← Chapters

အခန်း (၅၁၉)

Vol. 35 Ch. 519

အခန်း (၅၁၉)

Vol. 35 Ch. 519

နျဥ်ယွိယွမ် ဤကာလအတွင်း အလွန်အလုပ်များခဲ့သည်ကို သူမ သိသည်။

အထက်လူကြီးများသည် စစ်တပ်ကို ပြန်လည်ဖွဲ့စည်းရန် ကြာမြင့်စွာကတည်းက ရည်ရွယ်ထားသော်လည်း သင့်တော်သောလူကို မတွေ့ရှိသေးခင်တွင် နျဥ်ယွိယွမ်၏ ခန့်အပ်မှုသည် အချိန်ကိုက်ဖြစ်သွားပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ အလွန်အလုပ်များနေခဲ့သည်။

သို့သော်လည်း သူသည် သူမအတွက် ဤအခြေအနေကို စုံစမ်းရန် အချိန်ပေးခဲ့သည်။

"ကျေးဇူးတင်ပါတယ်။"

မော့ချူး၏မျက်လုံးများသည် ကွေးညွတ်သွားပြီး သူမဆံပင်ကို ပွတ်သပ်ပေးနေသော နျဥ်ယွိယွမ်၏ လက်ကြီးကို လှမ်းယူကာ သူ့လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

"ငတုံးမလေး၊ မင်းနဲ့ကိုယ့်ကြားမှာ ဒါတွေပြောဖို့လိုသေးလို့လား။"

သူတို့နှစ်ဦး၏ လက်များကို ကြည့်ရင်း နျဥ်ယွိယွမ်၏ မျက်လုံးများထဲရှိ နွေးထွေးမှုသည် ပိုနက်ရှိုင်းလာခဲ့သည်။ သူသည် ညင်သာစွာဖြင့် ပိုနီးကပ်သွားပြီး မော့ချူး၏ လက်ဖမိုးပေါ်သို့ အနမ်းတစ်ပွင့်ကို ခြွေချလိုက်သည်။

နျဥ်ယွိယွမ်၏ လေသံထဲတွင် နောင်တရသည့်အရိပ်အယောင်တစ်ခု ပါနေခဲ့သည်။ "ကိုယ် အခုတလော အရမ်းအလုပ်များနေတယ်။ ကိုယ် မင်းကို အဖော်မပြုပေးနိုင်မှာစိုးတယ်။ ဒါပေမဲ့ ကိုယ် ကျုံးဝမ်ကို မှာထားပြီးသားပါ။ တစ်ခုခုရှိရင် သူ့ကိုသာ သွားရှာလိုက်။"

ကျုံးဝမ်၏ ဆေးပညာကျွမ်းကျင်မှုသည် အဖွဲ့ချုပ်တစ်ခုလုံးတွင် အကောင်းဆုံးများထဲမှ တစ်ဦးဖြစ်သောကြောင့် သူသည်လည်း ဤတွေ့ဆုံပွဲသို့ ဖိတ်ကြားချက်ရရှိထားသည်မှာ သဘာဝကျပေသည်။

"ဖိအားရှိတယ်လို့ ခံစားရစရာမလိုဘူး။ ဒါကို ခရီးတစ်ခုသွားတယ်လို့ပဲ သဘောထားလိုက်။"

အကယ်၍ နျဥ်ယွိယွမ်၏ စကားများကို အခြားဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ ကြားခဲ့ပါက သူတို့ မျက်ရည်များကျလာပေလိမ့်မည်။

ခရီးတစ်ခုသွားတယ်ဆိုတာ သူဘာကို ဆိုလိုတာလဲ။ ဤတွေ့ဆုံပွဲသည် အလွန်အလေးအနက်ထားရပြီး အရေးကြီးသည် မဟုတ်လား။ သူမတို့ သွားချင်လျှင်ပင် သွားနိုင်မည်မဟုတ်ပေ။

