← Chapters

အခန်း (၂၀၉)

Vol. 21 Ch. 209

အခန်း (၂၀၉)

Vol. 21 Ch. 209

စုန့်ရှီးယန်၏ မေးခွန်းကို ကြားလိုက်ရလျှင် ချန်ဖေးဖေး၏ ပါးစပ်ပေါ်ရှိ အပြုံးက ရုတ်တရက် တောင့်တင်းသွားခဲ့သည်။

“အစ်ကိုစုန့်...”

“ရပ်လိုက်! မင်း ငါ့မေးခွန်းကို အရင် ဖြေလို့ မရဘူးလား”

စုန့်ရှီးယန်အနေဖြင့် ချန်ဖေးဖေးမှ “အစ်ကို စုန့်” ဟု ခေါ်ဆိုလာခြင်းကို အချိန်မီ တားဆီးခဲ့သည်။

သူမကိုသာ ထိုသို့ ထပ်မံခေါ်ခွင့်ပေးထားပါက ကိစ္စများက ပိုဆိုးသွားမည် မဟုတ်ပါလား။

စုန့်ရှီးယန်မှသူမကို လုံးဝ မမှတ်မိသည်ကို မြင်လိုက်ရသောအခါ ချန်ဖေးဖေး၏ နှနယ်သည့် နှလုံးသားက ရှစ်လွှာခန့် ကွဲကြေသွားခဲ့ရသည်။

သို့သော် သူ ဆေးရုံ၌ ရှိစဉ်က သူ မကိုယ် ကျေးဇူးတင်စကား ပြောခဲ့သေးသည် မဟုတ်ပါလား။

သူ မေ့သွားခဲ့တာလား။

ချန်ဖေးဖေး၏ မျက်လုံးများ ရုတ်တရက် နီရဲလာပြီး သူ့ကို သနားစဖွယ် ကြည့်နေသည်ကို မြင်လိုက်ရလျှင် စုန့်ရှီးယန်က သူမအပေါ် သနားကရုဏာ ဖြစ်ခြင်း မရှိသည့်အပြင် ပို၍ပင် စိတ်ပျက်သွားခဲ့သည်။

“မဟုတ်သေးဘူး၊ ဒီကရဲဘော်.. မင်း ဘယ်သူလဲ”

ချန်ဖေးဖေး- “......”

မြှားက နာကျင်နေသည့်ဒဏ်ရာကို ထပ်မံ ထိမှန်သွားခဲ့သည်။

ထို့နောက်တွင် သူမ၏ နှုတ်ခမ်းများ တုန်ယင်လာခဲ့သည်။ အဆုံးတွင်တော့ မခံစားနိုင်တော့ဘဲ ကျယ်လောင်စွာ ငိုကြွေးလိုက်တော့သည်။

အရွယ်ရောက်ပြီးသော အမျိုးသားများစွာမှာ သူမ၏ ရုတ်တရက် ငိုကြွေးမှုကြောင့် မည်သည့်အရာကို လုပ်ကိုင်ရမည်မှန်းမသိ ဖြစ်နေခဲ့ကြရသည်။

နောက်ဆုံးတွင် လင်းကွမ်းချင်းက ထရပ်ပြီး အားနည်းစွာ ပြောလာခဲ့သည်။

“အမ်.. အစ်ကိုစုန့်၊ ခင်ဗျား သူမကို အရင်တုန်းက တွေ့ခဲ့ဖူးတာ ဖြစ်နိုင်တယ်...”

စုန့်ရှီးယန် : “?”

စုန့်ရှီးယန်၏ ခိုင်မာသော သဘောထားကြောင့် စိုးရိမ်မှုများ လျော့ကျသွားခဲ့သော လင်းကျန်းအန်း: “?!”

သူတို့နှစ်ယောက်က တစ်ဖက်သို့ လှည့်၍ လင်းကွမ်းချင်းကို တင်းမာပြတ်သားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ထိုလူနှစ်ဦးမှ ထိုသို့ ကြည့်လာသောအခိုက်တွင်တော့ လင်းကွမ်းချင်းတစ်ယောက် အဘယ်ကြောင့်မှန်း မသိ ထိတ်လန့်သွားခဲ့ရသော်လည်း အသံတိုးတိုးဖြင့် ရှင်းပြရုံသာ တတ်နိုင်ခဲ့သည်။

“အစ်ကို စုန့် ..ရဲဘော်ချန်က ကျွန်တော်တို့ ဆေးရုံတက်တုန်းက စစ်ဆေးရုံမှာ စောင့်ရှောက်ပေးခဲ့တဲ့ သူနာပြုလေ ...”

