မထင်မှတ်ထားသော အောင်မြင်သူ
Vol. 8 Ch. 111
နှင်းပျံဂိုဏ်း၊ ဂိုဏ်းခေါင်းဆောင်ခြံ။
ဖန်လုံရှန်နှင့် ဖန်ကျီယွီတို့ အချင်းချင်း ဖက်ထားကာ ဝမ်းပန်းတသာ ငိုကြွေးနေကြ၏။
“ကျီယွီ နောက်ဆုံးတော့ ပြန်ရောက်လာပြီနော်။ သူတို့ မနှိပ်စက်ဘူးမလား။ ဘယ်နား ထိခိုက်လာသေးလဲ”
ဖန်လုံရှန် စိုးရိမ်တကြီးဖြင့် ဆက်တိုက် မေးနေသည်။
ဖန်ကျီယွီ ခေါင်းယမ်းပြကာ
“ဘာမှမဖြစ်ပါဘူး။ နှိပ်လည်း မနှိပ်စက်ကြဘူး။ ဒီအတိုင်း အချုပ်ထဲပဲ ထည့်ထားတာ”
ဖန်လုံရှန် သက်ပြင်းချ၍
“တော်သေးတယ် တော်သေးတယ်”
“အဖေ သမီးလည်း လိုဏ်ဂူထဲ ဝင်ချင်တယ်။ အဖေ စီစဉ်ထားပြီးသားဆိုတာ သိပါတယ်”
ဖန်ကျီယွီ မျက်လုံးအရောင်လေးများ လက်၍ ပြော၏။
ဖန်လုံရှန် သူ့သမီးကို ပြုံး၍ ကြည့်ကာ
“ဟုတ်တယ်။ အဖေ အကုန် ပြင်ဆင်ထားပြီးပြီ”
“ရှန်မိုတင်မကဘူး။ ချင်းရွှမ်ရော မိုးမုန်တိုင်းဂိုဏ်းကိုပါ မြေမြှုပ်ပစ်မှာ”
“ငါတို့ အဂ္ဂိရက်ပညာရှင်ကြီး လိုဏ်ဂူကနေ ပြန်ထွက်လာနိုင်ရင် ရွှမ်ကျန်းဒေသတစ်ခုလုံး ငါတို့ကို ဦးညွှတ်ရတော့မှာ”
ဖန်ကျီယွီ မျက်လုံးအရောင်များ လက်၍
“အဖေ ရှန်မို့ကို သမီးကိုယ်တိုင် သတ်မှာနော်။ အဲ့ဒါ ကတိပေး”
“ဟိုတစ်ခါခေါ်သွားတဲ့ မြုတေဖွဲ့စည်းခြင်းအဆင့်တွေအကုန် သူ သတ်လိုက်တာ။ လုံးဝ လက်မခံနိုင်ဘူး”
ဖန်လုံရှန် ခေါင်းငြိမ့်ပြကာ
“စိတ်သာချ ငါကိုယ်တိုင် ရှန်မို့ကို အရိုးချိုးပြီး သမီးဆီ ပေးမယ်။ အဲ့အခါ ကြိုက်သလောက် နှိပ်စက်ပေတော့”
“ကောင်းတာပေါ့။ အဲ့နေ့ကို စောင့်နေပါ့မယ်”
…
လက်နက်ကြီးအဆောင်။
စုန်းချောင်ဖုန်နှင့်အဖွဲ့မှာ ဆူးတောထဲတွင် နေရာယူထားပြီး ရှန်မိုတို့မှာတော့ လက်နက်ကြီးအဆောင်သို့ ပြန်သွားလိုက်၏။
ရှန်မို ခြံထဲတွင် ထိုင်နေရင်း တွေးတောနေမိသည်။
ချင်းရွှမ်ဂိုဏ်းမှ အဂ္ဂိရက်ပညာရှင်ကြီးလိုဏ်ဂူကို ဝင်ခွင့်ရလျှင် ထိုကိစ္စ၌ ပါဝင်သူတိုင်း ကြီးမားသော ပြောင်းလဲမှုကြီး ကြုံရနိုင်၏။
ရှန်မိုလည်း အပါအဝင် ဖြစ်သည်။
[ကံကြမ္မာ: မြုတေဖွဲ့စည်းခြင်းအဆင့် အစပိုင်းတွင် ရပ်တန့်ကာ ကုဆန်းချိုးကြောင့် စွမ်းအင်များ ဆုံးရှုံး၍ သေဆုံးမည်]
[လတ်တလောအခွင့်အရေး: လဝက်အချိန်အတွင်း လိုဏ်ဂူထဲမှ (၆) ခုမြောက်ဂူကိုဖွင့်ကာ ယွမ်အားဖြည့်ဆေး (၂) ပုလင်း ရရှိမည်]
