လိုဏ်ဂူပွင့်ခြင်း အရိပ်အမြွက်
Vol. 8 Ch. 109
အဆိပ်နွယ်ဂိုဏ်း။
ဝါးတောကြီးထဲ၌ ကျက်သရေရှိသော အမျိုးသမီးတစ်ဦးမှာ မြွေဖြူငယ်တစ်ကောင်နှင့်အတူ ဆော့ကစားလျက် ရှိ၏။
ခပ်လှမ်းလှမ်းတွင် ဝက်ဝံနက်ကြီးတစ်ကောင်မှာ ပျင်းရိပျင်းတွဲ လှဲအိပ်ရင်း ပျားရည်များ စားနေ၏။ ပျားလေးများမှာမူ ဝက်ဝံကြီးကို ဒေါသတကြီး တိိုက်ခိုက်ရန် ပြင်နေကြသည်။ သို့သော် သူ့အမွေးထူထူများကို မထိုးဖောက်နိုင်ဘဲ ဝက်ဝံ၏ လက်ဖြင့် အသာပုတ်ချရုံဖြင့် သေဆုံးသွားကြရသည်။
ထိုစဉ် ခပ်ဝဝ သက်လတ်ပိုင်းအမျိုးသားမှာ ဝါးတောအနီးသို့ ရောက်လာ၏။ ထိုအခါ ဝက်ဝံကြီး ရုတ်တရက် ထလာပြီး ထိုလူကို ဟိန်းဟောက်လိုက်သည်။ ဝေးဝေးသွားရန် ဆိုလိုခြင်းပင်။
ထိုလူမှ သက်ပြင်းချ၍
“မင်း ဘာမဟုတ်တဲ့ဘဝတည်းက ငါ မင်းကို ယုဟုန်ဆီ ပေးခဲ့တာပါကွာ”
ဝက်ဝံကြီးမှာ ဆက်၍ ဟိန်းဟောက်နေဆဲပင်။
သက်လတ်ပိုင်းလူမှ စိတ်ပျက်လက်ပျက်ဖြင့် သိုလှောင်လက်စွပ်ထဲမှ အိုးတစ်လုံးကို ပစ်ပေးလိုက်သည်။ ထိုအခါမှ ဝက်ဝံကြီးမှာ ချက်ချင်း ငြိမ်ကျသွားပြီး ပျော်ရွှင်စွာဖြင့် ပျားရည်များ ဆက်စားနေ၏။
အမျိုးသားမှာ ဆက်လျှောက်လာရင်း
“ဂိုဏ်းတစ်ရာစုဝေးပွဲနောက်ပိုင်း မင်းရဲ့မြွေတောင် တော်တော် မြန်မြန် ထွားလာတာပဲ”
ဝတ်ရုံနက်ဖြင့် အမျိုးသမီးမှာ ရယ်မော၍
“သူက ရှေးမျိုးနွယ်ဝင် ဖြစ်ရင်ဖြစ်နေမှာပေါ့ ပြောလို့ မရဘူးလေ”
“အဖေ ဒီကို အလည်လာရုံတော့ မဟုတ်ဘူးမလား”
ထိုလူလည်း ရယ်မောလျက်
“ဒါပေါ့။ သတင်းတစ်ခု ရှိလို့ လာပြောတာ”
အမျိုးသမီး ခေါင်းငြိမ့်ပြ၍ လက်ပြလိုက်သောအခါ မြွေလေးသည် သူ့လက်မောင်းပေါ် ခွေနေ၏။
ထို့နောက် (၂) ယောက်သား အတူ လမ်းလျှောက်လာကြသည်။
ထို (၂) ဦးမှာ အခြားမဟုတ်။ အဆိပ်နွယ်ဂိုဏ်းခေါင်းဆောင် မိုဟန်ရှန်နှင့် သမီးဖြစ်သူ မိုယုဟုန်တို့ပင်။
“ပြောပါ”
မိုယုဟုန်မှ ဆို၏။
“ရှန်မို ရွှေအမြုတေ ဖွဲ့စည်းနိုင်ပြီတဲ့”
