ခေါင်းဆောင်ငယ် ဘာပြောပြောယုံလိုက်
Vol. 8 Ch. 114
ကောင်းကင်အလွှာ မှောင်မိုက်သောလမ်း၌။
လူတစ်ယောက် အားလျော့စွာ လဲကျသွားသည်။
သူ့တစ်ကိုယ်လုံးလည်း တုန်ရီလျက် ရေဓာတ်ချို့တဲ့ကာ အလွန်ခြောက်ခြားနေပုံ ပေါ်သည်။
အလောင်းကောင်နှင့်ပင် ပိုတူ၏။
သူဝတ်ထားသော ဝတ်ရုံကြောင့် အမှတ်အသားကိုတော့ သိနိုင်လေသည်။
နှင်းပျံဂိုဏ်းအကြီးအကဲ။
အခြားလူတစ်ယောက် သူ့ဘေးမှ အလောင်းကောင်အား ကြည့်လိုက်သည်။
မကြာမီ သက်ပြင်းရှည်ကြီးချ၍
“အား… အခုမှ နေလို့ကောင်းသွားတယ်။ မြုတေဖွဲ့စည်းခြင်းရဲ့ သွေးစွမ်းအင်က တကယ် ကြွယ်ဝတာပဲ”
“အခု (၄) ယောက်တော့ ရပြီးပြီဆိုတော့ နောက် (၅) ယောက်ပဲ ထပ်လိုတော့တယ်”
“အင်း…မြုတေဖွဲ့စည်းခြင်း ထိပ်ဆုံးလည်း လိုဏ်ဂူထဲ ဝင်လာပြီ။ သူ့သွေးသာ စုပ်နိုင်ရင် (၂) ယောက်စာ တစ်ခါတည်း ရမှာပဲ”
သူ လက်ဖျောက်တီးလျက် စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းစေသောအခါ အနီးမှ မီးအိမ်လင်းလာသည်။
ထိုအခါ သူ့ခန္ဓာကိုယ်ကို ထင်ရှားစွာ မြင်ရ၏။
ခန္ဓာကိုယ်သည် နှစ်ပိုင်းကွဲပြားနေပြီး တစ်ဖက်တွင် အရိုးနှင့် အရေပြားခပ်ပါးပါးသာ ရှိသည်။
သို့သော် ညာဘက်တွင်တော့ လက်၊ ခြေထောက်၊ မျက်နှာ အားလုံး အရွယ်ရောက် အမျိုးသားတစ်ဦးကဲ့သို့ ဖွံ့ဖြိုးကာ အားအင်အပြည့် ဖြစ်နေသည်။
ဗလနှင့် ကြွက်သားများပင် တွေ့နိုင်သေး၏။
ထိုအင်အားဖြင့် နွားရိုင်းတစ်ကောင်ကို တစ်ချက်တည်း သတ်ပစ်နိုင်ပါသည်။
သူ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်စွာ ကြည့်နေသည်။
“သွေးစွမ်းအင်ကျင့်စဉ်က တကယ် ပြင်းထန်တာပဲ”
“မြုတေဖွဲ့စည်းခြင်း (၉) ယောက်ရဲ့ သွေးတွေ စုပ်နိုင်ရင် သွေးစိတ်ဝိညာဉ်ကို ပျိုးထောင်နိုင်ပြီ”
“ဒါနဲ့ဆိုရင် အတိုင်းအဆမရှိ အင်အားကြီးလာမှာပဲ”
“လောကကြီးလည်း ငါ့စိတ်တိုင်းကျ ဖြစ်ပြီ”
ထို့နောက် ကျေနပ်စွာ ရယ်မော၍
“ကောင်းကင်အလွှာကို လူတွေ ထပ်လာနေကြပြီ။ အကာအကွယ်တွေနဲ့ အားနည်းအောင် အရင်လုပ်ပြီးမှ လှုပ်ရှားရမယ်”
“မင်းတို့အားလုံး ကုဆန်းချိုးရဲ့ အစာဖြစ်လာရမယ်ကွ”
…
မှောင်မိုက်သော လမ်းငယ်တွင်။
စုန်းချောင်ဖုန် ရှန်မို့နောက်မှ လိုက်လာရင်း လေးစားစွာ လှမ်းကြည့်မိ၏။
လမ်းတစ်လျှောက်တွင်လည်း ရန်သူများစွာနှင့် တွေ့ခဲ့ရသည်။
သို့သော် အားများစွာ မသုံးရဘဲ အလွယ်တကူ ရှင်းပစ်နိုင်ခဲ့သည်။
ပိုအံ့ဩစရာကောင်းသည်မှာ အန္တရာယ်ရှိသော အကာအကွယ်များ မကြုံရခြင်းပင်။
ရှန်မို့တွင် တိကျသော မြေပုံရှိနေသကဲ့သို့ ထင်ရသည်။
လမ်းတွင် သွားနေရင်း ချင်းရွှမ်ဂိုဏ်းမှ အကြီးအကဲ (၂) ဦးကို ကယ်ခဲ့သေး၏။
တစ်ဦးမှာ အကြီးအကဲလီဖြစ်သည်။
စုန်းချောင်ဖုန်တုန်းကကဲ့သို့ သေခါနီးအချိန်တွင် ရောက်ရှိကာ အသက်ကယ်ခဲ့ရခြင်း ဖြစ်သည်။
ချွင် ချွမ်!
