အခန်း (၂၁၀)
Vol. 21 Ch. 210
ချန်ဖေးဖေးတစ်ယောက် စုန့်ရှီးယန်ကို လိုက်ကြည့်နေခဲ့ရင်း အဘယ်ကြောင့်မှန်းမသိရဘဲ စုန့်ရှီးယန်မှာ ဒုတိယဦးလေးဟူသော ရဲဘော်ကို ရင်ဆိုင်ရသောအချိန်တိင် မလိုအပ်သော လေးစားမှုနှင့် ကြောက်ရွံ့မှုများရှိနေသည်ဟု ခံစားနေခဲ့ရသည်။
မဖြစ်နိုင်ဘူး။
စုန့်ရှီးယန်ရဲ့ စိတ်နေသဘောထားနှင့် စရိုက်အရ သူက ကျေးလက်ဒေသမှာရှိတဲ့ လယ်သမားတစ်ယောက်ကို လေးစား ကြောက်ရွံ့နေမဲ့သူမျိုး မဟုတ်ဘူး။
သူ ကျေးလက်မှာ ရှိနေရချိန်မှာ လင်းမိသားစု တစ်စုလုံးရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရတာများ ဖြစ်နိုင်လောက်လား။
မည်သို့ပင်ဆိုစေ လက်နှစ်ဖက်တည်းဖြင့် လက်လေးဖက်လုံးကို နိုင်ဖို့ရန်ဆိုသည်က ခက်ခဲပေသည်။
လင်းမိသားစုမှ လူများစွာက စုန့်ရှီးယန်ကို စုပေါင်း၍ အနိုင်ကျင့်မည်ဆိုပါက သူတွင် သံလက်မောင်းနှင့် ကြေးထည်ကိုယ်ခန္ဓာ ရှိနေလျှင်ပင် ဤလူများကို အနိုင်ယူရန် နည်းလမ်းမရှိပါချေ။
ဤရှင်းပြချက်မှလွဲ၍ စုန့်ရှီးယန်ကို ထိုမျှလောက်အထိ နှိမ့်ချစေမည့် မည်သည့် အခြေအနေမျိုးကိုမှ သူမ စဉ်းစား၍ မရနိုင်ခဲ့ပေ။
ဤအချက်ကို သဘောပေါက်ပြီးနောက်တွင်တော့ ချန်ဖေးဖေးအနေဖြင့် လင်းမိသားစုအပေါ်ကို ရုတ်တရက် မနှစ်မြို့နိုင်ဖြစ်လာခဲ့သည်။
သူမသည်က ယနေ့တွင် မှန်ကန်သော နေရာသို့ ရောက်ရှိလာခဲ့ပုံရသည်။
သူမက စုန့်ရှီးယန်ကို မြင်တွေ့နိုင်ရုံသာမကဘဲ သူ့ကို မီးနှင့်ရေဘေးမှလည်း ကယ်တင်နိုင်လိမ့်မည် ။
နောက်ဆုံးတွင်တော့ လူအုပ်စုက လင်းမိသားစုအိမ်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
အဖွားလင့်ကတော့ ချန်ဖေးဖေးက မည်သူဖြစ်ကြောင်းကို သိရှိပြီးနောက်တွင် သူမအပေါ် အလွန်အမင်း စိတ်အားထက်သန်လာခဲ့သည်။
ဆိုရလျှင် ဤမိန်းကလေးသည်က သူမ၏ မြေးကို ဆေးရုံပေါ်တွင် ပြုစုစောင့်ရှောက်ပေးခဲ့သော သူနာပြုဖြစ်သောကြောင့် သူမဘက်မှကျေးဇူးတင်သင့်ပေသည်။
ထို့ကြောင့် ယနေ့အတွက်နေ့လယ်စာအတွက်ကတော့__
သူမ၏ အရည်အချင်းများကို ပြသရန်အတွက် အခွင့်အရေး မရရှိခဲ့သည်မှာ ကြာပြီဖြစ်သည့် အဘွားလင်းတစ်ယောက် နောက်ဆုံးတွင် လက်ရာများကို ကြွားဝါထုတ်ဖော်ခွင့် ရရှိလာစေခဲ့သည်။
