Chapter 745
Vol. 54 Ch. 745
ကွေ့ဖန် နားမလည်နိုင် ဖြစ်သွား၏။
သူ လောထျန်းကိုကြည့်ရင်း စိုးရိမ်တကြီး ပြောလိုက်သည်။
" သခင်ကြီး... ဒီလိုအခြေနေ ရောက်နေတာတောင် ဘာတွေလုပ်နေတာလဲ ။ အဲ့ ဝိဥာဥ်တွေကို ကြည့်လိုက်ဦး .... "
သူ ပြောနေရင်း ဘေးပတ်လည်မှ ဝိဥာဥ်သားရဲကြီးများဘက် လက်ညိုးထိုး၍ လှည့်ကြည့်လိုက်သည်။
သို့သော်.. မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ အံ့သြမှင်သက်သွားရပါ၏။
အဘယ့်ကြောင့်ဆိုသော်.. သူ့ဘေးနားရှိ ဝိဥာဥ်များအား အလင်းတန်းများ လွှမ်းခြုံထားပြီး...
၎င်းဝိဥာဥ်များက အထိန်းချုပ်မဲ့စွာဖြင့် လေထဲ မြှောက်တက်လာသောကြောင့်ပင် ။
အစွမ်းအထက်ဆုံး ဝိဥာဥ်များသည်ပင် ထိုအလင်းတန်းမှ လွှတ်မြောက်နိုင်ကြဟန် မတူပါချေ။
" ဒါ ... လွတ်မြောက်အောင် လုပ်ပေးတာလား "
ကွေ့ဖန် တံတွေးမြိုချပြီး လောထျန်းဘက် လှည့်ကြည့်လိုက်သည်။
ထိုလူမှာ ကြောက်စရာကောင်းလှပါတကား ...
သူသည် မသေမျိုးဘုရင် တစ်ယောက်အား တစ်ချက်တည်းဖြင့် သတ်နိုင်ရုံမက.... ဝိဥာဥ်များကိုလည်း လွတ်မြောက်အောင် လုပ်နိုင်ပါသေး၏။
ထျန်းမင်ကမ္ဘာက ထိုသို့သော လူတစ်ယောက်ကို စော်ကားမိခဲ့ခြင်းအတွက် ရှုံးနိမ့်သွားရသည်မှာ အမှန်တကယ် တရားပါသည်။
ဤသို့ဖြင့် ဘေးပတ်လည်မှ ဝိဥာဥ်များ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြပြီး ... သူတို့ဘေးရှိ အမည်းရောင်စွမ်းအင်များလည်း တဖြည်းဖြည်း လွင့်ပါးလာ၏။
ထို့နောက်.. သူတို့နှင့် မလှမ်းမကမ်းရှိ မြေအောက်ထဲမှ ရှေးဟောင်းကျောက်တံခါးတစ်ချပ် တိုးထွက်လာသည်။
ထို ကျောက်တံခါးကို မြင်လိုက်ရသော ကွေ့ဖန်၏ မျက်လုံးများ အရောင်လက်သွား၏။
၎င်းမှာ မသေမျိုးစိတ်ဝိဥာဥ်ရေစင် ရှိသော နေရာဖြစ်မှန်း သူသိသည် မဟုတ်ပါလား ..
သူ လောထျန်းဘက်လှည့်၍ ပြောပြရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ...
ဝီ ..
