အခန်း (၂၀၄)
Vol. 21 Ch. 204
အခန်းထဲတွင် ကျန်ရစ်ခဲ့သော လင်းရန်တစ်ယောက် သူမ၏အဖေ အတော်လေး မနှစ်မြိုနိုင်ဖြစ်စွာဖြင့် တံခါးပိတ်လိုက်သော အမူအရာကို ရယ်မောလိုက်မိလေ၏။
သူမက အသံကျယ်ကျယ်နှင့် ရယ်မောခြင်းမရှိခဲ့သော်လည်း သူမ၏ ကွေးညွတ်နေသော မျက်လုံးများက သူ၏ မပျော်ရွှင်နေသည့်စိတ်ခံစားချက်ကို ဖော်ပြနေခဲ့သည်။
လင်းကျန်းအန်းသည် နောက်ကို ပြန်လှည့်ကြည့်ပြီးနောက် ဤမြင်ကွင်းကိုမြင်လျှင် ကူကယ်ရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။
“မင်းကတော့ ရယ်နေနိုင်သေးတယ်ပေါ့လေ ၊ ဒီလောက်ကြီးတဲ့ကိစ္စကို ကိုယ်တိုင်ဖုံးကွယ်ထားခဲ့တယ်၊ ခုနတုန်းက အဖေ ဘယ်လောက်စိတ်ဆိုးနေလဲဆိုတာ မင်း မသိဘူးမလား”
လင်းရန်လည်း အဖေလင်း၏ စကားကိုကြားလိုက်ရလျှင် ချက်ချင်းရယ်ခြင်းကိုရပ်လိုက်ပြီး ခေါင်းငုံ့ကာ နာခံစွာဖြင့် ပြောလိုက်သည်
“တောင်းပန်ပါတယ် အဖေ၊ ကျွန်မ အဖေ့ဆီက ဖုံးကွယ်ထားချင်တာမဟုတ်ပါဘူး ၊ တကယ်တော့ ကျွန်မလည်း အခုချိန်ထိ သေသေချာချာမစဉ်းစားရသေးလို့ပါ၊ အခုကတည်းကပြောရင် နောက်ပိုင်းမှာ ပိုပြီးရှုပ်ထွေးသွားမှာ စိုးလို့ ပြောဖြစ်တာ”
“ကောင်းပြီ၊ မင်းက မင်းရဲ့ကိစ္စတွေကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်တယ်ဆိုတာ အဖေသိတယ်၊ ဘာပဲဖြစ်ဖြစ် မင်းက အဖေ့ထက် ပိုပြီး အတွေးအခေါ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပဲလေ၊ ရှောင်စုန့်တောင်မှ မင်းနဲ့ ယှဉ်လို့မရဘူး”
လင်းကျန်းအန်းက ဤသို့ပြောလာခဲ့သော်လည်း သူ့အနေဖြင့် လင်းရန်အပေါ်တွင် ပို၍စိတ်ချသွားခဲ့သည်။
သူ့သမီး၏အတွေးအခေါ်များနှင့်ဆိုလျှင် သာမန်ယောက်ျားများက သူမအပေါ် လှည့်ကွက်များ ကစားနိုင်လိမ့်မည်မဟုတ်ဟု ထင်ရသည်။
ထို့ကြောင့် သူ့အနေဖြင့် သမီးဖြစ်သူ လှည့်စားခံရမည်ကို အမြဲတစေစိတ်ပူနေရန် မလိုတော့ပေ။
“အဟမ်း.. အဖေ၊ အဖေပြောတာကိုကြည့်ပါဦး၊ ကျွန်မက သာမန်မိန်းကလေးတစ်ယောက်ပါပဲ ဘာမှ ထူးခြားနေတာမရှိပါဘူး”
လင်းရန်ကတော့ သူမ၏ “ ရက်စက်တတ်သောမိန်းကလေး” တစ်ယောက်ဖြစ်လာနိုင်သည့် အလားအလာကို လက်ခံရန်အတွက် ပြင်းထန်စွာငြင်းဆိုခဲ့သည်။
ဆိုရလျှင် ထိုသို့သောအရာကို ရက်စက်ခြင်းဟု မခေါ်ဘဲ မိမိကိုယ်ကိုကာကွယ်ခြင်းဟုသာ ခေါ်ရလိမ့်မည်။
