← Chapters

အခန်း (၁၉၃)

Vol. 20 Ch. 193

အခန်း (၁၉၃)

Vol. 20 Ch. 193

ယင်းဖန်တစ်ယောက် ကြားလိုက်ရသည့်သတင်းများကြောင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး လင်းရန်နှင့် ဝမ်ရှို့ကျူတို့ထံသို့ မယုံနိုင်စွာ ကြည့်လိုက်သည်။

ထို့နောက်တွင် သူမက စိုးရိမ်တကြီးပုံစံဖြင့် သူမကိုယ်သူမလက်ညှိုးထိုးကာ ပြောလာသည်။

“ငါ့အတွက်ရော မရှိဘူးလား”

သူတို့နှစ်ဦးစလုံးက လင်းရန်၏ အဒေါ်များသာဖြစ်ပေသည်။ အဘယ်ကြောင့် ဝမ်ရှို့ကျူကိုသာ ခေါ်ခဲ့ပြီး သူမကို မခေါ်ရသနည်း။

ဤအကြောင်းကို တွေးမိချိန်တွင် ယင်းဖန်တစ်ယောက် ရုတ်တရက် တစ်ကိုယ်လုံး နေမကောင်းဖြစ်သကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ နှလုံးသားကလည်း အလွန်ဘက်လိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့၏။

သူမ ဝမ်ရှို့ကျူကို မသိစိတ်မှ တစ်ချက်လှမ်းကြည့်လိုက်လေသည်။ ဝမ်ရှို့ကျူ၏ အမူအရာမှာလည်း အနည်းငယ် ရှက်ရွံ့နေပုံရသည်။

သူမသည်က ဤအခွင့်အရေးကို ရယူလိုသည်မှာ သေချာသော်လည်း သူမ၏ စိတ်နေစိတ်ထားကြောင့် တခြားသူများနှင့် စကားများရခြင်းကို အမှန်တကယ် ကျင့်သားမရပါချေ။ သူမက နူးညံ့ပျော့ပျောင်းစွာ ပြောဆိုရမည်ကိုသာ ပို၍ နှစ်သက်ပေ၏။

ထို့အပြင် ယင်းဖန်က ဤကဲ့သို့ စကားမျိုးကို သူမ၏ရှေ့တွင် တိုက်ရိုက်ပြောခဲ့ပြီးဖြစ်သောကြောင့် လင်းရန်အနေဖြင့် လက်ရှိအချိန်တွင် အခက်တွေ့နေရမည်မှာ သေချာသည်။

ဤအကြောင်းကို တွေးမိပြီနောက်တွင် ဝမ်ရှို့ကျူတစ်ယောက်စိတ်ထဲတွင် တုံ့ဆိုင်းလာခဲ့ရသည်။

ယင်းဖန်မှ လင်းရန်ထံသို့ မကျေမနပ်ဖြစ်နေခြင်းမှ ကာကွယ်ရန် ဤအခွင့်အရေးကို လက်လွှတ်သင့်၊ မသင့်ကို စဉ်းစားမိနေခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် လင်းရန်သည်က ထိုသို့သောအခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ပြီးသားဖြစ်သောကြောင့် သူမက ဝမ်ရှို့ကျူဆီသို့ တည်ငြိမ်သောအကြည့်တစ်ချက်ကို အလျင်အမြန်ပေးလိုက်ပြီးနောက် ယင်းဖန်ကို ပြန်ကြည့်လိုက်သည်။

“တတိယအဒေါ်၊ အရင်ဆုံး ကျွန်မ ပြောတာကို နားထောင်ပါဦး၊ ကွန်မြူနတီမှာ လာစားတဲ့လူ သိပ်ပြီးမများဘူးလေ၊ ဒါကြောင့် ကျွန်မအနေနဲ့ လူအများကြီး ခေါ်လို့မရပါဘူး၊ အများဆုံး တစ်ယောက်လောက်ဆိုရင်ကို လုံလောက်နေပြီ”

“ ကျွန်မ တတိယအဒေါ်ကို မခေါ်ရတာလဲဆိုတော့ တတိယအဒေါ်နဲ့ ပိုသင့်တော်တဲ့ အခွင့်အရေးတစ်ခု ရှိနေလို့ပါ”

“အို့ ”

သူမနှင့် ပိုသင့်တော်တဲ့ အခွင့်အရေး ရှိသေးတယ်ပေါ့!

