ထျန်းမင်နန်းတော်
Vol. 54 Ch. 751
အားလုံး အံ့သြမှင်သက်ကုန်ကြသည်။
အချိန်အတန်ကြာသွားပြီးမှ တစ်ယောက်က မေး၏။
" လွတ်မြောက်အောင်လုပ်တာ.... ဟုတ်လားဗျ "
ထျန်းမင်သခင်ကြီး ခေါင်းညိတ်ပြသည်။
" ဟုတ််တယ်ကွ ၊ လွတ်မြောက်အောင်လုပ်တာ ။ ဒီကောင်က ငါ့ရဲ့ နတ်ဘုရားအသိစိတ်ကို ဆွဲခေါ်ပြီးတော့ ဘဝကူးအောင် လုပ်လိုက်တာ "
ထိုသို့ ပြောနေရင်း သူ ကြောက်စိတ်မပြယ်သေးဟန်ဖြင့် ဆက်ပြော၏။
" ဒါတင်မကသေးဘူးကွ ။ ငါ့ရဲ့ နတ်ဘုရားအသိစိတ်က ငါ့ရဲ့ စိတ်ဝိဥာဥ်နဲ့ ဆက်နွယ်ထားတာ ။ တကယ်လို့ ငါသာ ခုနက ဆုံးဖြတ်ချက်မြန်မြန်နဲ့ စိတ်ဝိဥာဥ် အဆက်အသွယ်ကို မဖြတ်ခဲ့ဘူးဆိုရင်.. ဒီကောင်က ငါ့ရဲ့ စိတ်ဝိဥာဥ်ကိုပါ လွတ်မြောက်အောင် လုပ်ပစ်လိုက်နိုင်မှာ "
" ဘယ်လို... "
အားလုံး တုန်လှုပ်သွားကြပြန်တော့သည်။
အခြားကမ္ဘာတစ်ခုမှနေ၍ မသေမျိုးဘုရင်ဘွဲ့ ရထားသူတစ်ဦးကို သတ်မိတော့မလို ဖြစ်သွားခဲ့တယ်တဲ့လား ။
ကြောက်စရာကောင်းလိုက်သည့် အစွမ်းပင် ။
" တစ်ယောက်ယောက်... ထျန်းမင်ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ သွားကြည့်လိုက်စမ်း "
ထျန်းမင်သခင်ကြီးဘေးမှ အဘိုးအိုတစ်ယောက်က မြန်မြန်တုန့်ပြန်လာပြီး သူ့ဘေးမှလူများကို ပြောလိုက်၏။
" ဟုတ်ကဲ့ပါ အကြီးအကဲ "
လူတစ်ယောက်က အမိန့်ကို ချက်ချင်းနာခံပြီး ထွက်သွားသည်။
သို့သော် တခဏအကြာတွင်မူ... ထိုလူ ဖြူရော်နေသော မျက်နှာဖြင့် ပြန်ရောက်လာ၏။
" ဂိုဏ်းချုပ်ကြီးကို သတင်းပို့ပါတယ် ... ကျုပ်တို့ ထျန်းမင်ကမ္ဘာနဲ့ ဆက်သွယ်လို့ မရတော့ဘူးဗျ "
ထိုလူ ပြောသည်။
" ဘယ်လို... "
အားလုံး တုန်လှုပ်သွားကြပြန်တော့၏။
ထျန်းမင်ကမ္ဘာလို ကမ္ဘာကြီးတစ်ခုနှင့် အဘယ့်ကြောင့် ဆက်သွယ်၍ မရတော့ပါသနည်း ။
ထျန်းမင်ကမ္ဘာ ကျူးကျော်ခံနေရသည်ဆိုလျှင်ပင် ထိုသို့ မဖြစ်သင့်ပါချေ။
ထိုစဥ် လူတစ်ယောက်က ရုတ်တရက်ပြောလာသည်။
" ကြည့်ရတာ မသေမျိုးဘုရင် မဲ့ချန်နဲ့ သူ့လူနှစ်ယောက် အောက်ကမ္ဘာကို ဆင်းသွားတယ်ထင်တယ် ။ သူတို့ကို ဆက်သွယ်ကြည့်ရင်ရောဗျ "
" ဟုတ်သားပဲ... အဲ့အကြံ ကောင်းတယ် "
အားလုံး သဘောတူလိုက်ကြသည်။
သို့သော် ထျန်းမင်သခင်ကြီးက ခေါင်းကုတ်ရင်း ပြောလာ၏။
" နောက်ကျသွားပြီထင်တယ်ကွ "
" ဟင်... "
အားလုံး မှင်သက်လျက် ..
