အခန်း (၂၀၂)
Vol. 21 Ch. 202
စက္ကန့်အနည်းငယ်လောက် ကြာပြီးနောက် လင်းရန်တစ်ယောက် သူမ၏ ကိုယ်ကို ဖြည်းဖြည်းချင်းလှည့်လိုက်မိကာ သူမ၏နောက်တွင် အချိန်မည်မျှကြာအောင် ရပ်နေခဲ့ကြောင်း မသိရသည့် ဖခင်လင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။
အဖေလင်းက လင်းရန်ကို အမူအရာမဲ့စွာဖြင့် ကြည့်နေခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် သူက သမီးဖြစ်သူ ဝမ်းနည်းသွားနိုင်မည်လားဆိုသည်ကို ဂရုမစိုက်ဘဲ သူမကို ကြည့်ကာ တည်ငြိမ်သောအသံဖြင့် ပြောလာခဲ့သည်။
“မင်းတို့နှစ်ယောက် အထဲကို အရင်ဆုံးဝင်လာပြီးတော့ မင်းတို့ ခုနကပြောတဲ့အကြောင်းကို ငါ့ကို သေသေချာချာရှင်းပြပေး”
စုန့်ရှီးယန်အတွက်ကလား။
လင်းကျန်းအန်းက သူ့ကို လုံးဝ လှညာ့မကြည့်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသည်ကိုတော့ လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့နှစ်ယောက်လုံး၏ စိတ်ထဲတွင် သိရှိကြပြီးဖြစ်ပေလိမ့်မည်။
လင်းကျန်းအန်းဘက်မှ ဤသို့ ပြောလာချိန်တွင်တော့ လင်းရန်၏နှလုံးသားထံတွင် ကျန်ရှိနေသေးသော မျှော်လင့်ချက်မီးတောက်လေးက လုံးလုံးလျားလျား ငြိမ်းသတ်ခံလိုက်ရတော့သည်။
သူမ၏အဖေဖြစ်သူက သူတို့၏စကားများကို ကြားခဲ့ရုံသာမက အတော်များများကိုလည်း ကြားခဲ့ပြီးပြီဟု ထင်ရသည်။
မကြာမီတွင် လင်းကျန်းအန်းက ကျောခိုင်းလှည့်ထွက်သွားပြီး အခန်းထဲသို့ အရင်ဝင်သွားပြီးခဲ့လေ၏။
လင်းရန်နှင့် စုန့်ရှီးယန်တို့သည်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး နောက်ဆုံးတွင်တော့ မျက်နှာဖျော့တော့စွာဖြင့် လင်းကျန်းအန်း၏အခန်းထဲသို့ လျှောက်လာခဲ့ကြရသည်။
အခန်းတံခါးကို ဖြတ်လျှောက်ခါနီးတွင် စုန့်ရှီးယန်က ရုတ်တရက် ရပ်တန့်လိုက်ပြီး လင်းရန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်လေ၏။
ဤအချိန်တွင်တော့ လင်းရန်အနေဖြင့် အမေစုန့်နှင့် အခြားသူများအကြောင်းကို စိတ်ပူရန် လုံးဝစိတ်မဝင်စားတော့ပေ။
သူမ စဉ်းစားသည့်အရာမှန်သမျှမှာ သူမနှင့် စုန့်ရှီးယန်တို့၏ ကိစ္စများ ပေါ်ပေါက်သွားခဲ့ပြီးနောက်တွင် အဖေလင်းက မည်သို့ ပြောဆိုလာမည်နည်းဆိုသည်ကိုပင်။
သူမအနေဖြင့် အဖေဖြစ်သူ ပြောလာမည့်စကားများကို စိုးရိမ်နေခဲ့မိသည်။
ထို့ကြောင့် စုန့်ရှီးယန်က သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သော်လည်း သူမအနေဖြင့် ရုန်းကန်ရန် ခွန်အားမရှိတော့ဘဲ သူမ၏ ခေါင်းကိုသာ မော့ကာ အားအင် နည်းပါးသော အမူအရာဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
