အခန်း (၁၃၄)
Vol. 9 Ch. 134
ထို့နောက် လင်ပေ့ဖန် နှင့် မိုဝူကွေ့တို့သည် ထိုင်ခုံတွင် ထိုင်ပြီး ပျော်ရွှင်စွာဖြင့် စကားစမြည်းပြောဆိုခဲ့ကြသည်။
ရှောင်ချန်းသည် ထိုဖြစ်ရပ်ကို ကုတင်ပေါ်တွင် လှဲလျောင်းပြီး ကိုးရိုးကားရား အမူအရာဖြင့် ကြည့်နေခဲ့သည်။
ထိုနှစ်ယောက်သည် အတိတ်ဘဝတုန်းက တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း သတ်ချင်နေကြတဲ့ ရန်သူတွေဖြစ်သော်လည်းပဲ ယခုအချိန်တွင် အတူတကွထိုင်ပြီး အရမ်းကိုမှ ပျော်ရွှင်စွာဖြင့် စကားစမြည်း ပြောဆိုနေကြသည်။
' ငါ့ မျက်လုံးလေးတွေ ပိတ်ပြီး ဘာမှ မမြင်သလို ဟန်ဆောင်တာပဲ ကောင်းပါတယ်လေ '
ထိုအချိန်တွင် လင်ပေ့ဖန်နှင့် မိုဝူကွေ့တို့သည် ဆေးဝိညာဉ်တောင်ကြားရဲ့ ဂုဏ်သတင်းကို ဘယ်လိုလုပ်ပြီးတော့ ပြန်အဖက်ဆယ်ရမလဲဆိုတာကို ဆွေးနွေးနေခဲ့သည်။
" တကယ်တော့ ကျွန်တော့် စိတ်ထဲမှာ အဖြေတစ်ခုရှိနေပြီးပြီ။ ဒါက လူနာတွေကို အခမဲ့ တိုင်ပင်ဆွေးနွေး ပေးတာပဲ။ ကျွန်တော်တို့ အဲဒီလို တိုင်ပင်ဆွေးနွေးပေးရင် ကျွန်တော်တို့ ဆေးဝိညာဉ်တောင်ကြားရဲ့ ဆေးပညာစွမ်းရည်တွေက ဘယ်လောက်ကောင်းတဲ့ ဆိုတဲ့ အကြောင်းကို လူတွေအများကြီး သိလာပြီးတော့ ကျွန်တော့်တို့ ဆေးဝိညာဉ်တောင်ကြားရဲ့ ဂုဏ်သတင်းကို ပြန်အဖက်ဆယ်ပြီးသား ဖြစ်သွားလိမ့်မယ်။ " ဟု မိုဝူကွေ့က ပြုံးပြီး ပြောခဲ့သည်။
လင်ပေ့ဖန်က စိုးရိမ်စွာဖြင့် မိုဝူကွေ့ကို မေးမြန်းခဲ့သည်။
" ဦးလေး ၊ကျွန်တော့်ရဲ့ အကူအညီလိုသေးလား ? ။ "
မိုဝူကွေ့က ခေါင်းခါပြီး ပြောလိုက်သည်။
" မလိုပါဘူး ၊မစ္စတာလင် ။ မင်း ဦးလေးတို့ကို အများကြီး ကူညီပြီးသွားပြီ။ ဒီကိစ္စသေးသေးလေးတွေလောက်ကိုတော့ ဦးလေးဘာသာ ဦးလေး ကိုင်တွယ်နိုင်ပါတယ်။ "
" ဒါဆိုရင်လည်း ဦလေးမို အရာအားလုံး အဆင်ပြေပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။ "
" ဟားဟား ... ကျေးဇူးတင်ပါတယ် လူလေးရာ "
မိုဝူကွေ့နှင့် စကားစမြည်းပြောဆိုပြီးနောက် လင်ပေ့ဖန်သည် ရဲ့ရှင်းချန်စီ သွားရောက်လည်ပတ်ပြီး ကုမ္ပဏီသို့ ပြန်သွားခဲ့သည်။
သူ ကုမ္ပဏီသို့ ပြန်ရောက်ပြီးချိန်တွင် နဂါးဘုရင်၏ သမက်တော် ဝတ္ထုကို ဖတ်ပြီး ပျော်ရွှင်နေသော ဝူကောကို တွေ့ခဲ့သည်။
" ဥက္ကဌလင် ပြန်လာပြီပေါ့ "