မိုယုဟုန် လမ်းလျှောက်နေရင်း ချက်ချင်း တန့်သွားပြီး
“အဲ့လောက်တောင် မြန်လား။ ပြီးပြည့်စုံခြင်း ရွှေအမြုတေလား”
မိုဟန်ရှန် ခေါင်းငြိမ့်ပြ၍
“အဲ့လောက် အနည်းဆုံး ရှိမှာပေါ့။ အထူးအခြေအနေတောင် ဖြစ်နိုင်သေးတယ်”
မိုယုဟုန် ပိုစိတ်ဝင်စားလာကာ
“ဘယ်လိုအခြေအနေ ဖြစ်ခဲ့လို့လဲ။ ပြောပါဦး”
မိုဟန်ရှန်မှ ရှန်မိုနှင့် မြုတေဖွဲ့စည်းခြင်းအဆင့် (၄) ဦး တိုက်ခိုက်ရင်း (၃) ယောက်သေ၊ (၁) ယောက် အဖမ်းခံရသည်ကို ပြောပြလိုက်သည်။
မိုယုဟုန် နားထောင်နေရင်း ပို၍ ပို၍ မှင်တက်လာ၏။
“သူ့မှာ အလားအလာကောင်း ရှိတယ်လို့ အမြဲတမ်း ပြောခဲ့တယ်မလား။ အဖေ အဲ့တုန်းက သူ့ကို ဘာလို့ မခန့်ခဲ့တာလဲ”
မိုဟန်ရှန်လည်း
“ခန့်ချင်တာပေါ့ကွာ ဒါပေမဲ့ မူယုံးယွဲ့က လက်ခံမှာတဲ့လား။ သူ့ကို ငါ မနိုင်ဘူးလေ”
မိုယုဟုန် နှုတ်ခမ်းလေးစူလျက် ရုတ်တရက် ထပ်မေး၏။
“သမီး ရွှေအမြုတေဖွဲ့စည်းဖို့ရော နတ်ဆိုးကျောက်မျက် အဆင်သင့်ပဲလား”
“အဲ့ဒါလည်း ပြောမလို့။ အားလုံး အသင့်ပဲ။ ကြိုက်တဲ့အချိန် စလို့ရပြီ”
“ကောင်းတယ်။ ဒီနေ့ပဲ စမယ်”
“ဒါနဲ့ တခြား (၄) ဂိုဏ်းရော ဒီသတင်းကို သိပြီးပြီလား”
မိုဟန်ရှန် ရယ်မောကာ
“ဒါပေါ့ နတ်ဓားဂိုဏ်းရဲ့ ကွန်ယက်က ငါတို့ထက်တောင် မြင့်သေးတယ်”
“ဟင်းဟင်း ကျောက်ချင်းကန်နဲ့ ဟုန်ချီလုံတို့ ဒီသတင်းကို ဘယ်လို တုံ့ပြန်မလဲ စိတ်ဝင်စားသားပဲ”
မိုယုဟုန် ဆွဲဆောင်မှုရှိရှိ ပြုံး၍ ရေရွတ်မိသည်။
“ယင်ရွှယ်ကျဲနဲ့ ဝမ်ရန်ကျဲတို့ကတော့ သူတို့ထက် သာသွားတာကို တော်တော် မနာလို ဖြစ်နေကြတော့မှာပဲ”
…
နတ်ဓားဂိုဏ်း၊ သီးသန့် ကျင့်ကြံရေးနေရာ။
ဓား (၇) လက်အလယ်တွင် ကျောက်ချင်းကန် ထိုင်နေ၏။ သူ့မျက်လုံးများ မှိတ်ထားပြီး စွမ်းအင်များမှာ ဘေးပတ်ဝန်းကျင်တွင် ပြင်းထန်စွာ တောက်လောင်နေသည်။ သူ့အနောက်၌ ဓားကဲ့သို့ အရှိန်အဝါကြီး ဖြစ်နေလေ၏။
ဓားအရှိန်အဝါမှာ အထွတ်အထိပ် ရောက်လာလိုက်၊ ပြုကွဲလိုက်ဖြင့် (၆) ကြိမ် ကြာသွားသည်။
