အခန်း (၂၀၈)
Vol. 21 Ch. 208
လင်းရန်၏ ဖြတ်ပြောလာခဲ့သည့် တစ်ခွန်းတည်းသော စကားကြောင့် ချန်ကျားယွမ် ယရင်က စဉ်းစားထားခဲ့သော အကြောင်းပြချက်များ အားလုံးက ပါးစပ်ဖျားတွင် ရပ်တန့်သွားခဲ့သည်။
သူ ခဏတာ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင်တော့ စိတ်ကိုအားတင်းပြီး ပြောခဲ့သည်။
“တကယ်တော့ ကျွန်တော်က မင်းရဲ့အစ်မကို သဘောကျပြီး သူမကို တွေ့ချင်နေခဲ့တာ၊ ကျွန်တော် သူမကို လွန်ခဲ့တဲ့ အချိန်တွေကတည်းက သိကျွမ်းခဲ့တာ၊ ဒါပေမဲ့ အကြောင်းပြချက်တချို့ကြောင့် ကျွန်တော် သူမနဲ့ အတူ မရှိနိုင်ခဲ့ဘူး
အခု ကျွန်တော် နောက်ဆုံးတော့ နားလည်သွားပြီ .. ကျွန်တော် .. ကျွန်တော့်ရဲ့ ခံစားချက်တွေကို သူမကိုပြောပြချင်တယ်..
ဒါကြောင့် ရဲဘော် လင်းရန်၊ ကျွန်တော့်ရဲ့ ရိုးသားတဲ့စိတ်ရင်းအတွက် သူမရဲ့ လိပ်စာကို ကျေးဇူးပြုပြီး ပြောပြလို့ရမလား”
လင်းရန်၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားခဲ့ရသည်။ သူမ၏ရှေ့မှ မှော်ဆန်သော ဇာတ်လမ်းအသွားအလာကြောင့် သူမ အမှမ်တကယ် ကြောင်အမ်းသွားသည်ကိုတော့ ဝန်ခံချင်စိတ် မရှိခဲ့ပေ။
မဟုတ်သေးဘူး.. ဒီချန်ကျားယွမ်က ဘာတွေ ဖြစ်နေတာလဲ။ သူနဲ့ စုန့်စစ်ယွီတို့က တစ်ခါမှ မတွေ့ဆုံဖူးသေးဘူး မလား။ အခု သူက ဘာလို့ရုတ်တရက်ကြီး စုန့်စစ်ယွီကို ချစ်မိသွားရတာလဲ။
ချန်ကျားယွမ်က စုန့်စစ်ယွီ သို့မဟုတ် စုန့်ဝေ့ကိုပင် မှတ်မိခြင်း မရှိကြောင်းကို သူမ သေသေချာချာသိနေခဲ့သည်။ သို့မဟုတ်ပါက စုန့်ဝေ့မှ လင်းမိသားစုအိမ်သို့ ရောက်လာကာ သူမကို လာရှာသောအချိန်တွင် ချန်ကျားယွမ်က ထိုမျှလောက် စိတ်မဝင်စားဘဲ ရှိနေမည် မဟုတ်ပေ။
ထို့ကြောင့် သူ့အနေဖြင့် စုန့်စစ်ယွီနှင့် ပွင့်ပွင့်လင်းလင်းဖြစ်စေ၊ လျှို့ဝှက်စွာဖြစ်စေ ပရောပရည်မလုပ်နိုင်သကဲ့သို့ သူမကိုလည်း အမြဲတမ်း စိတ်ဝင်စားနေလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သူ၏ ယခုကဲ့သို့ တုံ့ပြန်မှုသည်က အလွန် ထူးဆန်းနေခဲ့သည်။
ထိုသူက ရုတ်တရက် စုန့်စစ်ယွီအပေါ်တွင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ ရှိနေသကဲ့သို့ ပြုမူနေခဲ့သည်။
စုန့်စစ်ယွီနှင့် ချန်ကျစ်ချင်းတို့ရဲ့ ဆက်ဆံရေးက နောက်ဆုံးမှာ မှန်ကန်တဲ့ လမ်းကြောင်းဆီကို ပြန်ရောက်လာတာများ ဖြစ်နိုင်လောက်လား!
