သစ္စာရှိသော လျှိုယွမ်ဖုန်
Vol. 8 Ch. 120
ထိုသို့ကြားမှ လျှိုမုန့်ဟူ သက်ပြင်းချကာ
“နားလည်ပါပြီ… နှင်းဂူထဲ ရတနာရှာဖို့ ဝင်ချင်တာမလား”
သူ ခပ်အေးအေး အမူအရာဖြင့်
“အဲ့ဒါက ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ မိုးမုန်တိုင်းဂိုဏ်းက စီးပြီးရင် ကြိုက်တဲ့ရတနာကို ကြိုက်သလောက်သာ ရှာတော့”
ရှန်မို ခေါင်းယမ်း၍
“မဟုတ်ဘူး မဟုတ်သေးဘူး။ ကျွန်တော် ပြောချင်တာက သိမ်မွေ့နက်နဲခြင်းအဆင့် နှင်းဂူကို ချင်းရွှမ်အပိုင် ဖြစ်စေချင်တာ”
မိုးမုန်တိုင်းဂိုဏ်းမှ အကြီးအကဲများ လန့်သွား၏။
လျှိုမုန့်ဟူလည်း ဒေါသထောင်းခနဲ ထွက်သွားလေသည်။
“ဒါတော့ လောဘကြီးလွန်းတာပဲ။ သိမ်မွေ့နက်နဲခြင်းအဆင့် နှင်းဂူက နှင်းပျံဂိုဏ်း ထိန်းချုပ်ထားတဲ့ အဖိုးတန်နေရာတွေထဲက တစ်ခုလေ။ ရေခဲနဲ့ ပတ်သက်တဲ့ ဆေးရွက်တွေ စိုက်တဲ့အခါ အဆင်ပြေပြီး တချို့ အထူးသတ္ထုတွေလည်း ထုတ်နိုင်တယ်”
“ကျွန်တော်တို့ မိုးမုန်တိုင်းဂိုဏ်းလည်း လိုချင်တာပဲ”
ရှန်မို ပြုံးလျက်
“ဒါဆိုလည်း ပြီးတာပဲပေါ့… ကျွန်တော့်ဘက်က ထိုက်ရိဆေးကိုလည်း ပေးစရာအကြောင်း မရှိတော့ဘူး”
လျှိုမုန့်ဟူ ခေါင်းကုတ်ကာ အတော်လေး စိတ်ရှုပ်သွားသည်။
အဆိပ်နွယ်ဂိုဏ်းမှလည်း ထိုက်ရိဆေး ယူလာရန် အမိန့်ပေးထား၏။
ထိုဆေးသာ ပြန်ပေးနိုင်လျှင် ဆုလာဘ်များစွာ ပြန်ရမည်မှာ အသေအချာပင်။
သို့သော် သိမ်မွေ့နက်နဲခြင်းအဆင့် နှင်းလိုဏ်ဂူသည်လည်း ချင်းရွှမ်ဂိုဏ်းလက်သို့ လွယ်လွယ် ပေးလိုက်နိုင်သောအရာ မဟုတ်ချေ။
လျှိုမုန့်ဟူ သက်ပြင်းချကာ
“ဒီကိစ္စက… တော်တော် အရေးကြီးတာပဲ။ ကျွန်တော့် အကြီးအကဲတွေနဲ့ ပြန်တိုင်ပင်လိုက်ပါဦးမယ်”
“ကောင်းပြီလေ စောင့်နေပါ့မယ် အကြီးအကဲလျှို”
ရှန်မို ရယ်မော၍ ပြောလိုက်၏။
သူ လောစရာအကြောင်းမရှိပါ။
လျှိုမုန့်ဟူသာ စိတ်ရှုပ်နေရခြင်း ဖြစ်သည်။
ဪ… တင်းကြပ်စွာ ကြိုးတုပ်ချည်နှောင်ထားခြင်း ခံရသော နှင်းပျံဂိုဏ်းခေါင်းဆောင် ဖန်လုံရှန်လည်း ပါ၏။
