← Chapters

ဖူစုအတွက် လျှို့ဝှက်အန္တရာယ်များ ...

Vol. 11 Ch. 138

ဖူစုအတွက် လျှို့ဝှက်အန္တရာယ်များ ...

Vol. 11 Ch. 138

“ မွန်ပေ ... ၊ ဟဲရှ ... ၊ ရှန်နန် ... ဘာလို့ ဒီနယ်မြေသုံးခုလဲ ... ။ ”

ချင်အေက ချင်ထိုက်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ မေးလိုက်သည်။ ချင်ထိုက်မှ လေးလေးစားစားဦးညွှတ်လျက်၊

“ ကျန်းပေဘုရင် ချင်စုကျန်းဟာ ကျန်းပေမြို့ကို အမာခံစခန်းအဖြစ် အသုံးပြုပြီး မွန်ပေပြည်နယ်မှာ အခိုင်အမာတပ်စွဲနေတယ် သူက မြောက်ပိုင်းဒေသရဲ့ ...

... ဒေသခံ လူမျိုးစုတွေနဲ့ ဆက်သွယ်ပြီး သူ့အင်အားကို လျှို့ဝှက်ထားတယ် လက်ရှိမှာ ငြိမ်သက်နေသေးပေမယ့် ဖူစုကိုပုန်ကန်ဖို့ ရည်ရွယ်ချက်ရှိနေတာ မြင်သာပါတယ် ...

... ဟဲရှလမ်းကတော့ သွေးဝိညာဉ်ဂိုဏ်း ကျူးကျော်အခြေချခြင်း ခံနေရတယ် ဒီဂိုဏ်းက ကပ်ဆိုးပဲ ဟဲရှပြည်နယ်တစ်ခုလုံး ...

... ရောဂါ ကူးစပ်နေပြီ ... ကုသဖို့ လိုအပ်တယ် မကြာခဏ လူသတ်မှုကျူးလွန်ပြီး ဟဲရှပြည်နယ်မှာ ရာဇ၀တ်သားတွေပဲနေတယ် ရှန်နန်လမ်းအတွက်ကတော့ ... ။ ”

ဧကရာဇ်ချင်ထိုက်က ခဏမှ ရပ်လိုက်ပြီးနောက်မြေပုံရှိ ရှန့်နန်ပြည်နယ်ထံ စိုက်ကြည့်ကာ၊

“ မင်းသားမင်က ... ရှန်နန်လမ်းမှာ ကျဆုံးခဲ့တယ် ... သူ့ကိုသတ်ခဲ့တဲ့လူက ရှန့်နန်ပြည်နယ် ကုန်သည်တစ်ယောက်ရဲ့ သားပဲ ... လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ...

... သူ့နာမည်ကို ဖူစုတစ်နိုင်ငံလုံးက ချီလင်သားတော် အဖြစ်တောင် တင်စားပြီး ဂုဏ်ပြုကြတယ် ...

... လက်ရှိ သူ့အသက်က နှစ်ဆယ်ကျော် အရွယ်ရှိပြီး ... နတ်နဂါးမြို့အပြင်က ဘုံကျောင်း တစ်ကျောင်းထဲ ဝင်ခဲ့တာ (၁၀)နှစ် ကျော်နေပြီ ဒါကြောင့် ဒီလူဟာ ပြိုင်ဘက်ကင်း ...

... ပါရမီရှင် တစ်ယောက် မဟုတ်ရင် သူ့မှာတခြားသော လျှို့ဝှက်ချက်တစ်ခုခုတော့ ရှိနေရမယ် ... ဘာဖြစ်ဖြစ် ရှန့်နန်ပြည်နယ်က ဖြေရှင်းရမဲ့ ပြဿနာတစ်ခုပါပဲ ...

... အရေးအကြီးဆုံးက သူ့အဖေကူဖုန်းမှာ သူရဲကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိနေတယ် ... ဖူစုနိုင်ငံ မငြိမ်မသက်ဖြစ်နေချိန် ပုန်ကန်မှုကိုစတင်ပြီး အခုချိန်ထိ ...

