← Chapters

အခန်း (၂၀၇)

Vol. 21 Ch. 207

အခန်း (၂၀၇)

Vol. 21 Ch. 207

ချန်ကျားယွမ်၏ အိပ်မက်ထဲမှ အခြေအနေအရဆိုလျှင် စုန့်စစ်ယွီမှာ ယခုအချိန်တွင် ဂိုဘီကန္တာရထဲမှ ပညာတတ်လူငယ်နေရပ်တွင် ရှိနေရလိမ့်မည် မဟုတ်ပါလား။

သူမက အဲဒီနေရာကို ပညာတတ်လူငယ်အဖြစ် မသွားခဲ့ဘူးဆိုရင်တောင် သူ့ကိုယ်တိုင်ကလွဲပြီး တခြားဘယ်သူနှင့်မှ လက်ထပ်လို့မရဘူး!

အထူးသဖြင့် ယခုအချိန်တွင် သူသည်က ချွမ်ဖန်းတပ်မဟာ၌သာ ရှိနေသေးပြီး သူမနှင့် မတွေ့ဆုံသေးပေ။

သူမက ဘယ်လိုလုပ်ပြီး တခြားလူတစ်ယောက်နှင့် အတူရှိနိုင်နေရတာလဲ။

ဤအကြောင်းကို တွေးမိလျှင် ချန်ကျားယွမ်တစ်ယောက် သူ၏ ရွှေရာထူးကို တစ်စုံတစ်ဦးက လုယက်တော့မည်ဟု ရုတ်တရက် ခံစားမိရပြီး ချက်ချင်းပင် ထိတ်လန့်တကြား ဖြစ်သွားရလေသည်။

မူလက သူမ မအောင်မြင်သေးမီ စုန့်စစ်ယွီနှင့်အတူ ရှိနေနိုင်ဖို့လုပ်ရန်အတွက် အချိန်အလုံအလောက် ရှိသေးသည်ဟု သူ တွေးထင်ခဲ့သည်။

လက်ရှိတွင် မထင်မှတ်ထားသော ကိစ္စတစ်ခု ဖြစ်ပွားလာရပြီး သူမ၏ ဖခင်က သူမကို တခြားလူတစ်ဦးနှင့် မိတ်ဆက်ပေးလိမ့်မည်ဟု မည်သူက သိပါမည်နည်း။

မဖြစ်သေးဘူး။

သူ စုန့်စစ်ယွီကို သွားရှာရမယ်!

ဤအကြောင်းကို တွေးတောလိုက်ပြီးနောက် ချန်ကျားယွမ်တစ်ယောက် နေ့လယ်ခင်းအလုပ်ကိုပင် လုပ်ရန် မစဥ်းစားနိုင်တော့ဘဲ မြို့သို့သွားရန်အတွက် ထောက်ခံစာလက်မှတ်ရယူရန် တပ်မဟာခေါင်းဆောင်ထံသို့ တိုက်ရိုက်ပင် ပြေးသွားခဲ့တော့သည်။

နေ့လယ်စာစားချိန်ပြီးနောက်တွင် လင်းရန်နှင့် ဝမ်ရှို့ကျူတို့က ကွန်မြူနတီ စားသောက်ဆောင်ရှိ ပစ္စည်းအားလုံးကို ရှင်းလင်းပြီးနောက် အိမ်သို့ ပြန်လာခဲ့ကြသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုများက ပိုမို၍ သဟဇာတဖြစ်လာခဲ့ကြပြီး တစ်ချိန်တည်းမှာပင် ကွန်မြူနတီ စားသောက်ဆောင်၏ ဂုဏ်သတင်းသည်လည်း ပိုမို ကြီးမားလာခဲ့သည်။

လင်းရန်အနေဖြင့် ကွန်မြူနတီ စားသောက်ဆောင်သို့ နေ့စဉ် လာရောက် စားသောက်သူ အရေအတွက်က တဖြည်းဖြည်း ပိုများလာသည်ဟုပင် ခံစားခဲ့ရသည်။

