ခေါင်းဆောင်ဖန်ကို ကာကွယ်ရမယ်
Vol. 8 Ch. 118
ရှန်မို ရုတ်တရက် လက်မြှောက်၍ အချက်ပြသည်အား ကုဆန်းချိုး သတိထားလိုက်မိ၏။
ထို့နောက် အနီရောင်အပိုင်းအစများမှာ ရွှေအမြုတေနက်အား ဝါးမျိုသွားလေသည်။
ထိုအခါ ကုဆန်းချိုးပါ ပူလောင်နာကျင်မှုကို ခံစားရကာ အော်ဟစ်နေ၏။
“ချီးပဲ ချီးပဲ ဘာတွေလဲ။ ရွှေအမြုတေက ကြေမွသွားပြီကို ဘာလို့ အမိန့်ကို ဆက်နာခံနေသေးတာလဲ”
ကုဆန်းချိုးအသံမှာ ထိတ်လန့်မှုနှင့် ဒေါသတို့ ရောထွေးနေလေသည်။
ရှန်မိုမှာတော့ ဂရုမစိုက်သလိုပင်။
ထိုရွှေအမြုတေမှာ ရှားပါး၍ အထူးအခြေအနေ ဖြစ်သောကြောင့် ကုဆန်းချိုးပင် မတွေ့ဖူးပေ။
“မင်း သွားရမယ့်အချိန်ပဲ”
ရှန်မိုမှာ တည်ငြိမ်စွာပင် ညာဘက်လက်ဖြင့် အရှိန်ပြင်းပြင်း ဆွဲလိုက်သည်။
ဘုံး!
ကြေမွနေသော မြုတေအပိုင်းအစ (၄၅) ခုမှာ ရုတ်တရက် တင်းကြပ်သွားပြီး ကျင့်ကြံသူနှင့် ဆက်သွယ်မိသွား၏။
ထိုအခါ ကုဆန်းချိုး သွေးများအန်လျက် မျက်လုံးများ ပြူးထွက်လာသည်။
တစ္ဆေ (၅) ကောင်မှာလည်း အဆက်မပြတ် သည်းကြီးမည်းကြီး တိုက်ခိုက်နေ၏။
ရှန်မို့တိုက်ကွက်သည် မြည်း၏ကျောရိုးကို ကျိုးစေမည့် ကောက်ရိုးမျှင် ဖြစ်လေသည်။
ကုဆန်းချိုး နောက်ဆုံးအင်အားများ စုစည်း၍
“ဘာလို့… ဘာလို့ (၁၀) နှစ်လုံး ကြိုးစားပြင်ဆင်လာတဲ့ အစီအစဉ်က နောက်ဆုံးကျမှ ပျက်စီးသွားရတာလဲ”
အဟွတ်!
သွေးများလည်း အဆက်မပြတ်အန်ကာ မြေပြင်တွင် သွေးအိုင် ဖြစ်နေသည်။
ဂျွတ်!
ရွှေအမြုတေနက်မှာ သွေးမျှင်နီအပိုင်းအစများကြောင့် အက်ကွဲ ပျက်စီးသွားတော့၏။
မှင်စာလေးများလည်း အော်ဟစ်ရင်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားကြသည်။
ထို့နောက် တစ္ဆေ (၅) ကောင် အသက်ခိုးအကာအကွယ်လည်း ပြိုကွဲကာ ပျောက်သွား၏။
ရှန်မို လက်ပြလိုက်သောအခါ အပိုင်းအစ (၄၅) ခုမှာ ပြန်လည် ပေါင်းစည်းသွားပြီး သူ့ပုံရိပ်ငယ်ထဲ ပြန်ဝင်သွားလေသည်။
ထိုအချိန်တွင် မူယုံးယွဲ့၊ ဖန်လုံရှန်၊ စုန်းချောင်ဖုန်တို့လည်း အပြည့်အဝ သတိပြန်ဝင်လာ၏။
“ဘာတွေ ဖြစ်ကုန်တာလဲ”
“ကုဆန်းချိုးက သေသွားပြီလား”
“ထူးဆန်းတဲ့အနံ့တစ်ခုရပြီး အိပ်ငိုက်လာတာပဲ။ အဲ့နောက်ပိုင်း ဘာဖြစ်သွားလဲ မသိတော့ဘူး”
အားလုံး ရှန်မို့ကို အံ့ဩစွာ လှမ်းကြည့်နေမိသည်။
ဘာဖြစ်သွားမှန်း သေချာမသိသော်လည်း ရှန်မို တစ်ခုခုသုံး၍ ကုဆန်းချိုးအား ရှင်းလိုက်ကြောင်း ရိပ်မိပါသည်။
ထို့နောက်မှ ရှန်မို အသေးစိတ်ကို ပြန်ပြောပြလိုက်သည်။
သို့သော် သူ့ဝှက်ဖဲဖြစ်သော ရွှေအမြုတေအကြောင်းကိုတော့ မပြောပြပေ။