ထိုစဉ် ဓားသံအချို့နှင့် ကျိန်ဆဲသံများကြားရပြီး ရှန်မိုတို့ (၄) ဦး သွားကြည့်သောအခါ ဓားအကာအကွယ်၌ ဖမ်းမိထားသော လူတစ်ဦးကို တွေ့ရသည်။
အကာအကွယ်မှ ဓား၏တိုက်ခိုက်မှုမှာ မရပ်မနား ဖြစ်၍ ထိုလူ အတော်လေး ပင်ပန်းနေလေပြီ။
စုန်းချောင်ဖုန်မှ ခပ်တိုးတိုးဖြင့်
“ခေါင်းဆောင်ငယ် အဲ့လူက ချင်းဖုန်လေ မိုးမုန်တိုင်းဂိုဏ်းရဲ့ လက်ထောက်ခေါင်းဆောင်။ သူ့ကို ကယ်သင့်တယ်နော်”
ရှန်မို တစ်ချက်လှမ်းကြည့်ကာ ခေါင်းငြိမ့်ပြသည်။
မိုးမုန်တိုင်းဂိုဏ်းမှာ အဆိပ်နွယ်ဂိုဏ်း၏ လက်အောက်ခံဖြစ်ပြီး မိုယုဟုန်မှလည်း အခြေအနေကောင်းအတွက် ပြောပြဖူးသည်။
ထို့ကြောင့် မိတ်ဖက်ဟု သတ်မှတ်နိုင်ပါသည်။
ထို့နောက် ရှန်မို့အဖွဲ့၏ အားထုတ်မှုဖြင့် ချင်းဖုန် လွတ်မြောက်သွားလေသည်။
“ကျေးဇူးတင်ပါတယ် ကျေးဇူးပါဗျာ”
သူ မြေပြင်ပေါ် လဲကျသွားကာ စိတ်အေးသွား၏။
ပြီးမှ ဆေးအချို့သောက်၍ အားပြည့်အောင် ကြိုးစားရလေသည်။
“ဆက်သွားကြတာပေါ့။ အချိန်ဖြုန်းလို့ မဖြစ်ဘူး”
ရှန်မိုမှ ဦးဆောင်သွားရင်း ကောင်းကင်အလွှာ အခန်း (၃) နှင့် (၄) နား ရောက်လာသည်။
ထိုအခန်းများ၌ ကုဆန်းချိုးကို ရှင်းနိုင်မည့် စိတ်ဝိညာဉ် တည်ငြိမ်ခြင်း အမွှေးတိုင်နှင့် တစ္ဆေ (၅) ကောင် အသက်ခိုးအကာအကွယ်တို့ ရှိကြသည်။
ချင်းဖုန် ခဏတွေဝေနေပြီးမှ ခေါင်းယမ်း၍
“ဒီလမ်းက အရမ်းအန္တရာယ်များတယ်။ စိတ်ဝိညာဉ် သားကောင်ဂိုဏ်းက အကြီးအကဲတစ်ယောက် ဝင်သွားပြီး ပြန်ထွက်လာတော့ ညာဘက်လက်တစ်ဖက် မရှိတော့တာ ကျွန်တော်ကိုယ်တိုင် တွေ့လိုက်တယ်”
“အရမ်းပြင်းထန်တဲ့ အကာအကွယ်ရှိနေပုံပဲ”
ရှန်မို ခေါင်းယမ်းလျက်
“အခုက အကာအကွယ် ဖျက်ပြီးပါပြီ”
ချင်းဖုန် လန့်ဖျပ်၍
“မဖြစ်နိုင်တာ ဘယ်လိုလုပ် ဖျက်ပြီးမှာလဲ… ဟိုမှာကြည့် ညာဘက်လက်ကြီးတောင် ရှိသေးတယ်”
သူ မလှမ်းမကမ်းမှ လက်ကို လှမ်းပြသည်။
ဘေးပတ်လည်တွင်လည်း သွေးကွက်များ ပြည့်နေ၍ အန္တရာယ်ရှိကြောင်း ထင်ရှား၏။
စုန်းချောင်ဖုန် မျက်မှောင်ကြုတ်ကာ
“တစ်ခုခု စမ်းပြီး ပစ်ထည့်ကြည့်ရမလား”
ချင်းဖုန် ခေါင်းယမ်းပြ၍
“အဲ့ဒါလည်း မထူးဘူး။ အကာအကွယ်က သက်ရှိကိုပဲ သက်ရောက်တာ”
