ဖန်ကျီယွီ၏ ကံကြမ္မာ
Vol. 8 Ch. 107
ရှန်မို ခေါင်းကုတ်လျက် နားမလည်နိုင် ဖြစ်ရင်းမှ ဝတ်စုံထဲသို့ လက်ထည့်ကြည့်လိုက်သည်။
ဂျစ် ဂျစ်!
နတ်ဆိုးဝတ်စုံမှာ လူတစ်ယောက် လက်ဖြင့် မတော်နိုင်အောင် အလွန်ကြီးနေသည်ဟု ထင်ရသော်လည်း ရုတ်တရက် ကျုံ့သွား၏။
နောက်ဆုံးတော့ ရှန်မို့လက်မောင်းတွင် ကွက်တိဖြစ်သွားလေသည်။
ရှန်မို ချက်ချင်း စွမ်းအင်များ စီးဆင်းလာသည်ကိုလည်း ခံစားရ၏။ သူ့ညာဘက်လက်တစ်ဖက်တည်းမှ အင်အားသည် တစ်ကိုယ်လုံး ပေါင်းသည်ထက် များစွာ ပိုသေးသည်။
သူ အသက်ကိုဝအောင်ရှူ၍ မြေကြီးကို ရိုက်ချလိုက်၏။
ဂျွတ်!
ချက်ချင်းပင် မာကျောသော မြေသားအစိုင်အခဲမှာ အက်ကြောင်းဖြစ်၍ ပွင့်သွားလေသည်။
ထို့နောက် အက်ကွဲကြောင်းမှာ အတော်ဝေးဝေးအထိ ပျံ့သွားပြီး (၁၀) ပေမျှမြင့်သည့် ကျောက်တောင်ကြီးကိုပင် နှစ်ခြမ်းကွဲသွားစေသည်။
ရှန်မို အံ့ဩလျက် မျက်လုံးပြူးနေ၏။
“မိုက်လိုက်တာ ဒီနတ်ဆိုးဝတ်စုံရဲ့ ညာဘက်လက်တစ်ခုတည်းတင် တော်တော် အားပြင်းတယ်။ ဒါကို ဝှက်ဖဲအနေနဲ့ သုံးလို့ရတာပဲ”
ရှန်မို အလွန်ပျော်ရွှင်လျက် ဝတ်စုံကို ပုံရိပ်ငယ်ထဲ ပြန်သိမ်းထားလိုက်သည်။
သံချပ်ကာမှာ တာအိုအခြေခံအပေါ် ရွှေအမြုတေဘေး၌ ငြိမ်သက်စွာ ရှိနေသည်။
ရှန်မို တစ်ချက်တွေးရုံဖြင့် သူ့သခင်ကို ရန်သူ့လက်မှ ကာကွယ်ရန် ပေါ်လာမည် ဖြစ်သည်။
မကြာမီ ရှန်မို လက်နက်ကြီးအဆောင်သို့ပြန်ကာ အချုပ်ဘက် ထွက်ခဲ့သည်။
အချုပ်ခန်းမှာ သဘာဝ မြေအောက်လိုဏ်ဂူထဲတွင် ရှိပြီး ပိုအေး၍ စိုစွတ်နေသည်။
အဖမ်းခံရသူများမှာ အေးစက်သော လေထုဖြင့် နှိပ်စက်ခံရ၏။
ထို့ကြောင့် အစောင့်များမှာတော့ အဝတ်ထူထူ ဝတ်ထားရလေသည်။
...
