← Chapters

ပိုင်ဆိုင်မှု ခွဲဝေခြင်း

Vol. 8 Ch. 119

ပိုင်ဆိုင်မှု ခွဲဝေခြင်း

Vol. 8 Ch. 119

ထိုက်ရိစိတ်ဝိညာဉ်အားဖြည့်ဆေးမှာ အလွန် ရှားပါး၍ တန်ဖိုးကြီးသောကြောင့် ရွှမ်ကျန်းဒေသတစ်ခုလုံးတွင် အနည်းငယ်သာ ရှိပြီး ဆေးကိုဖန်တီး ပြုလုပ်နိုင်သူမှာ ပို၍ပင် ရှားသေးသည်။

သို့သော် ရှန်မို့ ခန္ဓာကိုယ်မှာ ကောင်းကင်အဆင့် ရှိပြီး ထိုက်ရိဆေးမှာ မြေအဆင့်ဖြစ်သောကြောင့် သူ့အတွက် အကျိုးမထူးလှချေ။

အနည်းဆုံး မြေအဆင့်မြင့်ဖြစ်မှ သက်ရောက်နိုင်လိမ့်မည်။

သို့ရာတွင် အခွင့်အရေးကို လက်လွှတ်ခံမည်ဟုတော့ မဟုတ်ပါ။ သူ မသုံးလျှင်ပင် အခြားသူများအတွက် အဖိုးတန်၏။

ဥပမာ မူယုံးယွဲ့ သုံးလျှင် ခန္ဓာကိုယ်တည်ဆောက်ပုံ ပို၍ အားကောင်းလာကာ ရှန်မို့ဘဝပါ တည်ငြိမ်လာနိုင်သည်။

ထို့အပြင် ထိုက်ရိဆေးမှာ အလွန်တန်ဖိုးကြီးသောကြောင့် လေလံဆွဲခြင်းဖြင့်လည်း ဈေးကောင်း ရနိုင်၏။

လက်တစ်ထောင် ကြာပွင့်မှာတော့ ပိုအရေးကြီးလေသည်။

ရှန်မို အခန်း (၉) ဆီသို့ အမြန် ထွက်လာခဲ့၏။

ထိုကြာပွင့်မှာ ခြေတည်ဝိညာဉ်အဆင့် တက်သည့် ကျင့်စဉ်၌ ပါဝင်သည့် အရေးကြီးပစ္စည်း ဖြစ်သည်။

သူ တွေးရင်း စိတ်လှုပ်ရှားလာမိ၏။

ရှန်မိုလည်း တစ်ချိန်ချိန် ခြေတည်ဝိညာဉ်အဆင့် တက်နိုင်မည်ဟု တွေးထားသည်။

ထို့ကြောင့် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်၏။

ခြေတည်ဝိညာဉ်အဆင့်တွင် ရွှေအမြုတေသာမက ကြာပွင့်အခြေခံ အနည်းအများပေါ် မူတည်၍ အင်အား ကွာခြားနိုင်သည်။

ကြာ (၉) ပွင့် ခြေတည်ဝိညာဉ်မှာ တစ်လောကလုံးတွင် အင်အားအကြီးဆုံးဟု သတ်မှတ်ထား၏။

သို့သော် ထိုကဲ့သို့ ပျိုးထောင်နိုင်သူမှာ အလွန် နည်းပါးပြီး ကောင်းကင်အဆင့်အချို့ပင် မရနိုင်ပေ။

ရှန်မို၏ ငရဲမီးဖျက်ဆီးခြင်းကျင့်စဉ်မှာတော့ ကြာ (၉) ပွင့် ပျိုးထောင်နိုင်သည့် ကျင့်စဉ်မျိုး ဖြစ်၏။

လက်တစ်ထောင် ကြာပန်းသည်လည်း ထိုကျင့်စဉ်ထဲတွင် မှတ်သားထားသည် ရတနာ ဖြစ်လေသည်။

ရှန်မို အခန်း (၉) ဆီသို့ ချက်ချင်း ရောက်သွား၏။

အခန်းရှေ့တွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့ရပြီး မိုးမုန်တိုင်းဂိုဏ်းအကြီးအကဲ ဖြစ်သည်။

သူလည်း အထဲဝင်ရန် ပြင်နေစဉ် ရှန်မို့ကို တွေ့သောအခါ ပြုံးပြ၍

“ဒီနေရာကို ခေါင်းဆောင်ငယ်ရှန်အတွက် ထားလိုက်ပါတော့မယ်။ ကျွန်တော် တခြားအခန်း သွားလိုက်မယ်နော်”