"နောက်ပြီးတော့ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ဖို့ကြိုးစားရင် ယဉ်ကျေးမနေနဲ့။ ရက်ရက်စက်စက် ပြန်တုံ့ပြန်လိုက်။ အခြေအနေအရမ်းဆိုးသွားရင်တောင်မှ ကိုယ်တို့ မင်းနောက်မှာရှိတယ်။"

နျဥ်ယွိယွမ်သည် အမြဲတမ်း စကားနည်းသူတစ်ဦးဖြစ်ပြီး မော့ချူး၏ ရှေ့တွင်သာ ဤမျှရှည်လျားသော စကားများကို ပြောခဲ့သည်။ သူသည် သူ့နှလုံးသားလေးကို အခြားသူများက အနိုင်ကျင့်မည်ကို စိုးရိမ်နေသည်။

"အင်း၊ စိတ်မပူနဲ့၊ ကျွန်မ နားလည်ပါတယ်။"

မော့ချူး ပြုံးကာ ခေါင်းညိတ်လိုက်သည်။

သူမ၏ လက်များသည် နျဥ်ယွိယွမ်၏ လက်ဖဝါးကြီးကို မသိစိတ်ဖြင့် ကစားနေခဲ့သည်။

"ဒါပေမဲ့ ဒီတွေ့ဆုံပွဲက တန်ဖိုးကြီးတယ်လေ။ ရန်ငြိုးတွေရှိရင်တောင်မှ သူတို့က သိသိသာသာကြီးတော့ လုပ်ကြမှာမဟုတ်ဘူးမလား။"

........

သိပ်မကြာခင်မှာပင် မော့ချူးသည် သူမ အလွန်အပြစ်ကင်းစင်နေသေးကြောင်း သဘောပေါက်သွားသည်။

သိသိသာသာကြီး မလုပ်ကြဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။

ဒီလူအုပ်စုသည် ပို၍ပင် သိသာထင်ရှားအောင် မလုပ်နိုင်တော့မည်ကို စောင့်ဆိုင်းနေသကဲ့သို့ပင်။

ရက်အနည်းငယ်အကြာတွင် မော့ချူးသည် မဟူရာ သမုဒ္ဒရာ ဂလက်ဆီရှိ ကြယ်တာရာအစည်းအဝေးသို့ ခြေချလိုက်သောအခါ သူမသည် အမှန်တကယ်ပင် လူတိုင်း၏ ဝိုင်းပယ်ခြင်းကို ခံနေရသည်ကို အံ့အားသင့်စွာ သဘောပေါက်သွားသည်။

ကြီးမားကျယ်ပြန့်သော အစည်းအဝေး ခန်းမကြီးထဲတွင် သူမတစ်ဦးတည်းသာ ထောင့်တစ်နေရာတွင် ရပ်နေသည်။ သူမ၏ ပတ်ဝန်းကျင် သုံးမီတာအကွာသည် လေဟာနယ်ဇုန်တစ်ခုအဖြစ် လုံးဝဖြစ်နေပြီး လူတစ်ဦးတစ်ယောက်မျှ မရှိချေ။ သူမပတ်ဝန်းကျင်ရှိလူများသည် ပျော်ရွှင်စွာ သောက်စားစကားပြောနေကြသော်လည်း သူမဘက်ခြမ်းမှာမူ အေးစက်တိတ်ဆိတ်နေခဲ့သည်။ ထိုခြားနားမှုသည် ရှင်းလင်းပြတ်သားလွန်းလှသည်။

အတန်းအစားတိုင်းတွင် သူတို့၏ သီးခြားအသိုင်းအဝိုင်းများ ရှိကြသည်။

ဤဖလှယ်ပွဲကဲ့သို့ပင် တက်ရောက်နိုင်သူများသည် အခြေခံအားဖြင့် ဂလက်ဆီတိုင်းမှ ထိပ်တန်းဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများသာ ဖြစ်ကြသည်။ သူတို့တွင် မာနနှင့် ကျောရိုးမရှိဟု ပြော၍မရနိုင်ပေ။