ထိုစဥ်မှာပင် ...
" သတင်းပို့ပါတယ်... "
အမည်းရောင်ဝတ်စုံနှင့် လူတစ်ယောက် ရောက်လာကာ ခန်းမလယ်၌ ဒူးထောက်ချလိုက်သည်။
" ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲတို့... မကောင်းတာတစ်ခုခုတော့ ဖြစ်သွားပြီဗျ ။ မသေမျိုးဘုရင် မဲ့ချန်
၊ သခင်မကြီး မင်ယွိ နဲ့ သခင်ကြီး ကျန့်ယွီတို့ရဲ့ စိတ်ဝိဥာဥ်ကျောက်ပြားတွေ ပျက်စီးသွားကြပြီ "
ထိုလူ အသံများပင် တုန်နေရှာသည်။
ဝုန်း...
ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
ထို အစွမ်းထက် ကျင့်ကြံသူ သုံးယောက်လုံး သေသွားကြပြီတဲ့လား ...
မင်ယွိ နှင့် ကျန့်ယွီ တို့ကို ခဏထားလိုက်ပါဦး ...
မဲ့ချန်မှာ မသေမျိုးဘုရင် အစစ်တစ်ယောက် ဖြစ်ပါသည်။
ထိုသို့သော အစွမ်းထက်လူတစ်ယောက်က အောက်ကမ္ဘာ၌ သေသွားရသတဲ့လား ..
" ဘယ်သူ့လက်ချက်လဲ ၊ ဟို မြင့်မြတ်နှလုံးသား ကောင်းကင်ဘုံတံခါး ဂိုဏ်းကလား ။ ဒါမှမဟုတ် ... အဆုံးအစမဲ့ မသေမျိုးကမ္ဘာကလား "
အကြီးအကဲတစ်ယောက်က အပေါ်ကမ္ဘာမှ အင်အားကြီးအဖွဲ့များအကြောင်း ချက်ချင်း တွေးမိကာ မေးလာသည်။
သူ့အမြင်တွင်... ထိုသို့သော လုပ်ရပ်မျိုးကို လုပ်နိုင်သူမှာ အပေါ်ကမ္ဘာမှ မသေမျိုးဂိုဏ်း တစ်ခုခုသာ ဖြစ်ရမည်ဟုလည်း ထင်ထားပါ၏။
သို့သော် ထိုစဥ် ထျန်းမင်သခင်ကြီးက ခေါင်းယမ်း၍ ပြောလာသည်။
" မဟုတ်ဘူးကွ ။ မဲ့ချန်ကို သတ်ခဲ့တဲ့သူက ငါ့ကို ဒုက္ခပေးခဲ့တဲ့ကောင်ပဲ ဖြစ်လိမ့်မယ်။ ဒီကောင်က ဘိုးဘေး သတ်ချင်နေတဲ့ကောင်ပဲ "
" ဟင်... "
အားလုံးထံမှ တအံ့တသြ ရေရွတ်သံများ ထွက်လာပြန်၏။
" အဲ့လူက ဘယ်သူလဲဗျ "
မုတ်ဆိတ်မွေးရှည်ရှည်နှင့် အဘိုးအိုတစ်ယောက်က မေးလိုက်သည်။
ထျန်းမင်သခင်ကြီး မျက်မှောင်ကြုံ့သွား၏။
