← Chapters

အခန်း (၂၀၃)

Vol. 21 Ch. 203

အခန်း (၂၀၃)

Vol. 21 Ch. 203

စုန့်ရှီးယန် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

သူ့အနေဖြင့် လင်းကျန်းအန်းက သူနှင့်လင်းရန်တို့ကြားမှဆက်ဆံရေးကို အလွယ်တကူ သဘောတူလိမ့်မည်မဟုတ်ကြောင်းကို အစကတည်းက ခန့်မှန်းထားခဲ့ပြီးဖြစ်သော်လည်း တစ်ဖက်လူ၏ ငြင်းဆိုမှုက ဤမျှလောက်အထိ အားပြင်းနေလိမ့်မည်ဟု မျှော်လင့်ခဲ့မိပါချေ။

ထိုသူက ပထမဆုံးစပြောလာသည့် စကားကပင် လမ်းခွဲရန်အတွက် ဖြစ်နေခဲ့သည်။

သူ မထိန်းနိုင်စွာဖြင့် လင်းရန်ကို ပြန်လှည့်ကြည့်လိုက်လျှင် လင်းရန်၏မျက်နှာအမူအရာကလည်း အနည်းငယ်စိတ်ဆင်းရဲသကဲ့သို့ဖြစ်နေကြောင်းကို တွေ့ရှိခဲ့သည်။

စုန့်ရှီးယန်အနေဖြင့် သူမ မည်သည့်အကြောင်းအရာကို စိုးရိမ်နေကြောင်းကို မသိခဲ့သော်လည်း လင်းရန်ဘက်မှ သူမ၏အဖေဖြစ်သူ လင်းကျန်းအန်း၏တောင်းဆိုချက်ကို ချက်ချင်း မသဘောတူခဲ့သောကြောင့် သူထံတွင် အခွင့်အရေးတချို့ရှိနေသေးသည်ဟု ခံစားခဲ့ရသည်။

သူမက လက်မလျှော့သေးသရွေ့ သူလည်း လက်လျှော့လိမ့်မည်မဟုတ်ပေ။

ဤအကြောင်းကို တွေးလိုက်ပြီးနောက် စုန့်ရှီးယန်က ချက်ချင်း လင်းကျန်းအန်းဘက်သို့ လှည့်ကာ အလေးအနက်ဦးညွှတ်လိုက်သည်။

“ဒုတိယဦးလေး၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ကျွန်တော် ရန်ရန်နဲ့ လမ်းခွဲမှာ မဟုတ်ပါဘူး!”

“တကယ်လို့ ကျွန်တော်တို့တွေ တစ်နေ့နေ့မှာ လမ်းခွဲခဲ့ရမယ်ဆိုရင်တောင် အကြောင်းပြချက်က တစ်ခုတည်းပဲ ရှိနိုင်ပါလိမ့်မယ်”

စုန့်ရှီးယန် ပြောနေရင်းဖြင့် ရုတ်တရက် ရပ်တန့်သွားပြီးမှ လေသံ တိုးတိုးဖြင့် ပြောလာသည်။

“အဲဒါက.. သူမက ကျွန်တော်နဲ့အတူ မနေချင်တော့ဘူးဆိုတဲ့အချိန်ပါပဲ”

လင်းကျန်းအန်းအနေဖြင့် သူ မတိုင်ခင်က ထိုကဲ့သို့ပြောလိုက်သည့်အချိန်တွင်ပင် စုန့်ရှီးယန်က လက်မလျှော့သေးဘဲနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူ့အနေဖြင့် အနည်းငယ်လောက် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည့်အပြင် တစ်ဖက်တွင်လည်း စုန့်ရှီးယန်က အလွန်ယောက်ျားပီသသည်ဟု ခံစားလိုက်ရလေ၏။

သို့သော်လည်း သူက စိုးရိမ်နေခဲ့ဆဲပင်။

စုန့်ရှီးယန်က သူ၏စကားကို သဘောမတူကြောင်း မြင်လိုက်ရပြီးနောက် လင်းကျန်းအန်းက တစ်ဖက်သို့ လှည့်ပြီး လင်းရန်ကို ကြည့်လိုက်သည်။

“ရန်ရန်.. မင်း ဘယ်လိုထင်လဲ”