စုန့်ရှီးယန်ကတော့ညသူမ၏စိတ်ဓာတ်ကျနေသော အမူအရာကို မြင်လိုက်ရချိန်တွင် နှလုံးသားထဲ၌ မိမိကိုယ်ကိုယ် အပြစ်တင်မှုများက ရုတ်တရက်ကြီးမားလာခဲ့လေသည်။
နေ့လယ်ခင်းတုန်းက သူ့ဘက်မှသာ စာကိုပြချင်ဇောဖြင့် သူမကို အပြင်ဘက်သို့ အလောတကြီးမခေါ်ခဲ့ပါက လင်းကျန်းအန်းနှင့် တွေ့ဆုံရလိမ့်မည်မဟုတ်ပေ။ ထို့အတူ လင်းရန်သည်လည်း ဤမျှလောက် ကြောက်ရွံ့နေရလိမ့်မည်မဟုတ်လောက်ချေ။
သို့သော်လည်း ဤအချိန်မျိုးတွင် တောင်းပန်စကားများက အဓိပ္ပာယ်မရှိလှပေ။
ထို့ကြောင့် စုန့်ရှီးယန်က သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး လင်းရန်ကိုကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“မင်း ဘာမှပြောစရာမလိုဘူး၊ ကိုယ်ရှင်းပြလုက်ပါ့မယ် ၊ ဦးလေးလင်း စိတ်ဆိုးနေမယ်ဆိုရင် သူ့ရဲ့ဒေါသတွေအားလုံးကို ကိုယ့်အပေါ်မှာပဲ ပုံချပါစေ”
သူသည်က ယောက်ျားတစ်ယောက်ဖြစ်သောကြောင့် သူချစ်ရသည့်မိန်းကလေးအတွက် မုန်တိုင်းများအားလုံးကို တားဆီးရန် အရှေ့ဘက်တွင်ရပ်တည်သင့်သည်။
ဤအချိန်တွင် သူအနေဖြင့် နောက်ဆုတ်သည့်အရာမျိုးလုပ်နိုင်သော်လည်း လင်းရန်နှင့် လင်းကျန်းအန်းတို့နှစ်ယောက်လုံးအား သူ၏ရိုးသားမှုနှင့် ဆုံးဖြတ်ချက်ကို မြင်တွေ့စေလိုပေသည်။
လင်းရန်က သူ၏စကားကိုကြားလျှင် အနည်းငယ်ထိတ်လန့်သွားခဲ့လေသည်။ ယခုကဲ့သို့ လေးနက်သောအသွင်အပြင်ဖြင့် စုန့်ရှီးယန်ကို မြင်တွေ့လိုက်ရလျှင် သူမ၏နှလုံးသားက ရုတ်တရက်ပျော့ပျောင်းသွားခဲ့ရသည်။
“ရပါတယ်၊ ဒါက ကျွန်မရဲ့အဖေအရင်းလေ၊ သူ ကျွန်မကို ဘာမှလုပ်မှာမဟုတ်ပါဘူး”
“ရှင်သာဆိုရင်တော့.. “
လင်းရန် စုန့်ရှီးယန်ကို ပြန်ကြည့်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ ရှင့်ရဲ့ခန္ဓာကိုယ်ကို ကြည့်ရတာ ကျွန်မရဲ့အဖေက ရှင်ကို တကယ်တိုက်ရင်တောင် ရှင် မနာလောက်ပါဘူး”
စုန့်ရှီးယန်တစ်ယောက် ခဏတာလောက် စကားမပြောနိုင်ဖြစ်သွားရသည်။ လင်းရန်က သူ့၏ခန္ဓာကိုယ် သန်စွမ်းကြံ့ခိုင်သည်ဟု ချီးမွမ်းနေခြင်းလား သို့မဟုတ် သူ၏ကြမ်းတမ်းသောအရေပြားနှင့် အသားအရည်ထူခြင်းကို လှောင်ပြောင်နေသည်လားဆိုသည်ကိုပင် ပြုသူ မခန့်မှန်းနိုင်တော့ပေ။
“မင်းတို့နှစ်ယောက် မဝင်သေးဘူးလား”
အိမ်ထဲတွင်ရှိနေသော လင်းကျန်းအန်းက ထိုနှစ်ယောက် မရောက်လာခင်ကတည်းက စောင့်နေခဲ့သည်။
အတော်ကြာသည်အထိ ရောက်မလာသေးသောကြောင့် သူ အပြင်ဘက်သို့တစ်ချက် လှမ်းကြည့်လိုက်လိုက်လျှင် ၎င်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် “ချစ်မြတ်နိုးစွာ” စိုက်ကြည့်နေကြသည်ကို ထပ်မံတွေ့လိုက်ရပြန်သည်။
ဤအကြည့်က သူ၏ ယာယီဖိနှိပ်ထားသော ဒေါသကို ပြန်လည်ဆူပွက်လာစေရန် လုပ်ဆောင်နိုင်ခဲ့သည်။
“မြန်မြန်ဝင်လာခဲ့!”
