သူတို့က သေပြီးသားပါ
Vol. 8 Ch. 113
မြေအလွှာ အခန်း (၁၇) တွင်။
စုန်းချောင်ဖုန်မှာ နှင်းပျံဂိုဏ်းသား (၂) ဦး၏ တိုက်ခိုက်မှုကို ဟိုဘက်ရှောင်လိုက်၊ ဒီဘက်ရှောင်လိုက်ဖြင့် ပြေးနေရသော်လည်း ခန္ဓာကိုယ်တွင် ဒဏ်ရာများသာ တိုးလာ၏။
သူ့အနောက်၌ ချင်းရွှမ်ဂိုဏ်း အကြီးအကဲတစ်ဦးသည် ဒဏ်ရာများ ဗရပွဖြင့် အသက်မဲ့စွာ လဲနေသည်။
ဝတ်ရုံဖြူကျင့်ကြံသူမှာ နှာခေါင်းရှုံ့၍
“စုန်းချောင်ဖုန် လျှို့ဝှက်ကျင့်စဉ်ကို ပေးလိုက်စမ်း။ ငါတို့ မင်းကို မသတ်ချင်ပါဘူး။ ဒါပေမဲ့ အဖိုးတန် စိတ်ဝိညာဉ်စွမ်းအင်ကိုတော့ အလဟဿဖြစ်လို့ မရဘူးလေ”
အနီရောင်ဝတ်ထားသော ကျင့်ကြံသူမှာ ရုတ်တရက် ရယ်မော၍
“ငါ မင်းကို နောက်ထပ် ရွေးစရာတစ်ခု ထပ်ပေးမယ်။ ကျင့်စဉ် ပေးစရာ မလိုဘူး”
စုန်းချောင်ဖုန် သက်ပြင်းချ၍
“ပြောကြည့်လေ”
“ရှန်မို ဘယ်မှာလဲ ပြောပြ။ မင်းတို့ လူစုကွဲတဲ့အချိန် သူ ဘယ်ရောက်သွားလဲ”
စုန်းချောင်ဖုန်မှ
“မြေပြိုတော့ လူစုကွဲသွားပါတယ်ဆို။ ရှန်မို့နေရာကို သိလည်း မပြောပြဘူးကွာ”
တစ်ဖက် ကျင့်ကြံသူ (၂) ဦး ရယ်မောကာ
“အပိုတွေ မလုပ်စမ်းပါနဲ့ စုန်းချောင်ဖုန်ရာ။ မင်း အရင်က ဘာလုပ်ခဲ့လဲ မသိတာမှတ်လို့။ မင်းပဲ အဆိပ်နွယ်ဂိုဏ်းကဟာတွေနဲ့ ပေါင်းကြံခဲ့တာလေ”
“အခု ဘေးမှာ ချင်းရွှမ်ကလူတွေလည်း မရှိပါဘူး။ ဘယ်သူ့ကို သစ္စာရှိပြနေတာလား။ လေကိုလား”
စုန်းချောင်ဖုန် ခဏငြိမ်နေပြီးမှ
“ငါ အရင်က အမှားတွေ လုပ်ခဲ့မိတာ။ ဒါပေမဲ့ အခု ချင်းရွှမ်နဲ့ မူယုံးယွဲ့ကို သစ္စာရှိဖို့ ဆုံးဖြတ်လိုက်ပြီ။ ထပ်ပြီး သစ္စာမဖောက်တော့ဘူး”
သူ့စကားကြောင့် ကျင့်ကြံသူများ ရယ်မောကြပြန်၏။
“မင်းက သေရမယ့်လမ်းကို ရွေးတာပဲ။ ကောင်းပြီလေ ယမမင်းကို တွေ့ရအောင် ပို့ပေးမှာပေါ့”
နှစ်ယောက်သား နှာခေါင်းရှုံ့၍ ပြောကာ စတိုက်ခိုက်ရန် ပြင်လေသည်။
စုန်းချောင်ဖုန်လည်း အံကြိတ်လျက် နောက်ဆုံး စိတ်ဝိညာဉ်စွမ်းအင်များကို စု၍ ကာကွယ်ရန် ကြိုးစား၏။
ထိုစဉ် နှင်းပျံဂိုဏ်းကျင့်ကြံသူ (၂) ဦးအနောက်မှ ပြင်းထန်သော မီးတောက်တစ်ခု ရုတ်တရက် ပေါ်လာသည်။
ကျင့်ကြံသူများလန့်ကာ အနောက်ဘက်မှ တိုက်ခိုက်မှုကို ပြန်ခုထံရန် ပြင်ရသည်။
ဘုံး!
