေးနီရောင် ဆေးကြိုအိုးတစ်လုံး ပျံထွက်လာ၏။ ထို့နောက် ဆေးအိုးကို အပူပေးသည်။
မီးတောက်များက ဆေးကြိုအိုး တစ်ခုလုံးအပေါ် ဖုံးလွှမ်းသွားချိန်၌ ဆေးပုလင်း နှစ်လုံးထုတ်ယူပြီး လောင်းထည့်လိုက်၏။
ဆေးအမယ်များစွာ၏ အနှစ်သာရကို ထုတ်ယူရန် (၁၅)ရက်ခန့် အချိန်ယူခဲ့ရသည်။ ထိုကာလအတွင်း သူ့စိတ်ဝိညာဉ်မှာ အလွန် ပင်ပန်းနွမ်းနယ်ခဲ့ရ၏။
အခြားသူတစ်ဦးသာ ဆိုသော် လဲပြိုကျသွားနိုင်မည်။ သူ့အတွက် ကံကောင်း စေသည်မှာ ကျောက်စိမ်းသစ်ခွ အကူအညီနှင့် လျင်မြန်စွာ ပြန်၍ဖြည့်တင်းနိုင်ခြင်းပေပင်။
များမကြာခင် ဆေးရည်များအိုးထဲ ပွက်ပွက်ဆူလာပြီး ရနံ့များထုတ်ဖော်လာသဖြင့် စိတ်နှလုံး ကြည်လင်လာသည်။
သူ့ခြေဖျားအောက်ရှိ ဝိညာဉ်စွမ်းအင် စုစည်းခြင်းအစီရင်သည်လည်း အသက်ဝင်လာ တော့၏။
ဤကြယ်ကမ္ဘာအတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် ပြင်ပကမ္ဘာထက် ဆယ်ဆ ပိုမိုသိပ်သည်းသည်။
အစီရင်၏ အကူအညီနှင့်အတူ ဝိညာဉ်စွမ်းအင်များသည် သာမန်မျက်စိဖြင့်ပင် မြင်သာသောအဟုန်နှင့် စီးဝင်လာ၏။
ခန္ဒာကိုယ်ရှိ မွေးညှင်းပေါက်များမှတဆင့် ခရမ်းရောင်နန်းတော်အတွင်း ဝင်ရောက်လာ လေသည်။
ထို့နောက်တွင် ချီမီးတောက်အဖြစ် ကုန်ဆုံးသွားနေသော စစ်မှန်သော ချီနေရာတွင် အစားထိုးဖြည့်တင်းပေးတော့၏။ ဤနည်းဖြင့် အချိန်များ တရွေ့ရွေ့ ကုန်လွန်နေချေပြီ။
***
ဖူစုပြက္ခဒိန် (၄၅၅)ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့၊ နွေဦးရာသီ။
ဖူစုနိုင်ငံ၏ တော်ဝင်မိသားစုသည် ရုတ်တရက် မိုးရွာသကဲ့သို့ အင်ပါယာရုံးတော် အတွင်း ရှင်းလင်းရေးလုပ်ဆောင်ခဲ့သည်။
အဆင့်မြင့်အရာရှိများစွာသည် ချက်ချင်းအကျဉ်းချခံရကာ အရာရှိအချို့သည် ကွပ်မျက်ခံလိုက်ရ၏။
ထိုဖြစ်စဉ်ကြောင့် အများစုမှာ တုန်လှုပ်ကုန်ကြသည်။ အစောပိုင်းသုတ်သင်မှုမှ လွတ်မြောက်ကျန်ရစ်ပြီးနောက် သင်ခန်းစာ ရရှိကာ ပြုပြင်နေသူများသည်ပင် ဤတစ်ကြိမ်၌ ချန်လှပ်ထားခြင်း မပြုတော့ချေ။
အင်ပါယာ ရုံးတော်အပေါ် သစ္စာစောင့်သိသူများသည် ထိုအဖြစ်အပျက်ကို ရပ်ကြည့်နေရုံသာတတ်နိုင်၏။ သို့သော် ထိုလုပ်ငန်းစဉ်သည် ရပ်တန့်ခြင်း မရှိချေ။
တော်ဝင်မိသားစု အတွင်းမှသည် ရုံးတော်အရာရှိများ ပြည်နယ်သခင်များနှင့် အစေခံများတိုင် ဖြစ်လာသည်။
ဤရှင်းလင်းမှုအတွင်း ချွင်းချက်မရှိ သံသယဖြစ်သူများပင် မချန်ချေ။ အနည်းငယ်မျှ အဆက်အသွယ် အရိပ်အယောက် ရှိသူများပင် သတ်ဖြတ်ခံလိုက်ရသည်။
အင်ပါယာနန်းတော်ဟူသည် ခေတ်အဆက်ဆက် ဧကရာဇ်သားစဉ်မြေးဆက် နေထိုင်ရာအရပ်ဖြစ်သည်။