" ငါလဲ မသိဘူးကွ ၊ ဒါပေမယ့် အဲ့ကောင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ရှာကြည့်လို့ရမယ်ထင်တယ် "
သူပြောပြီး ဘေးတွင်ရှိသော အခြားအကြီးအကဲတစ်ယောက်ဘက် လှည့်ကာ မေးလိုက်သည်။
" ထျန်းမင်ကမ္ဘာက မဲ့ချန်နဲ့ ကျန်တဲ့နှစ်ယောက်ကို သူတို့ဆီ ဘာလို့ဆင်းလာခိုင်းတာလဲ "
အဘိုးအိုက သူ့ရှေ့မှ စာအုပ်အထူကြီးကို သေချာလှန်လှောကြည့်လိုက်ပြီးမှ ပြော၏။
" သူတို့ခေါ်တဲ့အချိန်က ထျန်းယွမ်ကမ္ဘာကို တိုက်ကြဖို့ လုပ်ထားတဲ့အချိန်ပဲဗျ ။ ထျန်းမင်ကမ္ဘာသခင်ကြီးက ထျန်းယွမ်ကမ္ဘာမှာ ဖွက်ထားတဲ့ ရတနာကိုရှာချင်လို့ အပေါ်ကမ္ဘာက မသေမျိုးဘုရင်ကို သူတို့ဆီဆင်းလာပေးဖို့ အကူအညီတောင်းခဲ့တာ "
ခန်းမတစ်ခုလုံး ရုတ်ချည်း တိတ်သွားတော့သည်။
ထျန်းယွမ်ကမ္ဘာ တဲ့လား ...
သူတို့ထဲတွင် ထိုအမည်အား မရင်းနှီးသူ တစ်ယောက်မှမရှိပါချေ။
ထျန်းယွမ်ကမ္ဘာမှာ ထျန်းမင်ကမ္ဘာ၏ ရန်သူတော်ကြီးပင် ။
ရှေးခေတ်က ထျန်းယွမ်ကမ္ဘာသည် အလွန်အင်အားကြီးပြီး ထျန်းမင်ကမ္ဘာအား ဖိနှိပ်နိုင်ခဲ့ပါ၏။
ထျန်းမင်ကမ္ဘာသည် အပေါ်ကမ္ဘာ၌ ထျန်းမင်နန်းတော် ရှိထားသည့်တိုင် အရေးနိမ့်ခဲ့ရဆဲပင် ။
သို့သော် ... ထိုစဥ်က ကမ္ဘာပျက်ကပ်ကြီးတစ်ခုနှင့် ကြုံကာ ထျန်းယွမ်ကမ္ဘာမှ အစွမ်းထက်ကျင့်ကြံသူ သခင်ကြီးများစွာ သေဆုံးသွားခဲ့ကြပြီး သူတို့၏ အမွေအနှစ်များစွာမှာလည်း လုယူခြင်း ခံခဲ့ရပါသည်။
ထို အစွမ်းထက်ကျင့်ကြံသူအချို့၏ အလောင်းများကိုပင် ထျန်းမင်ကမ္ဘာမှ လူများက ပြန်ယူလာခဲ့ကြပြီး ထျန်းမင်ကမ္ဘာ၌ ချိတ်ဆွဲထားခဲ့ကြပါ၏။
၎င်းမှာ ထျန်းယွမ်ကမ္ဘာအတွက် အလွန်ရှက်စရာကောင်းသော လုပ်ရပ်ကြီးတစ်ခုပင် ။
ထို့နောက်တွင်မူ သူတို့ကမ္ဘာနှစ်ခု ဆုံတိုင်း ထျန်းမင်ကမ္ဘာကသာ ထျန်းယွမ်ကမ္ဘာအား ဖိနှိပ်သတ်ဖြတ်လာခဲ့ပါ၏။