“ဆေးရုံက သူနာပြုလား”

စုန့်ရှီးယန် မျက်မှောင်ကြုတ်လိုက်ပြီး နက်နက်နဲနဲ စဉ်းစားနေပုံရသည်။

ချန်ဖေးဖေးကတော့ လင်းကွမ်းချင်းမှ သူမ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို နောက်ဆုံးတွင် ထုတ်ဖော်ခဲ့ပြီး ဤအချက်အထိ သတိပေးခဲ့သည်ကို မြင်လျှင် သူမ၏ ငိုသံသည် ပိုမိုတိုးလာပြီး စုန့်ရှီးယန်ဆီသို့ မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။

အခုဆိုရင် သူမဘယ်သူလဲဆိုတာကို သူ သေချာပေါက် မှတ်မိနိုင်ပြီ!

ရလဒ်အနေဖြင့် နောက်တစ်စက္ကန့်တွင် စုန့်ရှီးယန်က လင်းကွမ်ချင်းအား စိတ်ရှုပ်ထွေးစွာ မေးလိုက်လေသည်။

“အဲဒီတုန်းက သူနာပြုတွေ အများကြီးရှိတာလေ၊ မင်း ဘယ်လိုလုပ်ပြီး သူတို့ရဲ့ မျက်နှာတွေကို မှတ်မိနေသေးတာလဲ”

ချန်ဖေးဖေး- “......”

သူမ ပို၍ ကျယ်လောင်စွာ ငိုကြွေးခဲ့လာသည်။

စုန့်ရှီးယန်၏ မေးခွန်းကြောင့် လင်းကွမ်းချင်းလည်း စိတ်ရှုပ်ထွေးသွားခဲ့ရသည်။

သူက စုန့်ရှီးယန်ကို ကြည့်လိုက်သည်။ ထို့နောက် ချန်ဖေးဖေးကို ကြည့်လိုက်ပြန်၏။

ထိုအချိန်က သူနာပြုများ အများအပြား ရှိခဲ့ပြီး သူတို့အားလုံးကလည်း တစ်ပုံစံတည်း ဝတ်ဆင်ထားခဲ့ကြသည်။ သို့သော်လည်း အလှဆုံးလူကတော့ လူများကို ပိုမို မှတ်မိစေမည်မှာ သေချာပေသည်။

ရိုးရှင်းစွာ ပြောရလျှင် သူနာပြု ရဲဘော်များ အားလုံးထဲတွင် ချန်ဖေးဖေးသည်က အလှဆုံးဆိုသည့် အသွင်အပြင်ကို ပိုင်ဆိုင်ထားသူ ဖြစ်လောက်သည်။

လင်းကွမ်းချင်းအနေဖြင့် သူမအပေါ် တခြားအတွေးများ မရှိစေကာမူ သူမကို ပိုမို အာရုံစိုက်ခြင်း မပြုဘဲ မနေနိုင်ခဲ့ပေ။

သို့သော် ဤစကားကို ထုတ်ပြောရန်အတွက် သူ ရှက်ရွံ့ခဲ့သည်။

အထူးသဖြင့် စုန့်ရှီးယန်၏ ချန်ဖေးဖေးအပေါ် လုံးဝ မမှတ်မိသော အပြုအမူနှင့် နှိုင်းယှဉ်သောအခါ သူသည်က ဆန်ကျင်ဘက်မိန်းကလေးများကို နှာပူးထသည့်လူတစ်ဦးကဲ့သို့ ဖြစ်နေသည်။

အဆုံးတွင်တော့ လင်းကွမ်းချင်းတစ်ယောက် ခြောက်သွေ့စွာသာ ပြောနိုင်ခဲ့သည်။

“ဖြစ်နိုင်တာက ကျွန်တော့်ရဲ့မှတ်ဉာဏ်က ပိုကောင်းလို့နေမယ်”

စုန့်ရှီးယန်၏ နှုတ်ခမ်းများက လှုပ်ရှားသွားခဲ့သည်။

တစ်ဖက်လူ၏ ဆိုလိုရင်းက သူကိုယ်တိုင်၏ မှတ်ဉာဏ်ကို မကောင်းဟု သက်ရောက်စေသည်မဟုတ်ပါလား။

ထိုအချိန်က သူ့အနေဖြင့် ဆေးရုံ၌ပေါ်တွင် အားလပ်ရက်ယူရန် အတင်းအကျပ်ဖိအားပေးခံရသောကြောင့် တခြားအရာများကို အာရုံစိုက်ရန် အချိန်မရှိလောက်အောင် စိတ်တိုနေခဲ့ရသည်။

