ဖန်ကျီယွီကို ပြန်ခေါ်ခြင်း
Vol. 8 Ch. 110
ဆူးတော။
တစ်ချိန်က ကျားဟိန်းသံများ၊ သားကောင်များ အသံများဖြင့် ဆူညံနေသော်လည်း ယနေ့တော့ အလွန် တိတ်ဆိတ်နေ၏။
အရင်က ဆူးတောပတ်ဝန်းကျင်တွင် မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများလည်း မရှိခဲ့သောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် အသံပေးမိပါက ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ ဖြစ်ပေမည်။
ချင်းရွှမ်ဂိုဏ်းနှင့် စိတ်ဝိညာဉ်သားကောင်ဂိုဏ်းတို့ ဆူးတောအပြင်ဘက် ရောက်နေကြပြီဖြစ်သော်လည်း နှင်းပျံဂိုဏ်းမှ ကာဆီးထား၏။
မိုးမုန်တိုင်းဂိုဏ်းအဖွဲ့မှာမူ မြစ်တစ်ဖက်ကမ်းတွင် စလှုပ်ရှားရန် အသင့်စောင့်နေသည်။
ရှန်မိုလည်း မူယုံးယွဲ့တို့နှင့်အတူ ဆူးတောအပြင်ဘက်၌ ရှိနေ၏။
“ခေါင်းဆောင်ဖန် အထဲမှာ အခြေအနေ ဘယ်လိုလဲ။ ရတနာကောင်းကောင်းလေး ပေါ်လာပြီလား”
မူယုံးယွဲ့မှ ပြုံး၍ မေး၏။
ဖန်လုံရှန် မျက်နှာပျက်လျက် ပြန်မဖြေပေ။
စိတ်ဝိညာဉ်သားကောင်ဂိုဏ်းခေါင်းဆောင်မှလည်း
“ခေါင်းဆောင်ဖန် ကျွန်တော်တို့ဂိုဏ်း (၂) ခုက ညီအစ်ကိုလို ရှိခဲ့ကြတာလေ။ နည်းနည်း ပြောပြပေးပါဦး”
ခပ်လှမ်းလှမ်းမှ အသံတစ်ခု ထပ်ထွက်လာသည်။
“ဖန်လုံရှန်… မင်းဂိုဏ်းတစ်ခုတည်းနဲ့ ဒီဂိုဏ်း (၃) ခုက ကျင့်ကြံသူတွေကို ထိန်းနိုင်မယ် ထင်နေလား”
ရှန်မို အသံလာရာဘက် လှမ်းကြည့်လိုက်သောအခါ မိုးမုန်တိုင်းဂိုဏ်းခေါင်းဆောင် ဖြစ်သည်။
သူ့စကားကြောင့် ကျင့်ကြံသူများ လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။
သူတို့ ရတနာကောင်း မရလျှင်ပင် အနည်းငယ်တော့ လိုချင်ပါသည်။
ဖန်လုံရှန် အတော်ကြာအောင် ငြိမ်နေပြီးမှ မတတ်သာဘဲ ပြော၏။
“ကောင်းပြီ ပြောပြမယ်။ အခုလောလောဆယ်က လိုဏ်ဂူပွင့်လာရုံပဲ”
အားလုံး စိတ်လှုပ်ရှားသွားကြ၏။
နတ်ဓားဂိုဏ်းမှ ရဖူးသော ရတနာမှာ မြေအဆင့် ထိုက်ရိ အားဖြည့်ဆေးဖြစ်သည်။
ထိုကဲ့သို့ ရတနာကို မလိုချင်သူ မရှိပေ။
မကြာသေးမီက ဒုတိယလိုဏ်ဂူရှိရာ ရေအေးချောင်းသို့ အတော်များများ သွားကြသေးသော်လည်း ဗလာအဖြစ်သာ တွေ့ရ၏။
ထို့ကြောင့် တတိယလိုဏ်ဂူသည် နောက်ထပ် (၈) နှစ်ခန့် ကြာဦးမည် ထင်သော်လည်း ယခုလို ရုတ်တရက် ဖြစ်လာခဲ့သည်။