... သူ့ပြည်နယ်ကို အကောင်းဆုံး ထိန်းထားနိုင်တယ် လက်ရှိနတ်နဂါးမြို့တော်က ဖူစုမှာ အတည်ငြိမ်ဆုံးနဲ့ အတိုးတက်ဆုံး မြို့တစ်ခုဖြစ်နေပြီ ... ။ ”

ထိုသို့သော သုံးသပ်ချက်များကို ကြားပြီးနောက် ချင်အေမှ ခေါင်းညိတ်လိုက်ပြီး ချင်ထိုက်ထံ ပြန်ကြည့်၏။ သူ့အကြည့်များတွင် အံ့အားသင့်မှုများ ပါရှိနေသည်။

( ဒီကလေးက ... ငါကြားခဲ့တဲ့ ကောလဟာလတွေလို ညံ့ဖျင်းတဲ့ ဘုရင်တစ်ပါး မဟုတ်ပါလား ... ။)

တစ်ချိန်က ထီးနန်းဆက်ခံရေးကို ဂရုမစိုက်ဘဲ ကျင့်ကြံခြင်း၌သာနစ်မြုပ်နေသဖြင့် ချင်ထိုက်အပေါ် သတိမထားမိခဲ့ချေ။

အသက်ငယ်ငယ်ဖြင့် ထီးနန်းဆက်ခံကာ ရုပ်သေးဘုရင် ဖြစ်လာသည်ဟုသာ မြင်ခဲ့သည်။ သူ့ဝန်းကျင်၌ ကိုယ်လှုပ်တော်များဖြင့် တရုန်းရုန်းပေပင်။

အမတ်သုံးဦးသည် ရာထူးအတွက် ယှဉ်ပြိုင်နေသည်ကို လျစ်လျူရှုပြီး နိုင်ငံအရေး၌ စွမ်းဆောင်ရည် ညံ့ဖျင်းကြောင်း ပြသ၏။

သို့သော် ယနေ့စကားဝိုင်းတွင် ထိုအမြင်များဖြင့် ဆန့်ကျင်ဘက် ပြုမူပြသည်။ တည်ငြိမ်ပြီး ပြတ်သားကာ သူ့အကြည့်ကိုပင် တုန့်ပြန်စိုက်ကြည့်ဝံ့နေ၏။

လိမ္မာပါးနပ်သော မြွေတစ်ကောင်နှင့် ပိုတူသည်။ သားကောင်ကို သားရဲတွင်းအတွင်း ဆွဲခေါ်နေခြင်းပေပင်။ မည်သည့် ဧကရာဇ်သည် ရိုးဖြောင့်စွာ ပြုမူသနည်း။

ချင်မိသားစု၏ အုတ်မြစ်သည် နှစ်ပေါင်းရာဂဏန်းရှိ၏။ အင်ပါယာနန်းတော်၊ အင်ပါယာမိသားစု၊ အင်ပါယာရုံးတော် စသည့် လူအများအတွက် အရင်းအမြစ်များစွာသည် တော်ဝင်မိသားစုထံမှ လာခြင်းပေပင်။

ထို့ကြောင့် တော်ဝင်မိသားစုတွင် ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူမရှိသော် တည်ငြိမ်နေမည်မဟုတ်ချေ။ ဤအတွေးသည် ချင်အေကို ကြီးမားသော သုတ်သင်မှုကြီး စတင်စေခြင်းဖြစ်သည်။

မည်သူမဆို အင်ပါယာနန်း‌တော်ရှိ ဧကရာဇ်ထီးနန်းအပေါ် စိတ်ကူးဝံ့ခြင်းမရှိစေရန် ရည်ရွယ်ကာ အနှောင့်အယှက်မှန်သမျှ ရှင်းပစ်ရပေမည်။

ဤသည်မှာ သူ့မိသားစုအတွင်း ဘိုးဘေးစဉ်ဆက် ချမှတ်ခဲ့သော ပညတ်ချက် ပေပင်။ ဖူစုနိုင်ငံ ရေရှည်တည်တံ့ရေးအတွက် ထိုစည်းမျဉ်းသည် များစွာအရေးကြီးသည်။

ချင်ထိုက်၏ ကိုယ်ရည်ကိုယ်သွေးနှင့် အရည်အချင်းကိုမြင်ပြီးနောက် ဧကရာဇ်နေရာ၌ အစားထိုးရန် ရောက်ရှိလာသည့် စိတ်ကူးအပေါ် စွန့်လွှတ်လိုက်ရ၏။

“ ကောင်းပြီ ... မင်းအတွက် ဒီပြဿနာသုံးခုကို ငါဖြေရှင်းပေးမယ် ဒါပေမယ့် မင်းဆီက ကျေနပ်လောက်တဲ့ ရလာဒ်တစ်ခု ပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်။ ”

“ ဒီသားမြေးက ဘိုးဘေးကို အရှက်ခွဲမှာ မဟုတ်ပါဘူး။ ”

“ ကောင်းပြီ ... မွန်ပေပြည်နယ်ကို အရင်ဖြေရှင်းမယ် ... ပြီးရင် ဟဲရှလမ်းပေါ်က သွေးဝိညာဉ်ဂိုဏ်း ... ရှန်နန်လမ်းကိုတော့ ...