ရှန်မို ရောက်လာသောအခါ အစောင့်များမှ ချက်ချင်း ထနှုတ်ဆက်၏။
“မင်္ဂလာပါ ခေါင်းဆောင်ငယ်”
နှစ်ယောက်သား လေးစားအားကျစွာ နှုတ်ဆက်ကြသည်။
ရှန်မို ခပ်ဖြည်းဖြည်း ခေါင်းငြိမ့်ပြ၍
“ဖန်ကျီယွီရဲ့အခန်းကို လိုက်ပြပါ”
“ဟုတ်ကဲ့”
ဖြတ်သွားသော အခန်းတစ်လျှောက်တွင် အပြစ်သားများစွာ ရှိပြီး သစ္စာဖောက်များနှင့် ပြစ်မှုကျူးလွန်ထားသည့် အလွတ်တန်း ကျင့်ကြံသူများ ဖြစ်၏။
မကြာမီ ဖန်ကျီယွီထံ ရောက်လာလေသည်။
သူ့အခန်းမှာ မြေအောက်အတွင်းဘက်အကျဆုံးတွင် ဖြစ်သည်။
ထိုနေရာမှာ ပို၍ပင် အေးသေး၏။
“ဒါနဲ့ ခေါင်းဆောင်ငယ် ဒါတွေက ဖန်ကျီယွီဆီက ရှာတွေ့တာတွေပါ။ အကြီးအကဲလီက ခေါင်းဆောင်ငယ်ကို တိုက်ရိုက်ပေးလိုက်ပါဆိုလို့”
တပည့်လေးမှ ပစ္စည်းများကို လှမ်းပေးသည်။
သိုလှောင်လက်စွပ်၊ ကြာပွတ်နှင့် ဆွဲကြိုးတို့ ဖြစ်သည်။
ရှန်မို တစ်ခုချင်း သေချာကြည့်နေ၏။
သိုလှောင်လက်စွပ်ထဲတွင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) ရာကျော်နှင့် စိတ်ဝိညာဉ် လက်နက်အချို့ ပါဝင်သည်။
သူ ထိုရတနာများကို သိပ်စိတ်မဝင်စားလှပေ။
နောက်ဆုံးတော့ သိုလှောင်လက်စွပ် ထောင့်နား၌ အင်အားဖြည့်တင်းဆေးများ တွေ့လိုက်ရသည်။
သူ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေ၏။
ကြာပွတ်နှင့် ဆွဲကြိုးမှာ အဆင့်နိမ့်ရတနာများ ဖြစ်လေသည်။
သူ ရတနာများကို ထုတ်ကာ ဘေးမှ တပည့်လေးအား ဂိုဏ်းရတနာတိုက်သို့ ပို့ရန် ပေးလိုက်၏။
ထိုစဉ် ဖန်ကျီယွီအနား ရောက်လာသည်။
သူ့ကို တင်းကြပ်စွာ တုပ်နှောင်ထားသောကြောင့် စကားပင် မပြောနိုင်ချေ။
ရှန်မို့အား မုန်းတီးလျက်သာ ကြည့်နေသည်။
ရှန်မိုမှာ ပြုံး၍ သူ့စနစ်ကံကြမ္မာအား စစ်ဆေး၏။
[လတ်တလောအခွင့်အရေး: (၂) လအကြာတွင် အဂ္ဂိရက်ဆရာကြီး၏ လိုဏ်ဂူပွင့်ကာ ဖန်ကျီယွီကိုလည်း သူ့အဖေ ဖန်လုံရှန်မှ ဖေးရှောင်ဂိုဏ်းသို့ လှမ်းခေါ်၍ အကာအကွယ် ချိုးဖောက်နိုင်သော ကျောက်စိမ်းပြား ရမည်]
[အလှည့်အပြောင်းသစ်: (၂) လခွဲအကြာတွင် အဂ္ဂိရက်ဆရာကြီး၏ လိုဏ်ဂူထဲဝင်ရင်း သေလောက်သည့်ဒဏ်ရာ ရရှိထားရာမှ စိတ်ဝိညာဉ်သားကောင်ဂိုဏ်းခေါင်းဆောင်၏ ကယ်တင်ခြင်း ခံရမည်]
ရှန်မို မျက်မှောင်ကြုတ်လိုက်မိ၏။
“အဂ္ဂိရက်လိုဏ်ဂူပွင့်တော့မယ်တဲ့လား။ ဒါ အရေးကြီးတဲ့အချက်ပဲ”
