အခန်း (၅၂၄)
Vol. 35 Ch. 524
ရှဲ့ချွန်ရှီးသည်စကားပြောနေရင်း သူ၏ လေသံက ရုတ်တရက် မြင့်တက်လာကာ သူ၏ ပုံမှန် မာနကြီးသော မျက်နှာတွင် ငြင်းပယ်၍မရသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"အခု ခင်ဗျားဘာသာခင်ဗျား ထွက်သွား၊ ဒါမှမဟုတ် ကျွန်တော် လူခေါ်ပြီး ခင်ဗျားကို အပြင်ထုတ်ခိုင်းမယ်"
ဤမျှ ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခံရသော်လည်း ယန်ကျင့်၏ အမူအရာက လုံးဝ ပြောင်းလဲမသွားခဲ့ပေ။
"တောင်းပန်ပါတယ်၊ ဒီဖလှယ်ပွဲရဲ့ နေရာကို သခင်လေး ယန်က ပံ့ပိုးပေးထားတာပါ"
တစ်နည်းဆိုရသော် သူက ဤနေရာသို့ လွတ်လပ်စွာ ဝင်ထွက်ခွင့်ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
"ခင်ဗျား" ဤသို့ ပေါ့ပေါ့ပါးပါး ပြန်ပြောခံလိုက်ရသောအခါ ရှဲ့ချွန်ရှီး၏ အမူအရာက မပြောင်းလဲဘဲ မနေနိုင်တော့ပေ။
မည်သို့ပင်ဆိုစေ သူက ငယ်ရွယ်ပြီး စိတ်မြန်လက်မြန် ရှိနေသေးသည်။ ဒေါသက သူ၏ မျက်နှာပေါ်သို့ ချက်ချင်း ပေါ်လာသည်။ သူတို့နှစ်ဦး ရန်ဖြစ်တော့မည်ကို မြင်သောအခါ မော့ချူးက ခြေတစ်လှမ်းကျယ်ကျယ် လှမ်းလိုက်ပြီး ရှဲ့ချွန်ရှီး၏ နောက်မှ အလျင်အမြန် ထွက်လာခဲ့သည်။
ဤလူ၏ ပစ်မှတ်မှာ သူမကိုယ်တိုင် ဖြစ်သင့်ကြောင်း သူမက ရှင်းလင်းစွာ မြင်နိုင်သည်။
"ဘာလိုအပ်တာများ ရှိလို့လဲရှင်"
မော့ချူးကို ရင်ဆိုင်သောအခါ ယန်ကျင့်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ပို၍ ကွေးတက်သွားသည်။
"အနှောင့်အယှက်ပေးတဲ့အတွက် တောင်းပန်ပါတယ်"
"ဒီလိုပါ၊ သခင်လေး ယန်က သူ့ရဲ့ အခြေအနေကို ကြည့်ပေးဖို့အတွက် မင်းဘက်က အချိန်ပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်"
ထင်ထားသည့်အတိုင်းပင် မနေ့က သတင်းမှာ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ မော့ချူး၏ အံ့ဖွယ်ကောင်းသော ဝိညာဉ်ဝိုင် ဖြစ်စေ၊ အရှင်သူမြတ် စုယွမ်၏ မှတ်ချက်များဖြစ်စေ အားလုံးက မော့ချူး၏ ဂုဏ်သတင်းကို မဟူရာ သမုဒ္ဒရာ ဂလက်ဆီ၏ အထက်တန်းလွှာများကြားတွင် ကျော်ကြားစေခဲ့သည်။
အစပိုင်းတွင် သူတို့က မိသားစုကြီးများမှာ ရပ်တန့်၍ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်လေ့လာရန် လုံလောက်အောင် သတိထားလိမ့်မည်ဟု ထင်ခဲ့ကြသည်။ ယန် မိသားစု၏ သခင်လေးက လူတိုင်းရှေ့တွင် ဤမျှလျင်မြန်စွာ လှုပ်ရှားလာလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
