အခန်း (၁၉၇)
Vol. 20 Ch. 197
ချင်းယွင်ကျစ်တစ်ယောက် သူမ၏ညီမဖြစ်သူ ချင်းယွင်လျန်၏အိမ်သို့ သွားခဲ့ပြီး သားဖြစ်သူ ပေးပို့လာသောစာကို ညီမဖြစ်သူနှင့် မျှဝေခဲ့သည်။
ချင်းယွင်လျန်တစ်ယောက် ထိုစာကို ဖတ်ကြည့်လိုက်ပြီး အံ့အားတကြီးဖြင့် ရယ်မောလိုက်သည်။
“ဟားဟား ဒီကောင်စုတ်လေးကတော့.. စကားတစ်ခွန်းမှ မပြောဘဲ ဒီလိုမျိုးကြီးမားတဲ့ကိစ္စကြီးကို လုပ်ချလိုက်လိမ့်မယ်လို့ ကျွန်မ တကယ် မထင်ထားမိဘူး၊ အစ်မကတော့ နောက်ပိုင်းမှာ မြေးမရနိုင်တော့မှာကို စိတ်ပူစရာမလိုတော့ဘူး!”
ချင်းယွင်ကျစ်လည်း ရယ်မောလိုက်လေသည်။ သို့သော်လည်း စုန့်ရှီးယန် ယခုရင်ဆိုင်နေရသော ပြဿနာများအပေါ်တွင် သူမ အနည်းငယ် စိတ်ပူနေဆဲဖြစ်လေ၏။
“ဒီတော့ညသူ့ကို ဘယ်လိုကူညီသင့်တယ်လို့ မင်းထင်လဲ”
ချင်းယွင်ကျစ်က ပြောလာရင်းဖြင့် တစ်စုံတစ်ခုကိုတွေးမိသွားရပြန်ကာ ထပ်ပြောလိုက်မိသည်။
“စုန့်ကျယ် အဲဒီအချိန်တုန်းက ဘာတွေလုပ်ခဲ့တာလဲဆိုတာကို ငါ တကယ်ကြီး မသိခဲ့ဘူး၊ သူအခု ကိစ္စတွေအားလုံးကို သူ့ဘာသာသူပဲ ဖြေရှင်းခဲ့တာ...”
ထိုစဥ်အချိမ်က စုန့်ကျယ်တစ်ယောက် သူမ၏ဖခင်နှင့် စကားပြောခဲ့သည်ကိုသာ မှတ်မိခဲ့ပြီး သူမ၏ဖခင်သည်လည်း သူမနှင့်စုန့်ကျယ်၏ဆက်ဆံရေးကို မငြင်းဆိုခဲ့တော့ပေ။
သို့သော် ထိုနှစ်ယောက်က မည်သည့်စကားများကို ပြောခဲ့သည်ကို သူမ မသိခဲ့။ သူတို့ ရန်ဖြစ်ခဲ့သသည်လား သို့မဟုတ် တခြားအပေးအယူတစ်ခုခုရှိခဲ့သည်လားဆိုသည်ကို သူမ စုန့်ကျယ်ကို မည်မျှပင် မေးခဲ့သည်ဖြစ်စေ၊ သူက ပြောရန် ငြင်းဆန်နေခဲ့သည်။
သူမအနေနဲ့ ထိုအမျိုးသား၏ ပါးစပ်ကိုဖွင့်ရန်အတွက် ကျောက်တုံးတစ်တုံးလောက်ကို ရှာတွေ့နိုင်ရန်ပင် ဆန္ဒရှိခဲ့သည်။
ချင်းယွင်လျန်က သူမ၏ပခုံးကို ပုတ်လိုက်ပြီး နှစ်သိမ့်လိုက်သည်။
