အခန်း (၁၃၂)
Vol. 9 Ch. 132
ဝူကောသည် မကြာခင်မှာပဲ ပန်းပင်များကို ရှောင်ချန်း၏ အခန်းထဲသို့ ရွှေ့ပြောင်းပေးခဲ့သည်။
ထိုအချိန်တွင် ရှောင်ချန်းသည် ဝူကော၏ လုပ်ရပ်များကို အရင်ကထက် ပိုပြီးေတာ့တောင်မှ သတိထားစောင့်ကြည့်နေခဲ့သည်။
ဝူကော ထွက်သွားပြီးနောက် ရှောင်ချန်းသည် သူ့ခန္ဓာကိုယ်တွင် တစ်ခုခု မှားယွင်းနေကြောင်းကို ချက်ချင်းပဲ သိရှိခဲ့သည်။
အရင်တုန်းက သူ့ရင်ဘတ်ရှိ ဒဏ်ရာက အနည်းငယ် နာကျင်သော်လည်းပဲ သူခံနိုင်သည့်အတိုင်းအတာထဲတွင် ရှိေနသေးသည်။
ဒါပေမဲ့လည်း အခုချိန်တွင်တော့ နာကျင်မှုက အရင်ကထက် သိသိသာသာ ပြင်းထန်လာခဲ့သည်။
ထို့ပြင် အရင်တုန်းက သူသည် နေမကောင်းမှုကြောင့် အစားအသောက် အနည်းငယ်ပျက်သော်လည်း ထမင်းနည်းနည်း စားနိုင်သေးသည်။
အခုတော့ သူသည် ဘာမှ မစားချင်ပဲနဲ့ အော့အန်ချင်သလို ခံစားနေရသည်။
မကြာသေးခင်ကမှ သူသည် အားအင်အပြည့်ဖြင့် အိပ်ရာမှ နိုးထလာခဲ့သော်လည်း ယခုအချိန်တွင် သူသည် ပြန်အိပ်ချင်နေသလိုမျိုး ခံစားနေခဲ့ရပြန်သည်။
ထို့ပြင် အရေးမပါသော အခြားအသေးအဖွဲ့ လက္ခဏာများလည်း ရှိနေပြီး ထိုအရာအားလုံးကိုလည်း သူ့၏ ထက်မြက်သော ဆေးဘက်ဆိုင်ရာ အသိပညာဖြင့် ခံစားသိရှိခဲ့သည်။
"ဝူကော ၊ဒါက မင်း လက်ချက်ပဲဖြစ်ရမယ်။ မအေမွေး မင်းက ငါ့ကို အကောက်ကြံတယ်ပေါ့။" ဟု ရှောင်ချန်းသည် အံကြိတ်ပြီး ပြောလိုက်သည်။
ရှောင်ချန်းသည် အခုချိန်တွင် ဂူသင်္ချိုင်းဖောက်သူ ဝူေကာက သူ့ကို ပစ်မှတ်ထားနေတာကို တစ်ရာရာခိုင်နှုန်း သေချာသွားခဲ့ပြီဖြစ်သည်။
မနေ့ကနေအခုထိ ဝူကောသည် မသမာသောနည်းလမ်းများကို အသုံးပြု၍ သူ့၏ ဒဏ်ရာများကို ပိုပြီးတော့ ဆိုးလာအောင် ပြုလုပ်နေခဲ့သည်။
သူသည် အခုချိန်တွင် ကုတင်ပေါ်၌ လဲလျောင်းနေချိန်တွင်လည်း ဝူကောသည် မသမာသော နည်းလမ်းများဖြင့် သူ့ကို ထိခိုက်အောင် ပြုလုပ်နေသေးသည်။
ထို့ကြောင့် ရှောင်ချန်းသည် အနီးနားရှိ လူခေါ်ခလုတ်ကို နှိပ်လိုက်သည်။
ခဏအကြာတွင် သူနာပြုတစ်ဦးက ဝင်လာပြီး ရှောင်ချန်းကို မေးမြန်းခဲ့သည်။
" မစ္စတာရှောင် ဘာကိစ္စရှိလို့လဲရှင့် "
"သူနာပြုလီ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါဦး။ ဒီပန်းပင်တွေကို ကျွန်တော့်အခန်းထဲကေန ဖယ်ထုတ်ပေးပါလား ။" ဟု ရှောင်ချန်းက ပြောလိုက်သည်။