မီးတောက်နီများသည် အရှိန်ပြင်းပြင်း တိုက်ခိုက်လာ၏။
သူတို့ အော်ဟစ်သံများကြားမှ ဝတ်ရုံများ မီးကျွမ်းကာ အသားအရည်များ နီစပ်၍ ဒဏ်ရာများ ဖြစ်ကုန်သည်။
“မင်း… မင်းက ရှန်မိုပဲ”
“ငါ့ကို ဘာလို့ရှာနေတာလဲ။ သေချင်လို့လား”
ရှန်မို ရယ်မောကာ ပြောလိုက်၏။
နှင်းပျံဂိုဏ်းမှ ကျင့်ကြံသူများမှာ မြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံးများ ဖြစ်ကြသည်။
ရှန်မိုသည် အစပိုင်းအဆင့်သာ ရှိသေးသော်လည်း ကျငိ့စဉ်ကောင်းများ၊ မီးတောက်နီနှင့် ရွှေအမြုတေတို့ ရှိလေ၏။
ထို့အပြင် အလစ်ဝင်တိုက်နိုင်ခဲ့သောကြောင့် အစတည်းက အရေးသာနေသည်။
“တကယ်ပါပဲ လူစုခွဲပြီး ပြေးတော့။ သူ့ကို ငါတို့ မယှဉ်နိုင်တော့ဘူး”
ဝတ်ရုံဖြူလူမှ ဒေါသတကြီးအော်ဟစ်ရင်း ပြေးလေသည်။
သို့သော် ဝတ်ရုံနီလူမှာ သူမသိလိုက်ခင်တည်းက ထွက်ပြေးသွားပြီးလေပြီ။
“ဒီလူကတော့…”
သူ ဆဲဆိုရင်း အမြန်ပြေး၏။
ရှန်မိုမှာ တည်ငြိမ်စွာ လှမ်းကြည့်နေသည်။
စုန်းချောင်ဖုန်သည် မတ်မတ်ပင် မရပ်နိုင်ဘဲ အားလျော့စွာဖြင့်
“သူတို့နောက် မလိုက်သွားတော့ဘူးလား”
ရှန်မို ခေါင်းယမ်းကာ
“သူတို့က သေပြီးပါပြီ”
မကြာမှ ဝတ်ရုံနီလူ ပြေးသွားသည့်ဘက်မှ အော်သံနက်ကြီး ကြားရ၏။
စုန်းချောင်ဖုန် လှမ်းကြည့်လိုက်သောအခါ သူ အကာအကွယ်ထဲ ကျရောက်၍ ဒဏ်ရာအပြင်းအထန် ရကာ သွေးများ ပန်းထွက်နေသည်ကို တွေ့ရသည်။
(၁၀) စက္ကန့်မျှအကြာတွင် ဝတ်ရုံဖြူလူ ပြေးသည့်ဘက်၌ အသံကျယ်ကြီး ကြားရပြန်၏။
သူလည်း အလောတကြီး ထွက်ပြေးရင်း အဆိပ်အကာအကွယ်ထဲ ကျရောက်ကာ မျက်စိတစ်မှိတ်အတွင်း ပုပ်ပွပျက်စီးသွား၏။
စုန်းချောင်ဖုန် မျက်လုံးပြူးလျက် မယုံနိုင်စွာဖြင့် ရှန်မိုအား လှမ်းကြည့်သည်။
ဘယ်… ဘယ်လိုလုပ် ရှန်မို ကြိုသိနေတာလဲ။
ဟုတ်သားပဲ သူ့မှာ အကာအကွယ်ဖျက်ဆီးရေး ကျောက်စိမ်းပြား ရှိလို့ နေမှာပေါ့။
“အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ငယ်”
စုန်းချောင်ဖုန်မှ ပြော၏။
ရှန်မိုပြုံး၍
“အကြီးအကဲစုန်းက ချင်းရွှမ်ဂိုဏ်းအတွက် ကြိုးစားနေတာပဲ။ ကယ်ပေးတာက ဖြစ်သင့်တာပေါ့”
အမှန်တော့ လှေကားမှဆင်းလာပြီးတည်းက ရှန်မိုတစ်ယောက် အားလုံး၏ ကံကြမ္မာကို ကြည့်ထားပြီးလေပြီ။