အဖေလင်းအနေဖြင့် ယခုအချိန်တွင် အမှန်တကယ်စိတ်ဆိုးနေခဲ့ပြီး သူ၏အသံထဲမှပင် ဒေါသများကို ကြားနိုင်ရသည်။
လင်းရန်လည်း နောက်ထပ်မနှောင့်နှေးရဲတော့ဘဲ ခေါင်းငုံ့ကာ ကျိုးနွံနာခံသော အမူအရာဖြင့် အမြန်ဝင်လာခဲ့သည်။ စုန့်ရှီးယန်လည်း နာက်မှ အမြန်လိုက်ပါသွားခဲ့သည်။
သူတို့နှစ်ယောက်လုံး ဝင်လာသည်ကိုမြင်လျှင် လင်းကျန်းအန်းက တစ်ယောက်ချင်းစီကို သေသေချာချာစူးစိုက်ကြည့်လိုက်ပြီး အိမ်ထဲမှ ဖြစ်နေသည့် ကိစ္စများကို အပြင်လူများမမြင်နိုင်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ တံခါးကိုပိတ်ခဲ့သေးသည်။
အဖေလင်း၏လုပ်ရပ်ကိုမြင်လျှင် စုန့်ရှီးယန်၏နှလုံးသားက ရုတ်တရက်အေးစက်သွားခဲ့ရသည်။
လင်းကျန်းအန်းက သူနှင့် လင်းရန်၏ ဆက်ဆံရေးကိုသိရှိခဲ့သော်လည်း သူတို့၏ဆက်ဆံရေးကို အသိအမှတ်ပြုရန် ရည်ရွယ်ချက်မရှိကြောင်းကို သူမြင်နိုင်ပေသည်။
သို့မဟုတ်ပါက တစ်ဖက်လူမှ ကျန်ရှိသည့် လင်းမိသားစုဝင်များမသိစေရန်အတွက် ဤမျှသတိထားနေလိမ့်မည်မဟုတ်ပေ။
သူ တွေးတောလိုက်ရင်း မချင့်မရဲခံစားလိုက်ရသည်။
“ဘယ်သူ အရင်လာပြီး ဘာတွေဖြစ်ပျက်နေတာလဲဆိုတာကို ပြောပြမှာလဲ၊ မင်းတို့နှစ်ယောက်... ဒါက ဘယ်တုန်းက ဖြစ်ခဲ့တာလဲ”
လင်းကျန်းအန်းက သူ၏ရှေ့တွင်ရှိသော အဖိုးတန်လှသည့်သမီးဖြစ်သူနှင့် သူမ၏ဘေးတွင်ရှိသော စုန့်ရှီးယန်ကို ကြည့်လိုက်ပြီး “ဝံပုလွေကို အိမ်ထဲသို့ဆွဲဆောင်ခြင်း” ဟူသောစကားလုံးကို ရုတ်တရက်တွေးတောလိုက်မိသည်။
သို့သော် ဤ “ဝံပုလွေ” သည်က သူ အမြဲတစေ သဘောကျခဲ့ရပြီး အလွန်ကောင်းမွန်သောလူတစ်ယောက်ဟု တွေးထားခဲ့သူဖြစ်နေခဲ့သည်!
ရိုးရိုးရှင်းရှင်းကို အသည်းကွဲစေတာပဲ!
