← Chapters

အခန်း (၁၉၂)

Vol. 20 Ch. 192

အခန်း (၁၉၂)

Vol. 20 Ch. 192

လင်းမိသားစုဝင်များမှာ နေ့လည်ခင်း တစ်ရေးအိပ်စက်ရာမှ နိုးလာသည်နှင့် သူတို့ မည်သည့်အချိန်ကမှ မမြင်ဖူးခဲ့သည့် ထူးဆန်းသော ပစ္စည်းများစွာကို အဓိကအခန်းတွင် စုပုံထားလျက် တွေ့လိုက်ရလေသည်။

တစ်မိသားစုလုံးမှာ အလွန်အမင်း သိချင်နေခဲ့ကြသည်။

“ရှောင်စုန့်၊ ဒါတွေက ဘာတွေလဲ”

ယင်းဖန်သည်ကား ဤကဲ့သို့ ပျော်ရွှင်စရာအချိန်များကို အလွန် နှစ်သက်သောကြောင့် သူမက ပထမဦးစွာပင် အလျင်အမြန် ပြေးလာပြီး စုန့်ရှီးယန်ကို မေးလိုက်လေ၏။

စုန့်ရှီးယန်ကလည်း ပစ္စည်းများ၏အကြောင်းကို လူတိုင်းဆီသို့ စိတ်ရှည်စွာဖြင့် ရှင်းပြပေးခဲ့သည်။

၎င်းတို့အားလုံးကို စားနိုင်သည်ဟု ကြားသိလိုက်ရသည့်အပြင် ချက်ချင်းပင် စားသောက်နိုင်သည့် သစ်သီးများလည်း ပါဝင်သည်ဟု သိရသောအချိန်တွင် ယင်းဖန်၏လက်များက လှုပ်ရှားရန် အသင့်ဖြစ်နေပေပြီ။

သို့သော်လည်း သူမ၏ မျက်လုံးထောင့်မှ အဘွားလင်းက သူမကို မျက်နှာသေဖြင့် လှမ်းကြည့်နေသည်ကို မြင်လိုက်ရလေသည်။ သူမ ချက်ချင်းပင် ထိတ်လန့်သွားပြီးနောက် ဘေးနားသို့ ကြောက်ရွံ့စွာ ပြန်ဆုတ်၍ ရပ်နေလိုက်၏။

“ကောင်းပြီ၊ မင်းတို့တွေ ပြင်ဆင်စရာရှိတာတွေလုပ်ပြီး အလုပ်သွားကြတော့၊ ဒီမှာ ရပ်မနေကြနဲ့၊ အရမ်းပူတယ်”

အဘွားလင်းက လက်ဝှေ့ရမ်းပြပြီး ကျန်ရှိသူများအား ထွက်သွားရန် တိုက်တွန်းလိုက်၏။

အလုပ်သွားရန် အချိန်နီးနေပြီဖြစ်သောကြောင့် လူတိုင်းလည်း အလုပ်သို့ သွားရန် စီစဉ်လိုက်ကြ၏။

သို့သော်လည်း အကြီးဆုံးချွေးမ ဝမ်ရှို့ကျူ ထွက်သွားတော့မည့်အချိန်တွင် အဘွားလင်းက သူမအား ရုတ်တရက် တားလိုက်လေသည်။

“ကွမ်းချင်းတို့အမေ၊ ခဏစောင့်ဦး၊ ငါ မင်းကို တစ်ခုပြောစရာရှိတယ်”

ဝမ်ရှို့ကျူလည်း ရပ်တန့်လိုက်ပြီး အဘွားလင်းဆီသို့ အလေးအနက်မျက်နှာဖြင့် ကြည့်လာလေ၏။

“အမေ၊ ဘာဖြစ်လို့လဲ”

အဘွားလင်းက လင်းရန် ပြန်လာသည့်အချိန်တုန်းက သူမကို ပြောခဲ့သည့်အရာများကို အလျင်အမြန် ပြောပြခဲ့ပြီး ဝမ်ရှို့ကျူအား ဆက်ပြောလိုက်လေ၏။

“ဒါကြောင့် ရန်ရန်နဲ့ ငါက မင်းကို မေးချင်နေတာ၊ မင်း ကွန်မြူနတီ စားဖိုဆောင်မှာ အကူအဖြစ်လုပ်ပေးဖို့ ဆန္ဒရှိလား၊ မလုပ်ချင်ရင်လည်း ရတယ်၊ မင်းမလုပ်ချင်ရင် သူမက တခြားလူတစ်ယောက်ကို ရှာလိုက်လို့ရတယ်”