နှင်းဂူမှာ သူတို့ဂိုဏ်း၏ ပိုင်ဆိုင်မှု ဖြစ်သော်လည်း ယခုအခါ သူ့အရှေ့တွင်ပင် မိုးမုန်တိုင်းဂိုဏ်းနှင့် ချင်းရွှမ်တို့ အဝေမတည့် ဖြစ်နေကြသည်။
ဖန်လုံရှန်မှာ ရင်ကို ဓားဖြင့် လှီးသကဲ့သို့ နာကျင်ရ၏။
သူ အစတည်းက အားလုံးကို လိုဏ်ဂူထဲ အတူဝင်စေခဲ့ခြင်းမှာ အမှားကြီး ဖြစ်သွားသည်။
သူ ယခု နောင်တရနေသော်လည်း ပြန်မလှည့်နိုင်တော့ပေ။
“ခေါင်းဆောင်လျှို… နှင်းပျံဂိုဏ်းနဲ့ စိတ်ဝိညာဉ်သားကောင်ဂိုဏ်းရဲ့ တခြားပိုင်ဆိုင်မှုတွေလည်း စဉ်းစားတာပေါ့…နှင်းဂူကို နယ်နိမိတ်လို့ သဘောထားပြီး သူ့မြောက်ပိုင်းကို မိုးမုန်တိုင်းဂိုဏ်းအပိုင်၊ တောင်ဘက်ခြမ်းကိုတော့ ချင်းရွှမ်အပိုင်ဆိုပြီး သတ်မှတ်လိုက်မယ်”
မူယုံးယွဲ့မှ ဝင်ပြောလိုက်၏။
လျှိုမုန့်ဟူ ခေါင်းငြိမ့်ပြကာ
“ကောင်းပါပြီ အခုတော့ ဒီအတိုင်း လုပ်လိုက်တာပေါ့…ကျွန်တော်တို့ ဂိုဏ်း (၂) ခုက မိတ်ဖက်တွေပဲ… မိတ်မပျက်ချင်ပါဘူး”
“နှင်းဂူကိစ္စကတော့…(၃) ရက်အတွင်း အကြောင်းပြန်ပါ့မယ်”
“ကောင်းပါပြီ”
ဤသို့ဖြင့် အဂ္ဂိရက်ပညာရှင်ကြီး၏ လိုဏ်ဂူရှာဖွေရေး တရားဝင် ပြီးသွားတော့သည်။
အားလုံး အန္တရာယ်ရှိသော အကာအကွယ်များကို ဂရုတစိုက်ဖြတ်၍ ဂူအပြင်သို့ ထွက်လာကြသည်။
ကျင့်ကြံသူများသည် ပြင်ပနေရောင်ခြည်ကိုတွေ့ကာ ခံစားချက်မျိုးစုံ ဖြစ်နေ၏။
သေခါနီရအချိန်များစွာကို ခဏအတွင်း ခံစားလိုက်ကြရသည်။
အပြင်တွင် စောင့်နေသော အလွတ်တန်း ကျင့်ကြံသူများလည်း အံ့ဩနေ၏။
ပြီးသွားပြီလား။
ဒါနဲ့ ဘာလို့ လူတွေ အရမ်းနည်းနေတာလဲ။
ဝင်သွားတုန်းက အယောက် (၄၀) လောက် ရှိတာကို အခု ပြန်ထွက်လာတာ (၂၀) တောင် မပြည့်တော့ဘူး။
ကျင့်ကြံသူများ ထိတ်လန့်လျက် အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။
ထို့နောက် ပို၍ လန့်စရာမြင်ကွင်းမှာ နှင်းပျံဂိုဏ်းနှင့် စိတ်ဝိညာဉ်သားကောင်ဂိုဏ်းမှ အဖွဲ့များ ကြိုးတုပ်ခံရပြီး ထွက်လာကြ၏။