"ခင်ဗျားတို့ခေါ်တိုင်း သွားရမယ် ထင်နေလား" ရှဲ့ချွန်ရှီး က အေးစက်စွာ နှာမှုတ်လိုက်ပြီး မော့ချူးကို သူ့နောက်သို့ ဆွဲလိုက်သည်။
"ခင်ဗျားတို့ စိတ်ကူးပေါက်တိုင်း ကျွန်တော်တို့ ဆေးပညာကျွမ်းကျင်သူအဖွဲ့ကို ဖယ်ရှားပစ်လို့ရမယ်လို့ ထင်နေလား။ အိပ်မက်သာမက်နေလိုက်"
"တောင်းပန်ပါတယ်" ယန်ကျင့်၏ အပြုအမူများမှာ အလွန်လေးစားမှုရှိသော်လည်း သူ၏စကားများထဲတွင် မာနကြီးသည့်အရိပ်အယောင် ပါဝင်နေသည်။
"ဒါပေမဲ့ သခင်လေး ယန် လုပ်ချင်တာကို မင်းတို့ တားနိုင်မယ်လို့ ထင်လို့လား"
ရှဲ့ချွန်ရှီး၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကို လျစ်လျူရှုလိုက်ပြီး ယန်ကျင့်က မော့ချူးကို အနည်းငယ် ဦးညွှတ်လိုက်သည်။
"ဒီနေ့ ဖလှယ်ရေးတွေ့ဆုံပွဲ ပြီးသွားရင် ကျွန်တော်တို့ တံခါးဝမှာ စောင့်နေပါ့မယ်"
သူက ပြောပြီးသည်နှင့် မော့ချူး၏ အဖြေကို မစောင့်ဘဲ ယန်ကျင့်က ကိုယ်ကို တစ်ဝက်ကိုင်းလိုက်ပြီး နောက်သို့ ခြေလှမ်းငယ်များဖြင့် ဆုတ်ခွာသွားသည်။ မကြာမီပင် သူက ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။
... ဘယ်လိုဟာကြီးလဲ?
ပထမဆုံးအကြိမ်အဖြစ် မော့ချူးက သူမဦးနှောက်က အလုပ်မလုပ်တော့သလို ခံစားလိုက်ရသည်။ ဤသည်မှာ ဘာကို ဆိုလိုသနည်း။
ထို့ကြောင့် စိတ်ရှုပ်ထွေးနေသော မော့ချူးက သူမ၏အကြည့်ကို ရှဲ့ချွန်ရှီးထံသို့သာ ပို့လွှတ်နိုင်ခဲ့သည်။
"အင်း..."
မော့ချူး၏ ဖြူစင်သောအကြည့်နှင့် ဆုံသောအခါ ရှဲ့ချွန်ရှီးက တောင်းပန်သလို ခေါင်းလွှဲပြီး တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
"သောက်ကျိုးနည်း.. ယန်ယိယန်က ရူးနေတဲ့ကောင်"
...အရူးလား။
ဤစကားကို ကြားသောအခါ မော့ချူး မျက်ခုံးပင့်လိုက်မိပြီး သူမဘေးရှိ ရှဲ့ချွင်ရှီးကို ကြည့်လိုက်သည်။
"မင်းက ဘာကိုဆိုလိုတာလဲ"
ရှဲ့ချွင်ရှီးသည် မော့ချူးကို ချီတုံချတုံဖြင့် ကြည့်လိုက်သည်။
"အဲ့ဒါက…"
သူသည် ပါးစပ်ကို အကြိမ်အနည်းငယ် ဖွင့်လိုက် ပိတ်လိုက် လုပ်ခဲ့သော်လည်း အဆုံးတွင်မူ သူ ဘာစကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။
သူတို့နှစ်ဦးထံသို့ လျှောက်လာနေသော ကျုံးဝမ်က မော့ချူး၏ သံသယများကို အချိန်မီ ဖြေရှင်းပေးလိုက်သည်။