တစ္ဆေ (၅) ကောင် အသက်ခိုးအကာအကွယ်ဖြင့် အနိုင်ရခဲ့ကြောင်းသာ ပြောပြလိုက်သည်။
“အဲ့လိုကိုး။ ကုဆန်းချိုးက ဒီလို ရက်စက်တဲ့ အကာအကွယ်ကို သိမ်းထားပြီး ခြေတည်ဝိညာဉ်အဆင့် တက်မှ သုံးမယ့်ပုံပဲ”
မူယုံးယွဲ့ အံ့ဩစွာ ရေရွတ်မိသည်။
“ခေါင်းဆောင်ငယ် ကုဆန်းချိုး အားနည်းချက်ကို လွယ်လွယ် တွေ့သွားမယ်လို့ မထင်ထားမိဘူး။ သူ့ရွှေအမြုတေက မတည်ငြိမ်သေးတော့ ရတနာတွေ သုံးတဲ့အခါ ခံနိုင်ရည်မရှိဘူးပေါ့”
စုန်းချောင်ဖုန် လေးစားစွာ ပြောသည်။
ရှန်မို ပြုံးလျက်
“ဒီအတိုင်း ခန့်မှန်းကြည့်ရုံပဲ။ သူ့ဟာသူ အလုပ်ဖြစ်သွားတာပဲ”
“ကြိုက်တာ ပြောကြပါ ကျွန်တော့်လမ်းမှာတော့ ပိတ်မနေကြပါနဲ့ဗျာ”
ဖန်လုံရှန် မျက်ရည်ဝဲ၍ ပြော၏။
မူယုံးယွဲ့တို့အဖွဲ့ စကားပြောရင်း သူ့ရှေ့မှ တစ်ယောက်ပြီးတစ်ယောက် ပိတ်ရပ်ကာ ဝိုင်းထားသလို ဖြစ်နေသည်။
သို့သော် ကုဆန်းချိုးနှင့် တိုက်ခိုက်စဉ် အလွန်ထိခိုက်ထားသောကြောင့် ထွက်ပြေးချင်လျှင်ပင် မပြေးနိုင်ပေ။
မူယုံးယွဲ့ ပြုံးကာ
“ကုဆန်းချိုး သေသွားပေမဲ့ လိုဏ်ဂူထဲမှာ အန္တရာယ်တွေ ရှိသေးတယ်။ ခေါင်းဆောင်ဖန်လည်း ဒဏ်ရာတွေ ရထားတာဆိုတော့ ငါတို့ကာကွယ်ပေးတာ အကောင်းဆုံး ဖြစ်လိမ့်မယ်”
သူ့ကို ပြန်ဖြေခွင့်မပေးဘဲ ချက်ချင်း ဆက်၍
“အကြီးအကဲစုန်း၊ အကြီးအကဲလီတို့ (၂) ယောက် သူ့ကို ဂရုစိုက်ပေးလိုက်ပါ”
“နားလည်ပါပြီ”
ထို့နောက် ချက်ချင်း ဖန်လုံရှန်၏ တစ်ဖက်တစ်ချက်ဆီသို့ ရောက်သွားကြသည်။
ဖန်လုံရှန် အားရပါးရ ရယ်မောလျက်
“ကောင်းတယ် သိပ်ကောင်းတယ်”
“မူယုံးယွဲ့ ငါ့အထက်မှာ ဘယ်သူရှိလဲဆိုတာ မမေ့နဲ့နော်။ ငါ့ကို ထိရဲထိကြည့် နောက်ဆက်တွဲကို ခံစားရလိမ့်မယ်”
ထိုသို့ပြောကာ ငြိမ်သွား၏။
ထိုနေရာမှ ပြင်းထန်သော အခြေအနေကြောင့် အခြား ကျင့်ကြံသူများလည်း ရောက်လာကြသည်။
မြင်ကွင်းမှာ အလွန်ထိတ်လန့်စရာပင်။
နှင်းပျံဂိုဏ်းမှ ကျင့်ကြံသူသည် ရုတ်တရက် ထအော်၏။
“မူယုံးယွဲ့ ဘာလုပ်တာလဲ။ ခေါင်းဆောင်ဖန်ကို ချက်ချင်း လွှတ်ပေးလိုက်”
မူယုံးယွဲ့မှာ ခပ်တည်တည်ဖြင့်
“ခေါင်းဆောင်လျှို ကျွန်မတို့ သဘောတူညီချက်ကို ဖြည့်ဆည်းရမယ့်အချိန် ရောက်ပြီ”
မိုးမုန်တိုင်းဂိုဏ်းခေါင်းဆောင် လျှိုမုန့်ဟူ အားရပါးရ ရယ်မော၍
“ရတာပေါ့ဗျာ”
မိုးမုန်တိုင်းဂိုဏ်းတပည့်များမှ နှင်းပျံဂိုဏ်းနှင့် စိတ်ဝိညာဉ်သားကောင်ဂိုဏ်းအား လျှပ်တစ်ပြတ် အနောက်မှ တိုက်ခိုက်လေသည်။
ချင်းရွှမ်ဂိုဏ်းသားများမှာတော့ အရှေ့မှ တိုက်ခိုက်၏။
ဤသို့ဖြင့် ချက်ချင်း တိုက်ပွဲကြီး ဖြစ်လာသည်။