အင်ပါယာရုံးတော်သည် ၎င်းတို့၏ မိသားစုဝင်များ နေထိုင်ရာအရပ် ဖြစ်သည်။ ဤသုတ်သင်မှုတွင် အင်ပါယာနန်းတော်မှသည် အင်ပါယာရုံးတော်အထိ သွေးလွှမ်းခဲ့၏။
ထိုဖြစ်စဉ်သည် မရိုးရှင်းချေ။ အဆင့်မြင့် အရာရှိများ၊ အမတ်များ၊ အမတ်ချုပ်နှင့်ဧကရာဇ် သည်ပင် ဤမျှကြီးမားသော အကျိုးဆက်ကို မခံယူဝံ့ကြောင်း သိရှိထား၏။
***
အင်ပါယာနန်းတော်၊ စာကြည့်တိုက်။
“ မင်္ဂလာပါ ဘိုးဘေး ... ။ ”
ဧကရာဇ်ချင်ထိုက်သည် စားပွဲခုံမှ ထရပ်လိုက်ကာ ရောက်ရှိလာသည့် အဖိုးအိုကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
အဖိုးအိုသည် အနက်ရောင်ဝတ်စုံကို ၀တ်ထား၏။ သူ့အသက်သည် နှစ်(၃၀၀)ကျော် နေပြီဖြစ်သော်လည်း ထက်ရှသောအကြည့်များ ပိုင်ဆိုင်နေဆဲပေပင်။
တစ်ဖက်တွင် ချင်ထိုက်အမူအရာသည် ပြသထားသကဲ့သို့ သူ့ကို ရိုသေခြင်းမရှိကြောင်း ချင်းအေမှ သတိထားမိသွားသည်။
“ မင်းအကြောင်း ပြောနေသံကို ငါကြားဖူးတယ် ဒါပေမယ့် ငါကြားခဲ့တာတွေနဲ့ မင်းအသွင်က မတူပါလား။ ”
အဖိုးအိုမှ ချင်ထိုက်ကို ကြည့်ကာ ပြောကြားလိုက်သည်။ ချင်ထိုက်က ပြုံးပြီး၊
“ ဘိုးဘေး ... မင်းကြားခဲ့ရတာတွေကို ယုံကြည့်လား ... မြင်တာကို ယုံကြည်လား။ ”
-ဟု ပြန်မေး၏။
အဖိုးအိုမှ မျက်ခုံးပင့်လျက်၊
“ မင်းက ... အပြင်မှာ သူတို့ပြောနေသလို ဖြစ်နေခဲ့ရင်တောင် ... အရေးမကြီးတော့ပါဘူး တကယ်ပဲ လက်ရှိအသွင်ကသာ ...
... အစစ်အမှန်ဆိုရင်တော့ မင်းက အမြော်အမြင်ရှိတဲ့ ဧကရာဇ်တစ်ပါးအဖြစ် မှတ်ယူနိုင်ပါတယ်။ ”
-ဟု မှတ်ချက်စကား ပြောကြားလိုက်သည်။
ထို့နောက် ချင်ထိုက်ကို လျစ်လျူရှုကာ နံရံတွင်ချိတ်ဆွဲထားသော ဖူစုနိုင်ငံ၏မြေပုံကို စိုက်ကြည့်လိုက်လေသည်။
မြေပုံတွင် ပြည်နယ် (၁၀)ခုကျော်နှင့် မြို့တော်များ၊ ကျေးရွာများကို အမှတ်အသား ပြုလုပ်ထား၏။ အဖိုးအိုက ထိုမြေပုံအနား လျှောက်လှမ်းလာကာ၊
“ ငါတို့ထိန်းချုပ်မှုအောက်မှာ ပြည်နယ်ဘယ်နှစ်ခု ကျန်လဲ။ ”
-ဟု မေးမြန်းလိုက်သည်။
“ လေးခု ... ။ ”
ချင်ထိုက်မှ ချက်ချင်း ပြန်ဖြေသည်။
“ လေးခုလား ... ။ ”
ထိုအဖြေကြောင့် အဖိုးအိုက အနည်းငယ် အေးစက်သွားပြီးနောက် ချင်ထိုက်ထံ ပြန်လှည့် ကြည့်ကာ၊
“ မင်းအတွက် ပြဿနာသုံးခု ဖြေရှင်းပေးမယ် ရွေးပါ ... ။ ”
-ဟု ပြောကြားလိုက်၏။
ချင်ထိုက်က တုန့်ဆိုင်းခြင်းမရှိဘဲ မြေပုံအနားချဉ်းကပ်ကာ မှင်နီဝိုင်းထားသော စက်ဝိုင်းသုံးခုထံ ညွှန်ပြသည်။ အဖိုးအိုမှ အမည်များကို ဖတ်ကြည့်လိုက်တော့၏။
“ မွန်ပေ ... ၊ ဟဲရှ ... ၊ ရှန်နန် ... ။ ”
***