နောက်ဆုံး (၇) ကြိမ်မြောက်တွင်တော့ သူ့ခန္ဓာကိုယ်မှာ လုံးဝ ခံနိုင်ရည်မရှိတော့ဘဲ မျက်လုံးပွင့်လာပြီး သွေးများလည်း အန်လေသည်။
ထိုအခါ အရပ်ရှည်ရှည်ပိန်ပိန်နှင့် အမျိုးသားတစ်ဦး ရောက်လာပြီး သူ့ကို လာကူ၏။
“ဆရာ ကျွန်တော် ကျရှုံးပြန်ပြီ။ (၇) ကြိမ်မြောက် ဓားအမြုတေကို မလုပ်နိုင်ဘူး ဖြစ်နေတယ်”
ကျောက်ချင်းကန် သက်ပြင်းချကာ ပြော၏။
လောင်ချောင်ထျန်း ပြုံးကာ
“ကိစ္စမရှိပါဘူး။ ဒီ ဓားအမြုတေက အရမ်း အားပြင်းတာလေ။ စတည်ထောင်သူဘိုးဘေးပဲ အောင်မြင်ဖူးသေးတယ်။ မင်းက (၃) ခေါက်လောက် ကျရှုံးတာ ဘာဆန်းလဲ”
ကျောက်ချင်းကန် မျက်မှောင်ကြုတ်ကာ
“ဒါပေမဲ့ ကျရှုံးတိုင်း အဆင့်မြင့်ရတနာတွေ အလကား ဖြစ်သွားတယ်လေ”
“ဒီရတနာတွေက တအားများတော့ တခြားတပည့်တွေပါ သုံးလို့ရတာကို”
လောင်ချောင်ထျန်းမှာ နွေးထွေးစွာပင် ပြုံးလျက်
“မင်းက ငါတို့ နတ်ဓားဂိုဏ်းရဲ့ အထူးချွန်ဆုံး တပည့်လေ။ ဒီအရင်းအမြစ်တွေက မင်းအတွက်မှ မဟုတ်ရင် ဘယ်သူ့အတွက် ရှိဦးမလဲ”
ကျောက်ချင်းကန် သူ့စကားကြောင့် ခံစားသွားရ၏။
“ဂိုဏ်းတစ်ရာစုဝေးပွဲက တတိယအကျော့မှာတုန်းက ငါ့လုပ်ရပ်ကို အပြစ်မြင်လောက်မှာ သိပါတယ်။ ငါ မှားသွားတာပါ”
လောင်ချောင်ထျန်း သက်ပြင်းချကာ ပြောသည်။
ကျောက်ချင်းကန် အမြန်ပြန်ရှင်း၏။
“မဟုတ်ပါဘူး။ ကျွန်တော်က ဘယ်လိုလုပ် အပြစ်မြင်ဝံ့မှာလဲ။ ကျွန်တော်က ဒီအတိုင်း တောင်ပေါ်က သာမာန်လူငယ်လေးပဲကို။ ဆရာ့ကြောင့်သာ မဟုတ်ရင် ဒီလိုအောင်မြင်မှုတွေ ကြုံဖူးမှာ မဟုတ်ပါဘူး”
လောင်ချောင်ထျန်း သူ့ပုခုံးကို ပုတ်၍
“ငါလုပ်ခဲ့တာက အားလုံး မင်းအတွက်ပါပဲ။ အဲ့ဒီ ထိုက်ရိဝိညာဉ်အားဖြည့်ဆေးကတော့…”
ကျောက်ချင်းကန် အပြစ်ရှိသလို ခံစားလိုက်ရသည်။
“ဪ ဒါနဲ့ သတင်းကောင်းတစ်ခု ပြောစရာ ရှိသေးတယ်”
“ပြောပါ ဆရာ”
“ချင်းရွှမ်ဂိုဏ်းက မင်းသူငယ်ချင်းရှန်မိုလေ ရွှေအမြုတေ ဖွဲ့စည်းနိုင်သွားပြီတဲ့”