အမှန်တွင်မူ ... လက်ရှိ အပေါ်ကမ္ဘာရှိ ထျန်းမင်နန်းတော်မှ လူများမှာ ထျန်းယွမ်ကမ္ဘာအကြောင်းကို မေ့ပင် မေ့နေခဲ့ကြလေပြီ ။
ယခု ထျန်းယွမ်ကမ္ဘာ နာမည်ကို ပြန်ကြားလိုက်ရသည့် အချိန်တွင်ကား ကမ္ဘာကြီးက များစွာပြောင်းလဲသွားသလို သူတို့ ခံစားလိုက်ကြရတော့သည်။
" ထျန်းယွမ်ကမ္ဘာ .. ဟုတ်လား ၊ အမှတ်မှားတာများလားကွာ ။ သူတို့က မဲ့ချန်ကို သတ်နိုင်တဲ့အစွမ်း ရှိလို့လား "
အဘိုးအိုတစ်ယောက်က မျက်မှောင်ကြုံ့၍ ပြော၏။
လူများစွာပင် သူ့စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
သို့သော် ထျန်းမင်သခင်ကြီးက အသက်ပြင်းပြင်းရှိုက်၍ ပြောလာပါ၏။
" အဲ့ကိစ္စ မှန်လား ၊ မှားလားဆိုတာကို ဒီမှာနေပြီး ငြင်းနေရုံနဲ့ ဆုံးဖြတ်ချက် ချလို့ရမှာမဟုတ်ဘူး ။ အဲ့တော့ ထျန်းမင်ကမ္ဘာကို ကိုယ်တိုင်သွားပြီး စုံစမ်းကြည့်မှ ဖြစ်မှာ... ဘယ်သူ သွားမလဲ "
သူ ပြောပြီး အားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။
သို့သော် လူများဆီမှ တုန့်ပြန်သံ မကြားရဘဲ ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်နေပါ၏။
သေချာစဥ်းစားလိုက်ပြန်လျှင်လည်း ၎င်းက သဘာဝကျပါသည်။ ထျန်းမင်ကမ္ဘာ၌ ကိစ္စကြီးတစ်ခု ဖြစ်သွားခဲ့ပြီး... မသေမျိုးဘုရင်တစ်ယောက် သေဆုံးခဲ့ရုံမက သူတို့ ထျန်းမင်သခင်ကြီး၏ နတ်ဘုရားအသိစိတ်သည်ပင် လွတ်မြောက်အောင် အလုပ်ခံခဲ့ရသည် မဟုတ်ပါလား ။ ယခုလို အချိန်မျိုးတွင် ထိုနေရာသို့ မည်သူက သွားရဲပါမည်နည်း ။
ထျန်းမင်သခင်ကြီးက အားလုံးကိုကြည့်ရင်း မျက်မှောင်ကြုံ့လိုက်၏။
" ဘယ်သူမှ မသွားဘူးလား ။ ကောင်းပြီ ၊ ဒါဆိုလဲ ငါကိုယ်တိုင်ပဲ သွားလိုက်မယ် "
သူ ပြောကာ ချက်ချင်းထရပ်လိုက်သည်။
ခန်းမထဲရှိ လူများအားလုံး အထိတ်တလန့် ဖြစ်ကုန်ကြ၏။
ထိုစဥ်မှာပင် ..