[လတ်တလော အပြောင်းအလဲ: ကျောက်စိမ်းပြားဖြင့် အကာအကွယ် ချိုးဖောက်စဉ် အင်အားများများ သုံးရ၍ ညာခြေထောက် အပြင်းအထန် ထိခိုက်ကာ အဖမ်းခံရမည်]
မူယုံးယွဲ့၊ စုန်းချောင်ဖုန်၊ အကြီးအကဲလီနှင့် အခြားသူများလည်း ကုဆန်းချိုးလက်ထဲတွင် ပျက်စီးရမည် ဖြစ်၏။
သို့သော် သေဆုံးပုံမှာတော့ အမျိုးမျိုး ရှိကြသည်။
“အဂ္ဂိရက်ဆရာကြီးလိုဏ်ဂူကိုဝင်ရင် အကြီးဆုံးအန္တရာယ်က နှင်းပျံဂိုဏ်းလို့ ထင်ထားပေမဲ့ သေပြီးသားလို့ တွေးထားတဲ့သူက ပိုဆိုးနေတာပဲ”
ရှန်မို ကျောက်ခုံပေါ်တွင်ထိုင်ရင်း အတွေးလွန်နေသည်။
ကုဆန်းချိုးမှာ မြုတေဖွဲ့စည်းခြင်းထိပ်ဆုံးအဆင့် ကျင့်ကြံသူဖြစ်ပြီး အဂ္ဂိရက် ဆရာကြီးဟု လူသိများ၏။
တစ်ချိန်က ထိုက်ရိ ဝိညာဉ်အားဖြည့်ဆေးကို မွမ်းမံကာ ရှားပါးသောဆေးကို ဖန်တီးနိုင်ခဲ့သည်။
ယခုအခြေအနေအရ သူ မသေသေးပုံပင်။
ပထမဂူ (၂) ခုမှာ နောက်ဆုံးဂူသို့ ရောက်လာကြစေရန် မက်လုံး ဖြစ်နိုင်၏။
အမှန်တရားမှာ တဖြည်းဖြည်း ပေါ်လာသည်။
ကုဆန်းချိုးသည် မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများကို စုစည်း၍ ထိုစွမ်းအင်များကို စုပ်ယူနေခြင်းပင်။
သူသည်သာ အကြီးမားဆုံးရန်သူ ဖြစ်၏။
“ကုဆန်းချိုးအကြောင်း ထပ်လေ့လာဦးမှ ဖြစ်မယ်”
ရှန်မို ချက်ချင်း မတ်တပ်ထရပ်ကာ မူယုံးယွဲ့ထံ သွားမေးရန် ထွက်လာခဲ့သည်။
သို့သော် ခြံအပြင်၌ ရှောင်ဖန်အား တွေ့ရ၏။
“ရှောင်ဖန် ဟင်…ဟင်”
သူ ရှောင်ဖန်၏ကံကြမ္မာကို လှမ်းကြည့်မိကာ မျက်လုံးပြူးသွားသည်။
[လတ်တလောအခွင့်အရေး (၁): လဝက်အတွင်း အဂ္ဂိရက်ဆရာကြီး၏ လိုဏ်ဂူအနီး အခြေချရင်း လျှို့ဝှက်ဝင်ပေါက်ကို ရုတ်တရက် တွေ့မည်]
[လတ်တလောအခွင့်အရေး (၂): လိုဏ်ဂူထဲ ဝင်ပြီးနောက် ရွှေဓားအကာအကွယ်ထဲ ကျရောက်သွားသော်လည်း စွမ်းအင် ပျက်စီးနေသောကြောင့် မသက်ရောက်လာပေ။
ထို့နောက် ဆက်သွားရင်း ဝိညာဉ်ငြိမ်အမွှေးတိုင် (၂) ချောင်းနှင့် မြက်ပုံစံ ဓားကျင့်စဉ်အပိုင်းတို့ ရရှိမည်]
[လတ်တလောအခွင့်အရေး(၃): …]
[…]
[လတ်တလောအခွင့်အရေး (၇): မတော်တဆ ကုဆန်းချိုးကို တွေ့ရှိကာ အခက်တွေ့နေစဉ် ရှန်မို၏ တည်ရှိမှုကြောင့် မူယုံးယွဲ့ ရောက်လာသည်။ သူတို့ (၂) ဦး တိုက်ခိုက်စဉ် တစ္ဆေ (၅) ကောင် အသက်ခိုးအကာအကွယ်ကို နှိုးဆွနိုင်ပြီး ကုဆန်းချိုးအား သတ်နိုင်ကာ သူ့သိုလှောင်လက်စွပ်ကို ရရှိမည်]