ထိုအကြောင်းကို ကြားပြီးနောက်တွင် ယင်းဖန်တစ်ယောက် မ

စိတ်လှုပ်ရှားသွားခဲ့ပြီး လင်းရန်ကို အံ့အားတကြီး မေးလိုက်လေသည်။

“ရန်ရန်၊ ငါလည်း ကွန်မြူနတီမှာ အလုပ်လုပ်ဖို့ အခွင့်အရေးရှိသေးတယ်လို့ ပြောတာလား”

လင်းရန်က အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လာခဲ့သည်။ ဟုတ်သည်ဟုလည်း မပြောသကဲ့သို့ မဟုတ်ဟုလည်း မပြောခဲ့ပေ။

သူမက ဤသို့သာ ဆက်၍ ပြောလိုက်၏။

“အခွင့်အရေး မရှိဘူးလို့ ဘယ်သူပြောလဲ”

သို့သော်လည်း ဤအခွင့်အရေးသည်က မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကိုတော့ သူမ မသေချာနိုင်ပေ။

ကွန်မြူနတီ စားဖိုဆောင်တွင် ကိစ္စများက ကောင်းမွန်စွာ ဖြစ်ထွန်းလာပါက သူမအနေဖြင့် ယင်းဖန်ကို ခေါ်ဆောင်ရန် အခွင့်အရေးရနိုင်သော်လည်း နောက်ဆက်တွဲ ဖွံ့ဖြိုးတိုးတက်မှု မကောင်းပါက ဤ “အခွင့်အရေး” သည်က ထာဝရ အခွင့်အရေးတစ်ခုသာ ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ယင်းဖန်မှာ တခြားလူများထက် အနည်းငယ်ပို၍ ဂရုစိုက်တတ်လျှင်ပင် “ကိတ်မုန့်ပေါ်တွင် ဆေးခြယ်ခြင်း”ကဲ့သို့ နက်နဲသော အနုပညာကို တစ်ခါမျှ မကြုံဖူးသေးသောကြောင့် လင်းရန်၏ စကားများတွင်ရှိနေသည့် နက်နဲသောအဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။

သူမသည်က သူမ၏ လှပသော စိတ်ကူးယဉ်ထဲတွင် လုံးဝ နစ်မြောသွားခဲ့သည်။

ထိုအချိန်သို့ရောက်လျှင် သူမသည်လည်း ကွန်မြူနတီတွင် အလုပ်သွားလုပ်နိုင်ပြီး “သံထမင်းပန်းကန်*” ကို ကိုင်ဆောင်သူ ဖြစ်လာနိုင်မည်!

(T/n : အစိုးရလစာနှင့် ထမင်းစားတာ/ ဝင်ငွေက ခိုင်မာတာ)

မိန်းကလေး အဖြစ် မွေးဖွားလာခဲ့တဲ့အတွက်ဘယ်အရာမှာမှ အောင်မြင်နိုင်ဘဲ အရှုံးသမားတစ်ယောက်သာ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ပြောခဲ့တာလဲ?

အချိန်တန်လာခဲ့ရင် သူမရဲ့ မိဘတွေကို နောင်တရအောင်လုပ်ဖို့အတွက် မိဘတွေရဲ့ အိမ်ကို ပြန်ပြီး ကြွားဝါပြလိုက်မယ်!

သူမ၏ မိသားစုဝင်များက သူမ၏ အောင်မြင်နေသောအခြေအနေကို မြင်လျှင် သူမထံသို့ လာရောက်ကာချောမော့လိမ့်မည်။ သူမကို စိတ်ကျေနပ်အောင်လုပ်ပြီး သူမထံမှ အကူအညီတောင်းလိမ့်မည်ဟု တွေးမိသောအခါ ယင်းဖန်တစ်ယောက် ကျယ်လောင်စွာ ရယ်မောလိုက်မိလေ၏။

“အိုး ရန်ရန်၊ မင်း ဘာတွေပြောနေတာလဲ၊ ငါတို့အားလုံးက မိသားစုဝင်တွေပဲ၊ ဘာလို့ ဒီလောက် အများကြီး ပြောနေရတာလဲ၊ ငါက သိချင်ရုံသက်သက်နှင့် မေးလိုက်တာပါ၊ တခြားအဓိပ္ပာယ်မရှိပါဘူး၊

ငါနဲ့ အကြီးဆုံးယောက်မထဲက ဘယ်သူက အရင်ဆုံး ကွန်မြူနတီမှာ အလုပ်လုပ်ရတယ်ဆိုတာကို ငါက တွက်ကပ်မနေပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက မိသားစုဝင်တွေပဲလေ၊ ဘယ်သူ့ရဲ့ဘဝက ကောင်းမွန်လာတာဖြစ်ဖြစ် တစ်မိသားစုလုံးအတွက် သေချာပေါက် ပိုကောင်းလာမှာပဲ၊ မင်းရော ဒီလိုမထင်ဘူးလား”