ဒီ မော့ချူး ဟူသော မိန်းကလေး၏ အမည်ကို သူတို့ အစောကြီးကတည်းက ကြားဖူးခဲ့ကြသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဖလှယ်ပွဲတစ်ခုစီတိုင်း၌ တက်ရောက်မည့်သူ ဆယ်ယောက်ခန့်သာရှိသည်။ လူတိုင်းတွင် ကိုယ်ပိုင်အတွေးအခေါ်များ ရှိကြ၏။ တစ်ယောက် သို့မဟုတ် နှစ်ယောက် ထပ်တိုးခြင်း သို့မဟုတ် လျော့သွားခြင်းသည် အထူးပင် နေရာလွဲမှားနေသကဲ့သို့ ထင်ရစေသည်။

ထို့ကြောင့်ပင် မော့ချူးသည် ပွဲကျင်းပရာနေရာသို့ မဝင်လာခင်ကတည်းက လူတိုင်း၏ စူးစမ်းလိုစိတ်ကို နှိုးဆွနေခဲ့ပြီးဖြစ်သည်။ သူမကို လူကိုယ်တိုင်မြင်လိုက်ရသောအခါတွင်တော့ လူတိုင်း မျက်မှောင်ကြုတ်မိကြပြီး သူမအပေါ်ထားရှိသော သူတို့၏ အထင်အမြင်များမှာလည်း ထိုးကျသွားလေတော့သည်။

ဆေးဘက်ဆိုင်ရာ ပညာရပ်သည် အခြားသော အသက်မွေးဝမ်းကျောင်းများကဲ့သို့ မဟုတ်သည်ကို သိထားရပေမည်။ ဆေးပညာတွင် ဖြတ်လမ်းဟူ၍ ဘယ်သောအခါကမှ မရှိခဲ့ပေ။

မော့ချူး၊ ဒီမိန်းကလေးသည် သေးငယ်ပြီး ချစ်စဖွယ်ကောင်းသော ဘောလုံးလေးတစ်လုံးနှင့် တူနေသည်။ သူမသည် အတော်လေး ချောမောလှပသော်လည်း အမြင်အရဆိုလျှင် သူမသည် အရွယ်ပင်မရောက်သေးသည့်အလားပင်။ လူအများမသိသော ကောင်မလေးတစ်ယောက်က ရုတ်တရက် ခုန်တက်လာပြီး ဤဖလှယ်ပွဲတွင် ပါဝင်ရန် နေရာတစ်ခု ရရှိသွားခဲ့သည်လား။

သူမက အဖွဲ့ချုပ်မှ နျဥ် မိသားစုကို သစ္စာခံမည်ဟု ကျိန်ဆိုခဲ့သည့်ကိစ္စက အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့ပြီး ထို့ကြောင့်ပင် သူတို့က သူမအတွက် နောက်ဖေးပေါက် ဖွင့်ပေးခဲ့ခြင်း ဖြစ်နိုင်မလား။ သံသယဖြစ်ဖွယ်မရှိဘဲ ဤသည်မှာ ရှိနေသူအများစု၏ အတွေးပင် ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် မော့ချူး၏ နုနယ်သောမျက်နှာသည် အမှန်ပင် အလွန်လှည့်စားနိုင်စွမ်းရှိလှသည်။

ထို့ကြောင့် အောင်မြင်မှုကို လျင်မြန်စွာ ရယူလိုပြီး အမြတ်ထုတ်လိုသည်ဟု သူတို့ထင်မြင်နေကြသော ထိုကဲ့သို့ ဂျူနီယာတစ်ယောက်ကို ရင်ဆိုင်ရသည့်အခါ ဤအလွန်လေးစားခံရသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူအုပ်စုသည် သူမကို အမှန်ပင် မနှစ်သက်ကြချေ။ ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ လူတိုင်းက မော့ချူးကို တစ်ယောက်တည်းဖြစ်အောင် ဝိုင်းပယ်ထားကြသည်။