"ယန်ယိယန်က ဒီနှစ် ယန် မိသားစုရဲ့ ခေါင်းဆောင်ပဲ"
သို့သော်လည်း သူ၏မျက်နှာပေါ်ရှိ အညိုအမည်းစွဲနေသော ဒဏ်ရာကြီးမှာ အထူးသဖြင့်ပင် မျက်စိကျစရာ ဖြစ်နေသည်။ သူက မော့ချူးကို တောင်းပန်သောလေသံဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်တော် နောက်ကျသွားတယ်"
ကျုံးဝမ်သည်လည်း ဤအခိုက်အတန့်တွင် စိတ်မသက်မသာ ဖြစ်နေသည်။
ယခင်က သူ၏ ဘော့စ်က မော့ချူးကို သူ့ထံသို့ အပ်လိုက်သောအခါ သူမ၏ ဆံပင်တစ်မျှင်ပင် မဆုံးရှုံးစေရဟု သူက ကတိပေးခဲ့သည်။ အဆုံးတွင်မူ မကြာမီပင် မော့ချူးသည် ပထမဦးစွာ အခြားသူများ၏ ဖယ်ကျဉ်ခြင်းကို ခံခဲ့ရပြီး ယခုအခါတွင်မူ ယန် မိသားစု၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြန်သည်။ သူသည် သူ့ဘော့စ်၏ ညွှန်ကြားချက်များကို လျစ်လျူရှုလိုက်သလိုပင်။
"ရှင့်မျက်နှာပေါ်မှာ ဒါက ဘာဖြစ်တာလဲ"
မော့ချူးက သူ၏ မျက်လုံးထောင့်ရှိ အညိုအမည်းစွဲနေသော ဒဏ်ရာကို လက်ညှိုးထိုးပြလိုက်ပြီး နားမလည်နိုင်စွာ မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး" ကျုံးဝမ်က ခေါင်းခါပြီး များများစားစား မပြောခဲ့ပေ။
"ကျွန်တော်က သူတို့လောက် အရည်အချင်းမရှိလို့ပါ"
မနေ့က အဖြစ်အပျက်ကို နမူနာယူ၍ သူသည် ပွဲကျင်းပရာနေရာသို့ ဝင်ရောက်သည်နှင့် မော့ချူးကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။ အစပိုင်းတွင် အခြေအနေမှာ အတော်လေး ကောင်းမွန်နေပြီး သူ၏ နှလုံးသားသည်လည်း အနည်းငယ် သက်သာရာရသွားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ယန်ကျင့် ပေါ်လာသောအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သူ ချက်ချင်းပင် အာရုံခံမိလိုက်ပြီး ရှေ့သို့ လှမ်းလျှောက်သွားခဲ့သည်။ သို့သော် သူ ခြေလှမ်းအနည်းငယ် လှမ်းရုံဖြင့် ယန် မိသားစုဝင်များက သူ့ကို တားဆီးခဲ့သည်။
သူသည် အဆင့် ၇ အထူးစွမ်းရည် အသုံးပြုသူတစ်ဦးဖြစ်ပြီး တစ်ဖက်တွင်မူ အဆင့် ၉ စွမ်းရည်ရှင်တစ်ဦး ဖြစ်သည်။ ရလဒ်မှာ ပြောစရာမလိုအောင်ပင် သိသာထင်ရှားလှသည်။
"ကျွန်တော်ထင်တာတော့ မင်းက ဦးလေး နျဥ်ကို အရင်က ကုသပေးခဲ့လို့ ဒီကောင့်ကို ရန်စမိသွားတာ ဖြစ်မယ်" ကျုံးဝမ်သည် သက်ပြင်းကို ခပ်ဖွဖွချလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ရှားပါးသော လေးနက်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ဒါကို မြင်သောအခါ မော့ချူး မျက်မှောင်ကြုတ်လိုက်ပြီး ညင်သာစွာ မေးလိုက်သည်။