ကျောက်တံခါးပေါ်၌.. ထွင်းစာတစ်လုံး ရုတ်တရက် အရောင်လက်လာ၏။
ထို့နောက်တွင်မူ ... ထွင်းစာများ စီးမျောလာကာ
အရိပ်ကြီးတစ်ခု အသွင်ပေါ်လာသည်။
ထိုလူရိပ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ကွေ့ဖန်တစ်ယောက် အလွန်ကြောက်ရွံ့တုန်လှုပ်ပြီး မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူရော်သွား၏။
" ထျန်းမင်သခင်ကြီး ... "
သူ့ခြေထောက်များ တုန်ပြီး ပျော့ခွေလာကာ ဒူးထောက် ကျသွားတော့သည်။
သူ့ရင်တစ်ခုလုံးလည်း ဗြောင်းဆန်နေပါ၏။
ထျန်းမင်သခင်ကြီးက အဘယ့်ကြောင့် ဤနေရာသို့ ရောက်နေမှန်း သူ အမှန်တကယ် နားမလည်နိုင်ပါ။
ထျန်းမင်သခင်ကြီး ဆိုသူမှာ ထျန်းမင်ကမ္ဘာမှ အပေါ်ကမ္ဘာသို့ တက်သွားခဲ့သူ တစ်ယောက်ဖြစ်ပြီး အပေါ်ကမ္ဘာ၌ အင်အားကြီးသော အဖွဲ့တစ်ခုကို တည်ထောင်ခဲ့ပါ၏။ သူသည် ထျန်းမင်နန်းတော်၏ ဂိုဏ်းချုပ်ကြီးလည်းဖြစ်ကာ မသေမျိုးဘုရင် ဘွဲ့ကို ရခဲ့ပြီး အပေါ်ကမ္ဘာရှိ မသေမျိုးဘုရင်များကြား၌
အစွမ်းအထက်ဆုံးထဲမှ တစ်ယောက် ဖြစ်ပါသည်။
ထျန်းမင်ကမ္ဘာသားများအတွက်မူ သူသည် နတ်ဘုရားတစ်ပါးလိုပါပင် ။
သူက အဘယ့်ကြောင့် ဤနေရာသို့ ရောက်နေရပါသနည်း ။
ထိုစဥ်တွင် ထျန်းမင်သခင်ကြီး၏ အရိပ်ကလည်း မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လာသည်။
" ဟင်.. ဘာတွေ ဖြစ်နေတာလဲ ။ ငါ ဒီမှာချန်ထားခဲ့တဲ့ နတ်ဘုရားအသိစိတ်ကို တစ်ယောက်ယောက်က တကယ်ကြီး လှုပ်နှိုးခဲ့တာလား "
ထျန်းမင်သခင်ကြီး ပြောသည်။
" အရိုအသေပေးပါတယ် ထျန်းမင်သခင်ကြီး ... "
ကွေ့ဖန် ပြောပြီး ကိုယ်ကိုပြားပြားဝပ်၍ အရိုအသေပေးလိုက်၏။
ထျန်းမင်သခင်ကြီးမှာ ခေတ္တမျှ အံ့အားသင့်နေဟန် တူပြီးမှ ကွေ့ဖန်ကို ကြည့်ကာ တအံ့တသြမေးသည်။
" မင်းက ဝိဥာဥ်သခင်ကြီး ၊ ကွေ့ဖန် လား "
သို့သော်.. ကွေ့ဖန် ပြန်မဖြေနိုင်ခင်မှာပင် ထျန်းမင်သခင်ကြီး မျက်မှောင်ကြုံ့သွားပါသည်။
" ဒီနေရာကို ထျန်းမင်ကမ္ဘာသခင်ကြီး တစ်ယောက်လွဲလို့ တခြားဘယ်သူမှ မလာရဘူးလို့ ငါ အမိန့်ထုတ်ထားတယ် မဟုတ်လား ။ မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ ။ ဟို ဝိဥာဥ်သားရဲကြီးတွေရော ဘယ်ရောက်ကုန်ကြပြီလဲ "
ဘေးပတ်ဝန်းကျင်မှ ဝိဥာဥ်သားရဲများ၏ အရောင်အဝါကို အာရုံခံမရ ဖြစ်နေသဖြင့် သူ မျက်မှောင်ပိုကြုံ့သွား၏။
ထိုစဥ်မှာပင် ခပ်လှမ်းလှမ်း၌ မန္တာန်ရွတ်ဖတ်နေသော လောထျန်းအား တွေ့သွားကာ သူ အံ့အားသင့်သွားရပြန်သည်။
" ဟင်... အဲ့ကောင်လေးက.... ဘိုးဘေး သတ်ချင်နေတဲ့သူ မဟုတ်ဘူးလား ။ သူက ဘာလို့ ဒီရောက်နေတာလဲ "