အစပိုင်းတွင် သူတို့က မော့ချူးသည် ဤအခြေအနေကို ရင်ဆိုင်ရချိန်တွင် ထိတ်လန့်မနေလျှင်တောင်မှ အနည်းဆုံးတော့ စိုးရိမ်ကြောင့်ကြမှုအနည်းငယ် ရှိလိမ့်မည်ဟု ထင်ခဲ့ကြသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဤမိန်းကလေးသည် ကျက်သရေရှိသော အသွင်အပြင် ရှိနေခဲ့သည် မဟုတ်ပါလား။ သူမ၏ မျက်နှာထက်တွင် အပြုံးရေးရေးတစ်ခု အမြဲရှိနေခဲ့သည်။ ထို့အပြင် သူမ၏ ရုပ်သွင်များသည် ပန်းချီကားတစ်ချပ်ကဲ့သို့ပင် သိမ်မွေ့သန့်စင်လှသည်။ ခဏတာအတွက်တော့ ဒါက လူအများအပြား၏ သူမအပေါ်ထားရှိသော အမြင်များကို ပြန်လန်းဆန်းသွားစေခဲ့သည်။

မော့ချူးသည် အမြဲတစေ သူမကိုယ်သူမ ကျေနပ်ရောင့်ရဲနိုင်သော လူတစ်ယောက်ဖြစ်ခဲ့သည်။ အခြားသူများက သူမကို လျစ်လျူရှုထားသည့်အခါတွင်ပင် သူမသည် စိတ်အေးလက်အေး ရှိနေဆဲပင်။

ထို့ကြောင့် သူမသည် ပွဲကျင်းပရာနေရာတဝိုက်တွင် တစ်ယောက်တည်း လမ်းလျှောက်နေခဲ့သည်။

ပွဲကျင်းပရာနေရာသည် အလွန်ကျယ်ဝန်းသော်လည်း ဟာတာတာဖြစ်နေပုံမရပေ။

သူမဘေးရှိ ရွှေချထားသော စင်ရှည်ပေါ်တွင် ကျောက်စိမ်းဘူးများနှင့် ကျောက်စိမ်းပုလင်းများ တန်းစီလျက်ရှိသည်။ အတွင်းထဲတွင်တော့ ဤဖလှယ်ပွဲသို့ ပါဝင်တက်ရောက်ကြသော အမျိုးမျိုးသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ဖော်စပ်ထားသော နောက်ဆုံးပေါ်ဆေးဝါးများ အားလုံးရှိနေသည်။ အချို့မှာ ထိုးဆေးများ၊ အချို့မှာ ဆေးလုံးများ၊ နှင့် အချို့မှာ ဆေးမှုန့်များ ဖြစ်ကြပြီး... များပြားလှသော အမျိုးအစားကွဲများကြောင့် မော့ချူးမှာ မျက်စိကျိန်းသွားရသည်။

အမှန်တကယ်တွင် သူမကိုယ်တိုင် ပြုလုပ်သော စိတ်ဝိညာဉ်အစားအစာသည် အတိုင်းအတာတစ်ခုအထိ ဆေးဝါးဟု မှတ်ယူနိုင်ပေသည်။

ထို့ကြောင့်ပင် သူမသည် ဤညီလာခံသို့ ပါဝင်တက်ရောက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူမသည် အကောင်းဆုံးများထဲမှ အကောင်းဆုံးများကို ဆွဲဆောင်နိုင်ပြီး စိတ်ဝိညာဉ်အစားအစာ ထုတ်လုပ်မှုကို တိုးချဲ့နိုင်မည်လားဆိုသည်ကို သိလိုခဲ့သည်။

"ကျစ်! နင်က ကိုယ်ဘာကို ကြည့်နေတယ်ဆိုတာရော သိ ရောသိရဲ့လား" ရုတ်တရက် မထီမဲ့မြင်ပြုမှုနှင့် လှောင်ပြောင်သရော်သံတို့ဖြင့် ပြည့်နှက်နေသော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာသည်။

မော့ချူးသည် ခေါင်းလှည့်ကြည့်လိုက်ရာ ချောမောသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူ့မေးသည် ယခုအချိန်တွင် အနည်းငယ်မော့နေပြီး သူ၏ မာန်တက်နေသော ဒေါင်းကဲ့သို့ ဟန်ပန်သည် လူများကို အလိုအလျောက် ပြုံးမိစေသည်။