“ဒီအကြောင်းတွေကို မသိရင်လည်း အဆင်ပြေပါတယ်၊ ဒီလိုကိစ္စမျိုးက တစ်ယောက်နှင့်တစ်ယောက် တူညီတတ်တာမဟုတ်ဘူးလေ၊ ပြောရရင် တစ်ဦးချင်းစီပေါ်မှာပဲ မူတည်တာ၊
ကျွန်မတို့ရဲ့အဖေက စိတ်ဆိုးလွယ်တယ်ဆိုတာ လူတိုင်းသိကြတယ်၊ ဒါပေမဲ့ ရှောင်လင်းရဲ့ အဖေကတော့ သဘောကောင်းပုံရတယ်၊ ဒါကြောင့် ခဲအိုရဲ့နည်းလမ်းမျိုးနဲ့ ဒီကိစ္စကို သေချာပေါက် မကိုင်တွယ်နိုင်လောက်ဘူး”
စုန့်ရှီးယန်က မတိုင်ခင် တစ်ကြိမ် စာရေးခဲ့ချိန်တွင် လင်းကျန်းအန်း၏အကြောင်းကိုလည်း ရေးသားဖော်ပြခဲ့သောကြောင့် ချင်းယွင်ကျစ်နှင့်ညီမဖြစ်သူက လင်းကျန်းအန်း၏အခြေအနေအကြောင်းကို အခြေခံအားဖြင့်သိရှိထားခဲ့ပြီး ထိုလူက အလွန်ကောင်းမွန်သောလူတစ်ယောက်ဖြစ်ကြောင်းကိုလည်း သိရှိထားခဲ့ကြသည်။
ချင်းယွင်ကျစ်သည်လည်း ညီမဖြစ်သူ၏ စကားကို ကြားလျှင် သဘောတူလိုက်မိသည်။
“ဒါဆို ငါတို့ ကိုယ်တိုင်ပဲ ဖြေရှင်းရတော့မယ်ထင်တယ်”
သို့သော်လည်း သူမအနေဖြင့် သူမ၏သားကို ကူညီရန် မည်သည့်အရာကို လုပ်ဆောင်သင့်ကြောင်းကို တွေးတော၍ မရနိုင်ခဲ့ချေ။
ချင်းယွင်ကျစ်တစ်ယောက်မျက်မှောင်ကြုတ်နေသည်ကို မြင်လျှင် ချင်းယွင်လျန်လည်း အစ်မဖြစ်သူ၏အတွေးများကို နားလည်ပြီး ရုတ်တရက် သူမ၏မျက်ခုံးများကို ပင့်လိုက်သည်။
“အစ်မ.. အကောင်းဆုံးနည်းလမ်းကတော့ အစ်မကိုယ်တိုင် ရှေ့ကိုတိုးပြီးလုပ်ဆောင်လိုက်တာပဲ”
“ဘယ်လို”
ချင်းယွင်ကျစ် အံ့သြထိတ်လန့်သွားရသည်။
“မင်း ပြောချင်တာက ငါ ရှောင်လင်းရဲ့အိမ်ကို သွားပြီး လက်ထပ်ဖို့ တောင်းရမယ်လို့ ဆိုတာလား”
ချင်းယွင်လျန်လည်း အစ်မဖြစ်သူ၏တုံ့ပြန်မှုကြောင့် ထိတ်လန့်သွားပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။
“အစ်မ၊ ကျွန်မ ထင်တာတော့ အလျင်လိုနေတာက ကောင်စုတ်လေး မဟုတ်ဘလောက်ဘူး၊ အစ်မက သူ့ထက်တောင် ချွေးမရဖို့ အလျင်လိုနေတာပဲ!”