သူသည် ခဏကြာစဉ်းစားပြီးနောက် ဝူကောက သူ့ကို
ထိခိုက်အောင်လို့ အသုံးပြုနိုင်သည့်နည်းလမ်းမှာ ထိုပန်းပင်များသာ ဖြစ်နိုင်သည်ဟု တွေး ထင်မိခဲ့သည်။
ဆေးပညာရှင်တစ်ေယာက်အနေဖြင့် သူသည် အချို့အပင်များက တစ်မူထူးခြားသောအနံ့များ ထုတ်လွှတ်နိုင်သည်ကို သူသိသည်မဟုတ်ပါလော။
ထို့ပြင် ထိုအနံ့များက မသိသာသော်လည်းပဲ လူတွေအပေါ် မှာတော့ သက်ရောက်နိုင်သည် မဟုတ်ပါေလာ။
အချို့အနံ့များက အဆိပ်ဖြစ်နိုင်သည်။
ထို့ကြောင့် ရှောင်ချန်းသည် ထိုပန်းပင်များက ထိုကဲ့သို့ အပင်မျိုးဖြစ်နိုင်သည်ဟု ထင်ခဲ့မိသည်။
သူနာပြုလီသည် အံ့အားသင့်စွာဖြင့် ပြန်မေးခဲ့သည်။
"ဒီပန်းပင်တွေက အရမ်းလှတယ် မဟုတ်ဘူးလား ?။ပြီးတော့ ဒီပန်းပင်တွေကို ရှင့် သူငယ်ချင်းက ရှင့်ကို ပို့ပေးထားတာေလ။ ဒါတွေကို ရှင် လွှင့်ပစ်ချင်တာ သေချာလို့လား "
" သေချာတယ် ၊ ဒါတွေအားလုံးကို ကျွန်တော့်အတွက် လွှင့်ပစ်ပေးပါ " ဟု ရှောင်းချန်က စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
" ဒီလောက်လှတဲ့ကို ပန်းပင်တွေကို လွှင့်ပစ်ရတာ နှမြောစရာေကာင်းတယ်။ ကျွန်မ ဒါတွေကို ယူသွားရင် ၊ရှင် စိတ်မဆိုးဘူးမလား ။" ဟု သူနာပြုလီက မေးလိုက်သည်။
" မင်းသဘောပဲ။ "
ထိုပန်းပင်များကို ဖယ်ရှားပြီးနောက် ရှောင်ချန်းသည် နေရထိုင်ရ သိသိသာသာ ပိုကောင်းသွားသလို ခံစားခဲ့ရသည်။
ထို့ပြင် သူသည် သူ့ကို အကောက်ကြံနေသူက ဝူကောဖြစ်ကြောင်းကိုပါ နောက်တစ်ဖန် သေချာသွားခဲ့သည်။သူ နှင့် ဝူကောသည် မကြာသေးခင်ကမှ တစ်ယောက်နှင့်တစ်ယောက် တွေ့ဖူးခဲ့ခြင်း ဖြစ်ပြီး သူတို့နှစ်ယောက်ကြားတွင်လည်း အရင်တုန်းက ဘာရန်ငြိုးရန်စမှ မရှိခဲ့ဖူးပေ။ ဒါတောင် ဝူကောက ဘာကြောင့် သူ့ကို အကောက်ကြံရတာလဲဆိုတာကို ရှောင်ချန်းသည် နားမလည်နိုင်အောင်ဖြစ်နေခဲ့သည်။
သို့သော်လည်းပဲ သူသည် ဇာတ်လိုက်တစ်ဦးဖြစ်တာကြောင့် သေသေချာချာစဉ်းစားပြီးချိန်တွင် ထိုအရာအားလုံးက လင်ပေ့ဖန်ကြောင့် ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်သွားခဲ့သည်။
ဝူကောသည် လင်ပေ့ဖန်က သူ့အပေါ် အရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံတာကို မြင်ပြီး မနာလိုသလို ခံစားရတာကြောင့် ထိုကဲ့သို့ နည်းလမ်းများကို အသုံးပြုခဲ့ခြင်းဖြစ်လိမ့်မည်ဖြစ်သည် ။