" ဂိုဏ်းချုပ်ကြီး ၊ တစ်ခုခုဆိုးတာတော့ ဖြစ်သွားခဲ့ပြီဗျ "
လူငယ်တစ်ယောက် အပြေးအလွှား ရောက်လာသည်။
ထျန်းမင်သခင်ကြီး မျက်မှောင်ပိုကြုံ့သွားကာ မေးလိုက်၏။
" ဘာဖြစ်လို့လဲ "
သူ ယနေ့ ကံဆိုးလှပါလားဟုလည်း ထျန်းမင်သခင်
ကြီး တွေးမိလိုက်သည်။
သတင်းဆိုးများက တစ်ခုပြီးတစ်ခု ဆက်တိုက်လာနေရာ.. ဘာဖြစ်နေသည်ကို သူ သိပင် မသိတော့ပါချေ။
ထိုစဥ် တဖက်မှလူငယ်က တုန်တုန်ယင်ယင်ဖြင့် ပြော၏။
" ဒီလိုပါ သခင်ကြီး ၊ ထျန်းမင်ကမ္ဘာရဲ့.. ကောင်းကင်ဘုံစင်မြင့်က ဖျက်ဆီးခံလိုက်ရပြီဗျ "
" ဘယ်လို... "
အားလုံး အံ့သြတုန်လှုပ်သွားကြပြန်တော့သည်။
ထို ကောင်းကင်ဘုံစင်မြင့်မှာ ကမ္ဘာနှစ်ခုကြား ဆက်သွယ်ထားသော တည်နေရာရွှေ့ပြောင်းခြင်း အစီအမံနှင့် မခြားလှပါချေ။
အပေါ်ကမ္ဘာမှ အောက်ကမ္ဘာများသို့ ဆင်းလိုလျှင် နည်းလမ်းသုံးခု ရှိပါ၏။
ပထမတစ်ခုမှာ မသေမျိုးဧကရာဇ် အစွမ်းရှိထားသူ တစ်ယောက်အဖို့ ၊ ဟင်းလင်းပြင်လေထုကို လျစ်လျူရှုပြီး တိုက်ရိုက်ဆင်းခြင်းပင် ။
ဒုတိယနည်းမှာမူ... ကမ္ဘာပတ်လမ်းကြောင်းအရ အချိန်နှင့်နေရာ သတ်သတ်မှတ်မှတ်ဖြင့် ဆင်းခြင်းဖြစ်ပါသည်။
သို့သော် ထိုသို့သော အခွင့်ရေးမျိုးက နှစ်ပေါင်းသောင်းချီကြာမှ တစ်ကြိမ်မျှသာ ပေါ်လာတတ်ပါ၏။
ထို့ကြောင့်လည်း ထိုနည်းလမ်းနှစ်ခုက လက်တွေ့ အသုံးမဝင်လှပါချေ ။
လက်တွေ့အကျဆုံး နည်းမှာ တတိယနည်းလမ်း ဖြစ်ပါသည်။
၎င်းမှာ ... မသေမျိုးစွမ်းအင်များစွာကို စုပ်ယူသော ကောင်းကင်ဘုံစင်မြင့်မှတဆင့် အောက်ကမ္ဘာသို့ ဆင်းခြင်းပင် ။
ယခုတွင်မူ ထျန်းမင်ကမ္ဘာမှ ကောင်းကင်ဘုံစင်မြင့်က ဖျက်ဆီးခံလိုက်ရပြီတဲ့လား ...
၎င်းမှာ ထျန်းမင်ကမ္ဘာနှင့် သူတို့ ထျန်းမင်နန်းတော် ကြားမှ ဆက်သွယ်ရေး ပြတ်တောက်သွားပြီဆိုသည့် အဓိပ္ပါယ် ဖြစ်ပါသည်။
" ဟိုကောင်... ဟိုကောင့်လက်ချက်ပဲ ဖြစ်ရမယ် "
ထိုတခဏ၌ ထျန်းမင်သခင်ကြီး၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့တို့ အရောင်လက်လာတော့၏။
သူ စိတ်မထိန်းနိုင်တော့မလိုပင် ဖြစ်သွားသည်။
" ဂိုဏ်းချုပ်ကြီး ... ထျန်းမင်ဧကရာဇ်ကြီးရဲ့ ခေါင်းတလားက. .. "
ထိုအချိန်တွင် အဘိုးအိုတစ်ယောက်က မင်ရှန့်တောင်အောက်မှ ခေါင်းတလားကြီးအကြောင်း တွေးမိသွားကာ မျက်နှာထားအနည်းငယ်ပြောင်းသွားသည်။
ထျန်းမင်ကမ္ဘာသခင်ကြီးလည်း မျက်မှာပျက်သွား၏။
" ငါ့ရဲ့ နတ်ဘုရားအသိစိတ်က ဖျက်ဆီးခံလိုက်ရပြီ
ဆိုတော့ ... အဲ့ခေါင်းတလားလဲ အန္တရာယ်ထဲ ရောက်နေကြပြီ ။ ဒေါသထွက်လိုက်တာကွာ ... ဒီလောက်နှစ်တွေအများကြီး ပြင်ဆင်ထားခဲ့ရတာတွေ အလကားဖြစ်ကုန်ပြီ "
သူ့မျက်လုံးမှားမှာလည်း မီးဝင်းဝင်းတောက်လျက်...