ရှန်မို မဲ့ပြုံးပြုံးမိ၏။
အံ့ဩစရာပဲ။
မြုတေဖွဲ့စည်းခြင်းအဆင့်တွေ အများကြီး သေသွားပေမဲ့ ရှောင်ဖန်က အကျိုးအမြတ် အကုန်လုံး ရမှာပေါ့။
သူ့ဆီက ပြန်ယူရမယ်။
“ဝိညာဉ်ငြိမ် အမွှေးတိုင်နဲ့ တစ္ဆေ (၅) ကောင် အသက်ခိုး အကာအကွယ်က အဓိကပဲ”
“လိုဏ်ဂူထဲ ဝင်ပြီးတာနဲ့ ဒါတွေကို အရင် ယူရမယ်”
“နောက်ပြီး ရှောင်ဖန့်အခွင့်အရေးတွေအကုန် တန်ဖိုးကြီးတာတွေချည်းပဲ။ အဲ့ဒါတွေလည်း အကုန် ယူမယ်”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေလေသည်။
ရှောင်ဖန်မှာ ရှန်မို့အကြည့်ကြောင့် ကြက်သီးထသလို ခံစားရသော်လည်း ပြန်မပြောရဲဘဲ ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည်။
“ခေါင်းဆောင်ငယ်ရှန် ကျွန်တော့်ကို ခိုင်းစရာများ ရှိလို့လား”
ရှန်မိုမှ အရင်ကိစ္စများအတွက် ပြန်လက်စားချေမည်ကို အမြဲ တွေးကြောက်နေတတ်၏။ သို့သော် တစ်ဖက်မှ ဘာမှ မလှုပ်ရှား၍ ပို၍ပင် စိုးရိမ်လာသည်။
ရှန်မို ပြုံး၍ လက်ယမ်းပြကာ
“ဘာရယ်မဟုတ်ပါဘူး။ မင်းက တော်တယ်လို့ တွေးမိလို့ပါ”
သူ နေရခက်စွာ ခေါင်းငြိမ့်ပြ၏။
“ကျေးဇူးပါ ချီးကျူးတာ ကျေးဇူးတင်ပါတယ်ဗျ”
ထို့နောက် ခပ်သုတ်သုတ် ထွက်ခွါသွားလေသည်။
…
မကြာမီ လဝက်အချိန် ကုန်ဆုံးသွား၏။
လိုဏ်ဂူလည်း တဖြည်းဖြည်း ပိုပွင့်လာသည်။
ထိုအတောအတွင်း သတင်းများ ပိုပျံ့၍ ဆူးတောသို့ အလွတ်တန်းကျင့်ကြံသူများပါ ရောက်လာကြ၏။
ဂိုဏ်းကြီးများမှလည်း အဆင်သင့် ရောက်နေကြလေပြီ။
ရှန်မိုတို့အဖွဲ့လည်း အပါအဝင် ဖြစ်၏။
“မို ဒီကျောက်စိမ်းပြားကိုယူပြီး အကာအကွယ်ကို ဖျက်ဆီးပါ”
မူယုံးယွဲ့မှ ခပ်တိုးတိုး ကပ်ပြောသည်။
ရှန်မို ခေါင်းငြိမ့်ပြကာ ယူထားလိုက်၏။
“နှင်းပျံဂိုဏ်းက ထောင်ချောက်ဆင်တာဆိုပေမဲ့ အစပိုင်းတော့ အသုံးဝင်မှာပါ။ လောလောဆယ် သိမ်းထားလိုက်မယ်”
ရှန်မိုတွေးကာ ယူထားလိုက်၏။
“အားလုံးပဲ ကျွန်တော်တို့ နှင်းပျံဂိုဏ်းက အရင်ဆုံး စဝင်ပါတော့မယ်”
ဖန်လုံရှန် လှမ်းပြောကာ နှင်းပျံဂိုဏ်းအဖွဲ့ အရှေ့ဆုံးမှ ဝင်သွားသည်။
ထို့နောက် ချင်းရွှမ်၊ မိုးမုန်တိုင်းဂိုဏ်းနှင့် စိတ်ဝိညာဉ်သားကောင်ဂိုဏ်းများ လိုက်ကြ၏။
လိုဏ်ဂူလေ့လာရေး စတင်လေပြီ။