လင်ပေ့ဖန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
" ဟုတ်တယ် ၊ ငါ အခုပဲ ဆေးရုံကနေ ပြန်လာခဲ့တာ။"
ဝူကောသည် ဆေးရုံဆိုသည့် စကားကို ကြားပြီး ချက်ချင်းမတ်တပ်ရပ်၍ စိုးရိမ်စွာဖြင့် မေးမြန်းခဲ့သည်။
" ဥက္ကဌလင် ၊ရှောင်ချန်း နဲ့ ရဲ့ရှင်းချန်ကို သွားတွေ့ဖို့အတွက် မင်း ဆေးရုံကို သွားခဲ့တာလား ? ။ အခု သူတို့နှစ်ယောက်ရဲ့ အခြေအနေကရော ဘယ်လိုလဲ ?။ သူတို့ အရင်ကထက် သက်သာလာလား ? ။ "
" သူတို့နှစ်ယောက်လုံး သက်သာတယ်။ အစ်ကိုရဲ့မှာ စားမဝင် အိပ်မပျော်တဲ့ လက္ခဏာအချို့တော့ ရှိပေမဲ့ ဒါက ပုံမှန် လူနာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေပဲလေ။ "
" ဒါဆိုရင်တော့ ကျွန်တော် စိတ်အေးသွားပြီ။ "
ဝူကောလည်း ပြုံးပြီး လင်ပေ့ဖန်လည်း ပြုံးသွားခဲ့သည်။
ထို့နောက် ဝူကောက ထပ်မေးခဲ့သည်။
" ရှောင်ချန်း အခြေအနေကရော ဘယ်လိုလဲ ?။ သူရော သက်သာလား ? ။ "
" အစ်ကိုရှောင်ရဲ့ အခြေအနေအကုန်လုံးက ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ အစ်ကိုရှောင်ရဲ့ ဆရာဦးလေး မိုဝူကွေ့ ရောက်လာလို့ပဲ။ သူ အစ်ကိုရှောင်ကို ကုပေးပြီးတော့ အစ်ကိုရှောင်ရဲ့ ဒဏ်ရာတွေ သက်သာလာတာက အတော်လေးကို မြန်လာတယ်။ သူ ဆေးရုံကနေ တစ်လအတွင်း ပြန်ဆင်းလာနိုင်လိမ့်မယ်။ ဒါက တကယ် ပျော်ရွှင်စရာကောင်းတဲ့ သတင်းကောင်းတစ်ခုပဲ ။ဟားဟား..." လင်ပေ့ဖန်က ပြောလိုက်သည်။
' ရှောင်ချန်းရဲ့ ဆရာဦးလေး ရောက်လာပြီးေတာ့ သူ့ကို ကုသပေးခဲ့တာလား ?။ '
ဝူကော၏ မျက်ခုံးများက အနည်းငယ် ကျုံ့သွားခဲ့သည်။သူသည် ရှောင်ချန်း၏ ဆရာဦးလေးကို မသိသော်လည်းပဲ ဉာဏ်ကြီးရှင်ဆရာဝန်တစ်ယောက်၏ ဆရာဦးလေးမှာ ဆေးပညာအရည်အချင်း အတော်အသင့်တော့ ရှိလိမ့်မည်ဖြစ်သည် ။
အကယ်၍ ရှောင်ချန်း ဘေးမှာ ထိုလူသာ ရှိနေလျှင် ရှောင်ချန်း၏ ဒဏ်ရာများသည် အလျင်အမြန် ပြန်ကောင်းလာလိမ့်မည်မှာ အသေအချာပဲဖြစ်သည်။ဘာပဲဖြစ်ဖြစ် ဝူကောအတွက်တော့ ရဲ့ရှင်းချန် ပြန်မလာနိုင်တာက အကောင်းဆုံးအရာဖြစ်သည်။
" ဒါက တကယ့်ကို သတင်းကောင်းတစ်ခုပဲ ။ "ဟု ဝူကောက ပြောလိုက်သည်။
လင်ပေ့ဖန်သည် ဆိုဖာပေါ်တွင် ပျော်ရွှင်စွာဖြင့် ထိုင်ပြီး သူ့ဘာသာသူ လက်ဖက်ရည်တစ်ခွက် လောင်းထည့်၍ ပြောလိုက်သည်။