"ဘာကို ရယ်နေတာလဲ" ထိုကောင်လေး၏ အကြည့်မှာ အတော်လေး စူးရှလှသည်။ သူသည် မော့ချူး၏ မျက်လုံးများထဲရှိ အပြုံးကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ခဲ့ပြီး အမြီးအနင်းခံလိုက်ရသော ယုန်တစ်ကောင်ကဲ့သို့ ချက်ချင်း ခုန်ပေါက်လိုက်သည်။ "နောက်ဖေးပေါက်ကနေ ဝင်လာတဲ့ မိန်းမတစ်ယောက်က ရယ်ရဲလောက်အောင် မျက်နှာပြောင်တိုက်နိုင်သေးတယ်ပေါ့ ဟုတ်လား? နင် ရှက်တတ်ရဲ့လား"

"ငါက… နောက်ဖေးပေါက်က ဝင်လာတာ ဟုတ်လား" ထိုစကားကိုကြားသောအခါ မော့ချူး အနည်းငယ် ကြောင်အသွားမိသည်။ သူမသည် အခြားသူများ၏ မျက်နှာအမူအရာများကို ဝေ့ကြည့်လိုက်မှ ဤငြင်းပယ်ခံရခြင်း၏ အရင်းမြစ်မှာ မည်သည့်နေရာတွင် ရှိသည်ကို နားလည်သွားခဲ့သည်။

"နင် သိရင် မြန်မြန် ထွက်သွားလိုက်တော့။ နင်တစ်ယောက်တည်းကြောင့် ငါတို့ ဖလှယ်ပွဲတစ်ခုလုံးရဲ့ အရည်အသွေးကို လာပြီး မဆွဲချနဲ့"

ထိုကောင်လေးသည် မော့ချူး၏ မေးခွန်းကို ဝန်ခံချက်တစ်ခုအဖြစ် မှတ်ယူလိုက်သည်။ သူ၏ သိမ်မွေ့သော မျက်လုံးများသည် အနည်းငယ် ပင့်တက်သွားပြီး အလွန်အမင်း မာန်တက်နေပုံရသည်။

မော့ချူး ဘာမှမပြောဘဲ ထိုလူငယ်လေးကို အတန်ကြာအောင် ဂရုတစိုက် စိုက်ကြည့်နေခဲ့သည်။

မည်သည့်အညစ်အကြေးမှ မပါဝင်သော ဤအကြည့်ကြောင့် ထိုလူငယ်လေးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားမိသည်။ သို့သော်လည်း သူ၏ ဖြူဖွေးသော အသားအရေသည် နီမြန်းရောင်သန်းသွားခြင်းကို မတားဆီးနိုင်ခဲ့ပေ။ သူက ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဘာကို ကြည့်နေတာလဲ? ဒီလောက် ချောတဲ့လူကို တစ်ခါမှ မမြင်ဖူးဘူးလား"

"မြင်ဖူးတယ်လေ"

မော့ချူး ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။ သူမ၏ အဖြေကြောင့် ထိုလူငယ်လေးမှာ ထိုနေရာတွင်ပင် စကားအစရှာမရလောက်အောင် မှင်သက်သွားခဲ့သည်။

အမှန်တကယ်တွင် ဤလူငယ်သည် အတော်လေး ရုပ်ရည်ကောင်းမွန်သူဖြစ်သည်။ သူ၏ ရုပ်သွင်များသည် သိမ်မွေ့ပြီး ထူးခြားပြတ်သားသည်။ သူ့ကို ‘ချောမောသော လူငယ်လေး’ ဟု အသေအချာ ခေါ်ဆိုနိုင်ပေသည်။ သို့သော် မော့ချူး၏ ပတ်ဝန်းကျင်တွင် ရုပ်ရည်ချောမောသူများစွာ ရှိနေခဲ့သည်သာ။