“အဟမ်း၊ ဒါက မကြာခင် ဖြစ်တော့မှာ မဟုတ်ဘူးလား”
ချင်းယွင်ကျစ်အနေဖြင့် သူမက သူမ၏သားထက် ပို၍ အလျင်လိုနေသည်ကို ဝန်ခံလိမ့်မည်မဟုတ်ပေ။
“ငါ့ကို မြန်မြန်ပြောဦး၊ ခုနက မင်း ဘာပြောချင်တာလဲ”
သူမ အလွန်အမင်း စိုးရိမ်နေသည်ကို မြင်လျှင် ချင်းယွင်လျန်သည်လည်း စနောက်ပြောဆိုခြင်းကို ရပ်လိုက်ပြီး တိုက်ရိုက်ပြောလိုက်တော့သည်။
“အစ်မ၊ ကိစ္စတွေက တကယ်တော့ အရမ်းရိုးရှင်းပါတယ်၊ အစ်မအနေနဲ့ ရှောင်လင်းနှင့် သူတို့မိသားစုကို အစ်မတို့ဇနီးမောင်နှံက သဘောကျနှစ်သက်ပြီး လက်ခံတယ်ဆိုတဲ့အကြောင်းကို ဖော်ပြရုံနဲ့ လုံလောက်ပြီ၊ ပုံမှန်အခြေအနေအတိုင်းဆိုရင် ဘာတစ်ခုမှ ပြဿနာ ရှိတော့မှာမဟုတ်ဘူး”
သိကြသည့်အတိုင်း ပုံမှန်အခြေအနေများအောက်တွင် စုံတွဲတစ်တွဲက စတင်ချိန်းတွေ့သည့်အချိန် သို့မဟုတ် အိမ်ထောင်ပြုတော့မည့်အချိန်မျိုးတွင် အများဆုံး စိတ်ပူကြသည့်အချက်မှာ သူတို့၏မိဘများမှ ဝင်ရောက်စွက်ဖက်နိုင်မှု သို့မဟုတ်သဘောမတူနိုင်သည့်အကြောင်းများကိုသာ ဖြစ်ချေသည်။
အမျိုးသားများက အဆင်ပြေနိုင်သော်လည်း အမျိုးသမီးများကတော့ အလွန် စိတ်ပူနေတတ်ကြသည်။
သူတို့အနေဖြင့် ယောက္ခမနှင့် ချွေးမကြားမှ ဆက်ဆံရေးက သဟဇာတမဖြစ်မည်ကို စိုးရိမ်နေလေ့ရှိတတ်သည်။
သို့ဆိုပါက “အနာဂတ်ယောက္ခမ” ဖြစ်သော ချင်းယွင်ကျစ်ဘက်မှသာ လင်းရန်အပေါ်သို့ ချစ်ခင်ကြင်နာကာလိုလားမှုတို့ကို ဦးစွာ ဖော်ပြမည်ဆိုပါက လင်းရန်အနေဖြင့် ခင်ပွန်းလောင်းဖြစ်သူ၏ မိသားစုအကြောင်းကို စိတ်ပူစရာလိုတော့မည်မဟုတ်ချေ။
တစ်ဖက်တွင် စုန့်ရှီးယန်သည်လည်း ပိုမိုသက်တောင့်သက်သာရှိလာရလိမ့်မည်။
ချင်းယွင်ကျစ်ဘက်မှ လင်းရန်၏မိသားစုနှင့် ဆက်သွယ်ရန် တောင်းဆိုခြင်းက လင်းမိသားစုဘက်မှလည်း စုန့်မိသားစု၏ ရိုးသားမှုကို ပို၍ ရှင်းရှင်းလင်းလင်း သိလာစေလိမ့်မည်။
ထိုသို့ဆိုလျှင် သူတို့လူငယ်စုံတွဲက ပိုမိုစိတ်ချသွားမည်မှာ သေချာသည်။
ချင်းယွင်ကျစ်လည်း ညီမဖြစ်သူ၏ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီးနောက် ထိုစကားများက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။
သို့သော် ပြဿနာတစ်ခုတော့ ရှိနေသေးသည်။
“ဒါပေမယ့် ငါသာ အဲဒီကို ရုတ်တရက် ရောက်သွားရင် မကောင်းဘူးမလား၊ ငါသာ ဒီအကြောင်းကို အစောကြီးကတည်းက သိခဲ့ရင် လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက အဝတ်အသစ်တွေ ဝယ်ထားခဲ့မှာ အခု ဘယ်လိုလုပ်ရမလဲ...”