အဘွားလင်းက ချန်ဖေးဖေးအား ဧည့်ခံရန်အတွက် အိမ်အတွင်းခန်းသို့ သွားခဲ့ပြီး အသားပေါင်ခြောက်များနှင့် ကြက်ဥများကို ယူလာခဲ့ပြီး အသားနှင့် ကြက်ဥ ပါဝင်သော အသားဟင်းပွဲကြီး နှစ်ပွဲကို ချက်ပြုတ်ခဲ့သည်။
သို့သော်လည်း အဘွားလင်း အထူးတလည် ပြင်ဆင်ထားသော အရသာရှိသည့် ဟင်းပွဲများအပေါ် ချန်ဖေးဖေး၏ တုံ့ပြန်မှုက အလွန်ပင် သာမန်ဆန်နေခဲ့သည်။
သူမက စားပွဲပေါ်ရှိ ဟင်းပွဲများကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သူမ၏ အစာစားချင်စိတ်က ပျောက်ကွယ်သွားခဲ့သည်။
အသားနှင့် ကြက်ဥများက သူမအတွက် စိမ်းသက်သော အစားအစာများ မဟုတ်သော်လည်း ဟင်းပွဲများ၏ အသွင်အပြင်သက်သက်ကပင် သူမကို အစာစားချင်စိတ် ပျောက်ဆုံးစေခဲ့သည််။
မည်သည့် ကာလမှ စတင် အသုံးပြုခဲ့သည်ကို မသိရသော မြေသားဇလုံကြီးတွင် ထည့်ထားခဲ့ပြီး ထိုဇလုံကြီးကို ဆေးကြောပြီးခြင်း ရှိ၊ မရှိကိုပင် သူမ သံသယ ဖြစ်နေခဲ့ရသည်။
သို့သော်လည်း တစ်ဖက်တွင်ရှိနေသောလူများက သူမကို စိတ်အားထက်သန်စွာ နှုတ်ဆက်ကာ စားသောက်ခိုင်းနေသည်ကို မြင်လျှင် သူမအနေဖြင့် ယဉ်ကျေးစွာ ပြုံးပြရုံသာတတ်နိုင်ခဲ့ကာ နေရာမှာ ဝင်ထိုင်၍ ဖြည်းဖြည်းချင်း စတင် စားသောက်ခဲ့သည်။
“ရဲဘော်ချန်၊ မင်းရဲ့ အစာစားချင်စိတ်က အရမ်း သေးငယ်လွန်းတယ်.. ပိုစားပါဦး!”
ချန်ဖေးဖေး၏ နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုများကို မြင်လျှင် စိတ်အားထက်သန်လွန်းသော အဘွားလင်းက သူမ ရှက်ရွံ့နေသည်ဟု ထင်ခဲ့သည်။
ထို့ကြောင့် သူမက တူကို လျင်မြန်စွာ ကောက်ယူလိုက်ပြီး သူမအတွက် အသားတုံးကြီး တစ်တုံးကို ညှပ်ထည့်ပေးလိုက်သည်။
“ဒီမှာ ထည့်စားလိုက် ..ရှက်နေစရာမလိုဘူး.. ငါတို့ မိသားစုက ချမ်းသာတာ မဟုတ်ပေမဲ့ ဧည့်သည်တွေ လာရင်တော့ ဝဝလင်လင်စားလို့ရအောင် အသားတွေက လုံလုံလောက်လောက် ရှိတယ်”
သူမ၏ ပန်းကန်ထဲသို့ ရုတ်တရက် ရောက်ရှိလာသော အသားတုံးကြီးကို ကြည့်ရင်း ချန်ဖေးဖေး တောင့်တင်းသွားခဲ့သည်။
ဒီအဘွားကြီးရဲ့ တူက ဘယ်လောက်တောင် ရွံစရာကောင်းလိုက်သလဲ!