နျဥ်ယွိယွမ်ကို ထည့်မပြောလျှင်တောင် သူမ၏ အစ်ကိုကြီး၊ မိုးကျရွှေကိုယ် စုန့်နှင့် ရှန့်ယီတို့အားလုံးတွင် ကိုယ်ပိုင်အားသာချက်များ ရှိကြသည်။ သူမ၏ရှေ့မှ ဤလူငယ်လေးနှင့် နှိုင်းယှဉ်လျှင် သူတို့က ပို၍ ရင့်ကျက်ကြသည်။

"ရှင်က… ရှဲ့ချွင်ရှီးလား"မော့ချူးသည် နှုတ်ခမ်းကို အနည်းငယ် ကွေးလိုက်သည်။ သူမသည် ယခုအခါ သူမရှေ့မှ လူငယ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို အနည်းငယ် နားလည်သွားခဲ့ပြီဖြစ်သည်။

သူသည် မဟူရာသမုဒ္ဒရာ ဂလက်ဆီမှ နာမည်ကြီး ပါရမီရှင်တစ်ယောက် ဖြစ်သည်။

သူက ဆေးဘက်ဆိုင်ရာနယ်ပယ်တွင် ကောင်းသတင်းရှိရုံသာမက သူ၏ အထူးစွမ်းရည်များ လေ့ကျင့်ရာတွင်လည်း သူ့ကို လျှော့တွက်၍ မရနိုင်ပေ။ အသက် ၂၅ နှစ်တွင် သူသည် အဆင့်မြင့် အဆင့် ၉ ဖြစ်နေခဲ့ပြီဖြစ်သည်။ သူ၏ အလားအလာသည် အမှန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။

ဤကဲ့သို့ အားကောင်းသော ခွန်အားတိုးတက်မှုနှင့်အတူ ဒီလူငယ်သည် ဒေါင်းတစ်ကောင်ကဲ့သို့ မာနကြီးနေသည်မှာ အံ့ဩစရာ မရှိပေ။

"ဟွန်း! ငါဟုတ်တော့ရော ဘာဖြစ်လဲ" ထိုလူငယ်သည် မျက်လုံးကို လှန်လိုက်ပြီး မော့ချူး ကို တစ်ချက်ကြည့်လိုက်သည်။ "ငါ နင့်ကို ပြောလိုက်မယ်၊ ငါ့ကို မြှောက်ပင့်ပြီးတော့ လွတ်သွားမယ်လို့ မထင်နဲ့။ နင်လာတဲ့နေရာကို ပြန်သွားလိုက်တော့"

"ရှင့်ကို မြှောက်ပင့်တယ် ဟုတ်လား" မော့ချူးသည် သူမ၏ ရယ်ချင်စိတ်ကို ထိန်းလိုက်ရာ သူမ၏ မျက်လုံးများမှာ ပို၍ပင် ကွေးညွတ်သွားခဲ့သည်။

"ကျွန်မက ရှင့်ကို ဘာလို့ မြှောက်ပင့်ရမှာလဲ"

အကြောင်းတစ်ခုခုကြောင့် မော့ချူးသည် ဤလူငယ်၏ စိတ်နေသဘောထားသည် ဝိုင်းဝိုင်းနှင့် အနည်းငယ် ဆင်တူသည်ဟု ခံစားမိလိုက်သည်။ သူသည် အမြဲတစေ 'ငါက ဘော့စ်' ဟူသော ခက်ထန်မာကျောဟန်ဆောင်သည့် အမူအရာကို ပြသလေ့ရှိသော်လည်း နောက်ဆုံးတွင်တော့ သူ့လက်ကို ဆန့်ကာ ညင်သာစွာ ထိုးလိုက်ရုံဖြင့် သူ၏ အတွင်းစိတ်မှာ ဝါဂွမ်းကဲ့သို့ နူးညံ့နေခဲ့သည်။

သို့သော်လည်း ဒီလူငယ်သည် ဝိုင်းဝိုင်းကဲ့သို့ နာခံတတ်သူ မဟုတ်ပေ။ မော့ချူး၏ စကားကို ကြားသောအခါ သူ၏ ချောမောသော မျက်နှာလေးသည် ရုတ်တရက် တောင့်တင်းသွားပြီး မော့ချူးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

All Chapters