ယင်းဖန်က ပြုံးရွှင်စွာဖြင့် လူတိုင်းကို ကြည့်လာခဲ့ကာ သူမ ပြောခဲ့သည့် စကားများအားလုံးမှာလည်း အလွန်ပင် ချိုမြိန်နေခဲ့လေ၏။

ကျန်ရှိနေသည့် လင်းမိသားစုသည်ကား သူမ ရုတ်တရက် ဒေါသပြေသွားသည်ကို မြင်လိုက်ရချိန်တွင် သူမကို ထပ်ပြီး မနှောင့်ယှက်တော့ပေ။ အထူးသဖြင့် အဘွားလင်းပင် ဖြစ်သည်။

အဘွားလင်းက သူမကို မည်သူမျှ သတိမထားမိသည့်အချိန်တွင် သူမ မတိုင်ခင်က ခေါက်တင်လိုက် သည့် အင်္ကျီလက်မောင်းများကို အလျင်အမြန် ပြန်ချလိုက်တော့သည်။

ယင်းဖန် မတ်တပ်ထရပ်သည်ကို မြင်လိုက်ကတည်းက သူမက သူမ၏ အင်္ကျီလက်များကို စတင်ခေါက်လိုက်သည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။

ယင်းဖန်က သူမ၏ အကြံဉာဏ်ကို နားမထောင်ဘဲ ထိုနေရာတွင် ဆူပူအော်ဟစ်ခဲ့ပါက သေချာပေါက် ရိုက်နှက်ခံရလိမ့်မည်ဖြစ်ပြီး အခြေအနေက မလှပနိုင်ပေ။

ကံကောင်းထောက်မစွာဖြင့် ဤချွေးမအငယ်မှာ ဆူညံတတ်သော်လည်း သူမ၏ ဦးနှောက်က အလွန်ပင်လှည့်စားရလွယ်ကူနေခဲ့သည်။

သူမ၏ မြေးမလေးက စကားအနည်းငယ်ဖြင့်ပင် သူမကို ငြိမ်သက်အောင် လုပ်ခဲ့ပြီး သူမသည်လည်း အမှန်တကယ်ပင် အကျိုးအမြတ်ရခဲ့သည်ဟု ပျော်ရွှင်စွာ တွေးတောနေသေးသည်။

အဘွားလင်းက ထိုမြင်ကွင်းကွင်းကြည့်ကာ ခေါင်းခါလိုက်မိ၏။ သူမက သူမ၏ မြေးငယ်လေးနှစ်ယောက်ကိုပင် စိုးရိမ်တကြီးကြည့်လိုက်မိပြီး အနည်းငယ် စိတ်ပူပန်မိသွားခဲ့သည်။

ဤကလေးနှစ်ယောက်အနေဖြင့် သူတို့ မိခင်၏ ဦးနှောက်ကို အမွေဆက်ခံ၍ မဖြစ်ပါချေ။ မဟုတ်ပါက နောင်တစာချိန်တွင် လူ့အဖွဲ့အစည်း၌ မည်သို့ရှင်သန်ရမည်ကို သိတော့မည်မဟုတ်ပေ။

ကံကောင်းစွာဖြင့် သူမ အလျင်အမြန်ကြည့်လိုကာမိချိန်တွင် သူမ၏ မြေးနှစ်ယောက်က ယင်းဖန်ကို ရှင်းပြရန် ခက်ခဲသောအမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။ အဘွားလင်း၏ စိတ်အခြေအနေက ရုတ်တရက် တည်ငြိမ်သွားခဲ့ရသည်။

အမေဖြစသူထံမှ မည်သူမျှ မဆက်ခံခဲ့သည်က ကံကောင်းလွန်းပေသည်။

လင်းရန်က စကားအနည်းငယ်ဖြင့် “စစ်ပွဲ” တစ်ခုကို အလွယ်တကူ ဖြေရှင်းလိုက်နိုင်ခဲ့သည်။ လူတိုင်းလည်း သက်ပြင်းချလိုက်ကြပြီး အပျော်ဆုံးလူသည်က သေချာပေါက် ဝမ်ရှို့ကျူ ဖြစ်ပေ၏။