" အစ်ကိုရှောင် အမြန်ဆုံး ပြန်ကောင်းလာပြီးတော့ ငါ့လာကူညီမှာကို ငါ မစောင့်နိုင်တော့ဘူး။ သူတို့ဆေးဝိညာဉ်တောင်ကြားရဲ့ အစွမ်းထက်လွန်းတဲ့ ဆေးပညာကျွမ်းကျင်မှုတွေနဲ့ဆိုရင် သူက သေချာပေါက် အဆင့်အတန်းမြင့်တဲ့ ဂုဏ်သရေရှိ လူအများကြီးနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုထူထောင်နိုင်အောင်လို့ ငါ့ကို ကူညီပေးနိုင်လိမ့်မယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေများလေလေ အခွင့်အလမ်းပိုများလေပဲ ၊ မဟုတ်လား အစ်ကိုဝူ ? ။ "
ဝူကောသည် ရုတ်တရက် အတွေးထဲကနေ နိုးလာခဲ့သည်။
" ဟုတ်တာပေါ့ ၊ ဒါကို ကျွန်တော် ဘာလို့ မစဉ်းမိခဲ့တာလဲ မသိ ။ "
သူသည် လမ်းကြောင်းမှားအောင် လုပ်ခဲ့မိသည့်အတွက် အတော်လေး ဝမ်းနည်းနေခဲ့သည်။ ဖြစ်ချင်တော့ လင်ပေ့ဖန်အတွက် တန်ဖိုးအရှိဆုံးလူမှာ ရဲ့ရှင်းချန်မဟုတ်ပဲနဲ့ ရှောင်ချန်းဖြစ်နေခဲ့သည်။
ရဲ့ရှင်းချန်က လင်ပေ့ဖန်ကို ပိုက်ဆံရအောင် လုပ်ပေးတာနှင့် သက်တော်စောင့်အဖြစ် ကာကွယ်ပေးရာမှာပဲ ကူညီနိုင်သည်။
' လင်ပေ့ဖန်က သူ့ဘာသာသူ ပိုက်ဆံမရှာနိုင်ဘူးလား ?။ ဘယ်ဟုတ်မလဲ ။ဒါဆိုရင်ရော လင်ပေ့ဖန်က သူ့ကို ကာကွယ်ဖို့ တစ်ယောက်ယောက်ကို လိုအပ်လို့လား ?။ သေချာပေါက် မလိုဘူး ပေါ့။ ဒါကြောင့် ရဲ့ရှင်းချန်က လင်ပေ့ဖန်အတွက် အသုံးဝင်ပေမဲ့ သူ့ရဲ့ အသုံးဝင်မှုက အကန့်အသတ်ရှိတယ်။ '
' တစ်ဖက်မှာတော့ ရှောင်ချန်းက ခြားနားတယ်။ ဘာလို့လဲဆိုတော့ သူက လူနာကို သေရာကနေ ပြန်ရှင်အောင် ကုသပေးနိုင်တဲ့ နတ်ဆေးဆရာတစ်ယောက်ဖြစ်လို့ပဲ။ အခုခေတ်မှာ လူတွေက သေမှာကို အတော်လေးကို ကြောက်ကြတယ်။ အထူးသဖြင့် လူချမ်းသာတွေပဲ။ သူတို့က သာမန်လူတွေထက် သေမှာကို ပိုကြောက်တယ်။ အဲ့ဒါက ရှောင်ချန်းရဲ့ တန်ဖိုးကို သိသာထင်ရှားစေတယ်။ နောက်ပြီး ရှောင်ချန်းရဲ့ ဆေးပညာကျွမ်းကျင်မှုတွေကို မှီခိုပြီးတော့ လင်ပေ့ဖန်က ကျယ်ပြန့်တဲ့ ဆက်သွယ်ရေးကွန်ရက်ကို အလွယ်တကူ တည်ဆောက်နိုင်တယ်။ အဲ့ဒီကွန်ရက်နဲ့ လင်ပေ့ဖန်က ပိုက်ဆံ အလွယ်တကူ ရှာပြီးတော့ တခြားစီးပွားရေး ကဏ္ဍ တွေကိုလည်း အလွယ်တကူ ဝင်ရောက်နိုင်လိမ့်မယ်။ "
' ဒါဆိုရင် လင်ပေ့ဖန် ရှောင်ချန်းကို ဂရုစိုက်နေတာအကုန်လုံးက အဲ့ဒီအတွက်လား ?။ ဘုရား ၊ဘုရား သူက ဒီအထိတောင် ကြိုတွက်ထားတာပဲဟ ။ '
' ကြောက်ဖုတ်ကောင်းလိုက်တာ ၊တကယ်ကြောက်ဖို့ကောင်းတယ်။ '