သူမ၏ အတွေးသက်သက်လား မသိရသော်လည်း သူမအနေဖြင့် မျက်နှာသစ်များကို နေ့စဥ်နေ့တိုင်း မြင်တွေ့နေရသကဲ့သို့ ခံစားနေခဲ့မိရသည်။

လင်းရန် မသိလိုက်သည်မှာ ၎င်းသည်က သူမ၏ ထင်ယောင်ထင်မှား မဟုတ်ခဲ့ပါချေ။

အမှန်တကယ်တွင်လည်း ကွန်မြူနတီ စားသောက်ဆောင်သို့ နေ့စဉ် လာရောက် စားသောက်သူများက ပိုမို များပြားလာခြင်းသာ ဖြစ်သည်။

ပထမဆုံး နှစ်ရက်၌ ပါ့နန်တပ်မဟာမှ အဖွဲ့ဝင်အချို့က လာရောက် စားသောက်ခဲ့ကြပြီး လင်းရန် ချက်ပြုတ်သော အစားအစာမှာ အရသာ ရှိရုံသာမက ဆီနှင့်ရေလည်း လုံလောက်စွာပါဝင်သည်ဟု ခံစားခဲ့ရသည်။

တစ်နပ်စားသောက်ပြီးချိန်တွင် သူတို့က နောက်တစ်နပ်အတွက်ပင် စဉ်းစားနေကြပေပြီ။

ထို့ကြောင့် အိမ်ပြန်ရောက်သောအချိန်တွင် သူတို့က အိမ်တွင်ရှိနေသော အစားအစာများနှင့် ယှဥ်ကြည့်လိုက်မိကြသည်။ အစားအစာများသည်က အတူတူဖြစ်ကြောင်း ထင်ရှားပေသည်။

သို့သော် အရသာကတော့ သိပ်ပြီးမကောင်းလှပါချေ။

ထို့ကြောင့် သူတို့က အိမ်တွင်ရှိနေသော ဇနီးသည်တို့ထံတွင် မညည်းညူဘဲ မနေနိုင်ခဲ့ကြပေ။ ထိုသူ၏ မိသားစုသည်လည်း တစ်ဖက်လူက အဓိပ္ပါယ်မရှိသော စကားများကို အလွန်အကျွံ ပြောဆိုနေသည်ဟု ခံစားခဲ့ရပြီး ထိုအကြောင်းကိစ္စ၏ စစ်မှန်မှုကို သံသယ ဝင်လာကြတော့သည်။

သူတို့က ဘယ်လို ချက်ပြုတ်မှုမျိုးကိုမဆို ချီးမွမ်းနေတာလား။

နောက်ပြီး ဘယ်သူကမှ အပြစ်မတင်နိုင်တဲ့ ဟင်းလျာလို့ သူတို့ ပြောဆိုနေတဲ့ အစားအသောက်မျိုးကို သူတို့ တစ်ခါမှ မမြည်းစမ်းဖူးခဲ့ဘူး။

ထို့ကြောင့် ထိုကဲ့သို့သော သိလိုစိတ်များဖြင့် ရှိနေချိန်တွင် ကွန်မြူနတီ စားသောက်ဆောင်တွင် တစ်နပ်စားမည်ဆိုပါက အစားအသောက်စရိတ်က ဈေးမကြီးသကဲ့သို့ မိမိတို့ကိုယ်တိုင် ချက်ပြုတ်ရန်လည်း မလိုအပ်ကြောင်းကို ကြားသိခဲ့ရပြန်သည်။

ဤသို့ဖြင့် သူတို့သည်လည်း သူတို့၏ ခင်ပွန်းသည်များနောက်ကို လိုက်ပါ၍ ချွမ်ဖန်းတပ်မဟာတွင် အခြေအနေကို စစ်ဆေးရန် စီစဉ်ခဲ့ကြသည်။

ထို့ကြောင့် နေ့လယ်စာစားချိန်တွင် ထိုနေရာ၌ လာရောက်စားသောက်သူများ ရှိခဲ့သည်။

မထင်မှတ်ဘဲ အစားအသောက်များကို စားလိုက်သောအချိန်တွင် အလွန်ပင် အရသာရှိနေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် ပါ့နန်တပ်မဟာသို့ ပြန်ရောက်ပြီးနောက်တွင် သူတို့က တခြားသူများထံတွင်လည်း လင်းရန်၏ ချက်ပြုတ်မှု စွမ်းရည်ကို ချီးမွမ်းပြောဆိုခဲ့ကြပြန်သည်။