... နောက်ဆုံးထားလိုက်မယ် ... ဒီကူမိသားစုရဲ့ သခင်ငယ် ချီလင်းသားတော် တကယ်ပဲ ... အစွမ်းထက်သလားဆိုတာ ငါကြည့်ချင်တယ်။ ”

ကူချန်အကြောင်း ပြောသောအခါ ချင်အေတစ်ယောက် မျက်ဝန်းများ အနည်းငယ် အေးစက်သွားသည်။

ချင်ထိုက်ရရှိထားသော သတင်း အချက်အလက်များအပေါ် သူ မယုံကြည်ချေ။ အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက် အနေဖြင့် ယွမ်ဖူနယ်ပယ်တွင် ရှိနေမှာ ရယ်စရာကောင်းချေပြီ။

ယင်းသည် နာမည်ကျော် ဂိုဏ်းကြီးများရှိ ထက်မြက်သော တပည့်များ၌သာ ရှိနိုင်လှသည့် အရည်အသွေးမျိုးပေပင်။

ပါရမီရှင်။ ဤလူငယ်သည်သာ ထိုသို့သောဉာဏ်ကြီးရှင်တစ်ပါး ဖြစ်နေသော် ဖူစုကို မည်သို့ စိတ်ဝင်စားနိုင်မည်နည်း။

ဖူစုသည် ထိုမျှသော ပါရမီရှင်များ ရှင်သန်ကြီးထွားရာ မြင့်မြတ်မြေမျိုးမဟုတ်ချေ။ ထို့ကြောင့် သူ့တွင် ဖြစ်နိုင်ချေတစ်ခုကို သံသယဝင်နေသည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က မှတ်ဉာဏ်အပေါ်ဖျောက်ဖျက်ပြီး ခန္ဓာကိုယ်ကို သိမ်းပိုက်လိုသော နတ်ဆိုးတစ်ကောင်နှင့် သူ ကြုံတွေ့ခဲ့ရသည်။

သူတို့နှစ်ဦး တိုက်ပွဲဖြစ်ပြီးနောက် နှစ်ဖက်စလုံး ဒဏ်ရာရသွားသည်။ ဤနည်းဖြင့် နှစ်ဦးသား ဆုတ်ခွာခဲ့ရ၏။

ထို့ကြောင့် ကူမိသားစုသခင်ငယ်သည် အဆိုပါနတ်ဆိုးနှင့် ပတ်သက်နိုင်သည်ဟု ယူဆ နေမိခြင်းပေပင်။ သို့မဟုတ် ထိုနတ်ဆိုးကဲ့သို့ ခန္ဓာကိုယ်ကို သိမ်းထားသူ ဖြစ်နိုင်၏။

ချင်အေထွက်သွားပြီးနောက် ချင်ထိုက်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။ ချင်အေက တံခါးကို ပြန်ပိတ်လျက် ပျောက်ကွယ်သွား၏။

များမကြာခင် ရုတ်တရက် ခြေသံများကြားလိုက်ရသည်။

“ အရှင်မင်းကြီး ... ။ ”

မိန်းမစိုးတစ်ဦးက စိုးရိမ်တကြီး အသွင်အပြင်ဖြင့် တံခါးဝတွင် ပေါ်လာတော့၏။ ဧကရာဇ်ချင်မှ မော့ကြည့်လျက်၊

“ ဘာကိစ္စလဲ ... ။ ”

-ဟု မေးမြန်းလိုက်၏။

“ အမတ်ချုပ်ကြီး မိသားစုကနေ သတင်းပေးပို့လာပါတယ် သူ့အခြေအနေက မရတော့ပါဘူး ... ။ ”

လွန်ခဲ့သော လအနည်းငယ်က အမတ်ချုပ်ကြီးသည် ရုတ်တရက် မြေပြင်ပေါ် လဲကျကာ အပြင်းဖျားခဲ့သည်။

ထို့နောက်တွင် ပြန်လည် ကောင်းမွန်လာခြင်း မရှိတော့ဘဲ အိပ်ရာထဲ လဲလျောင်းလျက် ခံစားနေရ၏။