ဤအချက်ကို သိလိုက်ရချိန်တွင် လင်းရန်တစ်ယောက် အတော်လေး ပျော်ရွှင်သွားရကြောင်းကို ဝန်ခံရပေမည်။
အဘယ်ကြောင့်ဆိုသော် ဤနှစ်ဦးသည်က လူကောင်းများ မဟုတ်ကြပေ။
သူတို့နှစ်ယောက်ကို ကွဲကွာသွားစေပြီး တစ်ဦးချင်းစီက တခြားသူများကို ထိခိုက်စေမည့်အစား ဆက်လက်၍ အတူတကွ စုပေါင်းပြီး အချင်းချင်း ပြန်လည်တိုက်ခိုက်ကာ ထိခိုက်စေခြင်းက ပို၍ ကောင်းမွန်ပေသည်။
ထို့ကြောင့် လင်းရန် ချက်ချင်း ငြင်းဆိုခြင်း မပြုခဲ့ဘဲ ခဏလောက် စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် လေးနက်သော အသံဖြင့် ပြောခဲ့လေသည်။
“ကောင်းပြီလေ၊ ရှင့်ရဲ့ ရိုးသားတဲ့စကားတွေကြောင့် ကျွန်မ ပြောပြမယ်...”
ထို့နောက်တွင်တော့ လင်းရန်လည်း ချန်ကျားယွမ်ထံသို့ စုန့်မိသားစု၏ လိပ်စာကို ပြောပြခဲ့ပြီး ချန်ကျားယွမ်ထံမှ ကျေးဇူးတင်သော အမူအရာကိုလက်ခံခဲ့သည်။
“ရဲဘော် လင်းရန်၊ အနာဂတ်မှာ ကျွန်တော် မင်းရဲ့အစ်မနဲ့ လက်ထပ်ဖြစ်ခဲ့ရင် မင်းရဲ့ ကျေးဇူးကို ကျွန်တော် သေသေချာချာ အမှတ်ရနေမှာပါ၊ တကယ်ကိုကျေးဇူးတင်ပါတယ်!”
လင်းရန်:”ဟားဟား.. မြန်မြန် သွားပါတော့”
သူသာနှောင့်နှေးနေမည်ဆိုပါက မကြာခင်အချိန်တွင် စုန့်စစ်ယွီက ရှီကျစ်ဝမ်ကို လက်ထပ်သွားနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် ချန်ကျားယွမ်လည်း လိပ်စာကို ယူဆောင်ကာ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
ဘေးနားတွင်ရှိနေသော ဝမ်ရှို့ကျူက စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလာခဲ့သည်။
“ဒါက ဘယ်လို ကိစ္စမျိုးလဲ? ဒီချန်ကျစ်ချင်းက စုန့်မိသားစုက ကောင်မလေးကို အရင်တုန်းကမြင်ဖူးလို့လား”
လင်းရန် ပခုံးတွန့်ပြလိုက်သည်
“ဘယ်သူ သိမှာလဲ၊ သူ မြင်ဖူးတယ်လို့ ပြောမှတော့ မြင်ဖူးလို့ပဲနေမှာပေါ့”
“ဒါပေမဲ့ ငါ ထင်တာကတော့ စုန့်ဝေ့ဆိုတဲ့လူက သဘောတူမှာ မဟုတ်လောက်ဘူး၊ ဒီတစ်ခေါက် ချန်ကျားယွမ်က အချည်းနှီးသက်သက် သွားလာခဲ့ရတာမျိုး ဖြစ်နေမှာကို ကြောက်မိတယ်”
ဝမ်ရှို့ကျူအနေဖြင့် ချန်ကျားယွမ်အတွက် အကူအညီမဲ့စွာ ချွေးပြန်နေခဲ့မိသည်။
ဆိုရလျှင် လင်းမိသားစုမှာ စုန့်ဝေ့ဆိုသည့်လူက မည်သို့သောလူမျိုး ဖြစ်သည်ကို ယခင်ကတည်းက ရှင်းရှင်းလင်းလင်း မြင်တွေ့ထားခဲ့ကြပြီပင်။
သို့သော်လည်း လင်းရန်ကတော့ ချန်ကျားယွမ်အတွက် စိတ်ပူပန်ခြင်း မရှိသည့်အပြင် ထိုလူအုပ်စုက ပိုမို ပြင်းပြင်းထန်ထန် ဖြစ်ကြစေရန်သာ ဆန္ဒရှိနေခဲ့သည်။