ထျန်းမင်သခင်ကြီး ခဏတာလေးသာ အံ့သြမှင်သက်နေပြီး ချက်ချင်းဆိုသလိုပင် သဘောပေါက်သွားဟန် တူ၏။ သူ ကွေ့ဖန်ဘက် လှည့်ကြည့်လိုက်သည်။
" သူ့ကို မင်းခေါ်လာခဲ့တာ မဟုတ်လား "
ကွေ့ဖန် ရင်ထဲမှ ကြိတ်ပြီး အထွန့်တက်လိုက်ပါသည်။
သူ လောထျန်းအား ဤနေရာသို့ ခေါ်လာသည်ကို ထျန်းမင်သခင်ကြီး သိသွားမည်ဟု သူ မညသ်ို့ ထင်မိပါမည်နည်း ။
အမှန်တွင်မူ သူလုပ်ခဲ့သည့် လုပ်ရပ်မှာ ထျန်းမင်ကမ္ဘာတွင် အကြီးလေးဆုံး ပြစ်မှုကြီးဟု ပြော၍ရပါသည်။
" သခင်ကြီး.. ကျေးဇူးပြုပြီးတော့ ကျုပ်ရှင်းပြတာကို နားထောင်ပါဦးဗျာ ... "
ကွေ့ဖန် ရှင်းပြရန် ကြိုးစားလိုက်၏။
သို့သော် ထျန်းမင်သခင်ကြီးက အေးစက်စက်
နှာခေါင်းရှုံ့၍ ဖြတ်ပြောသည်။
" ဘာမှ ရှင်းပြနေစရာ မလိုဘူး ။ ဒီကို လာတာကတောင် သေဒဏ်ပေးလို့ရတဲ့ ပြစ်မှုကြီး ဖြစ်နေပြီ ။ မင်းက ရန်သူကိုပါ ခေါ်လာသေးတာဆိုတော့ ဘယ်လိုမှ ခွင့်လွတ်စရာ မကောင်းတော့ဘူး ။ ငါက ဒီလိုကိစ္စမျိုး မဖြစ်လာအောင်လို့ကို ငါ့ရဲ့ နတ်ဘုရားအသိစိတ်ကို ဒီမှာ တမင်ချန်ထားခဲ့တာ "
" ကြည့်ရတာ ငါ့အမြင် မှန်သွားတဲ့ပုံပဲ ။ မင်းတို့နှစ်ယောက်လုံး ငရဲကို သွားလိုက်ကြတော့ "
.ထျန်းမင်သခင်ကြီး ပြောပြီး ကွေ့ဖန်ဆီသို့ လက်ညိုးညွှန်လိုက်သည်။
ဝီ ...
သူ့လက်ချောင်းထိပ်၌ အမည်းရောင် လျှပ်စီးတစ်ခု စတင်စုစည်းလာ၏။
" မဟုတ်ပါဘူး သခင်ကြီးရယ် ၊ ကျုပ်ကို ဒီတစ်ကြိမ်လေးပဲ အခွင့်အရေး ပေးပါဗျာ "
ကွေ့ဖန် ရှိုက်ကြီးတငင် ငိုချလိုက်တော့သည်။
သူ ဤနေရာ၌ မသေလိုပါချေ။
သို့သော် ထျန်းမင်သခင်ကြီးက သူ့အား ရှင်းပြခွင့် လုံးဝမပေးဘဲ ...
အမည်းရောင်လျှပ်စီးဖြင့် ပစ်လွှတ်ခါနီး ဆဲဆဲမှာပင်...
ဝီ ...
အဖြူရောင် အလင်းတန်းတစ်ခုက ထျန်းမင်သခင်ကြီးအား လွှမ်းခြုံလာ၏။
ပြီးနောက်... ထျန်းမင်သခင်ကြီး၏ နတ်ဘုရားအသိစိတ်မှာ မြေကြီးထဲသို့ ဆွဲချခံလိုက်ရတော့သည်။
သူ့လက်ချောင်းထိပ်မှ အမည်းရောင်လျှပ်စီးကလည်း လျှင်မြန်စွာပင် ပျောက်ကွယ်သွား၏။
" ဟင်.. ဒါ.. ဘာတွေလဲ "
ထျန်းမင်သခင်ကြီး တုန်လှုပ်သွားတော့သည်။
သူ ရုန်းကန်ပြီး လွတ်မြောက်ရန် ကြိုးစားလိုက်သေးသော်လည်း.. ဘာမှ အလုပ်မဖြစ်တော့ပါ ။
တဖက်မှ ကွေ့ဖန်မှာလည်း ၎င်းကိုကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် အံ့သြမှင်သက်မိနေ၏။
" နတ်ဘုရားအသိစိတ်တွေကိုတောင် လွတ်မြောက်အောင် လုပ်လို့ရတာလား... "
သူ လောထျန်းအား တအံ့တသြ လှည့်ကြည့်လိုက်သည်။
လောထျန်းက ဝိဥာဥ်များကို လွတ်မြောက်အောင် လုပ်ခဲ့စဥ်က သူ အံ့သြတုန်လှုပ်သွားခဲ့ရသည် မှန်သော်လည်း...