မိန်းမစိုး၏ စကားကိုကြားသောအခါ ချင်ထိုက်တစ်ယောက် လေးနက်လာပြီး၊

“ အမတ်ချုပ်ကြီးက သစ္စာရှိပြီး ဖြောင့်မတ်တဲ့သူပဲ ငါသူ့ကို သွားတွေ့ရမယ်။ ”

-ဟု မိန့်ကြားလိုက်တော့၏။

ထို့နောက်တွင် ဧကရာဇ်ချင်ထိုက်သည် အခြွေအရံများနှင့်အတူ အမတ်ချုပ်နေအိမ်သို့ ကြွရောက်လာခဲ့သည်။

အမတ်ချုပ်ကြီး စံအိမ်တော်ရှိ လူတိုင်း ချင်ထိုက်ကို မြင်သောအခါ ထိတ်လန့်တကြား အရိုအသေပေးလာကြ၏။ ချင်ထိုက်မှ ဘဏ္ဍာစိုး အဖိုးအိုကိုကြည့်ကာ၊

“ အမတ်ချုပ်ကြီးက တစ်ခုခု ပြောခဲ့သေးလား။ ”

-ဟု မေးမြန်းလိုက်၏။

ထိုဘဏ္ဍာစိုးအဖိုးအိုမှ၊

“ အမတ်ချုပ်ကြီး သတိရလာတော့ တစ်ခုခုကို ပြောချင်နေသလိုမျိုး နှုတ်ခမ်းတွေ လှုပ်လာခဲ့ပါတယ် ... ဒါပေမယ့် သူဘာမှ မပြောနိုင်ခဲ့ပါဘူး။ ”

“ ကောင်းပြီ ... ။ ”

ချင်ထိုက်က သက်ပြင်းချလိုက်ပြီး၊

“ အမတ်ချုပ်ကြီးက ဖူစုတိုင်ငံကို မစွန့်လွှတ်နိုင်ဘူးထင်တယ် ... ငါ့ကိုလမ်းပြပါ။ ”

-ဟု ဆိုလျက် အခန်းထဲ လျှောက်လှမ်း သွားတော့သည်။

ထို့နောက်တွင် ကုတင်ပေါ်၌ လဲလျောင်းနေသော အမတ်ချုပ်ကြီးထံ စူးရှစွာ စိုက်ကြည့်လိုက်၏။

အမတ်ချုပ်ကြီးမှ ဧကရာဇ်ချင်ကို တွေ့လိုက်သောအခါ မျက်လုံးများ ရုတ်တရက် ပြူးကျယ်လျက် တစ်ခုခု ပြောချင်သကဲ့သို့ ပါးစပ်အနည်းငယ် ပွင့်လာသည်။

ဧကရာဇ်ချင်က ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး အမတ်ကြီးလက်ကိုကိုင်ကာ ဝမ်းနည်းစွာဖြင့်၊

“ အမတ်ချုပ်ကြီး စကားမပြောနဲ့ ... မင်းဘာပြောချင်လဲ ငါသိပါတယ် ... စိတ်ချပါ ဖူစုနိုင်ငံကို ငါကောင်းကောင်းအုပ်ချုပ်မယ်။ ”

-ဟု ကတိပေးသည်။

ဤမြင်ကွင်းသည် လူများစွာကို နာကျင်လာစေ၏။ ဧကရာဇ်တစ်ပါးနှင့် အစေခံ အကြား လိုက်ဖက်ညီသော ခံစားချက်ပေပင်။

ထိုစဉ် အမတ်ချုပ်ကြီးသည် သူ့လက်၌ စူးရှမှုခံစားလိုက်ရကာ မျက်ဝန်းများ ပြူးကျယ် ငြိမ်သက်သွားတော့၏။ ချင်ထိုက်မှ စေ့စေ့ကြည့်နေသည်။ ပြီးနောက် ထရပ်ကာ၊

“ အမတ်ချုပ်ကြီး ဆုံးသွားပြီ ... ။ ”

-ဟု အတည်ပြုလိုက်၏။

စကားဆုံးသည်နှင့် ခြေလှမ်းအနည်းငယ် ဆုတ်ခွာလျက် ဝမ်းနည်းနေသော အကြည့်နှင့် အဝေးမှ ပြန်ကြည့်သည်။

ခန်းဆောင်အတွင်း ရုတ်တရက် အော်ဟစ်ငိုယိုသံများ ဆူညံလာတော့သည်။ ဖူစုနိုင်ငံအတွက် ကြီးစွာသော ဆုံးရှုံးမှုကို ခံစားနေရသကဲ့သို့ ပေပင်။

***

All Chapters