" ဂိုဏ်းချုပ်ကြီး ၊ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ "
ထိုစဥ် တစ်ယောက်က မေးလာသည်။
မုတ်ဆိတ်ရှည် အဘိုးအိုက အေးစက်စက်ပြန်ပြော၏။
" ဒီကိစ္စက ထျန်းယွမ်ကမ္ဘာနဲ့ ပတ်သက်နေမှာ လုံးဝသေချာတယ် ။ ပြီးခဲ့တဲ့တလောမှာ ထျန်းယွမ်ကမ္ဘာနဲ့ ကမ္ဘာပတ်လမ်းချင်း ဆုံခဲ့တဲ့ကမ္ဘာတွေကို သွားစုံစမ်းကြည့်လိုက်ကြ။ တကယ်လို့ အဲ့ကမ္ဘာတွေမှာ ကောင်းကင်ဘုံစင်မြင့် ရှိတယ်ဆိုရင် ငါတို့တွေ အဲ့ကိုဆင်းလို့ရတယ် ။ အဲ့ကနေမှတဆင့် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကိုသုံးပြီး ထျန်းယွမ်ကမ္ဘာဆီ သွားကြမယ် ။ ပြီးရင် ထျန်းယွမ်ကမ္ဘာကို ဖျက်ဆီးပစ်ကြတာပေါ့ "
အားလုံးကလည်း သူ့စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။
ထိုတခဏ၌ ခန်းမတစ်ခုလုံး လူသတ်အရိပ်အငွေ့များဖြင့် ပြည့်သွားတော့သည်။
အားလုံး ထျန်းမင်သခင်ကြီးအား လှည့်ကြည့်လိုက်ကြ၏။
ထျန်းမင်သခင်ကြီးက သုနန်မှုန်နေသော မျက်နှာဖြင့် ပြောသည်။
" အဲ့လိုလုပ်ဖို့ မသင့်ဘူး "
" ဘာဖြစ်လို့လဲဗျ "
အားလုံးက သူ့အား သံသယမျက်လုံးများဖြင့် ထပ်ကြည့်လိုက်ကြ၏။
ထျန်းမင်သခင်ကြီး၏ အတွေးထဲ၌ မန္တာန် ရွတ်ဖတ်နေသော လောထျန်း၏ပုံရိပ် ပေါ်လာကာ ... ကြောက်စိတ်ပြန်ဝင်သွားရသည်။ သူ ပြောလိုက်၏။
" အဲ့ကောင်ရဲ့ အစွမ်းက ထူးဆန်းလွန်းတယ်ကွ ။ သူ့အစွမ်းကို နားမလည်ခင် အလောတကြီးလုပ်တာမျိုး
က မကောင်းဘူး "
" ဒါဆို.. ဒီကိစ္စတွေကို ကျုပ်တို့က ဒီတိုင်းကြီး သည်းခံလိုက်ရမှာလားဗျ "
တစ်ယောက်က မကျေမနပ် မေးလာသည်။
ထျန်းမင်သခင်ကြီး၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာ၏။
" ဘယ်သည်းခံလို့ ဖြစ်မလဲကွ ။ ထျန်းယွမ်ကမ္ဘာရဲ့ ရတနာက သူတို့ဆီမှာ မကြာခင်ပေါ်လာတော့မယ်လို့ သတင်းသွားဖြန့်လိုက် ။ အဲ့ကျရင် ငါတို့ မတိုက်ခိုက်ရင်တောင် တခြားသူတွေက လှုပ်ရှားလာကြမှာ သေချာတယ် "