ထိုအကြီးအကဲမှာ အသက်ငယ်ရွယ်ပြီး အလားအလာကောင်းများ ရှိ၏။

နတ်ဆိုးအရှင် ကျီမိုယဲ့မှပင် သဘောကျသည်ဟု ကောလာဟလများ ထွက်သေးသည်။

ထို့ကြောင့် ခင်မင်ထားသည်က ပိုကောင်းပါသည်။

ရှန်မို ပြုံး၍ နှုတ်ဆက်ကာ

“ကျေးဇူးအများကြီးတင်ပါတယ်ဗျာ”

ထို့နောက် အခန်းထဲ အေးဆေး ဆက်ဝင်သွားပြီး ရှာကြည့်ရာ စွမ်းအင်ပြန်လည်အားဖြည့်ဆေး (၂) ပုလင်းကို တွေ့ရ၏။

မကြာမီ စနစ်ကံကြမ္မာတွင် သိရသော လမ်းညွှန်မှုအရ ထောင့်နားတွင် အလှပန်းအိုးများကို တွေ့လေသည်။

သူ ပန်းအိုးတစ်ခုချင်းစီကို သေချာကြည့်ရင်း (၄) ခုမြောက် ပန်းအိုးအောက်၌ လမ်းကြောင်းတစ်ခု တွေ့ရ၏။

ထို့နောက် ထိုလမ်းကြောင်းအတိုင်း ဆင်းသွားပြီး လမ်းအဆုံးတွင် အလင်းရောင် ပိုမှိန်၍ အားလုံး ဝေဝါးနေ၏။

ရှန်မို သေချာ နားထောင်ကြည့်သောအခါ ရေစက်ကျသံအချို့ ကြားရသည်။

ထိုကဲ့သို့နေရာတွင် အသံကြောင့် ကြက်သီးထဖွယ် ကောင်းသော်လည်း ရှန်မို ဂရုမစိုက်ပါ။ အန္တရာယ်မရှိကြောင်း သူ သိပြီးဖြစ်သည်။

ထို့ကြောင့် ယုံကြည်ချက်ရှိရှိ ဆက်လျှောက်လာရင်း ရေကန်ငယ်ဆီသို့ ရောက်လာသည်။

ရေကန်ထဲတွင် သန့်စင်ကြည်လင်သော ကြာပွင့်တစ်ပွင့် ပေါက်နေ၏။ သို့သော် ပွင့်ဖက်များမှာ လူတစ်ယောက်လက်အတိုင်းဖြစ်နေပြီး အရေအတွက်လည်း အလွန်များသည်။

“အဲ့ဒါကြောင့် လက်တစ်ထောင်ကြာပွင့်လို့ ခေါ်တာကိုး။ နာမည်နဲ့ လိုက်ပါတယ်”

သူတွေးရင်း အနီးကပ်ကြည့်လိုက်သောအခါ လူ၏လက်ကဲ့သို့ မဟုတ်ဘဲ ပွင့်လွှာနှင့် တူသွား၏။

“ကုဆန်းချိုး ဒီကြာပွင့်ကို ရထားတာကြာပြီး ဒီနေရာမှာ သေချာ ပျိုးထောင်ထားတာ ထင်တယ်”

“အခုတော့ ငါပဲ အကျိုးအမြတ်ရပြီပေါ့”

ရှန်မို ပြုံး၍ ရေရွတ်လိုက်၏။

ထို့နောက် ဘေးဘီကိုကြည့်လိုက်သောအခါ သူ့အနောက်တွင် ကျောက်စားပွဲတစ်လုံး ရှိပြီး ထိုအပေါ်၌ ကျောက်စိမ်းပုလင်း (၂) ခု တင်ထားသည်။

ဘယ်ဘက်ပုလင်းပေါ်တွင် ထိုက်ရိ စိတ်ဝိညာဉ် အားဖြည့်ဆေး (၃) လုံးဟု ရေးထားပြီး ညာဘက်ပုလင်းပေါ်၌ ဉာဏ်အလင်းပွင့်ဆေး (၁) လုံးဟု ရေးထားလေ၏။

“လိုချင်တာ အကုန်ရပြီဆိုတော့ ပြန်ကြတာပေါ့”