“အဲ့တာကြောင့် အရင်တည်းက ပေးမဖြတ်တာကိုး။ နေရာကို ကြိုသိနေတာပဲ”
မိုးမုန်တိုင်းဂိုဏ်းခေါင်းဆောင်မှ အပြစ်ပြော၏။
“အစ်ကိုဖန် တစ်ယောက်တည်း အဲ့လိုကျော်တာတော့ မကောင်းဘူးနော်။ အတူတူ ရှာကြမလားဟင်”
စိတ်ဝိညာဉ်သားကောင်ဂိုဏ်းခေါင်းဆောင်မှ ပြုံးကာ ထပ်ပြောလေသည်။
မူယုံးယွဲ့ ပြုံးလျက်
“ခေါင်းဆောင်ဖန် နှင်းပျံဂိုဏ်းက အပိုင်စီးချင်ပေမဲ့ မဖြစ်နိုင်သေးဘူးမလား။ အတူတူ ကြိုးစားချင်လား”
ဖန်လုံရှန် ဒေါသတကြီးဖြင့်
“ငါ အကာအကွယ်မန္တန် ကျွမ်းကျင်သူ ခေါ်ထားပြီးပြီ။ အခုမှလာပြီး အကျိုးအမြတ် ယူချင်မနေကြနဲ့။ သွားကြ”
မိုးမုန်တိုင်းခေါင်းဆောင် နှာခေါင်းရှုံ့ကာ
“မပေးချင်ဘူးပေါ့လေ။ ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့။ ချင်းရွှမ်နဲ့ စိတ်ဝိညာဉ်သားကောင်ဂိုဏ်းကလည်း လွှတ်ပေးထားမှာ မဟုတ်ဘူးနော်”
စိတ်ဝိညာဉ်သားကောင်ဂိုဏ်း ခေါင်းဆောင်မှာ ပြုံးလျက် ဘာမှ ဝင်မပြောတော့ပေ။
ဖန်လုံရှန်တို့အဖွဲ့ ဖိအားများလာ၏။
“ဒါဆိုရင် တစ်ခုတော့ရှိတယ်”
သူ သက်ပြင်းများချ၍ မျက်နှာပျက်ကာ ပြောသည်။
“ပြောပါ”
မူယုံးယွဲ့ တညိငြိမ်စွာ ဆို၏။
“ငါ့သမီးကို ပြန်ပေး။ မဟုတ်ရင်တော့ ဘာမှ ထပ်မကြားချင်ဘူး”
ဖန်လုံရှန် အံကြိတ်လျက် မျက်လုံးမှ မီးဝင်းဝင်းတောက်ကာ ပြောသည်။
အားလုံး ထိုညက အဖြစ်အပျက်ကို သိထားပါသည်။
နှင်းပျံဂိုဏ်းမှ အကြိမ်ပေါင်းများစွာ ညှိနှိုင်းရန် ကြိုးစားခဲ့သော်လည်း မထူးခြားခဲ့ပေ။ ယခုအခါမှ အခွင့်အရေးကို အသုံးချနိုင်၏။
ထို့ကြောင့် ဖိအားများမှာ ချင်းရွှမ်ဂိုဏ်းအပေါ် ကျရောက်သွားလေသည်။
မူယုံးယွဲ့ ခဏစဉ်းစားပြီးနောက် တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ရှန်မို ရုတ်တရက် ထပြော၏။
“ခေါင်းဆောင်ဖန်… ဖန်ကျီယွီရဲ့ တိုက်ခိုက်မှုက ပြင်းထန်လို့ ခင်ဗျားတို့ဘက်က တန်ဖိုးကြီးတာ ပြန်မပေးရင် မလွှတ်ပေးနိုင်ဘူး”
သူ့အသံမှာ တည်ကြည်၍ ခိုင်မာသည်။
ဖန်လုံရှန် ဒေါသထွက်စွာဖြင့်
“မူယုံးယွဲ့ ငါ မင်းဆီကပဲ အဖြေကြားချင်တာ”
မူယုံးယွဲ့ ပြုံးကာ
“ရှန်မို့သဘောထားက ကျွန်မ သဘောထားပဲ”
“ကောင်းတယ် သိပ်ကောင်းတယ်”
ဖန်လုံရှန် ဒေါသထွက်လွန်း၍ ရယ်မိ၏။
စိတ်ဝိညာဉ်သားကောင်ဂိုဏ်းခေါင်းဆောင် မျက်မှောင်ကြုတ်၍