ယခုလို ထျန်းမင်သခင်ကြီး ချန်ထားခဲ့သည့် နတ်ဘုရားအသိစိတ်အား လွတ်မြောက်အောင် လုပ်နိုင်မည်ဟုမူ ထင်မထားခဲ့ပါ ။
" ကွေ့ဖန်... မင်း ဘာတွေလုပ်လိုက်တာလဲ "
ထျန်းမင်သခင်ကြီးက ကွေ့ဖန်အား ဒေါသတကြီး
အော်ပြောလာသည်။
ကွေ့ဖန် ဇက်လေးပုသွား၏။
" သခင်ကြီး... ဒါ တကယ်ကို ကျုပ်အပြစ်မဟုတ်ပါဘူးဗျာ ။ သူက သခင်ကြီးရဲ့ စိတ်ဝိဥာဥ်ကို လွတ်မြောက်အောင် လုပ်ဖို့အတွက် မန္တာန် ရွတ်နေတာပါ ... "
ထျန်းမင်သခင်ကြီး အံ့အားသင့်သွားပြီးနောက် ဒေါသတကြီး ထပ်ပြောလာသည်။
" ငါ့ရဲ့ စိတ်ဝိဥာဥ်ကို ဟုတ်လား... မင်း ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်နေတာလား ။ ငါက အခုထိ အသက်ရှင်နေသေးတာလေ.. ငါ့စိတ်ဝိဥာဥ်ကို ဘာလို့ လွတ်မြောက်အောင် လုပ်ပေးစရာ လိုမှာလဲ "
သူ နားလည်မှု လွဲသွားလေပြီ ...
ကွေ့ဖန်တစ်ယောက် မည်သို့ ပြန်ရှင်းပြရမည်မသိ ဖြစ်သွားပါ၏။
" မဟုတ်ပါဘူး .. ကျုပ်ဆိုလိုတာ အဲ့လိုမဟုတ် ... "
ကွေ့ဖန် ငိုသံကြီးဖြင့် ပြောလိုက်သည်။
" မင်းက ဘာလို့ ငိုနေရတာလဲ "
ထျန်းမင်သခင်ကြီးမှာကား ပိုပို၍ ဒေါသထွက်လာတော့၏။
သူ့အမြင်တွင်မူ ကွေ့ဖန်၏ လုပ်ရပ်က သူ့အား လှောင်ပြောင်အရှက်ခွဲနေသည်နှင့် မခြားပါချေ။
" ကျုပ် ... "
ကွေ့ဖန် ဘာပြန်ပြောရမည်ပင် မသိတော့ပါ ။
" ကောင်လေး... ငါ့ကိုသာ စောင့်နေလိုက် ။ မင်းကို အပိုင်းပိုင်းဖြတ်ပြီးတော့ မင်းရဲ့အရိုးတွေကို ပြာဖြစ်သွားအောင် လုပ်ပစ်မယ် "
ထျန်းမင်သခင်ကြီး ထိုသို့ ပြောပြီးချိန်မှာပင် သူ့ နတ်ဘုရားအသိစိတ် လုံးဝ ပျောက်ကွယ်သွားကာ အမည်းရောင်စွမ်းအင်အဖြစ် ပြောင်းပြီး လောထျန်းဘေးသို့ ကျသွားသည်။
ထိုစဥ် လောထျန်း မျက်လုံးပြန်ဖွင့်လာ၏။
" ဟူး... နောက်ဆုံးတော့ မန္တာန်ရွတ်လို့ ပြီးသွားပြီ ။ ဒီ ဝိဥာဥ်တွေအားလုံး မရှိတော့ဘူး မဟုတ်လား ။
ကြားထဲက လွတ်ထွက်သွားတဲ့ကောင် ရှိသေးလား "
သူ ကွေ့ဖန်ကိုကြည့်၍ မေးလိုက်သည်။
ကွေ့ဖန်မှာကား မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်ကာ ဆွံ့အနေရှာတော့၏။
လွတ်ထွက်သွားတဲ့သူ ရှိသေးလား.. တဲ့ ...