"ဒီလူက တော်တော် ဒုက္ခပေးတတ်လို့လား"
သူမဘေးတွင် ရှိနေသော ရှဲ့ချွင်ရှီးက မော့ချူးကို မျက်လုံးလှန်ကြည့်လိုက်သည်။
"သိသာနေတာပဲ"
သူသည် ဘေးနှစ်ဖက်ကို သတိကြီးစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် မော့ချူးကို အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
"ယန် မိသားစုရဲ့ မဟူရာသမုဒ္ဒရာ ဂလက်ဆီထဲက သြဇာလွှမ်းမိုးမှုက သိပ်ကြီးတယ်…"
ထို့ကြောင့် ရှဲ့ချွင်ရှီးနှင့် ကျုံးဝမ်တို့၏ ယာယီ ဗဟုသုတ ဖြန့်ဝေပေးမှုအတွင်း မော့ချူးသည် ထိုသခင်လေး၏ 'ဂုဏ်ကျက်သရေရှိသော လုပ်ရပ်များ' အကြောင်းကို လျင်မြန်စွာ သိရှိသွားခဲ့သည်။
ယန်ယိယန်သည် သခင်လေး ယန်ဟု လူသိများသည်။
သို့သော်လည်း သူ့ကို အတွင်းကျ သိကျွမ်းသူများကမူ 'အရူး' ဟု ခေါ်ကြသည်။
ဤလူသည် ဒီဘွဲ့နှင့် ထိုက်တန်လှသည်။
သူ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးစဉ်က အဆင့် ၈ အထူးစွမ်းရည် အသုံးပြုသူများကို တစ်ယောက်တည်း စိန်ခေါ်ဝံ့ခဲ့သည်ဟု ဆိုကြသည်။ အဆုံးတွင် သူ၏ နံရိုးသုံးချောင်း ကျိုးသွားပြီး သူ၏ ဝမ်းဗိုက်အတွင်းပိုင်းမှာလည်း ပျက်စီးကာ သွေးထွက်လွန်ခဲ့သည်။ သူသည် ကုသရေးစက်ထဲတွင် ခြောက်လကျော်ကြာ လဲလျောင်းနေခဲ့ပြီးမှ ပြန်လည်သက်သာလာခဲ့သည်။ သေချာပေါက် အဆင့် ၈ စွမ်းရည်ရှင်များ၏ အခြေအနေမှာမူ ပို၍ပင် ဆိုးရွားခဲ့သည်။ ထိုအချိန်မှစ၍ သူတို့၏ အရိပ်အယောင်ကို မည်သူမျှ မမြင်တွေ့ခဲ့ရတော့ပေ။
ထိုအဖြစ်အပျက်တစ်ခုလုံး ဖြစ်ပွားရသည့် အကြောင်းရင်းမှာ သူတို့ထဲမှ တစ်ယောက်ကို သူ မြင်ရသည်မှာ အလွန် မျက်စိနောက်သောကြောင့် ဖြစ်သည်။
"မင်းက အရမ်းရုပ်ဆိုးလို့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်" ထိုအချိန်က ယန်ယိယန် ပြောခဲ့သော မူရင်းစကားများ ဖြစ်သည်။ အမှန်တကယ်ပင် ဒေါသထွက်စရာ ကောင်းလှသည်။
သေချာပေါက် ဒါက သူ၏ ကြီးကျယ်သော အောင်မြင်မှုများထဲမှ သေးငယ်သော လှိုင်းဂယက်လေးတစ်ခုသာ ဖြစ်သည်။ ထိုနောက်ပိုင်းတွင် ဤလူ ပြုလုပ်ခဲ့သော ဆိုးယုတ်သည့် အရာများမှာ ရေတွက်၍ပင် မကုန်နိုင်ပေ။ ထို့အပြင် ယန် မိသားစုသည် မဟူရာသမုဒ္ဒရာ ဂလက်ဆီ တစ်ခုလုံး၏ စွမ်းအင်ကုန်သွယ်ရေးဈေးကွက်ကို တစ်ဦးတည်း ထိန်းချုပ်ထားသည်။ သူတို့သည် စစ်ဘက်နှင့် နိုင်ငံရေး နယ်ပယ်နှစ်ခုလုံးတွင် အရေးပါသော နေရာတစ်ခုကို ရယူထားသည်။ ထို့ကြောင့် လူတိုင်းသည် သူ့ကို ရိုသေလေးစားစွာဖြင့်သာ ခပ်ခွာခွာနေနိုင်ကြသည်။