"သူက တကယ့်ကို သစ္စာရှိတဲ့ ဂုတ်ကြား တစ်ကောင်ပဲ " ဟု ပြောပြီး ရှောင်ချန်းသည် သူ့ကိုယ်ကိုယ်သူအတော်လေးနစ်နာသလို ခံစားခဲ့ရသည်။
သူနှင့် လင်ပေ့ဖန်က ရန်သူတွေဖြစ်ကြသော်လည်းပဲ လင်ပေ့ဖန်က သူ့ကို အရမ်းကိုမှကောင်းကောင်းမွန်မွန်ဆက်ဆံတာကြောင့် သူသည် တစ်ခြားသူများ၏ မနာလိုမှုကို ခံရပြီး အကောက်ကြံခြင်းကို ခံခဲ့ရ၍ သူ့ဒဏ်ရာတွေက ပိုပြီးတော့တောင်မှ အခြေအနေဆိုးသွားခဲ့သည်။
ထို့ပြင် သူသည် သူ့ ချစ်ရသော ကောင်မလေးနှင့် မိုဟိုင်မြို့ရှိ ဆရာဝန်များရှေ့တွင်လည်း အရှက်ရခဲ့ရသည်။ ရှောင်ချန်းသည် ထိုအကြောင်းများကို စဉ်းစားကြည့်ရုံဖြင့် သူ့မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။( ကိုယ်တောင် သနားသွားတယ် )
" ဘာပဲဖြစ်ဖြစ် ဒီရန်ငြိုးကိုတော့ ပြန်ရှင်းရမယ်။ " ဟု ပြောပြီးနောက် ရှောင်ချန်းသည် စိတ်တည်ငြိမ်စေရန်အတွက် သူမျက်လုံးများကို မှိတ်ခဲ့သည်။
ယခုအချိန်တွင် သူသည် ဘာကိုမှ မတွေးချင်တော့ဘဲ သူ့ဒဏ်ရာတွေ တတ်နိုင်သမျှ မြန်မြန်ပြန်ကောင်းလာတာကိုသာ လိုချင်နေခဲ့သည်။
နောက်တစ်နေ့တွင် ရှောင်ချန်းသည် ဆေးကုသမှု ခံယူနေစဉ်တွင် မမျှော်လင့်ဘဲနဲ့ သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က သူ့အခန်းထဲသို့ လမ်းလျှောက်ဝင်လာတာကို မြင်တွေ့ခဲ့သည်။
ထိုဖြစ်ရပ်က အံ့ဩစရာကောင်းသလို ၊အံဩစရာလည်း မကောင်းပေ။
ရှောင်ချန်းသည် တစ်ကိုယ်လုံးတုန်လှုပ်သွားပြီး ထိတ်လန့်စွာဖြင့် မေးခဲ့သည်။
" ဆရာဦးလေးမို ဘာလို့ ဒီကို လာရတာလဲ ? "
အခုရောက်ရှိလာသည့် သူက ရှောင်ချန်း ငယ်ရာကနေ ကြီးလာသည်အထိ ကြည့်ရှုစောင့်ရှောက်ခဲ့သော သူ့ ဆရာဦးလေး မိုဝူကွေ့ပဲဖြစ်သည်။
ထိုသူ၏ ရုပ်ရည်က သက်လက်ပိုင်းလူကြီးတစ်ဦးကဲ့သို့ဖြစ်ေနသော်လည်းပဲ အမှန်တကယ်တမ်းတော့ သူ့အသက်က ငါးဆယ်ကျော်ပြီဖြစ်သည်။
မိုဝူကွေ့သည် ကုတင်ပေါ်တွင် မမ်မီကဲ့သို့ လဲလျောင်းနေသော ရှောင်ချန်းကို ရှုပ်ထွေးသောအကြည့်များဖြင့် ကြည့်ပြီး ပြောလိုက်သည်။
" ငါ လာလို့ မရဘူးလား ? ။ အကယ်၍ ငါ မလာရင် ငါတို့ ဆေးဝိညာဥ်တောင်ကြားရဲ့ ဂုဏ်သိက္ခာအားလုံးက မင်းလုပ်လို့ ဆုံးရှုံးသွားရလိမ့်မယ်။ "
ရှောင်ချန်းသည် ရှက်ရွံ့ေသာ အမူအရာဖြင့် ပြောလိုက်သည်။
" ဆရာဦးလေးမို၊ ကျွန်တော်....."