ဖြစ်နိုင်ပါက အခြားသူများကို ဒုက္ခပေးရန် အချိန်မရှိသည်အထိ ဖြစ်စေချင်ခဲ့သည်။
တပ်မဟာတစ်ခုလုံးတွင် သူမ အမြင်မကြည်လင်ဆုံးသူဖြစ်သော ချန်ကျားယွမ်က နေရာမှ ယာယီ ထွက်ခွာသွားပြီဟု တွေးလိုက်မိသောကြောင့် လင်းရန်တစ်ယောက် အိမ်ပြန်ရာလမ်းသည်က ရုတ်တရက် ပိုမို ပျော်ရွှင်စရာ ဖြစ်လာသည်ဟု ခံစားခဲ့ရသည်။
ထို့အပြင် စုန့်ရှီးယန်ကို သတိရမိချိန်တွင် သူမ၏ နှုတ်ခမ်းထောင့်များက မသိစိတ်မှ မြင့်တက်လာခဲ့လေသည်။
ယနေ့တွင် စုန့်ရှီးယန်မှ သူမ၏ ဖခင်ကို ကျေနပ်စေရန် မည်သို့ လုပ်ဆောင်မည်ကို သူမ သိချင်မိသည်။
စုန့်ရှီးယန်အနေဖြင့် နေ့စဥ်နေ့တိုင်း သူမ၏ဖခင်နှင့် စကားပြောရန် အခက်အခဲများကို ရင်ဆိုင်နေခဲ့ရပြီး သူမ၏ ဖခင်ထံမှ ရရှိသော လျစ်လျူရှုမှုများအောက်တွင် ရှုံးနိမ့်နေရသည်ကို ကြည့်ရှုရခြင်းက ဤရက်ပိုင်းတွင် လင်းရန်၏ အနှစ်သက်ဆုံး မြင်ကွင်းဖြစ်လာခဲ့သည်။
လင်းရန် မမျှော်လင့်ထားသည်မှာ ယနေ့တွင် ထိုဇာတ်ကွက်က ဖြစ်လာခဲ့ခြင်းမရှိဘဲ သူတို့၏အိမ်တွင် ထူးဆန်းသော ဧည့်သည်တစ်ဦး ရှိနေခဲ့ခြင်းကိုပင်။
လင်းမိသားစုအိမ်..
လင်းကွမ်ချင်းတစ်ယောက် သူ၏ ဦးခေါင်းကို ကုတ်ခြစ်ရင်း ခြံဝန်းထဲ၌ ရပ်နေသော ချန်ဖေးဖေးကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေခဲ့သည်။
“သူနာပြု ချန်၊ ဘာလို့ အခန်းထဲကို ဝင်မထိုင်တာလဲ.. ဒီနေ့ နေက တော်တော်လေး ပူနေတာ၊ ခြံထဲမှာ နေဆာလှုံနေရတာက အရမ်း ပူတယ်လို့ မထင်ဘူးလား”
လင်းကွမ်ချင်းတစ်ယောက် သူ၏ ခေါင်းပေါ်မှ နေလုံးကြီးကို မော့ကြည့်ရင်း ရှုပ်ထွေးနေပုံရသည်။
မြို့ပေါ်က မိန်းကလေးတွေက အလှအပကို နှစ်သက်ပြီး အသားမည်းမှာကို ကြောက်ရွံ့တတ်ကြတာ မဟုတ်ဘူးလား။ ဘာလို့ ဒီချန်ဖေးဖေးက နေရောင်ကို ဂရုမစိုက်တဲ့ပုံ ပေါ်နေရတာလဲ။
သို့သော် တကယ်တမ်းတွင်တော့ ချန်ဖေးဖေးက ဂရုမစိုက်ခြင်း မဟုတ်ပေ။ သူမသည်က နေပူပြင်းခြင်း ပို၍ ဂရုစိုက်သည့် သူမ တွေ့ချင်သောသူ တစ်ဦး ရှိနေသောကြောင့်သာ ဖြစ်သည်။
သူမက ခြံဝန်းထဲ၌ ရပ်နေရင်း ခြံတံခါးအပြင်ဘက်သို့ အဆက်မပြတ် ကြည့်နေခဲ့ပြီး ပုံရိပ်တစ်ခုကို မြင်တွေ့ရဖို့ စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် လင်းကွမ်ချင်း၏ စကားများကိုလည်း အချိန်ယူ၍ ပြန်ဖြေနေခဲ့ရသည်။
“အဆင်ပြေပါတယ် ရဲဘော်လင်း၊ ကျွန်မ ခြံထဲမှာ ခဏလောက်ရပ်နေလိုက်ပါ့မယ်”