“ပြီးပြည့်စုံခြင်းအဆင့်လို့ ထင်ပေမဲ့ အတိအကျတော့ မပြောတတ်သေးဘူး”
ကျောက်ချင်းကန် ဝမ်းသာသွားပြီး
“တကယ်လား။ တကယ့် သတင်းကောင်းပဲ။ အားကျလိုက်တာဗျာ”
လောင်ချောင်ထျန်းပြုံး၍
“မင်းလည်း လုပ်နိုင်မှာပေါ့။ ဓားအမြုတေ (၇) ချက်က အားအကြီးဆုံးပဲ။ ရသွားတဲ့အခါ သာမာန်အခု အဆင့်တူနေတဲ့သူတွေကို ကျော်သွားပြီ”
“ဟုတ်တယ် အခုပဲ စကြိုးစားတော့မယ်”
ကျောက်ချင်းကန် စိတ်လှုပ်ရှားစွာ ပြော၏။
“ကောင်းပြီ ကဲ ဒါဆို ငါ ဂိုဏ်းကိစ္စလေးတွေအတွက် သွားလိုက်ဦးမယ်”
သူ ကြင်နာစွာပြုံး၍ ထွက်သွားလေသည်။
ထိုနေရာမှ ထွက်လာပြီးသောအခါ သူ့အပြုံးသည် ချက်ချင်း ပျောက်ကွယ်၍ အေးစက်သွားတော့၏။
“သီးသန့်တပည့်တောင် သားတစ်ယောက်ကို မယှဉ်နိုင်ဘူး…”
…
ငြိမ်းချမ်းစွာ ကျင့်ကြံနေသောနေ့ရက်များသည် လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
ထိုအချိန်အတွင်း ဖေးရှောင်ဂိုဏ်းလည်း အလုပ်ရှုပ်နေ၏။
ချင်းရွှမ်မှ ဖမ်းထားသော တပည့်များအား ပြန်လွှတ်၍ ဖန်ကျီယွီအတွက် ညှိနှိုင်းရန်လည်း လူအချို့ ပို့ထားသည်။
သို့သော် လျော်ကြေးမှာ သဘောတူညီချက် မရသေးပေ။
ဤသို့ဖြင့် အချိန် (၂) လကြာသွား၏။
ထိုအချိန်တွင် လက်နက်ကြီးအဆောင်၌။
ရှန်မို နောက်ဆုံး ယွမ်အားဆေးကို သောက်ကာ တဖြည်းဖြည်း မျက်လုံးပွင့်လာသည်။
ထိုအချိန်အတွင်း ယွမ်အားဖြည့်ဆေးများကို သုံးရင်း ပိုမိုလျင်မြန်စွာ ကျင့်ကြံမှု မြင့်လာ၏။
နောက်လဝက်အတွင်း မြုတေဖွဲ့စည်းခြင်းအဆင့် အောင်မြင်မှုကြီးအထိ ရောက်မည်ဟု မှန်းထားသည်။
“အချိန်တွက်ကြည့်ရင် မကြာခင် ဖြစ်တော့မှာပဲ”
ရှန်မိုတွေးရင်း မြောက်ဘက်ပိုင်းသို့ လှမ်းကြည့်မိသည်။
အမှန်ပင် မကြာမီ တုန်ခါမှုကြီးတစ်ခု ပေါ်လာပြီး ကျင့်ကြံသူများအားလုံး သတိထားမိလေ၏။
ရှန်မိုလည်း မျက်လုံးအရောင် လက်သွားသည်။ အဂ္ဂိရက်ပညာရှင်ကြီး၏ လိုဏ်ဂူပွင့်လာလေပြီ။