နောက်ပိုင်းတွင် မတော်တဆမှုတစ်ခုကြောင့် ယန်ယိယန်၏ ခြေထောက်တွင် ပြဿနာတစ်ခု ဖြစ်ပေါ်ခဲ့ပြီး သူသည် ကောင်းမွန်စွာ လမ်းမလျှောက်နိုင်တော့ပေ။ ဒါက သူ၏ စိတ်နေစိတ်ထားကို ပို၍ မတည်ငြိမ်ဖြစ်စေခဲ့သည်။ ပုံမှန်အားဖြင့် သူ လှုပ်ရှားလိုက်သည်နှင့် တစ်စုံတစ်ယောက်၏ အသက်ကို ထိခိုက်ဒဏ်ရာရစေတတ်သည်။
ဤအတွက် ယန် မိသားစုသည် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများစွာကို ရှာဖွေခဲ့သော်လည်း အဆုံးတွင်မူ သူတို့သည် သူ၏ ခြေထောက်ကို မကုသနိုင်ခဲ့ကြပေ။
ပို၍ပင် ထူးဆန်းသည်မှာ ဤလူသည် သူ၏ ခြေထောက်ဒဏ်ရာ မည်သို့ ဖြစ်ပေါ်လာသည်ကို အခြားသူများကို မေးမြန်းခွင့် မပေးခြင်းပင် ဖြစ်သည်။ ယခင်က တစ်စုံတစ်ယောက်သည် ဤမေးခွန်းကို မရည်ရွယ်ဘဲ မေးမြန်းမိခဲ့ရာ ယန်ယိယန်က ထိုနေရာတွင်ပင် သတ်ပစ်ခဲ့သည်။
ထိုအချိန်မှစ၍ လူတိုင်းသည် သူ့အကြောင်းကို ပို၍ပင် လျှို့ဝှက်လာကြသည်။
သူတို့သည် ဤလူကို မည်သို့ နားမလည်နိုင်စွာ စော်ကားမိမည်ကို မည်သူမျှ မသိနိုင်ကြပေ။ သူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် လူတို့ကို သေချင်စိတ် ပေါက်သွားစေလောက်အောင် ပြင်းထန်သော ရက်စက်မှုဖြင့် တိုက်ခိုက်လေ့ရှိသည်။
ထို့ကြောင့်ပင် မဟူရာသမုဒ္ဒရာ ဂလက်ဆီ တစ်ခုလုံးတွင် မမြင်နိုင်သော စည်းမျဉ်းတစ်ခု ဖြစ်ပေါ်လာခဲ့သည် - ယန် မိသားစုကို အစပြု၍ ရန်မစနှင့်။ သင်က သူ့ကို ရန်မစသရွေ့ ဤအရူးသည် လူတို့ကို အစပြု၍ ထိခိုက်နာကျင်စေမည် မဟုတ်ပေ။
ထို့ကြောင့် ထိုလူနှစ်ဦး၏ ဖော်ပြချက်များမှ မော့ချူး သည် စကားလုံးသုံးလုံးဖြင့် ကောက်ချက်ချလိုက်သည်။ - 'ရက်စက်တယ်၊ ကြမ်းကြုတ်တယ်၊ ကြိုမသိနိုင်ဘူး'
"ဟုတ်တယ်" ရှဲ့ချွင်ရှီးသည် မော့ချူး၏ မှတ်ချက်ကို လေးလေးနက်နက် သဘောတူလိုက်သည်။
"ဒါပေမဲ့ ဒီကောင်က ဘာလို့ ရုတ်တရက် မင်းဆီကို လာရတာလဲ"
ထို့အပြင် လာသောသူမှာ သူ အမြဲတမ်း အားကိုးအားထားပြုရသော သူ၏ ညာလက်ရုံးဖြစ်သူ ယန်ကျင့် ဖြစ်နေသည်။