သူမကို မစည်းရုံးနိုင်တော့သည်ကို မြင်လိုက်ရလျှင် လင်းကွမ်ချင်းလည်း မသံတိုးတိုးသာပြု၍ သဘောတူနိုင်ခဲ့သည်။
ထို့နောက် ချန်ဖေးဖေး ဆက်လက်ပြောဆိုလာသည်ကို ကြားလိုက်ရသည်။
“ဒါနဲ့ အစ်ကိုစုန့်က ဘယ်လောက်ကြာမှ ပြန်လာလောက်မလဲ”
လင်းကွမ်းချင်းလည်း အချိန်ကို ကြည့်ကာ ပြန်ဖြေခဲ့သည်။
“သူ မကြာခင်လောက်ကို ရောက်တော့မှာပါ၊ ပုံမှန်ဆို ဒီအချိန်က နေ့လည်စာစားဖို့ အချိန်ကိုနီးပါး ဖြစ်နေပြီလေ”
သူ ထိုစကားများကို ပြောပြီး မကြာမီပင် အပြင်ဘက်မှ စုန့်ရှီးယန်နှင့် သူ၏ဖခင် လင်းကျန်းဖင်းတို့၏ အသံများကို ကြားလိုက်ရသည်။
လင်းကွမ်ချင်း၏ မျက်လုံးများက ရုတ်တရက် လင်းလက်သွားလေသည်။
သူက သူတို့ ပြန်ရောက်လာပြီဟု ပြောရန်ပြင်လိုက်သော်လည်း သူ စကားမပြောမီပင် သူ၏ဘေးနားရှိ ချန်ဖေးဖေး၏ မျက်လုံးများက လင်းလက်သွားပြီး တံခါးဆီသို့ တိုက်ရိုက် ပြေးသွားကာ စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်တော့သည်။
“အစ်ကိုစုန့်!”
ဤမရင်းနှီးသော အသံကို ကြားလိုက်ရလျှင် စုန့်ရှီးယန်သည်ကား မျက်ခွံကိုပင် မလှုပ်ခဲ့ပါချေ။
အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် တစ်ဖက်လူက သူ့အား ခေါ်နေခြင်းဖြစ်သည်ကိုပင် သတိမပြုခဲ့သောကြောင့်ဖြစ်ပေသည်။
ဆန့်ကျင်ဘက်အားဖြင့် သူ၏ ဘေးနားရှိ လင်းကျန်းဖင်းက အရှေ့မှ ချန်ဖေးဖေးကိုအံ့ဩသော အမူအရာဖြင့် ကြည့်လိုက်လေသည်။ သူမက စုန့်ရှီးယန်ဆီသို့ မျက်လုံးများ တောက်ပစွာဖြင့် ကြည့်နေခဲ့သော်လည်း စုန့်ရှီးယန်ကမူ လုံးဝ တုံ့ပြန်ခြင်း မရှိသည်ကို မြင်တွေ့နေခဲ့ရသည်။
ထိုမိန်းကလေးက “အစ်ကို စုန့်” ဟု ခေါ်သည်က စုန့်ရှီးယန်ကို ခေါ်နေခြင်း မဟုတ်သည်လား။
ဤသည်က လင်းကျန်းဖင်းကို စိတ်ရှုပ်ထွေးစေခဲ့သည်။
“ရှောင်စုန့်၊ အဲဒီကောင်မလေးက မင်းကို ခေါ်နေတာလား”
စုန့်ရှီးယန်လည်း မျက်မှောင်ကြုတ်လိုက်မိပြီး နောက်ဆုံးတွင် သူ၏ ရှေ့မှ ချန်ဖေးဖေးဆီသို့ လှမ်းကြည့်လိုက်လေသည်။
သူ တခဏမျှ ကြည့်လိုက်ပြီးနောက် ဤမိန်းကလေးကို လုံးဝ မမှတ်မိခဲ့ပါချေ။
ထို့ကြောင့် သူ သူမကို မသိကြောင်း ပြောရန် ပြင်လိုက်စဉ် ရုတ်တရက် သူ၏ နောက်ဘက်မှ အေးစက်သော စကားသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုရင်းနှီးသော အသံ ထွက်လာသည်နှင့် စုန့်ရှီးယန်၏ ကျောပြင်က ရုတ်တရက် တောင့်တင်းသွားပြီး မသိစိတ်မှပင် အကောင်းဆုံး ကိုယ်ဟန်အနေအထားဖြင့် မတ်မတ် ရပ်လိုက်မိလေသည်။