နှင်းပျံဂိုဏ်းခေါင်းဆောင် ဖန်လုံရှန်လည်း အဖမ်းခံထားရပြီး မျက်နှာ အတော်ပျက်နေသည်။
စိတ်ဝိညာဉ်သားကောင်ဂိုဏ်း ခေါင်းဆောင်ကိုတော့ လုံးဝမတွေ့ရချေ။
အလွတ်တန်းကျင့်ကြံသူအချို့မှာ အချင်းချင်း အုပ်စုဖွဲ့၍ ထိုဂိုဏ်း (၂) ခုမှ ပိုင်ဆိုင်မှုများ လုရန် ထွက်သွားကြလေပြီ။
ခေါင်းဆောင်မရှိချိန်တွင် လှုပ်ရှားရန် အသင့်တော်ဆုံး ဖြစ်၏။
ယခုအခွင့်အရေးအား မဆုပ်ကိုင်နိုင်လျှင် လုံးဝ လွတ်သွားတော့မည်။
“ခေါင်းဆောင်လျှို ဒါဆို အခုတော့ လမ်းခွဲကြတာပေါ့”
မူယုံးယွဲ့ ဦးညွှတ်နှုတ်ဆက်လိုက်၏။
“နှင်းပျံဂိုဏ်းသားတွေကို ရှင်ပဲ ခေါ်သွားလိုက်ပါ။ ကျွန်မတို့က စိတ်ဝိညာဉ်သားကောင်ဂိုဏ်းသားတွေ ခေါ်သွားလိုက်မယ်”
လျှိုမုန့်ဟူ မျက်နှာပျက်နေသော ဖန်လုံရှန်ကိုကြည့်၍ ရယ်မောကာ
“ကျွန်တော်လည်း အဲ့လိုပဲ တွေးပါတယ်… ခေါင်းဆောင်ဖန် ကျွန်တော်နဲ့ လိုက်ခဲ့နော်… အစားအသောက်ကောင်းကျွေးပြီး ကောင်းကောင်းထားမှာပါ”
မိုးမုန်တိုင်းဂိုဏ်းနှင့် နှင်းပျံဂိုဏ်း၏ ရန်ညှိုးများမှာ အလွန်ကြီးမားသည်။
နှင်းပျံဂိုဏ်းမှ အလစ်ဝင်တိုက်၍ ထူးချွန်သော တပည့်များစွာ သေဆုံးသွားရသည်များလည်း ရှိ၏။
ထို့ကြောင့် အချိန်အတော်ကြာအောင် ဒေါသများကို ဆုပ်ကိုင်ထားလေသည်။
ယခုတော့ လွှတ်ချရမည့်အချိန် ရောက်လေပြီ။
ထို့နောက် လမ်းခွဲ၍ ပြန်သွားကြ၏။
သူတို့ပြန်သွားသည်နှင့် အလွတ်တန်း ကျင့်ကြံသူများ လိုဏ်ဂူထဲ အမြန်ဝင်ကာ ပစ္စည်းအကျန်များ ရှိမည်လားဟု အပြေးကြည့်ကြလေသည်။
…
တစ်ဖက်တွင်။
ချင်းရွှမ်ဂိုဏ်းသို့အပြန်တွင် မူယုံးယွဲ့ တာဝန်များ ခွဲဝေပေး၏။
တစ်ဖွဲ့တွင် မြုတေဖွဲ့စည်းခြင်းအဆင့် (၂) ဦးကို အဆင့်ငယ်တပည့်များအား ဦးဆောင်စေကာ နှင်းပျံဂိုဏ်းနှင့် စိတ်ဝိညာဉ်သားကောင်ဂိုဏ်းတို့၏ ပိုင်ဆိုင်မှုများ ရယူရန် စေလွှတ်လေသည်။
အလွတ်တန်းကျင့်ကြံသူအချို့မှာ ပါးနပ်၍ သူတို့ နောက်ကျသွားလျှင် အခွင့်အရေးများ ဆုံးရှုံးနိုင်ပါသည်။