ထို့ကြောင့် ထိုအချိန်က သူ့ကို ပြုစုခဲ့သော သူနာပြုကို မဆိုထားနှင့်။ သူ့၏ ရောဂါကို စစ်ဆေးရှာဖွေခဲ့သော ဆရာဝန်မှ သူ့ရှေ့တွင် ရပ်နေလျှင်ပင် စုန့်ရှီးယန် သူ့အား ချက်ချင်း မှတ်မိမည်ဟု အာမခံနိုင်မည် မဟုတ်ပေ။

သို့သော် ယခုအချိန်က အတွင်းပဋိပက္ခ ဖြစ်ရမည့် အချိန်မဟုတ်သောကြောင့် သူ နောက်ဆုံးတွင် ထိန်းထားခဲ့သည်။

“ကောင်းပြီ၊ ငါ ဒါတွေကို မမှတ်မိဘူး”

ထိုသို့ ပြောပြီးနောက် သူက တစ်ဖက်သို့လှည့်၍ ဝမ်နည်းစွာငိုနေသော ချန်ဖေးဖေးအား တစ်ချက်ကြည့်လိုက်ပြီး ပြောခဲ့သည်။

“သူနာပြုရဲဘော် ၊ ဆေးရုံမှာ ကျွန်တော့်ကို ကူညီပေးခဲ့တဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ခင်ဗျား ဒီလိုမျိုး ခေါ်ဆိုလောက်အောင် ရင်းနှီးမှု မရှိဘူးလို့ ကျွန်တော် ထင်တယ်”

သူမက ယောက်ျားနှင့် မိန်းမတို့ကြားတွင် အလွန်ရင်းနှီးသကဲ့သို့ ပြုမူနေထိုင်သင့်ခြင်းမရှိရဟူသော နိယာမကို နားမလည်စရာ အကြောင်းမရှိပေ။

ထို့အပြင် သူမသည်က ဝမ်းနည်းပူဆွေးနေဟန်ဖြင့် ငိုနိုင်သေးသည်။

သို့သော် စုန့်ရှီးယန်တွင်တော့ သူကိုယ်တိုင်ကြောင့်မဟုတ်သော ဤပြသနာကြောင့် ဝမ်နည်းပူဆွေးချိန်တွင် ဖွင့်ထုတ်ငြင်းခုံရန် မည်သည့်နေရာသို့ သွားရမည်ကိုပင် မသိပေ။

ချန်ဖေးဖေးက တစ်ဖက်လူမှ သူမအတွက် မျက်နှာတစ်စက်ကလေးမျှ မချန်ဘဲ ဆက်ဆံရေးကို အလျင်အမြန် စွန့်လွှတ်လိုက်သည်ကို မြင်လျှင် အလွန် ရှက်ရွံ့ပြီး ဒေါသထွက်ခဲ့ရသည်။

သူမက ချွမ်ဖန်းတပ်မဟာသို့ တစ်လမ်းလုံး ပြေးလာခဲ့သည်။

လမ်းတွင် စုန့်ရှီးယန် တစ်စုံတစ်ရာ ဖြစ်ခဲ့ခြင်း ရှိမရှိကို သူမ စိုးရိမ်ခဲ့သည်။

သို့သော် သူမအား စောင့်ကြိုနေသည်မှာ သူ့ထံမှ ထိုကဲ့သို့သော အေးစက်ပြီး နှလုံးသားမဲ့သော တုံ့ပြန်မှု ဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

သူမသာ စုန့်ရှီးယန်ကို အချိန်ကြာမြင့်စွာ လေးစားသဘောကျခဲ့ခြင်း မရှိပါက သူမ ဤနေရာမှ ထွက်သွားခဲ့ပြီး ဖြစ်လိမ့်မည်။

သူမသည် စုန့်ရှီးယန်ကို ကြည့်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် တောင်းပန်ခဲ့သည်။

“တောင်းပန်ပါတယ်၊ ရဲဘော်စုန့် ကျွန်မက တခြားသူတွေကို ဒီလို ခေါ်နေကျမို့ပါ.. နောက်တစ်ခါ မလုပ်တော့ပါဘူး...”

နောက်တစ်ခါ မဖြစ်ပါစေနဲ့!