ချင်းယွင်ကျစ်တစ်ယောက် အဝတ်အသစ်များကို ကြိုတင်ပြင်ဆင်ထားသော မရှိခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရလေ၏။ ချင်းယွင်လျန်သည်လည်း သူမ၏အစ်မက မည်မျှစိတ်လှုပ်ရှားပြီး စိုးရိမ်နေကြောင်းကို သေသေချာချာ သဘောပေါက်သွားခဲ့ရသည်။
သူမက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီးနောက် ပြောလာသည်။
“အစ်မ၊ ရုတ်တရက် အဲဒီကိုသွားတာ မကောင်းဘူးဆိုတာကို အစ်မလည်း သိတယ်မလား၊ ဒီတော့ ကောင်စုတ်လေးနဲ့ ရှောင်လင်းတို့ကြားက ကိစ္စတွေ လုံးဝပြေလည်သွားတဲ့အထိ စောင့်ပြီးမှ လက်ထပ်ဖို့ သွားတောင်းရမယ်လေ၊
ဒါကြောင့် အခုချိန်မှာ အစ်မ့ခံစားချက်တွေကို စာထဲမှာရေးပြီး ဖော်ပြပေးရုံလောက်နဲ့ လုံလောက်တယ်! ဖြစ်နိုင်မယ်ဆိုရင် လင်းမိသားစုအတွက်လည်း တစ်ခုခု ပို့ပေးလိုက်ရင်တော့ ပိုကောင်းတာပေါ့”
ချင်းယွင်ကျစ်လည်း ထိုစကားကို ကြားပြီးမှသာ ညီမဖြစ်သူ၏ ခွဲခြမ်းစိတ်ဖြာချက်များက အလွန်မှန်ကန်ကြောင်းကို ရုတ်တရက် သဘောပေါက်သွားရသည် ။
အမှန်ပဲ။ အမေတစ်ဦးအနေနဲ့ သူမသဆီမှာလည်း ကလေးတစ်ယောက်ရှိနေတဲ့အတွက်ကြောင့် လင်းရန်ရဲ့အဖေနေရာမှာ သူမကိုယ်သူမ အစားထိုးပြီး တွေးကြည့်နိုင်တယ်။ သူမမှာသာ သမီးတစ်ဦးတည်းပဲရှိနေမယ်ဆိုရင် သူမရဲ့သမီးလေးက တစ်ဖက်က မိသားစုနှင့် လက်ထပ်ပြီးတဲ့နောက်မှာ အနိုင်ကျင့်ခံနေရမလားဆိုပြီး စိုးရိမ်နေမှာ သေချာတယ်။ စုန့်မိသားစုက သူမကို ဘယ်လိုဆက်ဆံမလဲ ဆိုပြီး တွေးတောရင်း ပူပန်နေရမှာပဲ။
ယခုအချိန်တွင် သူမဘက်မှ လင်းမိသားစုထံသို့ သူမ၏ရပ်တည်ချက်ကို ကြိုတင်ဖော်ပြပါက လင်းရန်၏အဖေသည်လည်း သေချာပေါက် စိတ်ချလက်ချဖြစ်သွားလိမ့်မည်။
သို့ဆိုပါက သူသည်လည်း သူမ၏မိသားစုအခြေအနေအတွက် စိုးရိမ်စရာမလိုတော့သကဲ့သို့ သမီးဖြစ်သူအတွက် စိုးရိမ်ပူပန်မှုများကိုလည်း သဘာဝအတိုင်း လွှတ်ချနိုင်လိမ့်မည်။
ချင်းယွင်ကျစ်လည်း ကိစ္စများအားလုံးကို တွက်ဆပြီးနောက် ရုတ်တရက် ထရပ်လိုက်သည်။
“ယွင်လျန်၊ မြန်မြန်ပြင်ဆင်လိုက်တော့၊ ငါနဲ့အတူ မြို့ထဲကို ဈေးဝယ်ထွက်ကြမယ်၊ ငါ အခု အိမ်ကို အရင်ပြန်ပြီး စာတစ်စောင်ရေးလိုက်မယ်၊ ပြီးရင် ငါတို့အတူ သွားကြမယ်!”