သို့သော်လည်း ပုံမှန်အသိစိတ်ရှိသူ မည်သူကမျှ ငြင်းဆန်လိမ့်မည် မဟုတ်ပေ။

သေချာပေသည်။ ဝမ်ရှို့ကျူသည်လည်း ဤအကြောင်းကို ကြားသောအချိန်တွင် စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ပြန်ဖြေခဲ့သည်။

“ကျွန်မ လုပ်ချင်ပါတယ်”

ကွန်မြူနတီတွင် အလုပ်လုပ်နိုင်သည်ကို မည်သူက မပျော်ရွှင်ဘဲ နေမည်နည်း။

ကွန်မြူနတီက သူမကို လစာမည်မျှ ပေးမည်ကို ပြောစရာမလိုအပ်ပါချေ။ လေဒဏ်နှင့် နေပူဒဏ်ကို မခံရဘဲ အလုပ်လုပ်ရသောကြောင့် လူတိုင်းက ထိုနေရာတွင် အလုပ် ဝင်ရောက်ရန် ကြိုးစားချင်မည်မှာ သေချာပေသည်။

ထို့အပြင် ကွန်မြူနတီတွင် အလုပ်သွားလုပ်ပါက လူများ၏ကြားတွင် အစိုးရဝန်ထမ်းအဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်၏။ ဤသည်မှာ နောက်ထပ် ဂုဏ်ပုဒ်တစ်ခုပင် မဟုတ်ပါလား။

“အမေ၊ ဒါက တကယ်ပဲလား၊ အမေ ကျွန်မကို မလိမ်နဲ့နော်၊ ရန်ရန်က တကယ်ပဲ ကျွန်မကို ကွန်မြူနတီ စားဖိုဆောင်မှာ အလုပ်လုပ်ဖို့ ခေါ်နိုင်တာလား”

အဘွားလင်းက သူမကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။

“ ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို လိမ်မှာလဲ၊ နောက်ပြီး မင်းကို ဘာလို့လိမ်ရမှာလဲ”

ဝမ်ရှို့ကျူတစ်ယောက် သူမ၏ မေးခွန်း မှားသွားသည်ကို သဘောပေါက်သွားပြီး ခေါင်းကို အမြန်ကုတ်ကာ ပြုံးလိုက်၏။

“အမေ၊ ကျွန်မက စကား မပြောတတ်ဘူးဖြစ်သွားတာ၊ စိတ်မဆိုးပါနဲ့ ...”

“ကောင်းပြီ၊ ကောင်းပြီ၊ ငါ မင်းရဲ့စိတ်ဓာတ်ကို သိပါတယ်”

အဘွားလင်းက သူမကို တစ်ချက်ကြည့်ပြီးနောက် လက်ဝှေ့ယမ်းပြလိုက်သည်။

“မင်း အလုပ်ကို မြန်မြန်သွားလိုက်တော့၊ ငါ ရန်ရန်ကို ပြောပြထားလိုက်မယ်”

ဝမ်ရှို့ကျူလည်း ပြုံးလိုက်ပြီး ပျော်ရွှင်မှုကို ထိန်းချုပ်ကာ အလုပ်သို့ သွားခဲ့တော့သည်။

ဘေးတွင်ရှိသော စုန့်ရှီးယန်လည်း ဤစကားများကို ကြားလိုက်ရသည်။ လင်းရန်အနေဖြင့် မနက်ပိုင်း တစ်ပိုင်းတည်းဖြင့် နောက်ထပ် ကိစ္စကြီးတစ်ခုကို လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

စုန့်ရှီးယန် ခဏမျှ စဉ်းစားပြီးနောက် သူ၏နှလုံးသားတွင် ရုတ်တရက် ဂုဏ်ယူဝံ့ကြွားမှုများ ပေါ်လာခဲ့သည်။

သူ့ရဲ့ ရန်ရန် ဖြစ်ဖို့ထိုက်တန်တယ်!

တကယ်ကို ထက်မြက်လွန်းတာပဲ!