“ကျွန်တော်ကတော့ မသွားစေချင်ဘူး”
သူ အခြားပိုကျယ်၍ သွေးကွက်မရှိသော လမ်းကို လက်ညှိုးထိုးပြကာ
“ဒီလမ်းက ပိုကောင်းမယ်။ သွားရင်း ရတနာတွေ ရှိမရှိလည်း အေးဆေး ကြည့်လို့ရတယ်လေ”
ချင်းဖုန်ပြုံး၍
“ကျွန်တော့်အသက်ကို ကယ်ခဲ့တဲ့သူဆိုတော့ ရတနာတွေလည်း အကုန်သာ ယူပါ”
ရှန်မို လှမ်းကြည့်လိုက်သောအခါ အခန်း (၅) ဖြစ်၏။
“ဒါ စိတ်ဝိညာဉ်သားကောင်ဂိုဏ်း ခေါင်းဆောင် အဆုံးသတ်သွားတဲ့နေရာပဲ”
သူ ကံကြမ္မာကို ပြန်တွေးမိ၏။
သူ လောဘတကြီး ဝင်သွားရင်း ကုဆန်းချိုးကြောင့် သေဆုံးရခြင်းဖြစ်သည်။
သို့သော် အခုထိတော့ မဖြစ်ပျက်သေးပေ။
ရှန်မို ခေါင်းယမ်းကာ
“အဲ့ကို သွားလို့ မဖြစ်ဘူး။ ဘေးကင်းတယ် ထင်ရပေမဲ့ တကယ်က ပိုအန္တရာယ်ရှိတယ်”
ချင်းဖုန် မျက်မှောင်ကြုတ်လျက် အခြားသူများကို ကြည့်၍
“ရှန်မိုကတော့ အန္တရာယ်ရှိတယ်တဲ့။ ခင်ဗျားတို့ရော ဘယ်လိုထင်လဲ”
“ခေါင်းဆောင်ငယ် ဆုံးဖြတ်တာကိုပဲ လိုက်လုပ်မှာပါ”
အကြီးအကဲများ ယုံကြည်ချက်အပြည့်ဖြင့် ဖြေ၍ ချင်းဖုန် မှင်တက်နေသည်။
ရှန်မို့အခြေအနေက အဲ့လောက်တောင် အရေးပါတာလား။
စုန်းချောင်ဖုန်တို့က ကျင့်ကြံမှု ပိုမြင့်တယ် မဟုတ်ဘူးလား။
ဘာလို့ သူ့စကားပဲ နားထောင်တာလဲ။
ထိုစဉ် အခန်း (၆) မှ အော်သံများကြားရပြီး လူ (၂) ယောက် ပြေးထွက်လာ၏။
စိတ်ဝိညာဉ်သားကောင်ဂိုဏ်းခေါင်းဆောင်နှင့် ဒုတိယ အကြီးအကဲတို့ ဖြစ်သည်။
သူတို့ ရှန်မို့ကိုတွေ့သည်နှင့် မျက်နှာများ ဝင်းပသွား၏။ သို့သော် သူ့အနောက်မှ အုပ်စုကြောင့် လန့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ပြေးတော့ မြန်မြန်ပြေး”
သူတို့ ရှန်မို့ကို လုပ်ကြံရန် တွေးသော်လည်း ဘေးကင်းရန် ပိုအရေးကြီးပါသည်။
နှစ်ယောက်သား မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြ၏။
“တွေ့လား။ အဲ့ဒါကြောင့် ဒီလမ်းက အန္တရာယ်ရှိတယ်လို့ ပြောတာ”
စုန်းချောင်ဖုန်မှ မှတ်ချက်ပြုလေသည်။
“သွားရအောင်။ ခေါင်းဆောင်ငယ် ဘာပြောပြော ယုံသာယုံလိုက်”
အကြီးအကဲလီ ခပ်အေးအေး လှမ်းပြော၏။
ချင်းဖုန် တုန်ရီစွာဖြင့်
“ကျ ကျွန်တော် နားလည်ပါပြီဗျာ”