သူမက ဤအခွင့်အရေးကို ရရှိခဲ့ပြီး သူမ၏ မိသားစုကလည်း ထိုကိစ္စနှင့် ပတ်သက်၍ ဆူပူအော်ဟစ်ခြင်းမရှိသည့်အတွက် အကောင်းဆုံးအခြေအနေပင် ဖြစ်ပေသည်။

ကိစ္စပြီးသွားပြီးနောက်တွင် လင်းကျန်းအန်းက လင်းရန်ကို ဘေးသို့ ခေါ်ကာ ကိစ္စ၏ အသေးစိတ်အချက်အလက်များကို မေးမြန်းခဲ့သည်။

သူသည်လညား ဤကိစ္စနှင့် ပတ်သက်၍ လွန်ခဲ့သည့် နှစ်ရက်အတွင်း အမှန်တကယ်ပင် ရုန်းကန်နေခဲ့ရပေသည်။ ပါ့နန် တပ်မဟာမှ ရောက်လာကြသည့် လူတချို့မှာ နေ့လယ်စာဘူးကို မယူလာကြသည်ကို သူ မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် သူ့အနေဖြင့် မည်မျှပင် တက်ကြွနေသည်ဖြစ်စေ နေ့လယ်ပိုင်းတွင် စွမ်းဆောင်ရည်များက အလွန် ကျဆင်းသွားခဲ့စောကြောင်း စိတ်ပူပန်နေခဲ့ရသည်။

သို့သော်လည်း လက်ရှိပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းရန် မည်သည့်နည်းလမ်းကို အသုံးပြုရမည်ကို မသိခဲ့ပေ။ ထိုလူအားလုံးကို သူ၏အိမ်သို့ နေ့လယ်စာ စားရန်အတွက် ခေါ်လာရန်လည်း မဖြစ်နိုင်ပေ။

သူ သဘောတူခဲ့လျှင်ပင် မိသားစုရှိ အစားအစာများက သဘောတူလိမ့်မည် မဟုတ်။

ကံကောင်းဖြင့် သူ ဤကိစ္စနှင့် ပတ်သက်၍ စိုးရိမ်နေသည့်အချိန်တွင် သူ၏သမီး လင်းရန်က ရုတ်တရက် သူ့ကို အံ့အားသင့်စေခဲ့သည်။

သို့သော်လည်း သူ့အနေဖြင့် လင်းရန်နှင့် အသေးစိတ် အချက်အလက်များကို အတည်ပြုရဦးပေမည်။

ထို့နောက်တွင် ပါ့နန် တပ်မဟာရှိ လူများကို မနက်ဖြန်တွင် ကြိုတင်ပြောပြနိုင်မည်ဖြစ်ကာ သူတို့၏ တုံ့ပြန်မှုကို ကြည့်နိုင်ပေလိမ့်မည်။

လင်းရန်သည်လည်း လင်းကျန်းအန်းဆီသို့ မည်သည့်အရာကိုမျှ မဖုံးကွယ်ခဲ့ဘဲ သူမ၏ အတွေးများနှင့် ကွန်မြူနတီခေါင်းဆောင်များ၏ တုံ့ပြန်မှုများကို ပြောပြခဲ့သည်။

လင်းရန်၏ စကားများကို ကြားပြီးနောက်တွင်လင်းကျန်းအန်းတစ်ယောက် သက်ပြင်းချလိုက်မိလေ၏။

“ရန်ရန်၊ မင်းက အဖေ့ကို တကယ်ကြီး ကူညီလိုက်တာပဲ၊ မင်းသာ မရှိရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အဖေ တကယ်မသိနိုင်လောက်ဘူး”

လင်းရန် ပြန်ရောက်လာသည့်အချိန်ကတည်းက တစ်မိသားစုလုံး၏ ဘဝက ပိုမိုကောင်းမွန်လာခဲ့သည်ဟု ထင်ရသည်။

သူ့အတွက်ဆိုလျှင် ပြောစရာပင်မလိုပါချေ။ သူ့၏ အကြီးဆုံးမရီး ဝမ်ရှို့ကျူသည်လည်း လင်းရန်ကြောင့် ကောင်းမွမ်သောအလုပ်ကိုရရှိခဲ့ကာ ပျော်ရွှင်နေခဲ့ရသည်။

စုန့်ရှီးယန်ဘက်မှ အကူအညီအများအပြားပေးခဲ့သည်ကိုလည်း ရှောင်လွှ်၍ မရပါချေ။ ထိုလူငယ်လေးက သူတို့အတွက် အကူအညီများစွာ ပေးခဲ့သည်။

ဤလူနှစ်ဦးသည်က သူတို့ လင်းမိသားစုအတွက် ကံကောင်းစေသောကြယ်ပွင့်များပင် ဖြစ်ပေလိမ့်မည်။