ထျန်းမင်သခင်ကြီး၏ နတ်ဘုရားအသိစိတ်သည်ပင် သူ့ကြောင့် လွတ်မြောက်သွားခဲ့ရသည်ကို သူ မသိလေရော့သလား ..
သို့သော်.. သူ မည်သို့မှလည်း ပြန်မပြောရဲသဖြင့် ခေါင်းငုံ့၍သာ ပြောလိုက်ရပါသည်။
" မရှိ... မရှိပါဘူး "
လောထျန်း ခေါင်းညိတ်လိုက်ပြီးနောက်.. မလှမ်းမကမ်းရှိ ရှေးဟောင်းကျောက်တံခါးကြီးအား တွေ့သွား၏။
" အဲ့ဒါ မသေမျိုးစိတ်ဝိဥာဥ်ရေစင် ရှိတဲ့နေရာ မဟုတ်လား "
ကွေ့ဖန် ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ်ဗျ ၊ ဒါပေမယ့် အဲ့မှာ အချုပ်အနှောင် တစ်ခုရှိတယ် ။ အဲ့အချုပ်အနှောင်ကို ဖွင့်ဖို့ကလဲ တော်တော်ခက်တယ် "
သူ့စကားကို ကြားပြီးနောက် လောထျန်း ကျောက်တံခါးရှေ့ လျှောက်သွားကာ သေချာစစ်ဆေးကြည့်လိုက်သည်။ အတန်ငယ်ကြာ ကြည့်နေပြီးမှ သူ မျက်မှောင်ကြုံ့၍ ပြော၏။
" နည်းနည်း ရှုပ်ထွေးလွန်းတယ် "
ထိုစကားကြောင့် လောထျန်းတစ်ယောက် လက်လျှော့လိုက်တော့မည်လားဟု ကွေ့ဖန် အတွေးဝင်သွားသည်။
သို့သော်.. လောထျန်းက အသက်ပြင်းပြင်းရှိုက်၍ ပြောလာပါ၏။
" ဒါကို ဖွင့်ဖို့ဆို အလုပ်ရှုပ်လွန်းမှာဆိုတော့ ဒီတိုင်း ဖျက်ဆီးလိုက်တာပဲ ကောင်းတယ် "
" အင်.... "
ကွေ့ဖန် တုန်လှုပ်သွားရပြန်တော့သည်။
ထို ကျောက်တံခါးမှာ ရှေးခေတ်ကတည်းက ဤမင်ရှန့်တောင်အောက်တွင် ရှိနေခဲ့ခြင်းဖြစ်ပြီး ဘယ်တုန်းကမှ အထိအခိုက် အပျက်အစီး မရှိခဲ့ဖူးပါချေ။
ယခု လောထျန်းက ထိုတံခါးကြီးကို ဖျက်ဆီးပစ်မည်တဲ့လား....
သို့သော်... သူ ဘာမှပြန်မပြောနိုင်ခင်မှာပင် လောထျန်း လှုပ်ရှားသွားပါ၏။
" အရှုပ်အထွေးခန္ဓာကိုယ် ပွင့်စေ... "
ဘုန်း ..
လောထျန်းနောက်၌ ခေါင်းသုံးလုံး ၊ လက်ခြောက်ဖက် အရိပ်ကြီး ပေါ်လာသည်။
ထိုအရိပ်ကြီး၏ လက်ထဲတွင်လည်း လက်နက်ခြောက်ခုက အရောင်တလက်လက် တောက်လျက်
....
လောထျန်းက ၎င်းထဲမှ တိုက်ပွဲဝင်တူကြီးကို ဆွဲယူလိုက်သည်။
ထို့နောက်... တူကြီးအား ရိုက်ချလိုက်၏။
ဘုန်း....
အသံကျယ် တစ်သံနှင့်အတူ တံခါးပေါ်မှ ထွင်းစာများ အရောင်လက်သွားကာ တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားလာကြသည်။
သို့သော် ထိုကြိုးစားမှုက အရာထင်မသွားခဲ့ပါ ။
ထို့နောက်တွင်မူ... တံခါးကြီး ပြိုကျသွားတော့သည်။