← Chapters

စက်ရုံက ခင်ဗျားအတွက် ထုတ်လုပ်မှုစတင်နေပါပြီ

Vol. 2 Ch. 16

စက်ရုံက ခင်ဗျားအတွက် ထုတ်လုပ်မှုစတင်နေပါပြီ

Vol. 2 Ch. 16

"အစ်ကိုကျန်း.. အဲ့ဒီကားက ၇၂သန်းတန်တယ်နော်။ ခင်ဗျား ကျွန်တော့်ကိုလာနောက်နေတာလား"

"ကားတစ်စီးတည်းနဲ့ ဘာတွေများနောက်နေစရာရှိလို့လဲ"

ကျန်းမုန့်လောင်က ပိုက်ဆံက ပဓာနမဟုတ်လေဟန်ဖြင့် ပြောလိုက်သည်။

"ကျွန်တော်က မိတ်ဆွေဖွဲ့ချင်ရုံလေးပါ။ ပြီးတော့ လူတိုင်းကိုသာပျော်အောင်လုပ်နိုင်မယ်ဆိုရင် ဒီပိုက်ဆံနည်းနည်းလောက်သုံးရလည်း သုံးရတာတန်ပါတယ်။ ဟုတ်တယ်မလား။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဝယ်ထားတဲ့ကားတွေကလည်း အများကြီးပဲဆိုတော့ အဲ့ဒါတွေကို ကျွန်တော့်ဘာသာလည်း အကုန်မောင်းဖို့မဖြစ်နိုင်ဘူးလေ"

"စကားမစပ်.. ခင်ဗျားတို့ ပရော်ဖက်ရှင်နယ်ကားချောဆီသုတ်ပေးတဲ့လူတစ်ယောက်ယောက်ကိုများသိကြလား"

"ကားကိုချောဆီသုတ်ပေးတဲ့လူလား။ အဲ့ဒါင ဘယ်လိုအလုပ်မျိုးလဲ"

ချင်းဖုန်းနှင့် ဝမ်လင်တို့မှာ စိတ်ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ထိုကဲ့သို့သော အလုပ်အကိုင်မျိုးကို သူတို့ ပထမဆုံးအကြိမ်ကြားဖူးခြင်းပင်။

"အဲ့ဒါက ကားအကြောင်းကျွမ်းကျင်တဲ့လူတစ်ယောက်ပါပဲ"

ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။

"ကျွန်တော်က ကားတွေအများကြီးဝယ်ထားတာဆိုတော့ နှစ်ဝက်တို့တစ်နှစ်လောက်တို့ မစီးဘဲ ကားဂိုဒေါင်ထဲမှာပဲ ထည့်သိမ်ထားမယ်ဆိုရင် အဲ့ဒီကားတွေအကုန်လုံး သံချေးတက်ကုန်မှာစိုးလို့လေ။ တစ်ယောက်ယောက်ကတော့ အဲ့ဒီကားကိုသံချေးမတက်အောင် ချောဆီသုတ်တဲ့အနေနဲ့ တစ်ပတ်လောက်ပတ်မောင်းပေးရမှာပဲလေ ဟုတ်တယ်မလား"

ကျန်းမုန့်လောင်၏ရှင်းပြချက်က ချင်းဖုန်းနှင့် ဝမ်လင်တို့ကို ရူးသွပ်သွားစေလေသည်။

သူ့မှာ ကားဘယ်နှစီးတောင်ရှိတာလဲ။

သို့သော် ဤကိစ္စမှာ အဓိပ္ပာယ်တော့ရှိသည်။ ကား၁၄စင်းကို ဝယ်ယူနိုင်သူတစ်ယောက်မှာ သူ့အိမ်တွင် သည့်ထက်ပိုများသောကားများ ရှိနေလိမ့်ဦးမည်။

"ငါလည်း ကားကိုချောဆီသုတ်ပေးတဲ့လူ ဖြစ်ချင်တယ်လေ"

အမျိုးသားအရောင်းကိုယ်စားလှယ်တချို့က အချင်းချင်းတီးတိုးပြောဆိုနေကြသည်။

"ဘာလစာမှမရဘူးဆိုရင်တောင် ပြိုင်ကားတွေကို နေ့တိုင်းမောင်းပြီး ကောင်မလေးတွေကို သွားကြိုရတာက တော်တော်မိုက်မှာပဲ"