အကယ်၍ ဤသို့သာ ထပ်မံလုပ်ခဲ့မိပါက စုန့်ရှီးယန်မှ သူမကို အရေးယူဆောင်ရွက်လိမ့်မည်ဟုပင် သူမ ခံစားလိုက်ရသည်။

သူက အေးစက်စွာ အသံပြုခဲ့ပြီး ပြောခဲ့လေသည်။

“နောင်ဆို သတိထားပါ”

ထို့နောက်သူက လင်းကွမ်းချင်းအား တစ်ချက်ကြည့်လိုက်သည်။

“ ဒီသူနာပြုရဲဘော်ကို မင်း ပြန်ခေါ်လာတာလား”

သူက ဒီကောင်စုတ်လေးကို မြို့သို့ စာပို့ခိုင်းခဲ့သော်လည်း မမျှော်လင့်ဘဲ ဤကဲ့သို့ကြီးမားသော ပြသနာအိုးကို ပြန်သယ်လာခဲ့သည်။

လင်းကွမ်းချင်းတစ်ယောက် သူ၏ ခေါင်းကို ကုတ်ခြစ်ပြီး ရိုးသားစွာ ဝန်ခံခဲ့သည်။

“ကျွန်တော် မြို့ကို သွားတုန်းက ရဲဘော်ချန်နဲ့ ဆုံခဲ့တာ.. သူမက ကျွန်တော်တို့ကို နှစ်သိမ့်စကား ပြောဖို့နဲ့ အစ်ကို စုန့်ရဲ့ ခြေထောက် ဒဏ်ရာ ဘယ်လိုနေသေးလဲဆိုတာ လာကြည့်တာလို့ ပြောလို့ ကျွန်တော် ပြန်ခေါ်လာခဲ့တာ...”

လင်းကွမ်းချင်းသည်လည်း ချန်ဖေးဖေးအား ဆေးရုံမှ စုန့်ရှီးယန်၏ အခြေအနေကို စစ်ဆေးရန် စေလွှတ်လိုက်သည်ဟု ထင်ခဲ့သည်။

ထို့ကြောင့် ဤကိစ္စမျိုးတွင် ချန်ဖေးဖေးကို အဘယ်ကြောင့် လျစ်လျူရှုနိုင်ခဲ့မည်နည်း။

သို့နှင့် သူမကို အိမ်သို့ လျင်မြန်စွာ ပြန်ခေါ်လာခဲ့ခြင်းဖြစ်ပေသည်။

သို့သော်လည်း မတိုင်လင်က မြင်ကွင်းကို မြင်ပြီးနောက်တွင် ရဲဘော် ချန်ဖေးဖေး၌ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများပါဝင်နေသည်ကို သူ သဘောပေါက်သွားခဲ့ရသည်။

ဆိုရလျှင် သူသည်က ကောင်းသော ရည်ရွယ်ချက်ရှိသော်လည်း မကောင်းသော အရာများကို လုပ်ခဲ့မိခြင်းသာ မဟုတ်ပါလော။

လင်းကွမ်းချင်း တွေးလေလေ အပြစ်ရှိသည်ဟု ခံစားရလေလေ ဖြစ်ခဲ့သည်။ ထို့ကြောင့် သူ၏ ဖခင်ကို မသိစိတ်အရ အကူအညီ တောင်းခံခဲ့မိလေသည်။

မဖြေရှင်းနိုင်တော့တဲ့ ဘယ်လို မေးခွန်းမျိုးရှိလာပါစေ အဖေ့ဆီကိုသွားရမယ်!

“အဖေ........”

ဘေးနား၌ တိတ်တဆိတ်ဖြင့် မမြင်ရအောင် ကွယ်ရပ်နေသော လင်းကျန်းဖင်း- “!!!”

ဒီကောင်စုတ်လေး!

ပုံမှန်ဆို ငါ့ကို မမြင်ရသလိုမျိုး အချိန်တိုင်း လုပ်နေတာ။

ဒီလိုပြသနာတက်တဲ့အချိန်ကျတော့ သူက သူ့အဖေဆိုတာကို သိသေးတယ်ပေါ့!

လင်းကျန်းဖင်းသည် လင်းကွမ်းချင်းဆီသို့ စူးစိုက်ကြည့်လိုက်သည်။

သို့သော်လည်း လက်ရှိတွင်တော့ နေရာတွင် အသက်အကြီးဆုံးသူအနေဖြင့် သူလည်း ကြားဝင်ကာ စကားပြောသင့်သည်ဟု ထင်ရသည်။

“အမ်၊ ဒီက သူနာပြုရဲဘော်လေး ၊ ဒီလို ပူပြင်းတဲ့နေ့မှာ မင်း ဒီကို လာရတာ မလွယ်လောက်ဘူး၊ ထမင်း စားပြီးပြီလား.. မစားရသေးရင် ငါတို့အိမ်မှာ တစ်နပ်လောက် စားသွားမလား”

ချန်ဖေးဖေးက သေချာပေါက် မစားရသေးပေ!