အဖေဖြစ်သူ၏ စကားကိုကြားလျှင် လင်းရန်က ဘယ်ဘက်တွင်ရှိနေသော ဖခင်လင်းကိုတစ်လှည့်၊ ညာဘက်တွင်ရှိသော စုန့်ရှီးယန်ကို တစ်လှည့် ကြည့်လိုက်သည်။

ထို့နောက်တွင်တော့ သူတို့နှစ်ယောက်လုံး၏မျက်နှာပေါ်ရှိအမူအရာများက အတိအကျတူညီလုနီးပါးဖြစ်နေခဲ့ပြီး စိတ်ပူပန်မှုနှင့် မျှော်လင့်ချက်တို့ဖြင့် ပြည့်နေကြောင်းကို တွေ့လိုက်ရလေ၏။

၎င်းတို့နှစ်ယောက်လုံးက သူမထံမှ သူတို့ကြားချင်သောအဖြေကိုသာ ကြားလိုကြသကဲ့သို့ပင်။

လင်းရန် မသေချာသောလေသံဖြင့် ပြောလိုက်သည်။

“ကျွန်မထင်တာတော့ ကျွန်မတို့ ခဏလောက် ဆက်ပြီး စောင့်ကြည့်သင့်မလားလို့”

အဖေလင်းနှင့် စုန့်ရှီးယန်တို့ အံ့အားသင့်ကြောင်အမ်းသွားခဲ့ကြလေ၏။

ဒီအဖြေက ဘာကိုဆိုလိုတာလဲ?

သူမက အနာဂတ်မှာ စုန့်ရှီးယန်နှင့် လမ်းခွဲဖို့ စီစဉ်နေတာလား?

ဒါမှမဟုတ် သူ့နှင့်အတူဆက်ရှိနေဖို့ ဆုံးဖြတ်ထားတာလား?

နောက်ပြီး.. သူမက စုန့်ရှီးယန်နှင့် ကစားရတဲ့အပေါ်မှာ ငြီးငွေ့လာပြီး သူ့အပေါ် ဘာခံစားချက်မှ မရှိတော့တဲ့အချိန်မှာ သူ့ကို လမ်းခွဲလိုက်ဖို့ စဉ်းစားနေတာများလား?

နောက်ဆုံးသောအဖြေကို တွေးလိုက်အမိလျှင် လင်းကျန်းအန်း၏စိတ်ခံစားချက်က ရုတ်တရက်အနည်းငယ်ရှုပ်ထွေးသွားခဲ့ရသည်။

သူ့ရဲ့သမီးက ဒီလိုမျိုး ဆိုးရွားပြီးတော့ လူတွေကို ကစားတတ်တဲ့လူမျိုး မဟုတ်လောက်ဘူးမလား?

စုန့်ရှီးယန်၏စိတ်ခံစားချက်က ပို၍ပင် တုန်လှုပ်သွားခဲ့ရသည်။

လင်းရန်က အဖေဖြစ်သူ၏တောင်းဆိုချက်ကို တိုက်ရိုက်သဘောတူကာ သူနှင့် ချက်ချင်းလမ်းခွဲခြင်းမျိုး မလုပ်ခဲ့သော်လည်း သူမ၏အဖြေကတော့ မှန်ကန်မှုမရှိသေးပုံရသည်။

သူမက သူ့နှင့် ခဏလောက်အတူရှိပြီးတာနဲ့ လမ်းခွဲဖို့အတွက် တကယ်ကြီး စီစဉ်နေတာလား?

သူက လင်းကျန်းအန်းကို ယုံကြည်စိတ်ချသွားစေဖို့အတွက်ပဲ အဲဒီလိုပြောခဲ့တာလေ!

အဖေလင်းနှင့် စုန့်ရှီးယန်တို့၏ အမူအရာများ အလွန်ထူးဆန်းလာခဲ့ပြီး ၊ အထူးသဖြင့် အဖေလင်းက သူမကို “အမှိုက်လိုလူ” တစ်ယောက်ကဲ့သို့ ကြည့်လာခြင်းကို မြင်လိုက်ရသောကြောင့် လင်းရန် အမြန်ရှင်းပြလိုက်ရသည်။

“အဟမ်း၊ ကျွန်မဆိုလိုတာက.. ကျွန်မက အခု သူနဲ့အတော်လေး အဆင်ပြေနေတာလေ၊ အဖေက သူ့ရဲ့အလုပ်ကို စိုးရိမ်ပြီး ကျွန်မတို့ကို လမ်းခွဲစေချင်ရုံသက်သက်ဆိုရင်တော့ အဲဒီလောက်အဝေးကြီးအထိ စဉ်းစားဖို့မလိုအပ်ဘူးလို့ ထင်တယ်၊

အနာဂတ်မှာ ကျွန်မတို့တွေ အတူတူရှိနိုင်မလားဆိုတာ ကျွန်မတို့ကိုယ်တိုင်လည်း မသေချာသေးဘူးမလား ...”