သူသည် အမည်ခံအားဖြင့် လက်ထောက်တစ်ဦးသာ ဖြစ်သော်လည်း သူ၏ လက်ထဲရှိ အာဏာနှင့် စွမ်းရည်မှာ ဒုတိယတန်းစား သူကောင်းမျိုးနွယ် မိသားစုတစ်ခု၏ အကြီးအကဲနှင့်ပင် နှိုင်းယှဉ်နိုင်လုနီးပါး ဖြစ်သည်။ ထို့ကြောင့်ပင် သူ ယန်ကျင့်ကို မော့ချူးရှေ့တွင် မြင်လိုက်ရသောအခါ ရှဲ့ချွင်ရှီးသည် အလွန်အမင်း သတိထားမိသွားပြီး သူ့ကို တည့်တိုး ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။
"စောစောကအတွက် ကျေးဇူးတင်ပါတယ်"
ဤကိစ္စ၏ အတွင်းရေးကို နားလည်သွားပြီးနောက်တွင် မော့ချူး၏ ရှဲ့ချွင်ရှီး အပေါ် အထင်အမြင်မှာ တစ်ဆင့် မြင့်တက်သွားသည်။ ယန် မိသားစုသည် မထိရဲသော ဧရာမအကောင်ကြီးတစ်ကောင် ဖြစ်ကြောင်း သိနေသော်လည်း ဤကောင်လေးသည် သူမကို ကာကွယ်ရန်အတွက် သူမဘက်မှ ရပ်တည်ပေးခဲ့သည်။
ဤအချက်တစ်ခုတည်းကပင် မော့ချူး၏ နှလုံးသားထဲတွင် စွဲထင်သွားစေခဲ့သည်။
"မင်းက ငါ့ကို ဘာကို ကျေးဇူးတင်နေတာလဲ။ ငါက မင်းကို ကျေးဇူးတင်နေတာမှ မဟုတ်တာ… အဲ့ဒါက၊ ငါက…" ကျေးဇူးတင်ကြောင်း စကားများဖြင့် ပြည့်နှက်နေသော မော့ချူး၏ မျက်လုံးများကို ရင်ဆိုင်လိုက်ရသောအခါ ရှဲ့ချွင်ရှီးသည် မသက်မသာဖြင့် ခေါင်းလွှဲလိုက်ပြီး နှစ်ကြိမ် ချောင်းဆိုးလိုက်သည်။ "ငါက စက်ရုပ်လိုကောင် ယန်ကျင့်ကို ကြည့်မရလို့ပဲ။ ဟုတ်တယ်၊ အဲ့ဒါပဲ"
“အင်းပါ” မော့ချူးသည် ဒီဂန်းတိဂန်းတန်းနိုင်လှသော ဆင်ခြေကို မဖော်ထုတ်ခဲ့ပေ။
သူမသည် ခလုတ်ခုံထဲမှ ဝိညာဉ်အစားအစာ ပန်းကန်ပြားနှစ်ချပ်ကို ထုတ်ယူလိုက်ပြီး ရှဲ့ချွင်ရှီးထံသို့ ကမ်းပေးလိုက်သည်။ “ရှင် အရင်က စားချင်ခဲ့တယ် မဟုတ်လား။ ရော့၊ ယူလိုက်"
ရှဲ့ချွင်ရှီးသည် ယခင်ကကဲ့သို့ အလျင်အမြန် လက်လှမ်းမယူခဲ့ပေ။ ထိုအစား သူသည် မော့ချူးကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေသည်။
"ဟေ့၊ ငါ ခုနက ပြောတာ မင်း မကြားဘူးလား။ မင်း အခု စားချင်စိတ် ရှိနေသေးတယ်လား"
ရှဲ့ချွင်ရှီး၏ မျက်နှာသည် အားမလိုအားမရ ဖြစ်ခြင်းဖြင့် ပြည့်နှက်နေသည်။ သူ၏ မာနကြီးသော သဘောထားသာ မရှိပါက သူ မော့ချူး၏ ပခုံးကို ဆွဲကိုင်ကာ သူမကို လှုပ်နိုးလိုက်မိလောက်သည်။
"အင်း၊ ကြားတယ်" မော့ချူး လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
ထိုသည်ကို မြင်သောအခါ ရှဲ့ချွင်ရှီး၏ မျက်နှာအမူအရာသည် နောက်ဆုံးတွင် အနည်းငယ် ပိုကောင်းလာခဲ့သည်။