နှင်းပျံဂိုဏ်းနှင့် စိတ်ဝိညာဉ်သားကောင်ဂိုဏ်းမှ ကျင့်ကြံသူများလည်း ရုတ်တရက် လန့်ဖျပ် ဒေါသထွက်ရင်း အားကုန်သုံးကာ ခုခံကြသည်။
သို့သော် အင်အားကြီးခေါင်းဆောင်မရှိ၍ အလျင်အမြန် အားနည်းကာ အပျက်အစီး များလာ၏။
အချို့မှာ အခြေအနေကို ချက်ချင်း သဘောပေါက်ပြီး အရှုံးပေးလာကြသည်။
မကြာမီ ထိုဂိုဏ်း (၂) ခုမှ ကျင့်ကြံသူအားလုံးကို ကြိုးတုပ်ပြီး အခြေအနေ ဖြစ်သွားသည်။
ကြိုးမှာ စိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်သော ရတနာဖြစ်သည်။
ဂိုဏ်းတိုင်းတွင်ရှိ၍ ဖန်တီးရလွယ်သော်လည်း အင်အားမှာ လျော့တွက်မရချေ။
တိုက်ပွဲကြီး ပြီးဆုံးမှ ချင်းရွှမ်နှင့် မိုးမုန်တိုင်းဂိုဏ်းသားများ သက်ပြင်းချနိုင်တော့သည်။
“ခေါင်းဆောင်လျှို”
မူယုံးယွဲ့ ဦးညွှတ် နှုတ်ဆက်လိုက်သည်။
“ဒါနဲ့ ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ”
ခေါင်းဆောင်လျှို အခုမှ အေးဆေး မေးနိုင်သည်။
မူယုံးယွဲ့ ရှန်မို့ကို လှမ်းကြည့်ကာ အသေးစိတ် ပြန်ပြောလိုက်သည်။
နားထောင်နေသော ကျင့်ကြံသူများမှာ အတော်ကြာအောင် မှင်တက်တိတ်ဆိတ်နေကြပြီး စိတ်ထဲတွင် ဝုန်းဒိုင်းကြဲနေ၏။
အဂ္ဂိရက်ပညာရှင်ကြီး၏ (၃) ခုမြောက်လိုဏ်ဂူမှာ ထောင်ချောက်ကြီး ဖြစ်နေမည်ဟု မထင်ထားချေ။ လွန်ခဲ့သော (၁၀) နှစ်က သေသွားပြီဟု ထင်ထားသော ကုဆန်းချိုးမှာ အသက်ရှင်နေခဲ့ပြီး နတ်ဆိုးကျင့်စဉ်များဖြင့် အဆင့်တက်ရန် ကြိုးစားနေခဲ့လေသည်။
“ကုဆန်းချိုးက ကြင်နာပြီး လူတိုင်းကို ကူညီတတ်တဲ့သူ ဖြစ်ခဲ့ဖူးတယ်ဆို။ သူ့ကို ဒီလို ပြောင်းလဲသွားမယ်လို့ တစ်ခါမှ မတွေးဖူးဘူး”
လျှိုမုန့်ဟူ သက်ပြင်းချကာ ပြော၏။
မူယုံးယွဲ့လည်း ခေါင်းငြိမ့်ပြ၍
“နတ်ဆိုးကျင့်စဉ်ဆိုတာ လူတစ်ယောက်ကို လူမဟုတ်တော့အောင် ပြောင်းလဲနိုင်တယ်လေ။ ကဲ အားလုံးပဲ ရှင်းလင်းပြီး ရတနာတွေလည်း အရင် ပြောထားတဲ့အတိုင်း ရှာတွေ့တဲ့သူ ရပါမယ်”
“ဒီလူတွေကိုတော့ အကြီးအကဲစုန်းနဲ့ အကြီးအကဲလီ ခေါ်သွားလိုက်ပါ”
အားလုံး ခေါင်းငြိမ့်ပြ၏။
ထို့နောက် ရတနာများ စရှာကြလေသည်။
ရှန်မိုမှာ နေရာတစ်ခုသို့ တန်းတန်းမတ်မတ် သွားလေ၏။
သူ ကုဆန်းချိုးနှင့် တိုက်ခိုက်ရင်း အခွင့်အရေးတစ်ခု တွေ့ထားသည်။
[လတ်တလောအခွင့်အရေး: ကျင့်ကြံသူများကို တိုက်ခိုက်ပြီးနောက် အလွန်ရှားပါးသော ပွင့်လွှာ (၁) ထောင် ကြာပွင့်ကို လိုဏ်ဂူအတွင်းဘက်အဆုံးတွင် ယူကာ ထိုက်ရိဝိညာဉ်အားဖြည့်ဆေး (၃) လုံး နှင့် ဉာဏ်အလင်းပွင့်ဆေး (၁) လုံးတို့ကို ပြုလုပ်နိုင်မည်]