“ရဲဘော် ချန်၊ ဘာလို့ မစားတာလဲ”
အဘွားလင်းက သူမ မလှုပ်မယှက်ဖြစ်နေသည်ကို မြင်သော်လည်း ချန်ဖေးဖေးက သူမကို သဘောမကျသောကြောင့်ဟု မထင်ခဲ့ပေ။
ဆိုရလျှင် သူတို့၏ မိသားစုသည်က တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဟင်းထည့်ပေးကာ စားသောက်နေကျ ဖြစ်သောကြောင့် ၎င်းကို အလွန်အမင်း အာရုံစိုက်ခဲ့ခြင်း မရှိပါချေ။
ဆန့်ကျင်ဘက်အားဖြင့် တစ်ဖက်တွင်ရှိနေသော စုန့်ရှီးယန်ကတော့ အဘွားလင်း၏ စကားကို ကြားပြီးနောက် ချန်ဖေးဖေးကို တစ်ချက်ကြည့်လိုက်ပြီး ချန်ဖေးဖေး၏ မျက်လုံးများထဲရှိ မနှစ်မြို့မှုကို ချက်ချင်းနီးပါး မြင်နိုင်ခဲ့သည်။
သူ မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်စကားကိုမှ ဝင်မပြောခဲ့ပေ။
သူ၏စိတ်ထဲတွင်သာ ဤချန်ဖေးဖေးသည်က အပေါ်ယံတွင် ပြသထားသကဲ့သို့ ကြင်နာပြီး ယဉ်ကျေးနေခြင်း မဟုတ်ကြောင်းကို အတည်ပြုလိုက်သည်။
သို့သော် ဤသည်ကလည်း သူ့အတွက် အရေးမကြီးပါချေ။
သူ့အနေဖြင့် ခဏကြာလျှင် လင်းရန်ဆီသို့ ဤအကြောင်းကို မည်သို့ ရှင်းပြရမည်ကိုဆိုသည့်အကြောင်းကိုသာ သေသေချာချာ စဉ်းစားသင့်ပေသည်။
စုန့်ရှီးယန်တစ်ယောက် အိမ်ထဲသို့ မဝင်မီက လင်းကျန်းအန်းမှ သူ့ကိုပြောခဲ့သည့် အဓိပ္ပာယ်များရောနှောနေသော စကားကို တွေးမိကာ ခေါင်းကိုက်သွားခဲ့ရသည်။
လင်းကျန်းအန်းက သူ့ကို ပြောခဲ့လေသည်။
“မင်း ယုံချင်ယုံ မယုံချင်နေ.. ဒီကိစ္စမှာ ငါ့ရဲ့စကားတွေက သြဇာလွှမ်းမိုးမှု သိပ်မရှိဘူး.. ရန်ရန်လာမှ သူမ ဘာပြောမလဲဆိုတာ ကြည့်ရအောင်”
ဆိုလိုသည်မှာ သူ့အနေဖြင့် လင်းရန် ပြန်မလာမီ ချန်ဖေးဖေးကို ပြန်လွှတ်လိုက်မည်ဆိုလျှင်ပင် ဤကိစ္စကို လုံးဝ မဖြစ်ဖူးသကဲ့သို့ ဟန်ဆောင်၍ မရနိုင်တော့ဟု အဓိပ္ပါယ်ရပေသည်။
လင်းကျန်းအန်းက လင်းရန်ဆီသို့ ဤအကြောင်းကို ပြောပြဦးမည်သာ ဖြစ်သည်။
သူသည်ကား လင်းရန်မှ သူ့ကို မည်သည့်အချိန်မဆို စွန့်ပစ်ခြင်းကို ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ယခု ချန်ဖေးဖေးက ဤနေရာသို့ ရောက်လာခဲ့ပြန်သည်။