ဝူကောသည် သူ့စိတ်ထဲတွင် အရေးပေါ် သတိပေးချက်တစ်ခုကို ခံစားလိုက်ရသည်။
' ငါ ရှောင်ချန်းကို ဆေးရုံကနေ ဆင်းခွင့်ပြုလို့ မဖြစ်ဘူး။ ငါ လင်ပေ့ဖန်ကို လက်စားချေတာ မပြီးမချင်း ရှောင်ချန်းကို ဆေးရုံမှာပဲ လှဲအိပ်နေခိုင်းရမယ်။ "
' အခုချိန်မှာ ငါ့အတွက် အကြီးမားဆုံး အဟန့်အတားက ရှောင်ချန်းရဲ့ ဆရာဦးလေးပဲ။ ငါသူ့ကို ဟန့်တားရမယ်။ '
ထိုအချိန်တွင် လင်ပေ့ဖန်က ပြောလိုက်သည်။
" ဒေါက်တာမိုက သူတို့ဆေးဝိညာဉ်တောင်ကြားရဲ့ ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ဖို့အတွက် အခမဲ့တိုင်ပင်ဆွေးေနွးပွဲကို ချောက်ယန်ရင်ပြင်မှာ မနက်ဖြန် လုပ်လိမ့်မယ် ။ ပြီးတော့ အဲ့ဒီပွဲကို တက်ရောက်လာမဲ့သူတွေကလည်း အဆင့်အတန်းမြင့်တယ်။ဒါက ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။ အစ်ကိုဝူရဲ့ မိသားစုနဲ့ သူငယ်ချင်းနည်းနည်းကို သွားကြည့်ဖို့ ခေါ်သွားလို့ရတယ်။ "
ဝူကောသည် စိတ်ပြောင်းသွားခဲ့သည်။
" ဥက္ကဌလင် ၊ကျွန်တော်သိပြီ။ "
အလုပ်ဆင်းပြီးနောက် ဝူကောသည် အရသာရှိတဲ့ အစားအစာတွေကို ဝယ်လာပြီး အိမ်ပြန်လာခဲ့သည်။ ဝမ်ပန်ဇီသည် ထိုအစားအစာတွေကို မြင်ပြီး ဝူကောစီကနေ ယူ၍ ပြောလိုက်သည်။
" ဝူကော၊ ဒီနေ့ ဘာပျော်စရာရှိလို့ မင်းအစားအစာအများကြီး ဝယ်လာခဲ့တာလဲ ?။ ဒါက မင်းကို အန်တီလျိုက စိတ်လှုပ်ရှားအောင် လုပ်ခဲ့လို့လား ? ။ "
ဝူကော - ဒီဖေ
ဝူကော၏ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး ဒေါသထွက်သောအမူအရာဖြင့် ပြောလိုက်သည်။
" ပန်ဇီ ၊ မင်း စကားမပြောတတ်ရင် စကားမပြောနဲ့။ အစားပဲစား။ မင်း စားပြီးရင် ငါ မင်းနဲ့ ဆွေးနွေးချင်တဲ့ အကြောင်းရှိတယ်။ မင်း ကူညီမယ်လို့ ငါမျှော်လင့်တယ်။ "
ဝမ်ပန်ဇီသည် ထိတ်လန့်နေသောအမူအရာဖြင့် ကြည့်ပြီး ဝူကောကို မယုံသင်္ကာဖြင့် မေးလိုက်သည်။
" မင်း ငါ့ကို မ မေးပဲနဲ့ လင်ပေ့ဖန်စီ ရှေးဟောင်းပစ္စည်းတွေ နောက်တစ်ခါထပ်ပို့မလို့လား ? ။ ငါ မင်းကို ပြောလိုက်မယ်။ ငါ သေချာပေါက် မလုပ်ပေးနိုင်ဘူး။ နောက်ဆုံးတစ်ခေါက်တုန်းက သုံးဘီလီယံတန်တဲ့ ရှေးဟောင်းပစ္စည်းကို လက်လွှတ်ဆုံးရှုံးလိုက်ရလို့ ငါ့နှလုံးသားလေးက နာကျင်နေတုန်းပဲ။ မင်း အဲ့လို့နောက်တစ်ခါထပ်လုပ်ရင် ငါမင်းကို အပိုင်းပိုင်းဖြတ်ပစ်မယ်။ "