"လွန်ခဲ့တဲ့နှစ်ရက်တုန်းက မိုဟိုင်မြို့ရဲ့ ဆေးဘက်ဆိုင်ရာ ဆွေးနွေးပွဲမှာ မင်းက ငါတို့ ဆေးဝိညာဉ်တောင်ကြားကို ကိုယ်စားပြုပြီးတော့ ဆေးဘုရင် ဆေးရုံရဲ့ အမွေဆက်ခံသူရှေ့မှာ ဒူးထောက်ခဲ့တယ်။ ငါ အဲ့ဒီသတင်းကို ကြားတော့ အတော်လေး အံ့အားသင့်သွားခဲ့တယ်။ ရှောင်ချန်း ၊မင်း.... ဘာလို့ ဒီလိုအရာကို လုပ်ရတာလဲ " ဟု မိုဝူေကွ့က ဝမ်းနည်းပူဆွေးစွာဖြင့် ပြောခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ရှောင်ချန်းသည် ပိုပြီးေတာ့ေတာင်မှ ရှက်ရွံ့သွားခဲ့သည်။
" ကျွန်တော်.........."
" ဒီဖြစ်ရပ်ကို ငါ့ရဲ့ စီနီယာအစ်ကို မင်းဆရာ ဘယ်လောက်ထိ ဒေါသထွက်နေလဲဆိုတာကို မင်းသိလား ?။ သူ့အခန်းထဲမှာသူနေပြီးတော့ နှစ်ရက်လုံးလုံး ထမင်းမစားဘူး ။ ပြီးတော့ အခုဆိုရင် စီနီယာအစ်ကိုရဲ့ ကျန်းမာရေးကလည်း သိပ်ကောင်းတာမဟုတ်ဘူး...။ "
ရှောင်ချန်းသည် ဘာစကားမှ ပြန်မပြောနိုင်ဘဲနဲ့ အရှက်ရနေခဲ့သည်။
မိုဝူကွေ့သည် သက်ပြင်းချပြီး ပြောခဲ့ပြန်သည်။
"အစတုန်းကတော့ ငါတို့ ဆေးဝိညာဉ်တောင်ကြားက မင်းနာမည်ရပြီး ကျော်ကြားလာတဲ့အထိကို စောင့်နေခဲ့တာ။ အခုတော့ မင်းက ကျော်ကြားလာခဲ့ပြီ ။ ဒါပေမဲ့ ကံမကောင်းချင်တော့ အဲ့ဒီကျော်ကြားတာက နာမည်ဆိုးနဲ့ ကျော်ကြားတာ ဖြစ်နေတယ် ။ပြီးတော့ ငါအခုချိန် အပြင်ထွက်ရင် ငါ့ကိုယ်ကိုယ်ငါ ဆေးဝိညာဉ်တောင်ကြားရဲ့ အဖွဲ့ဝင်တစ်ယောက်လို့ လူတွေကို ပြောပြရမှာ ရှက်နေမိတယ်။ "
ရှောင်ချန်က အလျင်အမြန်ပဲ ပြန်ရှင်းပြခဲ့သည်။
" ဆရာဦးလေးမို၊ ကျွန်တော် ပြောတာကို နားထောင် ပေးပါဦး။ ဒါက ကျွန်တော်လုပ်ချင်လို့ လုပ်တာ မဟုတ်ဘူး။ အဲဒီအချိန်တုန်းက ကျွန်တော့်ခြေထောက်တွေ ရုတ်တရက်အားနည်း ပြီး........"