“ပြီးတော့ အဖေ.. မိန်းကလေးတစ်ယောက်က ဘဝမှာ အချစ်ရေး တစ်ကြိမ်ပဲရှိပြီး အဲဒီလူတစ်ယောက်တည်းနဲ့ပဲ တစ်ဘဝလုံး ရှိနေရမယ်လို့ ထင်လား”

လင်းကျန်းအန်းအနေဖြင့် ဤမေးခွန်းကို ရုတ်တရက် အမေးခံရသည်။ သူ ခဏတာလောက်အံ့အားသင့်သွားပြီး ချက်ချင်းပင် ငြင်းဆိုလိုက်သည်။

“မထင်ဘူး”

သူ၏စိတ်ထဲတွင် တချို့သော ရိုးရာဓလေ့ထုံးတမ်းများရှိနေသော်လည်း သူက သူကိုယ်တိုင်အတွက်သာ သတ်မှတ်ချက်စည်းကမ်းများကို ထားရှိခဲ့သည်။

အခြားသူများ၊ အထူးသဖြင့် သူ၏ဆွေမျိုးများအတွက်မူ သူက ၎င်းတို့ကို သူအလိုရှိရာကို လုပ်ဆောင်ရန်အတွက် အတင်းအကျပ်မတောင်းဆိုပါချေ။

သူ့အနေဖြင့် သူတို့က ကျန်းမာပြီး ပျော်ရွှင်နေဖို့ကိုသာ မျှော်လင့်ခဲ့သည်။

ထို့ကြောင့် လင်းရန်ဘက်မှ လုပ်ချင်သည့်အရာနှင့် မလုပ်ချင်သည့်အရာများရှိနေလျှင်လည်း သူက ၎င်းကို လုံးဝတားဆီးပိတ်ပင်လိမ့်မည် မဟုတ်ပေ။

မိန်းကလေးတစ်ယောက်က သူမ၏ဘဝတစ်လျှောက်လုံးတွင် လူတစ်ယောက်တည်းကိုသာ ချစ်ရမည်ဟု မည်သူက ပြောသနည်း။

နောက်ထပ်အများအပြားကို ချစ်နိုင်ပါက အသင့်တော်ဆုံးက မည်သူလဲဆိုသည်ကိုပင် ဂရုတစိုက်ရွေးချယ်နိုင်လိမ့်မည်။

လင်းကျန်းအန်း၏ ငြင်းဆန်သောအဖြေကိုကြားလျှင် လင်းရန်က သူမ၏ လက်များကိုဖြန့်ပြီး တက်ကြွသောလေသံဖြင့် ပြောလာခဲ့သည်။

“အဲဒါပဲလေ၊ အဖေ.. ကျွန်မတို့က အဲဒီလောက်အလွန်အကျွံချစ်ကြိုက်နေတာမျိုး မဟုတ်သေးပါဘူး၊ ဒါကြောင့် အခုချိန်မှာ အဖေ ဒီလောက်ထိ စိုးရိမ်ပူပန်နေဖို့ လုံးဝ မလိုအပ်သေးဘူး

အဖေတိုက်တွန်းစရာတောင် မလိုပါဘူး ၊ နောက်နှစ်ရက်လောက်နေရင် ကျွန်မ သူ့နှင့်အတူရှိရတာကို မပျော်ရွှင်တော့ဘူးလို့ ခံစားရပြီး သူ့နှင့်လမ်းခွဲလိုက်တာမျိုးလည်း ဖြစ်နိုင်တာပဲမလား”

လင်းကျန်းအန်းသည်လည်း ထိုစကားကို ကြားပြီးနောက် သမီးဖြစ်သူ၏ စကားများက အဓိပ္ပာယ်ရှိသည်ဟု တွေးမိလာခဲ့သည်။