သူမသည်က လွန်ခဲ့သော ရက်အနည်းငယ်က စာတိုက်ရှိ သူငယ်ချင်းတစ်ဦးထံမှ စုန့်ရှီးယန်၏ မိခင် ချင်းယွင်ကျစ်၏ လိပ်စာကို ရရှိပြီးနောက် သူမ၏ အလုပ်များကို စတင် ကိုင်တွယ်ခဲ့သည်။

နောက်ဆုံးတွင် အားလပ်ရက် အနည်းငယ်ကို ရရှိခဲ့ပြီး ချွမ်ဖန်းတပ်မဟာသို့ အလျင်အမြန် ခရီးနှင်ခဲ့သည်။ တစ်လမ်းလုံး အလောတကြီး လာခဲ့ပြီး ရောက်ရှိရန် နှစ်ရက်၊ သုံးရက်နီးပါး အချိန်ယူခဲ့ရသည်။

အထူးသဖြင့် ဤမြို့သို့ ရောက်ရှိပြီးနောက် သူမက ဤနေရာ၌ နိုင်ငံပိုင် စားသောက်ဆိုင်ပင် မရှိသည်ကို တွေ့ရှိခဲ့ရပြီး ငတ်သေလုနီးနီး ဖြစ်ခဲ့ရသည်။

သို့သော် စုန့်ရှီးယန်က သူမကို သိပ်ပြီး ကြိုဆိုပုံမရသည်ကို မြင်လိုက်ရသဖြင့် သူမ ထပ်မံ၍ မလွယ်ကူသော ခံစားချက်ကို ခံစားလာရပြန်သည်။

“ဟုတ်တယ်၊ ဟုတ်တယ် .. ဒီကိုတောင် ရောက်နေပြီ၊ မင်း မထွက်ခွာခင် ထမင်းစားသွားပါဦး!”

ကံကောင်းစွာဖြင့် ဤအချိန်၌ လင်းကွမ်းချင်းကလည်း သူ၏ ဖခင်နှင့်အတူ ချန်ဖေးဖေးကို ဖိတ်ခေါ်ခဲ့ပြီး သူမအတွက် ပြန်ဆင်းရန် လှေကားတစ်ခု ရရှိခဲ့သည်။

“ကောင်းပါပြီ .. ဒါဆို ရှင်တို့ကို ဒုက္ခပေးရဦးမှာပဲ”

ချန်ဖေးဖေးက လင်းကွမ်းချင်းနှင့် သူ၏အဖေအား ရှက်ရွံ့စွာ ပြုံးပြခဲ့သော်လည်း သူမက စုန့်ရှီးယန်ဘက်ကိုလည်း မျက်လုံးထောင့်ဖြင့် တစ်ချက်ကြည့်လိုက်မိပြသည်။

သို့သော်လည်း တစ်ဖက်လူက သူမကို လုံးဝ မကြည့်ခဲ့ချေ။ ထို့အစား သူ မတိုင်ခင်က “ဒုတိယဦးလေး” ဟု ခေါ်ခဲ့သော လူဆီသို့ စိုးရိမ်တကြီး လျှောက်သွားနေခဲ့သည်။

သူက ဤကိစ္စကိုစိတ်မဝင်စားဘဲ တခြားတစ်ခုခုကိုသာ ပြောချင်ပုံရသောကြောင့် ချန်ဖေးဖေး စိတ်ရှုပ်ထွေးသွားခဲ့ရသည်။

ဒုတိယဦးလေးလား။

သူမက စုန့်မိသားစု၏ အခြေအနေကို အလွန် ကောင်းစွာ သိရှိထားခဲ့သည်။ လွန်ခဲ့သော နှစ်များစွာက စုန့်ရှီးယန်၏ အဖေဖြစ်သူတွင် အိမ်၌ မည်သူမျှ မရှိခဲ့သဖြင့် သူ တစ်ဦးတည်း စစ်တပ်သို့ ဝင်ရောက်ခဲ့ခဲ့သည်။

တိုက်ပွဲမြေ၌ ထိုမျှလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ရဲခြင်းမှာ သူ့ထံတွင် စိတ်ပူစရာ မရှိသောကြောင့်ဖြစ်ပေသည်။

ထို့ကြောင့် ဤ ဒုတိယဦးလေးသည်က စုန့်ရှီးယန်၏ သွေးသားအရ ဒုတိယဦးလေး မဟုတ်သည်မှာ သေချာသည်။ ထိုသူက လင်းကွမ်းချင်း၏ ဒုတိယဦးလေး ဖြစ်သင့်သည်။

All Chapters