“ခေါင်းဆောင်မူယုံးယွဲ့ ကျွန်တော့်အမြင်တော့ ခေါင်းဆောင်ဖန်သမီးကို ဖမ်းထားတာ ကြည့်မကောင်းဘူးနော်”
မိုးမုန်တိုင်းဂိုဏ်းခေါင်းဆောင်လည်း ချောင်းဟန့်၍ ဝင်ပြောသည်။
“ဟုတ်ပါတယ်…ဖန်လုံရှန်ဘက်က တစ်ယောက်တည်း အပိုင်စီးဖို့ကို လက်လျှော့လိုက်တာ သူ့စိတ်ရင်းပဲလေ”
ရှန်မို သူတို့ရည်ရွယ်ချက်ကို သိသောကြောင့် ပြုံးမိ၏။
ထို့နောက် တည်ငြိမ်စွာဖြင့်
“ခေါင်းဆောင်ဖန် ကျွန်တော့်ဘက်ကလည်း ခုနက ပြောတဲ့အတိုင်းပဲ။ တန်ဖိုးကြီးတာ မပါရင် ဆက်မပြောပါဘူး”
ဖန်လုံရှန် သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ မကျေမနပ်ဖြင့်
“ကောင်းပြီလေ ကျီယွီနဲ့ အကာအကွယ် ဖျက်ဆီးရေး ကျောက်စိမ်းပြား လဲမယ်”
သူ ပြောပြောဆိုဆိုနှင့် ကျောက်စိမ်းပြားကို ထုတ်လိုက်၏။
ဂိုဏ်းထဲမှ အကြီးအကဲများမှာ လန့်သွားပြီး အမြန် လှမ်းတားကြသည်။
“ခေါင်းဆောင် အဲ့လိုလုပ်လို့ မရဘူးလေ”
“ဒါက ဆရာရှု လုပ်ထားတာ။ ပေးလို့ မဖြစ်ဘူး”
“ခေါင်းဆောင်ငယ်အတွက် တခြားပစ္စည်း ရှိဦးမှာပါ။ ဒါတော့ မလုပ်ပါနဲ့”
ဖန်လုံရှန် သက်ပြင်းချ၍
“ဒီလိုဏ်ဂူက အကာအကွယ်တွေ၊ အန္တရာယ်တွေ ပြည့်နေတာပါ။ ဒီတစ်ခုတည်းနဲ့ ဘေးကင်းပြီး အန္တရာယ်တော်တော်များများ ရှောင်နိုင်လိမ့်မယ်”
“ဒီလောက်ဆို တန်ဖိုးကြီးတယ်မလား”
သူ အံကြိတ်ကာ ဆိုသည်။
“နားလည်ပါပြီ။ ခေါင်းဆောင်ဖန်က သဘောကောင်းလိုက်တာ။ ကျွန်တော် လက်ခံပါတယ်”
ရှန်မို ပြုံးပြလိုက်၏။
“အကြီးအကဲလီ ဖန်ကျီယွီကို ခေါ်ခဲ့ပေးပါ”
“ဟုတ်ကဲ့”
ထိုအခါမှ ဖန်လုံရှန် သက်ပြင်းချနိုင်တော့သည်။
ဘေးမှ အကြီးအကဲများမှာတော့ အလကား ဖြုန်းတီးသည်ဟုတွေး၍ အမြင်ကတ်နေကြသည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွား၏။
မကြာမီ အကြီးအကဲလီ ဖန်လုံရှန်ကိုခေါ်ကာ ရောက်လာသည်။
သားအဖ (၂) ဦး ပြန်တွေ့ရ၍ အလွန်ဝမ်းသာနေကြ၏။
ထို့နောက် သူ အားလုံးကို ဝေ့ဝဲကြည့်၍
“လိုဏ်ဂူက အခုမှ အစပဲရှိသေးတယ်။ အပြည့်ပွင့်ဖို့ အနည်းဆုံး တစ်လခွဲလောက် ကြာမှာ”
“ငါ့သမီးကို ဆေးကုဖို့ ခေါ်သွားလိုက်ဦးမယ်။ မင်းတို့ စိတ်မချရင် ဒီမှာပဲ နေပေါ့”
သူ ဖန်ကျီယွီနှင့်အတူ ချက်ချင်း ထွက်သွားလေသည်။
အခြားသူများမှာတော့ ဆူးတောတစ်လျှောက် ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် စောင့်နေကြ၏။