“နှင်းပျံဂိုဏ်းက ရှာတွေ့ထားတယ်တော့ ကြားပေမဲ့ နေရာအတိအကျက မသိရသေးဘူး။ ဆူးတောထဲမှာ ရှိမှန်းပဲ သိတာ”
“ဒါဆို (၂) လအတွင်း အကာအကွယ်ဖျက် ကျောက်စိမ်းပြားနဲ့ လိုဏ်ဂူကို ဖွင့်နိုင်တော့မှာပေါ့”
“ဖန်ကျီယွီနဲ့ လဲရလောက်အောင် တန်တဲ့ပစ္စည်းပဲ”
ရှန်မို တစ်ယောက်တည်း တွေးတောနေမိသည်။
ထို့နောက် ကျေနပ်စွာဖြင့် ထွက်သွားတော့၏။
ဖန်ကျီယွီမှာ မုန်းတီးစွာ လှမ်းကြည့်ရင်းမှ အံ့ဩသွားမိသည်။
ငါ့ကို လာကြည့်ပြီး ဘာမှမပြောဘဲ ပြန်သွားတာလား။ သူ ဘာတွေ ကြံနေတာလဲ။
…
ရှန်မို အဆောင်သို့ ပြန်ရောက်သည်နှင့် ရတနာအချို့ ထုတ်ကာ စတင်ကျင့်ကြံလေသည်။
မကြာမီ မူယုံးယွဲ့ အသံနှင့်အတူ မွှေးပျံ့သောရနံ့တစ်ခု ပေါ်လာသည်။
“ရှန် မင်း ရွှေအမြုတေ ဖွဲ့စည်းပြီးပြီဆို”
ရှန်မို မူယုံးယွဲ့အား လှမ်းကြည့်လိုက်သောအခါ အရင်လို တောက်ပသော ဂါဝန်မျိုး မဟုတ်ဘဲ ပေါ့ပါးသည့် အရောင်ဖျော့ဂါဝန်ရှည်လေးကို ဝတ်ဆင်ထား၏။
ရှန်မို နေရခက်စွာ ပြုံးလျက်
“အကြီးအကဲလီ ပြောပြီးသွားပြီကိုး”
မူယုံးယွဲ့ ရယ်မောကာ
“ဒါပေါ့။ ဒီလို သတင်းကောင်းကို သူ ချက်ချင်း လာပြောတာပေါ့”
“ပြောပါဦး။ ဘယ်လို ရွှေအမြုတေလဲ။ ပြီးပြည့်စုံခြင်းအဆင့်လား”
သူ စိတ်ဝင်စားစွာဖြင့် တရင်းတနှီး မေးလေသည်။
ရှန်မို ခေါင်းသာငြိမ့်ပြလိုက်၏။ ပိုမြင့်နေသည့် အချက်မှာတော့ ဝှက်ဖဲအနေဖြင့် သိမ်းထားချင်ပါသည်။
“ကောင်းတယ် ကောင်းတယ်”
သူ အလွန်ပျော်ရွှင်နေမိ၏။
“အကြီးအကဲလီပြောတာတော့ မင်း ဖန်ကျီယွီတို့ကို အားလုံး တိုက်ခိုက်ခဲ့တယ်ဆို။ အခုမှ အဆင့်တက်ထားပြီး ဘယ်လိုဖြစ်တာလဲ”
ရှန်မို ထိုအတွက် အဖြေကို တွေးထားပြီး ဖြစ်ပါသည်။
“သူတို့ ရောက်လာမယ်ထင်လို့ ကြိုပြင်ထားလိုက်တာပါ။ ကျွန်တော် ကြာနီမီးတောက်ကို ရထားတယ်လေ။ အဲ့ရတနာကြောင့် စွမ်းအင် ပိုတိုးသွားတာပါ”
မူယုံးယွဲ့ ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“ဟုတ်တယ်နော်။ ဒီလိုရတနာနဲ့ဆိုရင် အကုန် နိုင်သွားတာ မဆန်းပါဘူး”
“ဒါပေမဲ့ မင်းအဆင့်တက်သွားတဲ့ သတင်းတွေ ပျံ့နေပြီ။ ဂရုစိုက်ဦး”
ရှန်မို ခေါင်းငြိမ့်ပြလိုက်၏။
“ကောင်းပြီ။ မင်းက ယုံကြည်ချက်ရှိတယ်ဆိုတော့ စိတ်ချထားလိုက်ပါမယ်”
မူယုံးယွဲ့ ကျေနပ်စွာပြော၍ ပြန်သွားလေသည်။
ရှန်မိုလည်း သူ့မိသားစုကဲ့သို့ ခံစားရကာ ရင်ထဲနွေးထွေးနေတော့၏။