← Chapters

ကြက်ဥဖြင့် ကျောက်ခဲကို ပေါက်ခြင်း

Vol. 8 Ch. 117

ကြက်ဥဖြင့် ကျောက်ခဲကို ပေါက်ခြင်း

Vol. 8 Ch. 117

မီးတောက်များ ပြင်းထန်စွာ လောင်မြိုက်ရင်း မှင်စာများ၏ အသံမှာ စူးစူးရှရှ ပေါ်ထွက်လာကြသည်။

အစပိုင်းတွင် အတော်လေး ထိန်းချုပ်နိုင်ပြီ ထင်ရသော်လည်း ကုဆန်းချိုးမှာ ရှန်မိုထက် အင်အားကြီးလေ၏။

အမြုတေနက်အကာအကွယ်မှ အရှိန်အဝါ ပိုကြီးလာပြီး မှင်စာငယ်များမှာ ဝိညာဉ်အဆင့် မဟုတ်တော့ဘဲ ပို၍ ကြောက်စရာကောင်းလာသည်။

ထို့နောက် မီးဇာမဏီအား ကိုက်ဖြတ်ရန် ပြေးလာကြတော့၏။

ဇာမဏီကြီးမှာ အော်ဟစ်ရင်း မီးတောက်အရှိန်များ ကျကာ နောက်ဆုံး လုံးဝပျောက်သွားလေသည်။

ရှန်မိုလည်း တန်ပြန်ထိခိုက်ကာ အနောက်သို့ ခြေ (၁၀) လှမ်းခန့် လွင့်သွား၏။

ကုဆန်းချိုး ဒေါသတကြီးဖြင့်

“သူ့ကို သတ်ကြ”

မှင်စာငယ် (၂၀) ကျော် ရှန်မို့ဆီ ရောက်လာ၏။

သို့သော် ကုဆန်းချိုး ရုတ်တရက် အိပ်ငိုက်လာသည်။

သူတင်မက အခြားသူများလည်း အလွန် ပင်ပန်းနွမ်းလျ၍ မလှုပ်ရှားချင်ဖြစ်နေ၏။

ကုဆန်းချိုး ခေါင်းယမ်းလိုက်ကာ စိတ်ကိုအမြန် ထိန်းလိုက်သည်။

“ဒါက… စိတ်တည်ငြိမ်ဆေးရနံ့ပဲ”

သူ လန့်လည်းလန့် ဒေါသလည်း ထွက်သွား၏။

ထိုအမွှေးတိုင်မှာ သွေးစုပ်စိတ်ဝိညာဉ်အတွက် သူ အရင်တည်းက ပြင်ဆင်ထားသော ရတနာဖြစ်သည်။

သူ သွေးစုပ်ပြီးတိုင်း ဝိညာဉ်ကို တည်ငြိမ်စေ၍ အနားပေးရန်ပင်။

“ချီးပဲ အခန်း (၃) ကို အကာအကွယ် ချထားတယ် မဟုတ်ဘူးလား။ ဒီကောင် ဘယ်လိုလုပ် ရတနာကို ရသွားတာလဲ”

ကုဆန်းချိုး စိတ်ထဲမှ ပြစ်တင်ကျိန်ဆဲနေမိ၏။

ထို့နောက် မျက်လုံးပြူးကာ မယုံနိုင်စွာ ကြည့်နေမိပြန်သည်။

ရှန်မိုတစ်ယောက် သိုလှောင်လက်စွပ်ထဲမှ ကြေးခေါင်းလောင်းငယ်တစ်ခု ထုတ်လိုက်သောကြောင့် ဖြစ်သည်။

ခေါင်းလောင်းမျက်နှာပြင်တွင် ထူးခြားသောပုံရိပ်များ ရေးထွင်းထားပြီး အရိုးစုနှင့် အလောင်းပုံများလည်း ပါသောကြောင့် ကြောက်စရာကောင်းနေ၏။

ထိုခေါင်းလောင်းမှာ ဝိညာဉ်တည်ငြိမ်ခေါင်းလောင်းဖြစ်ပြီး အမွှေးတိုင်ကဲ့သို့ သဘောတရား ဆင်တူသည်။