ထိုသို့ဖြင့် အယောက်တစ်ဆယ်မှ တစ်ရာသို့ စကားလုံးများ ပျံ့နှံ့သွားပြီး ကွန်မြူနတီ စားသောက်ဆောင်ရှိ စားဖိုမှူးများမှာ ချက်ပြုတ်ရာတွင် အလွန်တော်လွန်းပြီး နိုင်ငံပိုင် စားသောက်ဆိုင်ရှိ စားဖိုမှူးများထက်ပင် ပိုမိုကောင်းမွန်ကြောင်းကို လူများလည်း ပိုမို သိရှိလာကြသည်။

သူတို့၏ ကွန်မြူနတီတစ်ခုလုံးတွင် ခရိုင်သို့ တစ်ခါမျှ သွားရောက်ဖူးသူက အများအပြား မရှိသကဲ့သို့ နိုင်ငံပိုင် စားသောက်ဆိုင်သို့ သွားရောက် စားသောက်နိုင်သူကလည်း နည်းပါးလွန်းသည်။

သို့သော်လည်း လူတိုင်းက စားဖိုမှူးတစ်ဦး၏ စွမ်းရည်ကို မြည်းစမ်းကြည့်ရန်အတွက် တစ်နေ့နေ့တွင်တော့ စားသောက်ဆိုင်သို့ သွားရောက်နိုင်မည်ဟု တွေးထင်နေကြဆဲ ဖြစ်သည်။

မထင်မှတ်ဘဲ သူတို့၏ ကွန်မြူနတီ၌ပင် စားဖိုမှူးတစ်ဦးနှင့် စွမ်းရည် တူညီသောသူ လူတစ်ဦး ရှိလာခဲ့သည်။ အဓိက အချက်မှာ တစ်နပ်စာအတွက် ဈေးက သိပာပြီးမကြီးခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်တွင် လူများသည်က ကွန်မြူနတီ စားသောက်ဆောင်သို့ စူးစမ်းကြည့်ရန်အတွက် မလာဘဲ မနေနိုင်ကြဘဲ လာရောက်သူများလည်း ပိုမို များပြားလာကြလေသည်။

သို့သော်လည်း နောက်ဆုံးတွင်တော့ သူတို့က အလွန်အမင်း အသံကျယ်ကျယ် မလုပ်ရဲခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့က ချွမ်ဖန်းတပ်မဟာ၌ အလုပ်မလုပ်ကြောင်းကို ကွန်မြူနတီမှ လူများ သိရှိသွားမည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်ပေသည်။

ထို့ကြောင့် သူတို့က အနည်းငယ်လောက်သာ လာရောက်ရန် သတ္တိရှိခဲ့ကြသည်။ သို့သော်လည်း မည်သူကမျှ သူတို့၏ အခြေအနေကို သတိမထားမိသကဲ့သို့ ဖြစ်နေခဲ့ပြီးနောက်တွင်တော့ ရက်အနည်းငယ်အတွင်း ထိုနေရာ၌ လူများက ပိုမို များပြားလာခဲ့သည်။

“ရန်ရန်၊ ငါ ရေတွက်ကြည့်ခားတယ်၊ ဒီနေ့ နေ့လယ်စာအချိန်မှ် အလုပ်မှတ်တွေက တစ်ရာနီးပါးလောက်တောင် မှတ်တမ်းတင်ထားပုံရတယ်၊ ပထမနေ့ထက် နှစ်ဆယ်၊ သုံးဆယ်လောက်တောင် ပိုများနေတယ်၊ ဘာလို့ ဒီနေ့ ဒီလောက်တောင် များနေရတာလဲ”

အိမ်သို့ပြန်လာရာ လမ်းတွင် ဝမ်ရှို့ကျူလည်း ဤအကြောင်းကြောင့် စိတ်ရှုပ်ထွေးနေခဲ့သည်။