" မစိုးရိမ်နဲ့။ ဒါက သေချာပေါက် ရှေးဟောင်းပစ္စည်း ပို့ခိုင်းမှာ မဟုတ်ဘူး။ဒါက အခြားကိစ္စတစ်ခုပဲ။ "
" ကောင်းပြီလေ ၊ ရှေးဟောင်းပစ္စည်းတွေ မဟုတ်သ၍ ကျန်တဲ့ ဟာဆို အဆင်ပြေတယ်။ လာ ငါတို့ညီအစ်ကိုနှစ်ယောက် အစာစားပြီးဝိုင်သောက်ရင်းနဲ့ ပြောကြတာပေါ့။ "
ထို့နောက် ဝူကောက အစာစားရင်းဖြင့် ဝမ်ပန်ဇီကို အခြေအနေရှင်းပြခဲ့သည်။
ဝူကော ရှင်းပြတာကို နားထောင်ပြီး ဝမ်ပန်ဇီသည် ထိတ်လန့်သွားခဲ့သည်။
" မင်းက ငါ့ကို ဆရာဝန်တစ်ယောက်ကို ပြဿနာ ရှာစေချင်တာလား ?။ ခုနက မင်းပြောတဲ့ ဆရာဝန်ကရော ဘယ်သူလဲ ?။ အသက်ရောဘယ်လောက်လဲ ?။ သူက ဘာဆရာဝန်လဲ ?။ မင်းတို့နှစ်ယောက်ကြားမှာရော ဘာ ရန်ငြိုးတွေရှိလို့လဲ ? ။ "
" သူ့နာမည်က မိုဝူကွေ့လို့ခေါ်တယ်။ သူက တရုတ်ရိုးရာတိုင်းရင်းဆေးဆရာဝန်တစ်ယောက်ပဲ။ သူ့ပုံက သက်လတ်ပိုင်းလူကြီးတစ်ယောက်နဲ့တူတယ်။ ဒါပေမဲ့ သူ့အသက်က တကယ်တော့ ၅၀ ကျော်ရှိတယ်။ "
" သူက အသက်ငါးဆယ်ကျော်တာတောင် သက်လတ်ပိုင်းလူကြီးတစ်ယောက်နဲ့တူတယ်ဆိုတော့ သူက ရုပ်ချောတဲ့ ရှူးဂါးဒယ်ဒီပဲဖြစ်ရမယ်။ "
ထို့နောက် ဝမ်ပန်ဇီသည် ဝူကောကို စခဲ့သည်။
" သူက အန်တီလျှိုကို မင်းစီက လုယူပြီးတော့ မင်းကို မနာလိုဖြစ်အောင် လုပ်ခဲ့တာလား ? ။ "
ဝူကောသည် မည်းမှောင်နေသောအမူအရာဖြင့် ဝမ်ပန်ဇီကို ခြေထောက်နဲ့ ကန်ပြီး ပြောခဲ့သည်။
" အန်တီလျှိုအကြောင်း ထပ်မပြောနဲ့ ။ "
" အေအေ ၊ ငါ ထပ် မပြောတော့ဘူး။ " ဟု ပြောပြီး ဝမ်ပန်ဇီသည် မနေနိုင်ပဲနဲ့ ရယ်မောခဲ့သည်။
ဝူကောက ဝမ်ပန်ဇီကို ဒေါသတကြီး စိုက်ကြည့်ပြီး ပြောလိုက်သည်။
" ငါ့မှာ သူ့နဲ့ ဘာရန်ငြိုးရန်စမှ မရှိဘူး။ ဒါပေမဲ့ ငါ အဲ့တာကို လုပ်ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါက ငါ့အတွက် အရေးကြီးတယ် ။ ဒါကို ငါကိုယ်တိုင် လုပ်လို့ မရလို့ မင်းရဲ့ အကူအညီကို တောင်းရတာ။ "
" ကောင်းပြီလေ ၊ ဒါက ငါ့အတွက်တော့ ကိစ္စသေးသေးလေးတစ်ခုပါပဲ။ လူတွေကို စိတ်ဒုက္ခ လိုက်ပေးတဲ့နေရာမှာ ငါ တကယ်ကို ကျွမ်းကျင်တယ်။ "ဟု ဝမ်ပန်ဇီက ပြောခဲ့သည်။
" ပန်ဇီ မင်း လုံးဝ မှားလို့ မရဘူးနော် " ဝူကောက သတိပေးလိုက်သည်။
" မစိုးရိမ်နဲ့ ၊ ဒီလိုမျိုး အသေးအမွှား ကိစ္စလေးတွေက ငါ့အတွက် ခက်ခဲနိုင်မှာမို့လို့လား ? ။ "