“သူ ဘယ်လိုလုပ်…”

ကုဆန်းချိုး ပို၍ ဒေါသထွက်လာ၏။

ရှန်မို အသက်ကို ဝအောင်ရှူ၍ လက်ကျန် စိတ်ဝိညာဉ်စွမ်းအင်များအား ခေါင်းလောင်းထဲ စီးဆင်းစေကာ အားဖြင့် လှုပ်ရှားလိုက်သည်။

ထိုအခါ နွေဦးည၌ မိုးဖွဲများ ကျသကဲ့သို့ နူးညံ့သော အသံတစ်ခု လေထဲတွင် ပျံ့လွင့်လာပြီး ကြားရသူတိုင်း တည်ငြိမ်အေးချမ်း၍ တိုက်ခိုက်ခြင်း မရှိတော့ဘဲ နေရာတွင် ငြိမ်သက်စွာ ရပ်နေကြသည်။

မှင်စာများ၏ ဒေါသတကြီးမျက်နှာမှာ နူးညံ့လာပြီး နွေးထွေးသော အမြုတေထဲ ပြန်ဝင်သွားကြသည်။

ကုဆန်းချိုးမှာတော့ ဒေါသပေါက်ကွဲမတတ် ဖြစ်နေ၏။

“မင်း… သေရမယ်”

သူ စိတ်ကိုထိန်း၍ မြုတေနက်အား ရှန်မို့ကို တိုက်ခိုက်ရန် စေခိုင်းလေသည်။

ဤသည်မှာ မြုတေဖွဲ့စည်းခြင်းအဆင့်တစ်ဦး၏ အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်၏။

ရှန်မို လက်ယမ်းလိုက်သောအခါ ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။

ဂျစ် ဂျစ်!

မမြင်နိုင်သော လှိုင်းတစ်ခု ထွက်လာပြီး အချက်ပေးလိုက်သကဲ့သို့ တစ်ခုခု လျင်မြန်စွာ နိုးထလာလေ၏။

ကုဆန်းချိုး မတုံ့ပြန်နိုင်မီပင် တစ္ဆေ (၅) ကောင်တို့ အရပ် (၅) မျက်နှာမှ ပေါ်လာကြသည်။

အားလုံးမှာ အပြာရောင်မျက်နှာနှင့် အစွယ်ချွန်ချွန်များ ရှိကြ၏။

တစ္ဆေ (၅) ကောင်သည် ရှန်မို့အမိန့်ကိုစောင့်ရင်း အသင့်အနေအထားဖြင့် ရှိနေ၏။

“သူ့ခန္ဓာကိုယ်အစစ်ကို တိုက်ခိုက်ကြ”

ရှန်မို့ သူ့နှုတ်ခမ်းထောင့်မှ သွေးစအချို့ကို သုတ်ရင်း ကုဆန်းချိုးအား လက်ညှိုးထိုးကာ ပြောလိုက်သည်။

ဂါး!

တစ္ဆေ (၅) ကောင်သည် ကျေနပ်စွာဖြင့် ကုဆန်းချိုးထံ ပြေးသွားပြီး သူ့အသက်တည်နေရာ အဓိက သွေးကြောများကို ချွန်မြသော သွားများဖြင့် ကိုက်ဖြတ်ကြ၏။

ကုဆန်းချိုး ထိတ်လန့်စွာဖြင့် ရေရွတ်မိလေသည်။

“တစ္ဆေ (၅) ကောင် အသက်ခိုး အကာအကွယ်ပဲ။ ဘာလို့မင်းလက်ထဲမှာရှိ…”

ထိုအကာအကွယ်မှာလည်း သူကိုယ်တိုင် ဖန်တီးထားသော အရာဖြစ်၏။

ခြေတည်ဝိညာဉ်အဆင့်ရောက်မှ သုံးရန်တွေးကာ သေချာဖွက်ထားခဲ့သော်လည်း ရှန်မိုမှ ရှာတွေ့သွား၏။

ထူးဆန်းလိုက်တာ။

မယုံနိုင်စရာပဲ။

“ငါ မင်းတို့ရဲ့ သခင်ကွ။ လာမတိုက်ခိုက်ကြနဲ့”