မည်သို့ပင်ဆိုစေ ၎င်းတို့နှစ်ဦး၏ လက်ရှိအခြေအနေကိုကြည့်လျှင် သူတို့က ယခုမှသာ အချင်းချင်းတွေ့ဆုံကြည့်ရုံအဆင့်လောက်သာ ရှိနေသေးသည်။

ထို့အပြင် တစ်ဖက်တွင်လည်း တွေ့ဆုံကာစဖြစ်၍ ချစ်ခင်တွယ်တာမှုအရှိဆုံး အချိန်လည်း ဖြစ်နေပေလိမ့်မည်။

သူအနေဖြင့် လင်းရန်နှင့် စုန့်ရှီးယန်တို့ကို လမ်းခွဲရန်တောင်းဆိုခဲ့သော်လည်း တကယ်တမ်းတွင် သူ၏စိတ်နေစိတ်ထားအရ စည်းရုံးပြောဆိုခြင်းမှလွဲ၍ တခြားလုပ်ဆောင်နိုင်သည့်အရာမျိုး မရှိပါချေ။

တစ်ယောက်က သူ၏ သမီးဖြစ်ပြီး နောက်တစ်ယောက်က သူ့ကိုကူညီခဲ့သော “ကျေးဇူးရှင်” ဖြစ်နေခဲ့သည်။

သူတို့နှစ်ယောက်စလုံးကို သူက တခြားနည်းလမ်းများဖြင့် မည်သို့ဆက်ဆံနိုင်မည်နည်း။

ထို့ကြောင့် သူတို့အား လမ်းခွဲရန်အတင်းအကျပ်တောင်းဆိုခြင်းသည်က သူ၏ နောက်ဆုံးရုန်းကန်မှုဖြစ်နေခဲ့ရသည်။ တခြားနည်းလမ်းများအတွက်တော့ သူ လုံးဝ မစဉ်းစားနိုင်ခဲ့ပါချေ။

ထို့အပြင် သူ့၏သမီးကို ကြည့်ခြင်းအားဖြင့် သူမက အချစ်ကြောင့်ရှုပ်ထွေးနေမည့်သူမဟုတ်ဘဲ စိတ်နေသဘောထားက အတော်လေးရှင်းလင်းနေပုံရသည်။

တစ်ဖက်တွင်ရှိနေသော စုန့်ရှီးယန်ကတော့ သူ့၏သမီး ပြောသည့်စကားများကိုကြားပြီးနောက် သူမထက်ပင် ပိုမိုကာ စိုးရိမ်ပူပန်နေခဲ့သည်။

ဤအခြေအနေကိုမြင်လိုက်ရပြီးနောက်တွင် လင်းကျန်းအန်းတစ်ယောက် အကြောင်းပြချက် တချို့ကြောင့် စိတ်သက်သာရာရသွားခဲ့သည်။

အဖေလင်း၏ မျက်နှာအမူအရာ ပျော့ပြောင်းသွားသည်ကို မြင်လျွင် လင်းရန်သည်လည်း စိတ်သက်သာရာစွာဖြင့် သက်ပြင်းချလိုက်မိသည်။

သူမကို ကြည့်နေပြီး စကားပြောဖို့ကို တွန့်ဆုတ်နေတဲ့ စုန့်ရှီးယန်အတွက်ကလား?

ကောင်းပြီ။ သူတစ်ယောက်တည်းဒဏ်ရာရသွားတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားရုံပဲပေါ့။

သူတို့ တစ်ယောက်ချင်းစီတိုင်းက ခဏလောက် စကားပြောဆိုပြီးနောက် လင်းကျန်းအန်းအနေဖြင်် နောက်ဆုံးတွင်တော့ မည်သည်ကိုမှမပြောတော့ပါချေ။ သူက လက်တွေ့ကို လက်ခံလိုက်ပုံရသည်။

သို့သော် စုန့်ရှီးယန်ကတော့ လင်းကျန်းအန်းက လက်မခံသေးကြောင်းသိသည်။ သူက ရွေးချယ်ခွင့်ကို လင်းရန်ထံသို့ လွှဲပေးလိုက်ရုံသာဖြစ်လေ၏။

သူနှင့်လင်းရန်တို့ မကြာမီလမ်းခွဲလိမ့်မည်ဟုပင် ယုံကြည်နေနိုင်ပြီး လမ်းခွဲရသည့်အကြောင်းရင်းကလည်း တစ်ခုတည်းသာရှိနေလိမ့်မည်။

၎င်းမှာ လင်းရန်က သူ့ကို သဘောမကျတော့၍သာ ဖြစ်ပေလိမ့်မည်။

စုန့်ရှီးယန်: “...”