*

သို့သော်လည်း လင်းရန်သည်ကား လက်ရှိအချိန်တွင် အိပ်ပျော်နေခဲ့လေသည်။

လင်းရန်မှာ နေ့လယ်ခင်းအိပ်နေချိန်များတွင် နှောင့်ယှက်ခံရသည်ကို သဘောမကျပါချေ။ ထို့ကြောင့် သူမကို မည်သူကမှ နှိုးခဲ့ခြင်းမရှိခဲ့ပေ။

သို့သော်လည်း သူမ နေ့လယ်ခင်းအိပ်စက်မှုမှ နိုးလာသောအချိန်တွင် အဓိကအခန်းတွင် ချထားသည့် ပစ္စည်းပုံကြီးကို တန်းမတ်စွာ မြင်လိုက်ရလေသည်။

သူမ အကြိုက်ဆုံးဖြစ်သည့်ညလိုင်ချီးသီးများလည်း ပါဝင်နေခဲ့သည်။ ဤရုတ်တရက် ပေါ်လာသည့် သစ်သီးပုံကြီးကို မြင်လိုက်ရလျှင် လင်းရန်၏ မျက်ဝန်းများက မသိစိတ်မှ ဝိုင်းစက်သွားခဲ့လေ၏။

လိုင်ချီးမပါတဲ့ နွေရာသီက သူမအတွက် ဘယ်လောက်တောင် ဗလာကျင်းနေသလဲဆိုတာ ဘုရားသခင်သာ သိနိုင်လိမ့်မယ်!

လက်ရှိတွင် ခေတ်ကာလအခြေအနေအရ လိုင်ချီးများမှာ သူမအတွက် စိန်များထက်တောင် ပိုမိုတန်ဖိုးရှိသော ဇိမ်ခံပစ္စည်းများဖြစ်နေကာ ရှာတွေ့ဖို့ လုံးဝမဖြစ်နိုင်သောကြောင့် လင်းရန်အနေဖြင့် လိုင်ချီးအပေါ် သူမ၏ စိတ်ဆန္ဒကို ဖိနှိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။

သူမက လိုင်ချီးအကြောင်းကို တစ်မိနစ်လောက် စဉ်းစားရန်ပင် မဝံ့ရဲနိုင်ဖြစ်နေခဲ့သော်လည်း သူမ တွေးတောနေခဲ့သော လိုင်ချီးသီးက ရုတ်တရက် သူမ၏ ရှေ့တွင် ပေါ်လာခဲ့သည်။

သူမ ဘယ်လိုလုပာပြီး မပျော်ရွှင်ဘဲ နေပါ့မလဲ။

လင်းရန်တစ်ယောက် အသီးများကို မြင်တွေ့လိုက်ရသည်နှင့် စိတ်လှုပ်ရှားစွာဖြင့် အဘွားလင်းကို လှမ်းခေါ်လိုက်သည်။

“အဘွား၊ ဒီပစ္စည်းတွေက ဘယ်ကရတာလဲ”

ဤမျှစိတ်လှုပ်ရှားနေသည့် အသံဖြင့်ဆိုလျှင် သူမထံ၌ အမြီးလေးတစ်ချောင်းရှိနေပါက ထိုအမြီးမှာကောင်းကင်ဆီသို့ ရောက်သည်အထိ ထောင်နေလိမ့်မည်ဟု ခံစားရသည်။

သူမ မည်မျှ စိတ်လှုပ်ရှားနေသည်ကို မြင်လျှင် အဘွားလင်းလည်း အသာ ရယ်မောလိုက်လေ၏။

“ဒါတွေက ခုနကမှ ရှောင်စုန့် အပြင်ကနေ ပြန်သယ်လာတာလေ၊ ကမ်းရိုးတန်းဒေသက သူ့ရဲ့သူငယ်ချင်းဆီကနေ ပို့ခိုင်းလိုက်တာလို့ ပြောတယ်၊ ငါတို့တွေ ဒီပစ္စည်းတွေကို တစ်ခါမှ မစားဖူးဘူးဆိုတာသိလို့ ငါတို့ကို မြည်းစမ်းခိုင်းဖို့ အထူးသယ်လာပေးတာတဲ့”

“ဒီ ရှောင်စုန့်က တကယ်ကို အံ့သြစရာပဲ၊ စေတနာလည်းရှိသလို လုပာလည်း လုပ်နိုင်တယ်၊ ဒီလိုလူငယ်မျိုးကို ဒီခေတ်မှာ ဘယ်နားသွားရှာလို့ရတော့မလဲ”

သူမ၏ နားထဲတွင် အဘွားလင်းမှ စုန့်ရှီးယန်ကို အမျိုးမျိုးချီးကျူးနေသည့် စကားသံများကို ကြားနေရပြီး သူမ၏ ရှေ့တွင်မူ သူမကြိုက်နှစ်သက်သည့် သစ်သီးပုံကြီးကို တွေ့နေခဲ့ရ၏။