ရှန်မိုမှာတော့ ခေါင်းဆောင်ငယ်အနေဖြင့် ထိုကဲ့သို့ ကိစ္စများကို ဝင်ပါနေရန် မလိုချေ။
လက်နက်ကြီးအဆောင်သို့သာ တန်းပြန်လာခဲ့သည်။
သူ ပြန်ရောက်သည်နှင့် လျှိုယွမ်ဖုန်မှ ပြုံးရွှင်၍ နှုတ်ဆက်လေသည်။
“ခေါင်းဆောင်ငယ် ပြန်ရောက်ပြီလား လိုဏ်ဂူကိစ္စတွေ အေးဆေး ပြီးသွားတယ်ထင်တယ်”
ရှန်မိုလည်း ပြုံးလျက်
“လက်ထောက်ခေါင်းဆောင်လျှိုကမှ လက်နက်ကြီးအဆောင်ကို စောင့်ရှောက်ရတာ ပိုပင်ပန်းပါဦးမယ်… အားလုံး အေးဆေးပဲလားဗျ”
လျှိုယွမ်ဖုန် ခေါင်းငြိမ့်ပြသည်။
“စိတ်သာချ… အလွတ်တန်းကျင့်ကြံသူ နည်းနည်းပါးပါးတော့ ကျင့်စဉ် လာခိုးကြပေမဲ့ ကျွန်တော် အကုန် ဖမ်းပြီး ရှင်းလိုက်ပြီ”
ရှန်မို ရယ်မော၍
“မြန်လှချည်လား… သူတို့နောက်မှာ ဘယ်သူရှိလဲ စုံစမ်းသင့်တာ မဟုတ်ဘူးလား”
လျှိုယွမ်ဖုန် ခေါင်းယမ်းပြကာ
“သူတို့က အလကား အလွတ်တန်း ကျင့်ကြံသူတွေပါ။ နောက်ကွယ်မှာလည်း ဘယ်သူမှ မရှိဘူး… ခေါင်းဆောင်ငယ် အတွေးလွန်နေပြီ”
“လက်ထောက်ခေါင်းဆောင်လျှိုက သစ္စာရှိတော့လည်း ကျွန်တော် စိတ်ချထားလိုက်ပါမယ်”
လျှိုယွမ်ဖုန် ရယ်မောလျက်
“ခေါင်းဆောင်ငယ် လိုဏ်ဂူထဲက ပြန်လာတော့ ပင်ပန်းလာမှာပေါ့… ကျွန်တော် အစားအသောက်တွေ ပြင်ထားတယ်… ခဏနေ လာပို့ပါလိမ့်မယ်”
“အစားကောင်းကောင်းစားပြီး နားလိုက်ပါဦး”
“ဂရုစိုက်ပေးတာ ကျေးဇူးပါဗျာ”
ရှန်မို သူ့အဆောင်ထဲ ဝင်သွားသောအခါ လျှိုယွမ်ဖုန့်အပြုံးမှာ ပျောက်ကွယ်သွားသည်။
လိုဏ်ဂူအတွင်း ဖြစ်ပျက်ခဲ့သည်များအား ကြားထားပြီး ဖြစ်ပါသည်။
ရှန်မိုလည်း အပြုံးများ လျော့သွား၏။
လျှိုယွမ်ဖုန် ရှင်းလိုက်သည့် ကျင့်ကြံသူများမှာ ကျင့်စဉ်ခိုးရန် သူကိုယ်တိုင်ခိုင်းခြင်းဖြစ်ပြီး ရှာမတွေ့၍ လက်စဖျောက်ခြင်း ဖြစ်နိုင်သည်။
“ဒီလူ တော်တော် အခြေအနေ သိတာပဲ”
ရှန်မို ရယ်မောကာ ကုတင်ပေါ် ထိုင်၍ ရတနာများ ထုတ်လိုက်၏။
“ရထားတာတွေတော့ အများကြီးပဲ… အဂ္ဂိရက်ပညာရှင်ကြီးရဲ့ လိုဏ်ဂူ ပီသပါပေတယ်”
သူ ကျေနပ်စွာ ပြုံးမိသည်။