သူ့ရဲ့နှလုံးသားက ဘာလို့ ရုတ်တရက်နာကျင်သွားရတာလဲ။

အဆုံးတွင်တော့ လင်းကျန်းအန်းက ဤသို့သာ ပြောလာခဲ့သည်။

လင်းရန်အနေဖြင့် အနာဂတ်တွင် စုန့်ရှီးယန်နှင့် လက်ထပ်မည်လားဆိုသည်ကို မဆုံးဖြတ်ရသေးသည့်အတွက် ၎င်းတို့၏လက်ရှိဆက်ဆံရေးကို ကျန်မိသားစုဝင်များထံသို့ မပြောပြသင့်ကြောင်း ဆုံးဖြတ်ခဲ့လေ၏။ သူက နောက်ပိုင်းတွင် တစ်စုံတစ်ခုဖြစ်လာပါက မိသားစုတွင် အခြေအနေက အလွန်အဆင်မပြေဖြစ်လာလိမ့်မည်ကို စိုးရိမ်နေခဲ့သည်။

စုန့်ရှီးယန်သည်ကား မတိုင်ခင်က နှလုံးသားတစ်ခုလုံး ကွဲပြေခဲ့ရပြီး ယခု လင်းကျန်းအန်း၏စကားကိုကြားလိုက်ရပြီးချိန်တွင် သူ့ အရှေ့မှလမ်းက မှောင်မိုက်နေပြီး အနာဂတ်ကတော့ ပို၍ပင်မှောင်မည်းနေသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။

လင်းကျန်းအန်းကတော့ ထို တောင်းဆိုချက်ကို ပြုလုပ်လိုက်ချိန်တွင် စုန့်ရှီးယန်၏မျက်နှာထားက ဖော်ပြရန် ခက်ခဲနေကြောင်ကို မြင်လိုက်ရသောကြောင့် သူ့ကိုအေးစက်စွာကြည့်လိုက်ပြီး မျက်လုံးဖြင့် ဖိအားပေးလိုက်သည်။

“ဘာလဲ ရှောင်စုန့် ၊ မင်းမှာ တခြားစိတ်ကူးတွေရှိသေးလား”

စုန့်ရှီးယန်တစ်ယောက် ချက်ချင်းပင် သူ၏ခေါင်းကို အားပြင်းပြင်းနှင့် ခါရမ်းကာ ပြောလိုက်ရလေသည်။

“မရှိတော့ပါဘူး”

“မရှိရင် ရပြီ ၊ အပြင်ကိုသွားလိုက်တော့၊ မင်းကို ဘယ်သူမှ မမြင်ရအောင် သတိထားလိုက်ဦး”

လင်းကျန်းအန်းက ထိုစကားကို ပြောပြီးနောက် စုန့်ရှီးယန်၏တွန့်ဆုတ်နေသောအမူအရာကို လျစ်လျူရှုပြီး တံခါးကိုအရင်ဖွင့်လိုက်ကာ သူ့ကိုအပြင်သို့ ထွက်သွားခိုင်းလိုက်လေသည်။

စုန့်ရှီးယန်သည်လည်း လင်းကျမ်းအန်း၏လုပ်ရပ်ကြောင့် တခြားမည်သည်ကိုမှမပြောရဲတော့ဘဲ ရိုးသားစွာ ထွက်သွားရုံသာ တတ်နိုင်ခဲ့သည်။

သူ လင်းကျန်းအန်း၏ အခန်းထဲမှ ထွက်လိုက်သည်နှင့် သူ့ အနောက်မှတံခါးက ဝုန်းခနဲဆောင့်ပိတ်သွားခဲ့လေ၏။

စုန့်ရှီးယန်: “......”

နောက်ဆုံးတွင်တော့ စုန့်ရှီးယန်တစ်ယောက် သူ့နောက်မှ ပိတ်ထားသောတံခါးကို ကူကယ်ရာမဲ့စွာနှင့် တစ်ချက်ကြည့်ပြီး ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့လေ၏။

All Chapters