ထို့အပြင် သူမအနေဖြင့် တကယ်ပဲ ဆိုးရွားသောမိန်းကလေးတစ်ယောက် မဟုတ်သကဲ့သို့ စုန့်ရှီးယန်သည်လည်း သူမကို လှည့်စားလိမ့်မည်မဟုတ်ကြောင်းကို အလင်း နားလည်စိတ်ချစေရန်အတွက် လင်းရန်က စုန့်မိသားစု၏ တချို့သောအခြေအနေများကို လင်းကျန်းအန်းဆီသို့ ပြောပြခဲ့သည်။
လင်းကျန်းအန်းလည်း လင်းရန်၏စကားများကို ကြားလိုက်ရလျှင် ချက်ချင်းပင် အံ့အားသင့်သွားခဲ့လေသည်။
သူ့အနေဖြင့် စုန့်ရှီးယန်၏မိသားစုက ကောင်းမွန်သော အခြေအနေတွင်ရှိနေလောက်မည်ဟု မတိုင်ခင်ကတည်းက မရေမရာထင်မြင်ခဲ့သော်လည်း စုန့်မိသားစု၏ အခြေအနေက သူ စိတ်ကူးထားသည်ထက် များစွာ ပိုကောင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
၎င်းသည်က သူ အိပ်မက်ပင်မက်ဖူးသောမိသားစုမျိုး ဖြစ်နေခဲ့သည်။
ထိုအခြေအနေများမှ ကြည့်မည်ဆိုပါက သူတို့၏မိသားစုကို “အထက်တန်းလွှာ မိသားစု”ဟုပင် ယူဆနိုင်သည်။
သူ၏ အစွဲအလမ်းများကို ဖယ်ထားလိုက်မည်ဆိုလျှင် စုန့်ရှီးယန်သည်က အရပ်အမောင်း၊ ရုပ်ရည်၊ မိသားစုနောက်ခံနှင့် တခြားသော အချက်များစွာကြောင့် လူအများ၏အမြင်တွင် သေချာပေါက် “အကောင်းဆုံးသားမက်” ဖြစ်နေပေလိမ့်မည်။
သို့သော်လည်း ဤကောင်လေးသည်က သူ့၏သမီးနှင့် ချစ်ကျွမ်းဝင်သွားခဲ့ပြီး အချိန်မရွေး ၊နေရာမရွေး စွန့်ပစ်ခံရမည်ကို ကြောက်ရွံ့နေရသကဲ့သို့ ဖြစ်နေခဲ့ရသည်။
ဤအကြောင်းကို တွေးလိုက်မိလျှင် လင်းကျန်းအန်းတစ်ယောက် စုန့်ရှီးယန်မှာ အနည်းငယ်ပင် သနားစရာကောင်းသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။
သို့သော် သူ၏သမီးသည်လည်း မဆိုးပါချေ။
သူမက ရုပ်ရည်ချောမောလှပပြီး၊ ယဉ်ကျေးသိမ်မွေ့သည်၊ တွေးတောစဥ်းစားပေးတတ်သည်၊ သားသမီးဝတ္တရားကျေပွန်သည်၊ ကြင်နာတတ်သည်၊ ထို့အပြင် သူမ၏ဟင်းချက်လက်ရာများသည်လည်း အလွန်ပင်အရသာရှိသည်။
ဤမျှ ပြီးပြည့်စုံသော လက်တွဲဖော်ကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။
“သူ့ရဲ့မိသားစုက မင်းတို့နှစ်ယောက်အကြောင်းကို သိနေတာလား”
“သိတယ်၊ သူ ခုနတုန်းက ကျွန်မကို ခေါ်ပြီးစကားပြောရတဲ့အကြောင်းရင်းက သူ့အမေ သူ့ဆီကိုရေးလိုက်တဲ့စာကို ပြဖို့အတွက်လေ၊ အဲဒီစာထဲမှာ ကျွန်မနဲ့ အဖေ့အတွက်စကားတွေလည်းပါတယ်”