ဘုရားသခင်က သူ့အပေါ်သို့ ကျရောက်နေသည့် စမ်းသပ်ချက်ကို ပိုမို ခက်ခဲအောင် ပြုလုပ်ရန် စီစဉ်နေသည်များလား။
နေ့လယ်စာ စားပြီးနောက် လင်းမိသားစုက ချန်ဖေးဖေးကို ခဏတာ ဧည့်ခံပြီးနောက် အနားယူရန် ထွက်ခွာသွားခဲ့သည်။
သူတို့အနေဖြင့် နေ့လယ်ပိုင်း၌ အလုပ်လုပ်ရဦးမည်ဖြစ်သောကြောင့် မသွားခင် ခဏလောက်တော့ အနားယူမှဖြစ်ပေမည်။
ထို့ကြောင့် နောက်ဆုံးတွင်တော့ ချန်ဖေးဖေးနှစ် နောက်တစ်ယောက်သာ ဧည့်ခန်းမထဲတွင် ကျန်ရစ်ခဲ့တော့သည်။
သူမအပြင် ရှိနေသည့်လူမှာ လင်းကွမ်းချင်းသာဖြစ်ပြီး လင်းမိသားစုတစ်ခုလုံးက ချန်ဖေးဖေးကို ဧည့်ခံရန်အတွက် သူ့ကို တွန်းပို့ခဲ့ကြလေ၏။
လင်းကွမ်းချင်းသည် ဘေးဘက်ပတ်ပတ်လည်ကို ကြည့်လိုက်ချိန်တွင် လူတိုင်းက အနောက်ဘက်ကို ကျောခိုင်းကာ ညှာတာမှုကင်းမဲ့စွာ ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။
သူသည်က ဤရက်စက်သော အဖြစ်မှန်ကို လက်ခံရုံသာ တတ်နိုင်ခဲ့ပြီး ဧည့်ခန်းမ၌ ထိုင်နေရင်း ချန်ဖေးဖေးနှင့် မျက်နှာချင်းဆိုင် ကြည့်နေခဲ့ရလေသည်။
စုန့်ရှီးယန်အတွက်ကတော့..
သူသည်က ထမင်းစားပြီးသည်နှင့် ချက်ချင်း ထွက်သွားခဲ့သူဖြစ်ပြီး သူ မည်သည့်နေရာသို့ သွားကြောင်းကိုပင် မေးခွင့်မရမီ သူ၏ ပုံရိပ်က အိမ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ချန်ဖေးဖေးက စုန့်ရှီးယန် မကြာမီ ပြန်လာလိမ့်မည်ဟု ထင်ကာ ခဏကြာအောင် ထိုင်နေခဲ့သည်။
မမျှော်လင့်ဘဲ အချိန်အတော်ကြာပြီးနောက်တွင်ပင် သူမက သူ့ကို မတွေ့ရသေးသောကြောင့် စိုးရိမ်ပူပန်မှု အနည်းငယ်ကို ခံစားလာခဲ့ရသည်။
အဆုံးတွင်တော့ သူမက တစ်ဖက်၌ ထိုင်နေသော လင်းကွမ်းချင်းအား ကြည့်၍ မေးခဲ့လေသည်။
“ရဲဘော်လင်း၊ ရဲဘော်စုန့် ဘယ်ကိုသွားတာလဲ”
လင်းကွမ်းချင်းသည်ကား နေရာတွင်ထိုင်နေကာ အိပ်ပျော်လုနီးပါး ဖြစ်နေခေိန်တွင် ချန်ဖေးဖေး၏ အသံကြောင့် ရုတ်တရက် နိုးလာခဲ့ရသည်။
“အာ.. အစ်ကိုစုန့်လား၊ သူ ဘယ်ကိုသွားလဲဆိုတာ ကျွန်တော် မသိဘူး.. သူ ဗိုက်မပြည့်သေးလို့ အပြင်ကို ထွက်စားဖို့ သွားတာ ဖြစ်လိမ့်မယ်ထင်တယ်...”