သူ အနောက်ဘက်သို့လှည့်၍ “ဒုတိယဦးလေး လင်း” ဟု ခေါ်ရန် ပြင်လိုက်စဉ် လင်းကျန်းအန်းက အရင်ဆုံး ပြောလာခဲ့သည်။
လင်းကျန်းအန်းမှာ ညာဘက်၌ ရပ်နေပြီး ချန်ဖေးဖေးကို တစ်ချက်ကြည့်လိုက်လေသည်။
ထို့နောက် စုန့်ရှီးယန်ကို ကြည့်လိုက်ပြီး အတော်လေး သာမန်ဆန့်ည့်လေသံဖြင့် စနောက်စကားတစ်ခွန်း ပြောလာခဲ့သည်။
“ရှောင်စုန့်၊ မင်းဆေိမှာ အခုလို ကောင်းမွန်တဲ့ ညီမတွေ ရှိသေးတဲ့အကြောင်းငါတို့ကို မပြောခဲ့ဖူးပါလား”
စုန့်ရှီးယန်သည်ကား တစ်ဖက်လူ၏စကားကို ကြားလိုက်ရသည်နှင့် သူ၏ ဦးနှောက်ာ ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့လေသည်။
သူ၏ ပါးစပ်က သူ၏ ဦးနှောက်ထက် ပိုမိုလျှင်မြန်စွာ တုံ့ပြန်ခဲ့ပြီး မစဉ်းစားဘဲ ရုတ်တရက် အော်ပြောလိုက်မိသည်။
“ကျွန်တော် မဟုတ်ပါဘူး၊ ကျွန်တော် မလုပ်ပါဘူး၊ ဒုတိယဦးလေး.. ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ရှင်းပြချက်ကို နားထောင်ပေးပါ!”
လင်းကျန်းအန်းကတော့ ဟုတ်သည် မဟုတ်သည်ကို မပြောခဲ့ဘဲ သူ့ကို တိတ်တဆိတ်သာ ကြည့်နေခဲ့သည်။
သို့သော်လည်း သူ့ကို ဒေါသတကြီး မေးမြန်းခြင်း၊ သို့မဟုတ် အကြိမ်အနည်းငယ် ဆူပူကြိမ်းမောင်းခြင်းတို့ထက်စာလျှင် သူ၏ ယခုကဲ့သို့ ငြိမ်သက်သော အမူအရာသည်က စုန့်ရှီးယန်ကို ပို၍ပင် စိုးရိမ်ထိတ်လန့်စေခဲ့သည်။
သူ ထပ်မံ ရှင်းပြလိုက်မိသည်။
“ဒုတိယဦးလေး၊ ကျွန်တော် သူမကို လုံးဝ မသိပါဘူး၊ ပြီးတော့ သူမက ဘာလို့ ကျွန်တော့်ကို အစ်ကိုလို့ ခေါ်တာလဲဆိုတာကိုလည်း မသိပါဘူး
ကျွန်တော်က တစ်ဦးတည်းသော သားပါ၊ ကျွန်တော့်ရဲ့ မိဘတွေက ဆက်ဆံရေး နည်းနည်းလောက် မကောင်းပေမဲ့ ကွာရှင်းဖို့အတွက်တော့ အစီအစဉ် မရှိသလို တခြား ကလေးတွေလည်း မရှိပါဘူး၊
ဒါကြောင့် ကျွန်တော့်မှာ သူမလိုမျိုး ညီမ လုံးဝ မရှိဘူး!”
လင်းကျန်းအန်းကတော့ သူ၏ မျက်ခွံများကို အသာပင့်မ,ကာ သူ့ကို သာမန်ကာလျှံကာသာ ကြည့်လာလေသည်။
“အိုး ဟုတ်လား”
လင်းကျန်းအန်းမှ မယုံကြည်သည်ကို မြင်လိုက်ရလျှင် စုန့်ရှီးယန်မှာ အလွန်အမင်း စိုးရိမ်သွားခဲ့ရသည်။
သူ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရိုးရိုးရှင်းရှင်းပင် ခေါင်းလှည့်ကာ ချန်ဖေးဖေးကို ကြည့်လိုက်ပြီး သူ၏ စိတ်မရှည်မှုကို ထိန်းချုပ်၍ သူမဆီသို့ မေးလိုက်သည်။
“ရဲဘော်၊ ငါ အရင်က မင်းနှင့် တွေ့ဖူးလား”