မတိုင်မီက စုန့်ရှီးယန်ဘက်မှ သူ့ကို နည်းလမ်းအမျိုးမျိုးဖြင့် ကူညီပေးခဲ့သည်က သူ၏သမီးဖြင့် “အကြွေးဆပ်ခိုင်းရန်” ကြိုးစားနေခြင်းလားဟုပင် သူ စတင်၍ တွေးမိလာရခဲ့သည်။
လင်းရန်က သူမ၏ နှုတ်ခမ်းများကိုလှုပ်ရှားကာ ရှင်းပြရန်ကြံလိုက်သော်လည်း သူမ၏ဘေးတွင် ရှိနေသော စုန့်ရှီးယန်က အရင်ဆုံး လင်းကျန်းအန်းကို စပြောလိုက်သည်။
“ဒုတိယဦးလေးလင်း၊ ကျွန်တော့်ဘက်က ရန်ရန်ကို အရင်လိုက်ခဲ့တာပါ၊ ဒီကိစ္စကို အစကတည်းက ဦးလေးကို တိုက်ရိုက်မပြောပြခဲ့တဲ့အတွက် ဦးလေး အရမ်းစိတ်ဆိုးနေမယ်ဆိုတာ ကျွန်တော် သိပါတယ်၊
ဒါပေမယ့် ရန်ရန်နဲ့ ကျွန်တော်က ကျွန်တော်တို့ရဲ့ကြားက ကိစ္စတွေအားလုံး တည်ငြိမ်လာတဲ့အထိ ခဏလောက် စောင့်ဆိင်းချင်ခဲ့တာ၊
ကျွန်တော်က ဦးလေးနဲ့ ကျန်တဲ့မိသားစုဝင်တွေဆီကနေ တမင်တကာ ဖုံးကွယ်ထားဖို့ မရည်ရွယ်ပါဘူး”
ဤစကားများကတော့ အတော်လေးလက်ခံနိုင်စရာဖြစ်နေခဲ့သည်။
သို့သော်လည်း လင်းကျန်းအန်းအနေဖြင့် ထိုကဲ့သို့သောစကားတစ်ခွန်းကြောင့် ၎င်းတို့ကို အတူဆက်ရှိနေရန်အတွက် ခွင့်ပြုပေးရန်ရည်ရွယ်ချက်မရှိပါချေ။
အထူးသဖြင့် တစ်ဖက်လူက စုန့်ရှီးယန်ဖြစ်နေခဲ့သည်။
သူ့အနေဖြင့် သူ့သမီးကို အလွန်ငယ်ရွယ်သေးသည်ဟု ခံစားမိကာ နောက်ထပ်နှစ်နှစ်အတွင်း သူမ၏ အိမ်ထောင်ရေးကို စဉ်းစားရန်အတွက် ရည်ရွယ်ချက်မရှိသေးပါချေ။
ထိုအချက်ကိုဖယ်ထားလျှင်ပင် တခြားသော အရေးကြီးသည့် အကြောင်းပြချက်တစ်ခုရှိသေးသည်။
ထိုအကြောင်းပြချက်သည်ကား စုန့်ရှီးယန်၏မိသားစုနောက်ခံက သာမန်မဟုတ်ကြောင်းကို သူခန့်မှန်းမိခဲ့သည်။
ထို့အပြင် တစ်ဖက်လူက စစ်သားတစ်ဦးလည်းဖြစ်နေသေးသည်။
ထိုသူက မစ်ရှင်တစ်ခုသို့သွားသည်နှင့် အချိန်မည်မျှကြာအောင်ထွက်သွားရလိမ့်မည်ဆိုသည်ကို မသိနိုင်ပေ။
လွန်ခဲ့သည့်အကြိမ်ကဲ့သို့ပင် သူနှင့် လင်းကွမ်းချင်းတို့က မစ်ရှင်များကို ရုတ်တရက်လက်ခံယူရခြင်းတို့ ဖြစ်လာနိုင်သည်။ အရေးပေါ်ကိစ္စကြောင့်ဟူ၍ မျက်စေ့ရှေ့မှ ချက်ချင်းထွက်ခွာသွားရသည့်ဖြစ်ရပ်များသည်လည်း အဆုံးမရှိ ဖြစ်လာပေလိမ့်မည်။