လင်းကွမ်းချင်းက ရည်ရွယ်ချက်ရှိရှိ စိတ်ရှုပ်ထွေးနေသကဲ့သို့ ဟန်ဆောင်ခဲ့သည်။
သို့သော် တကယ်တမ်းတွင်တော့ သူ၏ စိတ်ထဲ၌ ခန့်မှန်းချက်အချို့ ရှိနေခဲ့သည်။ စုန့်ရှီးယန်က နေ့လယ်ဘက်အချိန်တွင် သူ၏ စရိုက်နှင့် မလိုက်ဖက်စွာ ရုတ်တရက် ထွက်ပြေးခြင်းမှာ ချန်ဖေးဖေးကို ရှောင်ရှားရန် ဖြစ်နိုင်သည်ဟု သူ ခံစားခဲ့ရသည်။
သို့သော် အမှန်အတိုင်း ပြောပြရန်က သူ့အတွက် ခက်ခဲပေသည်။ သူသာ အမှန်အတိုင်း ပြောပြပါက ထိုမိန်းကလေး၏ မိမိကိုယ်ကို လေးစားမှုကို အလွန်အမင်း ထိခိုက်စေလိမ့်မည်ပင်။
ချန်ဖေးဖေးတစ်ယောက် မျက်မှောင်ကြုတ်လိုက်ပြီး အပြင်ဘက်ရှိ ပူပြင်းသော နေမင်းကို မော့ကြည့်ရင်း စိတ်ရှုပ်ထွေးနေခဲ့သည်။
အပြင်မှာ နေအပူရှိန်က အရမ်း ပြင်းနေတာလေ။ ဘာလို့ အပြင်ကိုထွက်ပြီး စားရတာလဲ။
သို့သော် သူမ မည်မျှပင် စိတ်ရှုပ်ထွေးနေပါစေ အဖြေကိုမသိနိုင်ပေ။
ချန်ဖေးဖေးတစ်ယောက် အချိန်များ ကုန်ဆုံးသွားသည်ကို ကြည့်ရင်း မကူညီနိုင်ဘဲ စိုးရိမ်လာခဲ့သည်။
လင်းမိသားစုက သူမအပေါ် အတော်လေး စိတ်အားထက်သန်ပုံရသော်လည်း ထိုစိတ်အားထက်သန်မှုသည်က အတုအယောင်လား၊ အခြားတစ်ခုခုကြောင့်လား ဆိုသည်ကို မည်သူသိနိုင်မည်နည်း။
အတိုချုပ်အားဖြင့် သူမကို ဤနေရာတွင် ရက်အနည်းငယ်လောက် နေဖို့ ဖိတ်ခေါ်လောက်သည်အထိ သူတို့က ရက်ရောနေလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ချန်ဖေးဖေးအနေဖြင့် ညမမိုးမချုပ်မီ ခရိုင်မြို့သို့ သွားရလိမ့််မည် ။ ထိုနေရာတွင်သာ တည်းခိုခန်း ရှိပေသည်။
မဟုတ်ပါက သူမအနေဖြင့် တောထဲ၌ အိပ်ရလိမ့်မည်။
ဤအကြောင်းကို တွေးလိုက်ပြီနောက် သူမသည် ချက်ချင်း ထရပ်လိုက်သည်။
“ကျွန်မ လမ်းလျှောက်ဖို့ ခဏလောက် သွားလိုက်ဦးမယ်”
လင်းကွမ်းချင်း အံ့အားသင့်သွားခဲ့ရသည်။
“အာ.. ကျွန်တော် လမ်းပြပေးရမလား”
ချန်ဖေးဖေးက ချက်ချင်း ခေါင်းရမ်းခဲ့လေ၏။
“မလိုပါဘူး၊ ကျွန်မ ကိုယ့်ဘာသာကိုယ်လမ်းလျှောက်လိုက်ပါ့မယ်”
သူမက ထိုစကားကိုပြောပြီးနောက်တွင် လင်းကွမ်းချင်းက သူမ၏ နောက်ကို အမှီလိုက်လာမည်ကို ကြောက်ရွံ့နေသကဲ့သို့ အလျင်အမြန် ထွက်သွားခဲ့သည်။
လင်းကွမ်ချင်းသည်လည်း သူမ အလွန် လျင်မြန်စွာ လျှောက်သွားသည်ကို မြင်လိုက်ရသောကြောင့် သူမ၏နောက်သို့ မလိုက်သွားခဲ့တော့ပေ။
ထို့အပြင် ဤအချိန်သည်က သူ၏ မိခင်နှင့် ညီမဖြစ်သူလင်းရန် ပြန်လာရမည့် အချိန်လည်း ဖြစ်သည်။
သူ့အနေဖြင့် သူတို့ကို ကြိုဆိုရန် ပြင်ဆင်ရပေဦးမည် ။