လင်းရန် ခဏတာလောက် တွန့်ဆုတ်သွားခဲ့သော်လည်း နောက်ဆုံးတွင် ထိုစာကို လင်းကျန်းအန်းဆီသို့ ပေးလိုက်သည်။ အဖေလင်းအနေဖြင့် ထိုစာကိုဖတ်ပြီးနောက်တွင် ပို၍စိတ်ချလာလိမ့်မည်ဟု တွေးမိခဲ့လေသည်။
လင်းကျန်းအန်းလည်း လင်းရန်၏လက်ထဲမှ စာကိုယူပြီး အမြန်ဖတ်ကြည့်လိုက်သည်။ သူ စာကို ပို၍ဖတ်ကြည့်လေလေ သူ၏ မျက်နှာပေါ်ရှိအမူအရာက ပို၍သိမ်မွေ့လာလေလေဖြစ်လေ၏။
သူ၏စိတ်ထဲတွင် လက်လှမ်းမမီနိုင်သော “ခေါင်းဆောင်ကြီး၏ဇနီးသည်” တစ်ယောက်က ဤမျှဖော်ရွေနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပါချေ။
လင်းရန်သာ စုန့်ရှီးယန်၏မိခင်ဖြစ်သူ၏ လက္ခဏာအထောက်အထားကို မပြောခဲ့ပါက သာမန်အသက်ကြီးနေသော မိခင်တစ်ဦးမှ သားဖြစ်သူ၏ အိမ်ထောင်ရေးကို တိုက်တွန်းသောစကားများဖြစ်သည်ဟုပင် သူ ထင်မိလိမ့်မည်။
အဓိကအချက်မှာ ဤစာထဲတွင် အမေစုန့်က စုန့်ရှီးယန်အား လင်းရန်ကို ခေါ်လာခဲ့ရန်အတွက် အထူးတလည် မှာထားခဲ့သည်။ သူမက လင်းရန်ကို အလွန်နှစ်သက်နေခဲ့သည်။
လင်းကျန်းအန်း၏မျက်လုံးများက လင်းရန်ထံသို့ ရွေ့ချားသွားခဲ့ပြီး ရုတ်တရက် သူ၏သမီးထံတွင် အမှန်တကယ် မှော်ဆန်သော စွမ်းရည်တချို့ရှိနေကာ လူအများမှ သူမကိုချစ်မြတ်နိုးရန် စွမ်းဆောင်နိုင်လိမ့်မည်ဟု ခံစားလိုက်ရသည်။
သူမ တစ်ခါမှမတွေ့ဖူးသော စုန့်ရှီးယန်၏အမေကပင် သူမကို ဤမျှနှစ်သက်နေခဲ့သည်။ ထို့ကြောင့် စုန့်ရှီးယန်က သူမ၏ရှေ့တွင် “ချွေးမငယ်လေး” တစ်ဦးလို ပြုမူနေသည်မှာ အတော်လေး ပုံမှန်အတိုင်းဖြစ်နေပုံရသည်။
“ဒါကြောင့် ဖေ စိတ်မပူပါနဲ့၊
စုန့်ရှီးယန်သာ တကယ်ပဲ မကောင်းဘူးဆိုရင် ၊ ဒါမှမဟုတ် သူ့ရဲ့မိသားစုကသာ ကျွန်မကို သဘောမကျဘူးဆိုရင် ကျွန်မ သူတို့အိမ်ကို အလျင်စလိုလိုက်သွားမှာ မဟုတ်ပါဘူး
ဒီလောကမှာ ခြေထောက်သုံးချောင်းပါတဲ့ဖားတစ်ကောင်ကို ရှာရတာခက်ပါတယ်၊ ခြေနှစ်ချောင်းပါတဲ့ဖားကို ရှာရတာက ပိုခက်တယ်၊ ဒါပေမဲ့ ခြေထောက်ရှည်နှစ်ချောင်းပါတဲ့ ယောက်ျားတွေကတော့ နေရာအနှံ့ရှိပါတယ်
အဆိုးဆုံးအနေနဲ့ ကျွန်မ နောက်ထပ် ယောက်ျားတစ်ယောက်ကို ထပ်ရှာလိုက်ရုံပဲလေ”
လင်းကျန်းအန်း၏ မျက်လုံးများက ပြူးကျယ်သွားခဲ့ရသည်:
ဤလေသံက ခင်ပွန်းသည်နှင့်သားကို စွန့်ပစ်ခဲ့သော ဆိုးရွားသည့်မိန်းမတစ်ယောက် ပြောတတ်သော စကားများနှင့်တူနေခဲ့သည်!