သို့ဆိုပါက အကယ်၍ သူတို့နှစ်ယောက်သာ အနာဂတ်တွင်လက်ထပ်လိုက်မည်ဆိုပါက သူတို့နှစ်ယောကာ အတူတကွ ကုန်ဆုံးရမည့်ရက်က အနည်းငယ်လောက်သာ ရှိနေပေလိမ့်မည်။
ဆိုရလျှင် သူ၏ အကြီးဆုံးတူ လင်းကွမ်းချင်းက အကောင်းဆုံးဥပမာတစ်ခုဖြစ်ပေသည်။
သူ စစ်တပ်သို့ ဝင်ရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီးသော်လည်း ဤတစ်ကြိမ်မှလွဲ၍ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း၌ တစ်လလောက်တောင် အိမ်သို့မပြန်လာနိုင်ခဲ့ပါချေ။
သူ၏သမီးသာ စုန့်ရှီးယန်နှင့် အမှန်တကယ်လက်ထပ်ပါက အနာဂတ်တွင် “သက်ရှိမုဆိုးမ” တစ်ယောက်ဖြစ်သွားလိမ့်မည်မဟုတ်ပါလား။
သူ့အနေဖြင့် စစ်တပ်မှရဲဘော်များကို အမြဲတစေ လေးစားခဲ့သော်လည်း ဤကိစ္စကတော့ မတူညီသည့်အရာတစ်ခုဖြစ်နေပေသည်။
သူ၏သမီးဖြစ်သူမှာ လက်ထပ်ပြီးနောက် အိမ်တွင် တစ်ယောက်တည်းနေထိုင်ရပြီး တစ်ယောက်တည်းကြောက်ရွံ့နေရလိမ့်မည်ကိုတော့ သူ လုံးဝ သည်းမခံနိုင်ပါချေ။
ထို့ကြောင့် ဤအကြောင်းကိစ္စက လင်းရန်နှင့် စုန့်ရှီးယန်တို့ အတူတကွရှိနေခြင်းကို သူ သဘောမတူနိုင်သည့် အဓိကအကြောင်းပြချက်ဖြစ်နေခဲ့သည်။
ဖြစ်နိုင်ချေကိစ္စများ အားလုံးကို တွေးတောလိုက်ပြီးနောက် လင်းကျန်းအန်းတစ်ယောက် ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ချလိုက်သည်။
“မင်းတို့နှစ်ယောက် အတူရှိနေတာက သိပ်ပြီး ကြာသေးမှာမဟုတ်ဘူး၊ ဒီတော့ မင်းတို့ရဲ့ဆက်ဆံရေးကလည်း သေချာပေါက် မနက်ရှိုင်းနိုင်သေးဘူး
ဒါကြောင့် ဒီအချိန်မှာ လမ်းခွဲလိုက်တာက မင်းတို့အပေါ် အကျိုးသက်ရောက်မှု အနည်းဆုံး ဖြစ်လိမ့်မယ်”
“နောက်ပြီး ရှောင်စုန့်.. မင်းလည်း ငါတို့မိသားစုရဲ့အခြေအနေကို သိနေတာပဲမလား၊ အမှန်ပဲ၊ ငါ့ဆီမှာ ရန်ရန်ဆိုတဲ့ သမီးတစ်ယောက်ပဲရှိတယ်၊ ဒီတော့ သူမကို စောစောစီးစီး လက်မထပ်စေချင်ဘူး၊
ပြီးတော့ မင်းဆီမှာ ဘာကိစ္စမှ မဖြစ်လာခဲ့ဘူးဆိုရင်လည်း မင်းက မကြာခင် အချိန်အတွင်းမှာ ထွက်သွားမှာပဲလေ၊
မင်း ဒီနေရာက ထွက်သွားပြီးရင် ဒီချွမ်ဖန်း တပ်မဟာကို ပြန်လာဖို့ အခွင့်အရေးရှိလောက်တော့မှာ မဟုတ်ဘူး
ဒါကြောင့် ဒါကို အခွင့်အရေးယူပြီးတော့ လမ်းခွဲသင့်တဲ့အချိန်မှာပဲ လမ်းခွဲလိုက်ကြရအောင်”