လင်းရန်လည်း အကြီးဆုံးအဒေါ်၏ ဤစကားကို ကြားသော် သူမ၏ဖခင်ဖြစ်သူမှ ပါ့နန်တပ်မဟာမှ လူများ ဆက်လက် ခေါ်ယူမည်ဟူသော သတင်းကို မကြားရကြောင်းကို ပြန်တွေ့လိုက်ပြန်သည်။ နောက်ဆုံးတွင် အချက်အလက်ကို အတည်ပြုပြီးနောက် ကူကယ်ရာမဲ့သော အမူအရာ ဖြစ်သွားခဲ့ရသည်။

“တခြားလူတွေက ခိုးဝင်ပြီး လာစားပြတာ ဖြစ်မယ်”

သို့မဟုတ်ပါက ယခင်က လူနှစ်ဆယ်ကျော်၏ အစားအစာ စားသုံးမှုအပေါ် အခြေခံတွက်ချက်မည်ဆိုလျှင် လူတစ်ဦးတွင် အလုပ်မှတ်မှတ် သုံးမှတ် စားလျှင်ပင် အလုပ်မှတ်မှတ် တစ်ရာသို့ ရောက်ရှိမည် မဟုတ်ပေ။

ထို့ကြောင့် လူဦးရေက ပို၍ များပြားနေရမည်။ သို့သော်လည်း ပိုနေသော လူများက မည်သူများ ဖြစ်နေသည်ကို သူမ မသိပေ။

နေ့လယ်စာစားချိန်အတွင်း၌ သူတို့က စကားပြောခြင်း၊ ရယ်မောခြင်းများကို ပြုလုပ်နေကြပြီး တစ်ဦးနှင့်တစ်ဦး အလွန် ရင်းနှီးကျွမ်းဝင်ပုံရသောကြောင့် လင်းရန်အနေဖြင့် သူတို့ထဲတွင် လူစိမ်းများ ပါဝင်နေလိမ််မည်ကို တစ်ခါမျှ သံသယ မဝင်ခဲ့ပေ။

ဒါဆို ပိုနေတဲ့ လူတွေအားလုံးက ပါ့နန်တပ်မဟာက ဖြစ်နိုင်လောက်လား။

လင်းရန်တစ်ယောက် မနက်ဖြန်တွင် အခြေအနေကို စစ်ဆေးပြီး မေးမြန်းရန် ဆုံးဖြတ်ခဲ့သည်။

သူမ၌ အပိုအလုပ်လုပ်ရန် အချိန်မရှိသော်လည်း အဓိကအချက်မှာ အကယ်၍ ရေးသားထားသော နာမည်များသာ အတုဖြစ်နေပါက သူမအနေဖြင့် အလကား ပေးနေရခြင်းဖြစ်နေမည် မဟုတ်ပါလား။

ဝမ်ရှို့ကျူလည်း ခေါင်းညိတ်လိုက်ပြီး မနက်ဖြန် လာရောက်စားသောက်သူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို စစ်ဆေးရာတွင် ကူညီပေးမည်ဟု ပြောခဲ့သည်။

သူတို့နှစ်ယောက် သဘောတူပြီးနောက်တွင် ရုတ်တရက် သူတို့၏ ရှေ့၌ အလျင်အမြန် ပြေးလာနေသော ပုံရိပ်ကို မြင်လိုက်ရလေသည်။

လင်းရန်၏ မျက်စိများက အလွန်ကောင်းသဖြင့် ထိုသူမှာ ချန်ကျားယွမ်ဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်လေသည်။

သူမ၏ မျက်နှာက မသိစိတ်ဖြင့် မည်းမှောင်သွားခဲ့ပြီး တစ်ဖက်သို့လှည့်၍ ပြန်သွားရန် လုပ်နေချိန်တွင် ချန်ကျားယွမ်က အရှိန်မြှင့်၍ လင်းရန်ဆီသို့ တည့်တည့် ပြေးလာကာ တစ်ချိန်တည်းမှာပင် အော်ခေါ်လိုက်လေသည်။

“ရဲဘော် လင်းရန်!”