လင်းရန်တစ်ယောက် မနက်ခင်းတစ်ပိုင်းလုံး စိတ်ထဲတွင် တင်းကျပ်နေခဲ့သည့် ခံစားချက်များပင် လျော့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော်လည်း စုန့်ရှီးယန်မှ ဤပစ္စည်းများကို သူမအတွက် သီးသန့်ပြန်သယ်လာသည်ဟု ရာနှုန်းပြည့် သေချာရန်အထိတော့ သူမက ကိုယ့်ကိုကိုယ် အလွန်အကျူး မြှောက်ပင့်ထားလိမ့်မည် မဟုတ်ပေ။

သေချာတာပေါ့။ တကယ်လို့ ဒါတွေက သူမအတွက်ယူလာတာဆိုရင်တော့ သူမက အလွန်အမင်း ပျော်ရွှင်မိနေမှာ သေချာတယ်။

စုန့်ရှီးယန် ကိုယ်တိုင် ဝန်ခံလိုက်မယ်ဆိုရင်တော့ သူမရဲ့ ပျော်ရွှင်မှုက နှစ်ဆတိုးလာလိမ့်မယ်!

ပစ္စည်းပုံကြီးကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီးနောက် လင်းရန်တစ်ယောက် စုန့်ရှီးယန် သူမကို ထပ်မံလာတွေ့မည့် မြင်ကွင်းကို ရုတ်တရက် မျှော်လင့်နေမိတော့၏။

သို့သော်လည်း သူမ မည်မျှ မျှော်လင့်နေသည်ဖြစ်စေ အဘွားလင်းက အိမ်တွင် အမြဲတမ်း ရှိနေသောကြောင့် စုန့်ရှီးယန်အနေဖြင့်ည လင်းရန်နှင့် နှစ်ဦးတည်း စကားပြောပြီး ချီးကျူးခံရရန်အတွက် အခွင့်အရေး မရခဲ့ပေ။

ညနေပိုင်းတွင်တော့ မိသားစုအားလုံး ပြန်ရောက်လာကြပြီး ညစာစားပြီးနောက်တွင် အဓိကအခန်းထဲတွင် ထိုင်၍ သစ်သီးစားရန် စောင့်နေခဲ့ကြသည်။ ထိုအချိန်တွင် စုန့်ရှီးယန်က လင်းရန်ဘေးမှ နေရာကို အမြန်ဆွဲယူလိုက်သည်။

လင်းရန်က သူ့ကို မျက်လုံးထောင့်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်စကားကိုမှ မပြောခဲ့ပေ။

“အဟွတ်”

တခြားလူများအားလုံးက သစ်သီးပုံများနှင့် ပင်လယ်စာများကိုသာ သိချင်စိတ်အပြည့်ဖြင့် ကြည့်နေသည်ကို မြင်လျှင် စုန့်ရှီးယန်က လင်းရန်၏ဘေးနားသို့ တိုးကပ်၍ လျှင်မြန်စွာ တီးတိုးပြောလိုက်လေ၏။

“ဒီသစ်သီးတွေထဲမှာ မင်း ကြိုက်တဲ့အသီးရှိလား၊ ရှိရင် ကိုယ် မင်းအတွက် ယူပေးမယ်”

လင်းရန်၏ နှုတ်ခမ်းထောင့်စွန်းက ကွေးညွတ်သွား၏။

ဒီလူက ဘာလို့ ရုတ်တရက်ကြီး လွှမ်းမိုးခြယ်လှယ်လိုတဲ့ လေသံမျိုးနှင့် လာပြောနေရတာလဲ။

သူမ အရှေ့တည့်တည့်ကို ကြည့်ရင်း ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။

“ကျွန်မ ဘယ်လိုလုပ်ပြီး သိမှာလဲ၊ ကျွန်မက ဒါတွေကို တစ်ခါမှ မစားဖူးဘူးလေ”

စုန့်ရှီးယန်တစ်ယောက် သူ့အနေဖြင့် အလွန်တုံးအလွန်းသော မေးခွန်းကို မေးလိုက်မိကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်။ သို့သော်လည်း လင်းရန်မှ ဤကဲ့သို့ စားစရာများကို တစ်ခါမှ မစားဖူးကြောင်းပြောလာသည်ကို ကြားလိုက်ရချိန်တွင် အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့ရ၏။

သူ အလွန် လေးနက်စွာ ကတိပေးလိုက်သည်။

“ကိစ္စမရှိဘူး၊ မင်း အခုအချိန်ကစပြီး ကမ္ဘာပေါ်မှာရှိသမျှ သစ်သီးတွေ အကုန်လုံးကို စားနိုင်အောင် ကိုယ် လုပ်ပေးမယ်”

လင်းရန် “......”