လင်းကျန်းအန်းတစ်ယောက် သူ့အနေဖြင့် ဤလူငယ်နှစ်ယောက်ကို ခွဲခွာစေသည့် လူဆိုးတစ်ယောက်အဖြစ်ရန် ဝင်ပါရန် မလိုအပ်တော့ဟု ရုတ်တရက်ခံစားလိုက်ရသည်။
စုန့်ရှီးယန်၏ဇနီးလောင်းနောက်ကို လိုက်သော လမ်းခရီးက ပြောမပြနိုင်လောက်အောင်ပင် ကောက်ကွေ့နေခဲ့ပေပြီ။ လုံလောက်သည်ထက်ပင် ပို၍ သနားစရာကောင်းနေခဲ့ပြီ မဟုတ်ပါလား။
စုန့်ရှီးယန်တစ်ယောက် အပြင်ဘက်တွင် အချိန်အကြာကြီးစောင့်ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင်တော့ လင်းရန်တစ်ယောက် လင်းကျန်းအန်း၏အခန်းထဲမှ ထွက်လာသည်ကို တွေ့မြင်လိုက်ရသည်။
သို့သော်လည်း ယခုအချိန်တွင် ကျန်ရှိသည့်လင်းမိသားစုဝင်များသည်လည်း နိုးလာကြပြီးဖြစ်ကာ အလုပ်သွားရန် ပြင်ဆင်နေကြပြီဖြစ်သောကြောင့် သူ့အနေဖြင့် သူမထံသို့သွားကာ အခြေအနေအကြောင်းကို မမေးရဲခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူနှင့် လင်းရန်တို့ကြားရှိကိစ္စများကို တခြားသော လင်းမိသားစုဝင်များထံမှ ဖုံးကွယ်ထားရန်အတွက် သူ လင်းကျန်းအန်းကို ကတိပေးထားပြီးကာစသာ ရှိနေခဲ့သေးသည်မဟုတ်ပါလား။
ထို့ကြောင့် သူ လင်းမိသားစုဝင်များနှင့် လင်းရန် စကားပြောနေသည်ကိုသာ ကြည့်နေခဲ့ရသည်။
အနာဂတ်တွင် လင်းကျန်းအန်းကို မည်သို့မျက်နှာချင်းဆိုင်ရမည်ကိုပင် မသိတော့ချေ။
သူ ထောင့်တစ်နေရာတွင်ထိုင်ကာ လင်းရန်ကိုသာ တိတ်တဆိတ်လှမ်းကြည့်နေခဲ့သည်။
လင်းရန်က အတော်လေး စိတ်ကောင်းဝင်နေပုံရပြီး လင်းကျန်းအန်းသည်လည်း နောက်ထပ် စကားထပ်ပြောရန် ထွက်ခွာလာခြင်းမရှိသည်ကိုမြင်သောအချိန်မှသာ သူ စိတ်သက်သာရာရသွားခဲ့ပြီး အခန်းသို့ တိုက်ရိုက်ပြန်သွားခဲ့လေသည်။
သို့သော်လည်း သူ အခန်းထဲသို့ ပြန်ရောက်ပြီးနောက်တွင် ကြမ်းပြင်ပေါ်၌ ပုံလျက်သားရှိနေသည့် သူ၏ မိခင်ဖြစ်သူ ပေးပို့ခဲ့သော ပစ္စည်းပု့များကို မြင်တွေ့လိုက်ရပြီး ထပ်မံစိုးရိမ်လာခဲ့ရပြန်သည်။
ပစ္စည်းများက အလွန်ပင် များပြားလွန်းနေခဲ့ပြီး ဒုတိယဦးလေးလင်း၏ ယခု သူ့ကိုသတိထားနေသည့်ပုံစံအရ လင်းရန်အနေဖြင့် ၎င်းတို့အားလုံးကို လက်မခံဘဲနေလိမ့်မည်ကိုပင် စိုးရိမ်လာခဲ့ရသည်။
သူ ဒါတွေအားလုံးကို ပေးလို့ရောရပါ့မလား ?