မိုဝူကွေ့က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောခဲ့သည်။
" မင်း ပြောစရာမလိုဘူး။ ငါမင်းကို ကောင်းကောင်းသိတယ်။ မင်းက အရမ်းကို မာနကြီးတဲ့ သူတစ်ေယာက်ဖြစ်လို့ ဘယ်သူ့ကိုမှ ဒူးထောက်မဲ့သူ မဟုတ်ဘူး။ ပြီးတော့ မင်းက ဆေးဘုရင်ဆေးရုံရဲ့ အမွေဆက်ခံသူကိုလည်း ဒူးထောက်မှာ မဟုတ်ဘူး။"
" ဒါပေမယ့် မင်း ဒူးထောက်ခဲ့တာက ဒူးထောက်ခဲ့တာပဲလေ။ မင်းမှာ အကြောင်းပြချက် ဘယ်လောက်ပဲရှိရှိ ဒါက အရေးမပါဘူး။ လူတွေက သူတို့ မြင်ခဲ့တာပဲကို ယုံကြည်ကြလိမ့်မယ်။ "
" မင်း ဒူးထောက်လိုက်တာက ဆေးပညာရပ်ဝန်းတစ်ခုလုံးမှာ ငါတို့ဆေးဝိညာဉ်တောင်ကြားကို လူရယ်စရာတစ်ခု ဖြစ်သွားစေတယ်။ ပြီးတော့ ငါတို့ ဆေးဝိညာဉ်တောင်ကြားက ဒီအရှက်တရားကြောင့် ဘယ်နေရာကိုပဲသွားသွား ခေါင်းမော့ရင်ကော့ပြီးတော့ မသွားနိုင်တော့ဘူး။ "
ရှောင်ချန်းသည် ရှက်ရွံ့စွာဖြင့် ခေါင်းငိုက်စိုက်သွားခဲ့သည်။
မိုဝူကွေ့သည် ခေါင်းငုံ့ပြီး သူရှေ့မှာ မမ်မီရုပ်ကဲ့သို့ဖြစ်နေသော သူ့တူေလးကို ကြည့်လိုက်သည်။ ထို့နောက် သူသည် နောက်တစ်ဖန် သက်ပြင်းချပြီး ပြောခဲ့ပြန်သည်။
" အရင်တုန်းကတော့ ငါ မင်းကို ကောင်းကောင်း ဆူပြီးတော့ ရိုက်တောင် ရိုက်ချင်ခဲ့တာ။ ဒါပေမယ့် မင်းရဲ့ဒီပုံစံကို မြင်ပြီးတော့ ငါမလုပ်ရက်ေတာ့ဘူး "
" မင်း ဘယ်လိုဖြစ်ပြီးတော့ ဒီလိုပုံစံမျိုး ဖြစ်လာရလဲဆိုတာကို ငါ့ကို ပြောပြ ။ "
"မင်းတောင်ပေါ်ကဆင်းပြီးတော့ မင်းနဲ့စေ့စပ်ထားတဲ့သူကို လာတွေ့တာ မဟုတ်ဘူးလား ?။ သူမ နဲ့ မင်းရဲ့ အခြေအနေကရော ဘယ်လိုလဲ ? ။ "
"ပြီးတော့ ကျိုစီမင်ကရော ၊ မင်း ဒီလိုဖြစ်နေတာကို သူက ဘာလို့ လာမကြည့်တာလဲ ?။"
ရှောင်ချန်းသည် တောင်ပေါ်မှ ဆင်းလာပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ရှင်းပြခဲ့သည်။
မိုဝူကွေ့သည် ရှောင်ချန်းပြောသမျှ အရာအားလုံးကို နားထောင်ပြီးနောက် စကားပြန်မပြောနိုင်အောင်ထိ ဆွံ့အသွားခဲ့သည်။
ထိုအဖြစ်အပျက်တွေက တကယ့်ကို ယုတ္တိမတန်ပေ။
" ကျွန်တော်နဲ့ စေ့စပ်ထားတဲ့သူကို ရှာဖို့ ထွက်လာခဲ့တဲ့လမ်းမှာ ဖတ်တီးမကြီးတစ်ယောက်က ကျွန်တော့် ကို ဝင်တိုက်မိပြီးတော့ သူမက ကျွန်တော့်ကို တက်ဖိမိသွားခဲ့တယ်။ အဲ့ဒီအချိန်မှာ သူမရဲ့ ဝိတ်က အရမ်းလေးလွန်းလို့ ကျွန်တော်နံရိုးတွေကျိုးသွားပြီးတော့ ဆေးရုံရောက်ခဲ့ရတယ်။ ကျွန်တော်ဆေးရုံထဲမှာ တစ်လကြာလှဲလျောင်း နေရတာ မွန်းကြပ်လာလို့ အပြင်ထွက်ပြီးတော့ စိတ်ပြေလက်ပျောက် လမ်းထွက်လျှောက်တဲ့အချိန်မှာ အဲ့ဒီအမျိုးသမီးကပဲ ကျွန်တော့်ကို နောက်တစ်ကြိမ် ထပ်ဝင်တိုက်လိုက်လို့ ကျွန်တော့်ရဲ့ နံရိုးတွေ ထပ်ကျိုးသွားပြီးတော့ ဆေးရုံကို ပြန်ရောက်ခဲ့ရပြန်တယ်။ "
" ပြီးတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မိုဟိုင်မြို့မှာ ကျင်းပမဲ့ ဆေးဘက်ဆိုင်ရာ ဆေးနွေးပွဲကို ဆေးဘုရင်ဆေးရုံရဲ့ ကိုယ်စားလှယ်တွေပါ တက်ရောက်လိမ့်မယ်လို့ ကျွန်တော် ကြားသိခဲ့ရတယ်။ ဒါကြောင့် အဲ့ဒီပွဲကို ကျွန်တော်တက်ရောက်ပြီး ၊ ဆေးဘုရင်ဆေးရုံရဲ့ ကိုယ်စားလှယ်တွေ ကုသတာခံပြီးတော့ ကျွန်တော့်ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းလာမယ်လို့ ကျွန်တော်မျှော်လင့်ခဲ့တာ။ "
" အစတုန်းကတော့ အရာအားလုံးက ချောချောမွေ့မွေ့ပဲ။ ဒါပေမဲ့ ဆေးဘုရင်ဆေးရုံရဲ့ အမွေဆက်ခံသူက နေရင်းထိုင်ရင်း ကျွန်တော့်တို့ကို လာစော်ကားလို့ ကျွန်တော် မနေနိုင်ပဲနဲ့ မတ်တပ်ရပ်မိခဲ့တာ။ အဲ့ဒီအချိန်ကစပြီးတော့ ဖြစ်ပျက်ခဲ့သမျှကို ဆရာဦးလေး သိတဲ့အတိုင်းပဲ။ နောက်ဆုံးတော့ ကျွန်တော်လည်း ဂုဏ်သိက္ခာကျ၊ နံရိုးကျိုးပြီးတော့ ဆေးရုံ နောက်တစ်ကြိမ်ပြန်ရောက်ခဲ့ရတယ်။ "
မိုဝူကွေ့သည် မကျေမချမ်းဖြင့် ကျိန်ဆဲခဲ့သည်။
" လခွမ်း ၊မင်း အဖြစ်ကလည်း ကျားကြောက်လို့ ရှင် ကြီးကိုး ၊ရှင်ကြီး ကျားထက်ဆိုးလို ဖြစ်နေပြီဟ။ "
ရှောင်ချန်းသည် ရှက်လွန်းတာကြောင့် သူ့ မျက်နှာကို သူ ပြန်ပြီးတော့ ဖုံးချင်နေခဲ့သည်။
"ဒါဆိုရင် မင်း တောင်ပေါ်က ဆင်းလာပြီးတော့ နှစ်လကြာတဲ့အထိ ဘာတစ်ခုမှ ပြီးမြောက်အောင်မလုပ်ရသေးဘဲနဲ့ ဆေးရုံမှာပဲ လှဲလျောင်းနေတာပေါ့ ၊ဟုတ်လား ?။ "
" ဟုတ်တယ်ဆရာဦးလေး။ " ဟု ပြောပြီး ရှောင်ချန်းသည် ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"မင်းနဲ့ စေ့စပ်ထားတဲ့သူတောင် အခုချိန်မှာ မင်းနဲ့ စေ့စပ်ထားတာကို မသိသေးဘူးလား?။ "
" မသိသေးဘူး " ဟု ရှောင်ချန်းသည် ရှက်ရွံ့စွာဖြင့် နောက်တစ်ကြိမ်ခေါင်းညိတ်ပြီး ပြောလိုက်သည်။
" ကျိုစီမင်က မင်းကို ကယ်တင်ဖို့ ကြိုးစားလို့ အထင်လွဲခံရပြီးတော့ ဒုက္ခရောက်ခဲ့ရတာလား ?"
" ဟုတ်ပါတယ် " ဟု ရှောင်ချန်းသည် ရှက်ရွံ့စွာဖြင့် နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်ပြန်သည်။
" လခွမ်း ၊ မင်းက ကံဆိုးစေတဲ့ ကြယ်တစ်ပွင့်ပဲဟ။ မင်းက မင်းကိုယ် မင်း ကံဆိုးစေရုံမကဘူး။ တစ်ခြားသူတွေကိုလည်း ကံဆိုးစေတာပဲ။ "
ရှောင်ချန်းသည် ဘယ်သူ့ကိုမှ မျက်နှာမပြရဲသည်အထိ ရှက်ရွံ့နေခဲ့သည်။