ချစ်သူဖြစ်ပြီးနောက် စုန့်ရှီးယန် သူမကို ပထမဆုံး ကတိပေးသည့်စကားက ချိုမြိန်သည့်အချစ်စကားများ မဟုတ်ဘဲ သူမကို ကမ္ဘာပေါ်ရှိ သစ်သီးများအားလုံး စားခိုင်းရန် ဖြစ်နေခဲ့သည်။

မေးခွန်းကတော့ ထိုမျှများပြားသည့် သစ်သီးများကို မည်သူက အချိန်တိုင်း စားချင်နေမည်နည်း။

ဤခဏတာအတွင် သူမအနေဖြင့် ရယ်မောရမည်လား၊ စိတ်လှုပ်ရှားရမည်လားဆိုသည်ကို အမှန်တကယ်ကို မသိတော့ပေ။

သို့သော်လည်း စုန့်ရှီးယန်၏ အလေးအနက်အမူအရာကို ကြည့်ပြီးနောက် သူမ မည်သည့်စကားကိုမှ မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေ သူသည်က ပထမဆုံးအကြိမ်အဖြစ် အချစ်ရေးကို စတင်သည့် လူငယ်တစ်ယောက်ဖြစ်နေသေးသည့်အတွက် သူမသည်လည်း အလျှေ့ပေးသင့်သည့်အချိန်တွင် အလျှော့ပေးရပေမည်။

နောက်ဆုံးတွင်တော့ စုန့်ရှီးယန်၏ ယုံကြည်မှုအပြည့်ရှိသည့် အကြည့်အောက်တွင် လင်းရန် ပင်ပန်းစွာ ပြန်ဖြေလိုက်ရသည်။

“ကောင်းပါပြီ”

သူတို့နှစ်ယောက် လင်းမိသားစုရှေ့တွင် တီးတိုးပြောဆိုနေစဉ် တစ်ဖက်တွင်တော့ အဘွားလင်းက စုန့်ရှီးယန် ကိုယ်စား ပစ္စည်းများကို လူတိုင်းဆီသို့ မိတ်ဆက်ပေးခဲ့ပြီးနောက် နောက်ထပ် အရေးကြီးသော ကိစ္စတစ်ခုအကြောင်းကိုပါ ပြောပြလိုက်လေ၏။

အရေးကြီးကိစ္စ မဟုတ်ပါချေ။ လင်းရန် နေ့လယ်က ပြောခဲ့သည့်ကိစ္စကိုပင် ဖြစ်ပေ၏။ အကြီးဆုံးချွေးမဖြစ်သည့် ဝမ်ရှို့ကျူမှာ လင်းရန်ကို ကူညီ၍ ချက်ပြုတ်ရေးတွင် ကူညီရန် တစ်နည်းအားဖြင့် ပါ့နန် တပ်မဟာရှိ လူများအတွက် နေ့လယ်စာချက်ပြုတ်ပေးခြင်းတွင် ကူညီရန်အတွက် ကွန်မြူနတီ စားဖိုဆောင်သို့ အလုပ်ဝင်ရမည် ကိစ္စသာဖြစ်ပေ၏။

ဤအကြောင်းကို ကြားပြီးနောက် ကျန်ရှိနေသည့် မိသားစုဝင်များမှာ ဝမ်ရှို့ကျူ အတွက် ဝမ်းသာပျော်ရွှင်သွားခဲ့ကြ၏။

ဆိုရလျှင် မိသားစုဝင် နောက်တစ်ယောက်ကလည်း ကွန်မြူနတီတွင် အလုပ်လုပ်နိုင်ခြင်းမှာ တစ်မိသားစုလုံးအတွက် ကြီးမားသည့် ကိစ္စတစ်ခုဖြစ်သည်။

သို့သော်လည်း ဤသတင်းကို ကြားသောအချိန်တွင် မိသားစုထဲ၌ အလွန်အမင်း မကျေမနပ်ဖြစ်နေသည့် လူတစ်ယောက် ရှိနေခဲ့၏။

ထိုသူသည်ကား သေချာပေါက် တတိယချွေးမ ယင်းဖန်သာ ဖြစ်လေ၏။

All Chapters