ဤသို့ဖြင့် အဂ္ဂိရက်ပညာရှင်ကြီး၏ဂူတွင် လေ့လာရှာဖွေရေးမှာ လုံးဝ ပြီးဆုံးသွားတော့သည်။

အားလုံး ကုဆန်းချိုးကို ရှင်းခဲ့သည့်နေရာတွင် လူပြန်စုကြသည်။

လျှိုမုန့်ဟူ မျက်မှောင်ကြုတ်၍

“ကျွန်တော်တို့တော့ ထိုက်ရိစိတ်ဝိညာဉ် အားဖြည့်ဆေးကို တစ်လုံးတောင် ရှာမတွေ့ပါဘူး… ခင်ဗျားရော”

မူယုံးယွဲ့လည်း ခေါင်းယမ်းပြ၍

“တခြားဆေးတွေတော့ အများကြီးရပေမဲ့ ထိုက်ရိဆေး မပါဘူး”

“အကြီးအကဲတွေရော”

အားလုံး ခေါင်းယမ်းပြကြ၏။

လိုဏ်ဂူထဲရှိ တန်ဖိုးအကြီးဆုံးရတနာကို လုံးဝ ရှာမတွေ့သောကြောင့် ထူးဆန်းနေကြသည်။

ရှန်မို ရယ်မော၍

“မိုယုဟုန် ခေါင်းဆောင်လျှိုကို ပြောပြီးသား ထင်ပါတယ်။ ရတနာတွေဆိုတာ ထိုက်တဲ့သူမှ ရတာလေ”

လျှိုမုန့်ဟူ ခေါင်းငြိမ့်ပြ၍

“ဒါပေါ့ လက်ခံပါတယ်”

“ကျွန်တော်တို့မိုးမုန်တိုင်းကနေ ချင်းရွှမ်ဂိုဏ်းနဲ့ ပူးပေါင်းထားတာဆိုတော့ ဘာရတနာဖြစ်ဖြစ်၊ ဘယ်သူရရ ရတဲ့သူအပိုင်ပေါ့”

ရှန်မို ပြုံးလျက်

“ထိုက်ရိဆေးက ကျွန်တော်နဲ့ ရှိနေတာဗျ”

သူ ပြောပြောဆိုဆိုနှင့် ကျောက်စိမ်းပုလင်းကို ထုတ်ကာ လှုပ်ပြသည်။

လျှိုမုန့်ဟူ အလွန်ဝမ်းသာသွားကာ

“ကောင်းတာပေါ့ ကောင်းလိုက်တာ”

သူ ရှန်မို့ ရည်ရွယ်ချက်ကို နားလည်ပါသည််။

“ကျွန်တော်တို့ မိုးမုန်တိုင်းဂိုဏ်းက ဆေးကို ပြန်ဝယ်ပါ့မယ်။ ဈေးသာ ပြောပါ”

မူယုံးယွဲ့ မျက်မှောင်ကြုတ်ကာ

“နေဦး ရှန်လည်း ဆေးလိုတာပဲ။ ကျွန်မတို့ မရောင်းနိုငိဘူး”

ရှန်မို ခဏမှင်တက်နေပြီးမှ အားရပါးရ ရယ်မောမိသည်။

မူယုံးယွဲ့ သူ့ကို တွေးပေးလွန်း၏။

ထို့နောက် လှမ်းကြည့်၍ ခေါင်းယမ်းပြလိုက်ရာ မူယုံးယွဲ့ တစ်ခုခုကို သဘောပေါက်သွား၏။

ထို့နောက် သက်ပြင်းချ၍

“ကောင်းပြီလေ ခေါင်းဆောင်လျှိုက လိုချင်တယ်ဆိုတော့လည်း လက်ခံလိုက်ပါမယ်”

“ရတယ် ရပါတယ်ဗျာ”

လျှိုမုန့်ဟူ ဝမ်းသာသွားသည်။

ရှန်မို ခဏစဉ်းစားပြီးနောက်

“နှင်းပျံဂိုဏ်းမှာ နှငိးလိုဏ်ဂူဆိုပြီး ရှိတယ်ဆို”

သူ နတ်ဆိုးသံချပ်ကာဝတ်စုံ စမ်းသပ်ရန် သွေးစွမ်းအင် လိုအပ်၍ တွေးမိခြင်း ဖြစ်သည်။

သို့သော် ထိုနေရာကို နှင်းပျံဂိုဏ်းမှ ထိန်းချုပ်ထား၍ ယခုမှ လှုပ်ရှားခွင့် ရတော့သည်။

All Chapters