“ဟေး၊ ဒါက ချန်ကျစ်ချင်း မလား”

ဝမ်ရှို့ကျူက အံ့ဩသော ပုံစံဖြင့် ပြောလာသည်။

“သူ မင်းကို လာတွေ့တာများလား ရန်ရန်”

သူမ၏ အကြီးဆုံးအဒေါ် ဝမ်ရှို့ကျူ၏ရှေ့တွင် တစ်ဖက်သို့ လှည့်ပြီး ထွက်ပြေးရန် ကြိုးစားမည်ဆိုပါက အလွန် ထူးဆန်းနေမည်ဟု ခံစားရသဖြင့် လင်းရန်တစ်ယောက် သူမ၏ စိတ်မရှည်မှုများကို ထိန်းချုပ်ကာ ထိုနေရာ၌ ရပ်နေရင်း ချန်ကျစ်ချင်း ပြေးလာသည်ကို ကြည့်နေလိုက်ရသည်။

“ချန်ကျစ်ချင်း.. ကျွန်မကို ရှာနေတာလား”

လင်းရန် စကားလှမ်းပြောချိန်တွင် ချန်ကျားယွမ်ဆီသို့ မလွဲမရှောင်သာ ကြည့်လိုက်ရပြီးနောက် မြင်လိုက်ရသော အခြေအနေကြောင့် ခဏတာမျှ ကြောင်အ,သွားရသည်။

အဘယ်ကြောင့်ဆိုသော် ချန်ကျားယွမ်က ခရီးဆောင်အိတ်များကို သယ်ဆောင်လာသည်ကို မြင်လိုက်သောကြောင့်ဖြစ်လေ၏။

သူ တစ်နေရာရာသို့ သွားတော့မှာများလား။

ချန်ကျားယွမ်လည်း သူမ နောက်ဆုံးတွင် ရပ်တန့်သွားသည်ကို မြင်သောကြောင့် ချက်ချင်းပင် ရပ်တန့်လိုက်ပြီး သူတို့နှစ်ဦးရှေ့တွင် မတ်တပ်ရပ်ကာ အသက်ကိုပြင်းပြင်း ရှူလိုက်ပြီးနောက် အလျင်အမြန် ပြောဆိုခဲ့သည်။

“ရဲဘော် လင်းရန်၊ ဒီမေးခွန်းက မင်းအတွက် နည်းနည်းလောက် ရုတ်တရက် ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ကျွန်တော် ဒီသတင်းကို တကယ် သိချင်နေလို့ပါ၊ ကျေးဇူးပြုပြီး မင်းရဲ့ အစ်မ စုန့်စစ်ယွီက အခု ဘယ်နေရာမှာ ရှိနေလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလား

သူမ စုန့်မိသားစုမှာ ရှိနေသေးလား၊ ကျေးဇူးပြုပြီး သူတို့ရဲ့ လိပ်စာကို ကျွန်တော့်ကို ပေးနိုင်မလား”

လင်းရန် မျက်မှောင်ကြုတ်သွားမိသည်။

ချန်ကျားယွမ်က ဘာတွေ ဖြစ်နေတာလဲ။

ထိုသူမှာ ယခင်တုန်းက သူမထံတွင် စုန့်စစ်ယွီနှင့် ပတ်သက်သော ကိစ္စများကို လှည့်ပတ်ကာ မေးမြန်းခဲ့ဖူးသော်လည်း အခုအချိန်တွင်တော့ ဟန်ဆောင်ခြင်းကို ရပ်နားလိုက်ပြီး သူမ၏ လိပ်စာကို တိုက်ရိုက် တောင်းနေခဲ့သည်။

လင်းရန် မျက်လုံးများကို ကျဉ်းမြောင်းကာ ချန်ကျစ်ချင်းအား စိုက်ကြည့်လိုက်သည်။

“ဘာလို့ ဒီလို မေးနေတာလဲ၊ ကျွန်မကို လှည့်စားဖို့ မကြိုးစားပါနဲ့၊ ချန်ကျစ်ချင်းသာ အဖြေကို သိချင်တယ်ဆိုရင် ရှင့်ဘက်ကလည်း နည်းနည်းလောက် ရိုးသားသင့်တယ်မလား”

All Chapters