*
နောက်ရက်အနည်းငယ်အတွင်း လင်းမိသားစုတစ်ခုလုံးသည် စုန့်ရှီးယန်နှင့် လင်းကျန်းအန်းတို့ကြားမှ ထူးခြားသော အခြေအနေကို တချို့က လျင်မြန်စွာ ၊ တချို့က ဖြည်းဖြည်းချင်း သိရှိလာခဲ့ကြသည်။
ဥပမာအားဖြင့် စုန့်ရှီးယန်၏ လင်းကျန်းအန်းအပေါ်ထားရှိသည့်သဘောထားက ပို၍လေးစားမှုများ ပြည့်လာခဲ့သည်။
၎င်းကို တစ်ဖက်လူအား ချော့မော့နေသည်ဟုပင် ပြောနိုင်လောက်သည်။
လင်းကျန်းအန်းကတော့ စုန့်ရှီးယန်နှင့် သွေးသောက်ညီအစ်ကိုများဖြစ်ရန်ဆိုသည့် သူ၏ယခင်က စိတ်ကူးကို ပြောင်းလဲခဲ့ပုံရသည်။ တစ်ဖက်လူအပေါ်ထားရှိသည့်သူ၏ သဘောထားသည်လည်း များစွာပို၍အေးစက်လာခဲ့လေသည်။
သူက စုန့်ရှီးယန်၏နှုတ်ဆက်မှုများနှင့် အကူအညီများကို ငြင်းပယ်ခဲ့သည်။
လူနှစ်ဦး၏ထူးဆန်းသော တုန့်ပြန်မှုများက လင်းမိသားစုကို အလွန်ပင်စိတ်ရှုပ်ထွေးစေခဲ့သည်။ သူတို့အားလုံးက စုန့်ရှီးယန်မှ လင်းကျန်းအန်း မကြိုက်သည့် ကိစ္စတစ်ခုကို လုပ်ခဲ့သည်လားဟုပင် တွေးတောခဲ့ကြသည်။
ဆိုရလျှင် သူတို့မိသားစုမှ လင်းကျန်းအန်းဆိုသည့်လူမှာ ကောင်းမွန်သည့်လူတစ်ဦးကို ဒေါသထွက်တတ်မည့် လူမျိုး မဟုတ်ပေ။ ထို့အတွက် စုန့်ရှီးယန်ကသာ တစ်ခုခုလုပ်ခဲ့ခြင်းဖြစ်သင့်သည်။
သို့သော် မည်သူက မေးမြန်းခဲ့သည်ဖြစ်စေ ဤအခြေအနေအတွက် တိကျသော အဖြေကို မရရှိခဲ့ပါချေ။
လင်းကျန်းအန်းက သူတို့ကို ဤသို့သာ တုံ့ဆိုင်းစွာပြောခဲ့သည်။
“ အနာဂတ်မှာ သိလာကြပါလိမ့်မယ်”
ဒါက တစ်ခုခုဖြစ်ခဲ့သည်ဟူ ပြောလိုက်သည်နဲ့ တူညီပေ၏။
သို့သော်လည်း သူတို့နှစ်ယောက်ကြားထဲရှိအခြေအနေက ယခင်ကကဲ့သို့ မကောင်းတော့သည်မှလွဲ၍ တခြား မည်သည့်အရာမှ မဖြစ်ပျက်လာကြောင်းကိုမြင်လျှင် ကျန်လင်းမိသားစုသည်လည့် တက်လက် မေးမြန်းခြင်း မရှိကြတော့ပေ။
လင်းကွမ်းချင်းတစ်ယောက်တည်းသာ သူ၏ဒုတိယဦးလေးနှင့် စုန့်ရှီးယန်တို့ကြားမှ ဆက်ဆံရေးက တဖြည်းဖြည်း ပို၍ဆိုးရွားလာသည်ကိုမြင်နေရလျှင် သူ၏ဆံပင်များကို ဆွဲနှုတ်ချင်စိတ်များ ဖြစ်လာခဲ့ရသည်။
နှစ်ယောက်ထဲတွင် တစ်ယောက်က သူ၏ဒုတိယဦးလေးဖြစ်ပြီး အခြားတစ်ယောက်ကတော့ သူ၏ တိုက်ရိုက်အထက်အရာရှိနှင့် ညီအစ်ကိုကောင်းတစ်ဦးဖြစ်နေခဲ့သည်။
သူတို့နှစ်ဦးကြားတွင် ပဋိပက္ခဖြစ်လာခဲ့ပါကက သူ မည်သူ၏ဘက်မှ ရပ်တည်သင့်သည်ကို မခွဲခြားနိာင်တော့ပေ။
ထို့ကြောင့် အခြေအနေ ပို၍မဆိုးရွားစေချင်သည့်အတွက်ကြောင့် လင်းကွမ်းချင်းတစ်ယောက် အရေးကြီးသောဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ရသည်။
သူက လူနှစ်ဦးကြားရှိပဋိပက္ခကို ဖြေရှင်းရန်အတွက် သူကိုယ်တိုင် ကြားဝင်စေ့စပ်သူဖြစ်ရန် ဆုံးဖြတ်ခဲ့သည်။
ဒီလို လုပ်မှ ဖြစ်တော့မယ်!