လင်းကျန်းအန်းတစ်ယောက် မသိစိတ်မှ တစ်ဖက်တွင်ရှိနေသော စုန့်ရှီးယန်ကို ကြည့်လိုက်မိသည်။ မမျှော်လင့်ဘဲ စုန့်ရှီးယန်သည်လည်း သူတို့ရှိနေသော နေရာသို့ ကြည့်နေသည်ကို မြင်လိုက်ရလေ၏။

ပို၍ တိကျစွာပြောရလျှင် သူသည်က လင်းရန်ဘက်သို့ ကြည့်နေခြင်း ဖြစ်နိုင်သည်?

လင်းကျန်းအန်းတစ်ယောက် ခဏမျှ ကြောင်အသွားခဲ့လေ၏။ စုန့်ရှီးယန်မှ လင်းရန်ကို အဘယ်ကြောင့် စိုက်ကြည့်နေသည်ကို သူမသိပါချေ။ သို့သော်လည်း သူ ထပ်မံ၍ ပြန်ကြည့်လိုက်သောအခိုက်တွင် စုန့်ရှီးယန်က သူ့ကို ကြည့်နေခြင်းသာ ဖြစ်ကြောင်းကို သဘောပေါက်သွားသွားခဲ့ရသည်။

သူ ခုနက အမြင်မှားသွားခဲ့တာများလား?

“အဖေ၊ ဘာဖြစ်လို့လဲ”

လင်းရန်တစ်ယောက် လင်းကျန်းအန်းမှာ စကားပြောနေရင်းဖြင့် ရုတ်တရက် ရပ်တန့်သွားသည်ကို တွေ့လိုက်ရသောကြောင့် တစ်ဖက်လူက ကိစ္စတစ်ခုကို ရုတ်တရက် စဉ်းစားမိ၍ဟု ထင်လိုက်မိလေ၏

လင်းရန်၏မေးခွန်းကို ကြားလျှင် လင်းကျန်းအန်းလည်း ပြန်လည် သတိပြန်ဝင်လာခဲ့ပြီး အလျင်အမြန် ပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူး၊ ခုနက အမြင် မှားသွားတာဖြစ်နိုင်တယ်”

လင်းရန်လည်း အဖေဖြစ်သူ၏စကားကြောင့် ဆက်မမေးတော့ပေ။

သူမက လင်းကျန်းအန်းနှင့်သာ ကိစ္စများကို ဆက်လက်ပြောဆိုနေခဲ့သည်။

သို့သော်လည်း သူတို့နှစ်ယောက် မမြင်နိုင်သည့်နေရာတွင်တော့ စုန့်ရှီးယန်တစ်ယောက် ရုတ်တရက် သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။

လင်းကျန်းအန်းမှ သူ့ကို ကာကွယ်လွန်းသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည့်အချိန်တွင် စုန့်ရှီးယန်တစ်ယောက် စစ်မြေပြင်သို့ သွားရသည့်အချိန်ထက်ပင် ပို၍ စိုးရိမ်နေခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူ အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ပြီး သူ၏ အာရုံကို လင်းကျန်းအန်းဘက်သို့ အလျင်အမြန်ပြောင်းလိုက်ကာ လင်းကျန်းအန်း၏ သံသယများကို ရှောင်ရှားနိုင်ခဲ့သည်။

သို့သော်လည်း သူ့အနေဖြင့် ဤတစ်ကြိမ် လွတ်မြောက်ခဲ့လျှင်ပင် အနာဂတ်တွင် ယခုကဲ့သို့ အမြဲတစေ ပုန်းကွယ်နေ၍ မရနိုင်တော့ပေ။

ထိုသို့ တွေးပြီးနောက် စုန့်ရှီးယန်တစ်ယောက် သူ့အနေဖြင့် လင်းရန်နှင့် ဆက်ဆံရေးကို အမြန်ဆုံး ခိုင်မာအောင် လုပ်ရမည်ဖြစ်ပြီး၊ ပြီးနောက်တွင် လူတိုင်းကို ဖွင့်ပြောရမည်ဟု ခံစားမိခဲ့သည်။

မဟုတ်ပါက တစ်စုံတစ်ဦးကို တိတ်တဆိတ် ခိုးကြည့်နေသည့် ဤခံစားချက်ကြောင့် သူသည်က သူခိုးတစ်ယောက်ဖြစ်နေသကဲ့သို့ ခံစားနေရလိမ့်မည်...

All Chapters