ကုဆန်းချိုး အသည်းအသန် လှမ်းအော်၏။

ထိုတစ္ဆေ (၅) ကောင်မှာ မှင်စာငယ်များထက် အလွန် အင်အားကြီးပြီး တစ်ချက်ကိုက်ရုံဖြင့် အသားများ ပျက်စီးစေနိုင်သည်

“ဒီကောင်တွေတော့… မင်းတို့အားလုံးကို အတူတူ ခေါ်သွားမှာကွ”

လေထဲတွင် ရွှေအမြုတေနက်မှာ တဖြည်းဖြည်း ကြီးလာပြီး မှင်စာငယ်များ နိုးလာ၏။

ဆေးအရှိန် လျော့လာပြီဖြစ်၍ မူယုံးယွဲ့၊ ဖန်လုံရှန်တို့လည်း ပြန်၍ လန်းဆန်းလာကြသည်။

ရှန်မိုမှာ ရွှေအမြုတေနက်ကို မရှောင်ဘဲ ပါးစပ်ဟထားကာ ရင်ဆိုင်၏။

ထိုစဉ် သူ့ပါးစပ်ထဲမှ အနီရောင် အမြုတေ ထွက်လာသည်။

ရှန်မိုမှာ မြုတေဖွဲ့စည်းခြင်း အစပိုင်းအဆင့်သာ ရှိသေးသော်လည်း ကုဆန်းချိုး၏ ရွှေအမြုတေနှင့် အရွယ်အစားချင်း တူနေသည်။

ကုဆန်းချိုး ခဏ မှင်တက်နေပြီးမှ အားရပါးရ ရယ်မော၍

“အဲ့တော့ မင်းမှာလည်း အထူးရွှေအမြုတေ ရှိတယ်ပေါ့လေ။ အဲ့ဒါကြောင့် အင်အားကြီးနေတာ မဆန်းပါဘူး”

“ဒါပေမဲ့ ငါ့ကို နိုင်မယ်ထင်နေတယ်ဆိုရင်တော့ အိပ်မက်သာ ဆက်မက်နေလိုက်”

ရှန်မိုမှာ တည်ငြိမ်သော အမူအရာဖြင့်

“အိပ်မက်မက်နေတာက ခင်ဗျားလေ”

ထို့နောက် ရွှေအမြုတေ (၂) ခု တိုက်မိပြီး ကြီးမားသော ပေါက်ကွဲသံကြီးနှင့်အတူ အားလုံး နားထဲမှ သွေးများပင် စီးကျလာသည်။

ဘုံး!

မှင်စာများလည်း အော်ဟစ်၍ အနားနီးသူများ ပေါက်ကွဲကာ ခပ်လှမ်းလှမ်းမှ အကောင်များလည်း အားလျော့သွားကြသည်။

မျက်စိတစ်မှိတ်အတွင်း မီးခိုးများ ပျောက်ကွယ်သွားသောအခါ ရွှေအမြုတေနက်သည် အရွယ်အစား ကျုံ့သွားပြီး ရှန်မို၏ အမြုတေမှာတော့ အပိုင်းအစများစွာ ကြေမွသွား၏။

ထိုအချိန်တွင် ကုဆန်းချိုးမှာ တစ္ဆေ (၅) ကောင်၏ ကိုက်ဖြတ်မှုဖြင့် သွေးအလိမ်းလိမ်း ဖြစ်နေတော့သည်။

သို့သော် ရယ်မောလျက်ပင်

“တွေ့လား။ ကြက်ဥနဲ့ ကျောက်ခဲကို ပေါက်ရင် ဘာဖြစ်မလဲဆိုတာ”

ရှန်မိုမှာ ပြုံး၍

“ဪ ဒါကို ပြီးပြီထင်နေတာလား”

ကုဆန်းချိုး တုန်လှုပ်သွား၏။

တစ်ခုခု ထူးခြားနေသည်ကိုလည်း ခံစားမိသည်။

သူ့ရွှေအမြုတေ အပိုင်းပိုင်းကွဲသွားပေမဲ့ အရှိန်အဝါ ဘာလို့ မလျော့သွားတာလဲ။

All Chapters