သူမအနေဖြင့် အချိန်များကို တစ်စက္ကန့်မျှပင် မဖြုန်းတီးလိုတော့ပေ။
ချင်းယွင်လျန်တစ်ယောက် ခေါင်းခါရမ်းမိလိုက်ပြီးနောက် ကူကယ်ရာမဲ့စွာ ပြုံးကာ ပြောလာသည်။
“ကောင်းပြီ၊ ကောင်းပြီ၊ စာကုသာ မြန်မြန်သွားရေးလိုက်၊ ကျွန်မ ပြင်ဆင်ပြီးရင် အစ်မ့ကို လာရှာလိုက်မယ်”
ထို့နောက်တွင် ညီအစ်မနှစ်ယောက်က အလျင်အမြန် ခွဲခွာလိုက်ကြလေသည်။
သို့သော်လည်း ချင်းယွင်ကျစ်အနေဖြင့် စာရေးရာတွင် အဆင်မပြေဖြစ်နေသေးသည်။ သူမက ဘောပင်နှင့် စာရွက်ကို ကိုင်ကာ အိပ်ခန်းထဲတွင် အချိန်အတော်ကြာ တွေးတောနေခဲ့ပြီးမှ စာကို ခက်ခဲစွာ ရေးနိုင်ခဲ့သည်။
အကယ်၍ သူမ၏အသိစိတ်ကသာ သူမကို မတားဆီးခဲ့ပါက သူမက စာထဲတွင် “ခမည်းခမက်” ဟုပင် တိုက်ရိုက်ခေါ်ချင်ခဲ့သည်။
စာကို ထုပ်ပိုးပြီးနောက်တွင် သူမ၏ညီမ ချင်းယွင်လျန်သည်လည်း တံခါးဝသို့ရောက်လာပြီး သူမကို အပြင်ဘက်မှ လှမ်းခေါ်ခဲ့သည်။
“လာပြီ!”
ချင်းယွင်ကျစ်က သူမ၏ပစ္စည်းများကို အလျင်စလို ထုပ်ပိုးလိုက်ပြီး တံခါးဆီသို့ အမြန်သွားခဲ့သည်။
မမျှော်လင့်ဘဲ ထိုအခိုက်တွင် ဘေးချင်းကပ်လျက် စာကြည့်ခန်းတံခါးက ရုတ်တရက် ပွင့်ဟလာပြီး စုန့်ကျယ်က အပြင်သို့ ထွက်လာခဲ့သည်။
သူ၏မျက်လုံးများက ချင်းယွင်ကျစ်၏လက်ထဲရှိ စာအိတ်ထံတွင် ခဏတာ ရပ်တန့်သွားခဲ့ပြီး ထူးမခြားနားနိုင်စွာ မေးလာခဲ့သည်။
“အပြင်ကို သွားမလို့လား”
သူ၏ မျက်နှာအမူအရာတို့က အေးဆေးတည်ငြိမ်နေပုံရသော်လည်း သူ၏နှလုံးသားကတော့ စတင်စိုးရိမ်လာခဲ့သည်။
အချိန်က လေးနာရီ သို့မဟုတ် ငါးနာရီခန့် ရှိနေခဲ့ပြီ။
သူ့ရဲ့ဇနီးသည်က ဒီအချိန်မှာ အပြင်ကို သွားမလို့လား။ သူမက သူ့ကို တကယ်ပဲ မကြိုက်တော့တာလား။ ဒါကြောင့် အိမ်မှာတောင်မှ ညအိပ်မနေချင်တော့ဘူးလား။
သို့သော် ကံမကောင်းစွာဖြင့် ချင်းယွင်ကျစ်သည်ကား စာကိုပို့ရန်နှင့် ပစ္စည်းများကိုဝယ်ရန် စိတ်လောနေသောကြောင့် စုန့်ကျယ်၏ စိတ်အနှောင့်အယှက်ဖြစ်နေသော အမူအရာကို လုံးဝမသတိထားမိတော့ပေ။
“ဟုတ်တယ်၊ ကျွန်မ အပြင်ကို သွားစရာ ကိစ္စရှိတယ်၊ ညစာကို ရှင် ကိုယ့်ဘာသာကိုယ် စားလိုက်တော့”
ထိုသို့ပြောပြီးနောက် သူမ၏ညီမ ချင်းယွင်လျန်နှင့် တွေ့ရန်အတွက် အပြင်သို့ အမြန်ထွက်သွားခဲ့သည်။
ခဏအကြာတွင် အိမ်တံခါးသည် ကျယ်လောင်စွာ ပိတ်သွားခဲ့ပြီး စုန့်ကျယ် တစ်ယောက်တည်းကသာ နေရာတွင် ရပ်ကျန်ခဲ့ကာ ရုတ်တရက် အလွန်အမင်း အထီးကျန်ဆန်လာခဲ့ရသည်။