စုန်းချောင်ဖုန်မှာ အခန်း (၁၇) ၌ သေဆုံးရမည် ဖြစ်၏။
သို့သော် သူ အမှန်တကယ် ပြောင်းလဲ၍ ချင်းရွှမ်ဂိုဏ်းအပေါ် ကောင်းမှန်းသိသောကြောင့် ကယ်တင်ပေးလိုက်လေသည်။
အခန်း (၁၇) ကို ရတနာကြောင့် မဟုတ်ဘဲ လူကယ်ရန် လာခြင်း ဖြစ်သည်။
“ခေါင်းဆောင်ငယ် ကျွန်တော် ဒီနေရာကို သေချာ ကြည့်ပြီးပြီ။ အဆင့်မြင့် သိမ်မွေ့နက်နဲခြင်း သိုင်းစဉ်ပဲ တွေ့တယ်”
သို့သော် ရှန်မို သူ့စကားကို စိတ်မဝင်စားဘဲ တစ်ခုခုကို ဆက်ရှာနေ၏။
မကြာမီ မထင်မရှား ကျောက်တုံးတစ်ခုကို ထိကြည့်လိုက်သည်။
ထိုအခါ လျှို့ဝှက်အပေါက်တစ်ခု ပွင့်လာလေသည်။
စုန်းချောင်ဖုန် မျက်လုံးပြူးသွား၏။
ဒီလိုနေရာ ရှိတာလား။
ရှန်မို ရတနာကို ရယူရင်း ကျေကျေနပ်နပ် ခေါင်းငြိမ့်မိသည်။
ဝိညာဉ်တည်ငြိမ်ခေါင်းလောင်းဖြစ်ပြီး အဆင့်နိမ့် မြေအဆင့်စိတ်ဝိညာဉ်လက်နက်ပင်။
သို့သော် အကြိမ်များစွာ အသုံးပြုထားပုံရပြီး မျက်နှာပြင်၌ အက်ကွဲကြောင်းများ ဖြစ်နေပါ နောက်တစ်ကြိမ်မျှသာ ထပ်သုံးနိုင်လောက်သည်။
ထိုရတနာကို ရှောင်ဖန့်ကံကြမ္မာမှ တွေ့ခဲ့ရခြင်း ဖြစ်သည်။
“တခြားရတနာတွေ ရှာရဦးမယ် မြန်မြန်သွားမှပဲ”
ထို့နောက် ခပ်လှမ်းလှမ်းမှ အလောင်းကို လှမ်းကြည့်မိသည်။
စုန်းချောင်ဖုန် သက်ပြင်းချ၍
“မြေပြိုပြီးတော့ လူစုကွဲသွားရင်း အန္တရာယ်တွေ အများကြီး ဖြတ်ခဲ့ရတယ်။ ဒီအကြီးအကဲနဲ့တောင် တော်တော်ကြာမှ ဆုံတာ။ ဒါပေမဲ့ နှင်းပျံဂိုဏ်းသားတွေနဲ့ တွေ့ပြီး ဒီလို ဖြစ်ရတာပဲ”
“ဒဏ်ရာသက်သာဆေးတွေဘာတွေ ရှိလား”
ရှန်မိုမှ မေး၏။
စုန်းချောင်ဖုန် ခေါင်းယမ်းပြသောကြောင့် ရှန်မို ဆေး (၂) ပုလင်း ထုတ်ကာ
“ကျွန်တော့်မှာ ခေါင်းဆောင်ပေးထားတာတွေ ကျန်သေးတယ်။ ဒါအရင်သုံးလိုက်ပါ”
“ကျေးဇူးပါပဲ ခေါင်းဆောင်ငယ်ရယ်”
စုန်းချောင်ဖုန် မျက်လုံးများရဲကာ မျက်ရည်များ ဝဲလာသည်။
“အင်အားကောင်းအောင် အရင်လုပ်လိုက်ပါဦး။ ပြီးမှ ဆက်သွားမယ်။ ဒီမှာ အန္တရာယ်တွေ ရှိဦးမယ်လို့ ခံစားရတယ်”
ရှန်မို ခပ်တိုးတိုး ပြောလိုက်၏။
နောက်တစ်လွှာမှာ ကောင်းကင်အလွှာဖြစ်ပြီး ရတနာများမှာလည်း တန်ဖိုးအလွန်ကြီးသည်။
ထိုနေရာတွင် အန္တရာယ်အကြီးဆုံး ကုဆန်းချိုးလည်း ရှိနေမည် ဖြစ်၏။