"မေ့ထားလိုက်စမ်းပါကွာ။ အဲ့ဒီလိုကားမျိုးကို မင်းမောင်းရဲမှာလား။ တစ်ခုခုနဲ့ မတော်တဆခြစ်မိသွားခဲ့ရင် ပျက်စီးဆုံးရှုံးမှုကိုပြန်လျော်ဖို့အတွက် မင်းရဲ့အိမ်ကိုပါ ရောင်းပစ်ရလိမ့်မယ်"

"မသိရင် ငါ့မှာ ရောင်းစရာအိမ်ရှိတာကျနေတာပဲ...."

"စကားမစပ် ချင်းဖုန်း..ခင်ဗျားက အက်စ်တွန်မာတင်ကားတွေကို တော်တော်သဘောကျတယ်လို့ကြားထားတယ်။ ဒါဆို Valkyrieကားကို ခင်ဗျားအတွက် လက်ဆောင်ပေးလိုက်ပါ့မယ်။ ကျွန်တော် အခု မိတ်ဆွေဖွဲ့လိုက်ပြီပဲ။ ဟုတ်တယ်မလား'

ထိုစကားကိုကြားသောအခါ ချင်းဖုန်း၏မျက်ဝန်းတို့က တောက်ပလင်းလက်သွားသည်။ Valkyrieက Poisonထက် တန်ကြေးမမြင့်သော်လည်း သန်းပေါင်းဆယ်ဂဏန်းပေးရသည့် Limited Editionတစ်ခုဖြစ်၏။

"ဟားဟားဟား.. အစ်ကိုကျန်းက အရမ်းရက်ရောနေမှတော့ ကျွန်တော်တို့လည်း အရှက်မရှိလက်ခံလိုက်ပါ့မယ်"

ချင်းဖုန်းက ဆို၏။

"ခင်ဗျား မင်ကျူးမြို့ကို လာဖြစ်တဲ့အချိန်ကျရင် ကျွန်တော်တို့ ခင်ဗျားကို ဟင်းလင်းပြင်လမ်းမကြီးမှာ ကားမောင်းထွက်ဖို့ခေါ်သွားပေးမယ်"

ချင်းဖုန်းနှင့် ဝမ်လင်တို့က ဣန္ဒြေတစ်ခွဲသားလုပ်မနေခဲ့ကြပေ။ မည်သို့ပင်ဖြစ်စေ ကျန်းမုန့်လောင်ကလည်း ပိုက်ဆံပြတ်လပ်နေသူမဟုတ်ချေ။ သူတို့ဘက်က ငြင်းဆန်လိုက်လျှင် သူ့အား စော်ကားသလိုဖြစ်သွားလိမ့်မည်သာ။

အနားရှိ ဆိုရှယ်မီဒီယာဆယ်လီများမှာ ဤဖြစ်ရပ်ကို မျက်မြင်တွေ့လိုက်ရသည့်အတွက် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ သူတို့က ဝမ်လင်နှင့် ချင်းဖုန်းတို့၏လူမှုအသိုင်အဝိုင်းထဲတွင် ဝင်ဆံ့အောင်တိုးရင်း အထက်တန်းကျကျနေနေရသည်ဟု ထင်ထားကြသော်လည်း ယနေ့ဖြစ်ရပ်က သူတို့၏စိတ်ကူးနိုင်စွမ်းကို ကျော်လွန်သွားခဲ့သည်။

သန်းပေါင်းများစွာတန်သော ကားများကိုပင် သာမန်ကာလျှံကာလက်ဆောင်ပေးပစ်နိုင်သည့် လူတစ်ဦးနှင့် ပထမဆုံးအကြိမ်တွေ့ဆုံရခြင်းမှာ ကိုယ်တွေ့မကြုံတွေ့ဖူးသရွေ့ စိတ်ကူးယဉ်၍ပင် မရနိုင်သော စိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုကြီးတစ်ခုဖြစ်၏။

"သူဌေးစု.. ကားတွေကိုစီစဉ်ဖို့အတွက် ခင်ဗျားကိုပဲအပ်ထားခဲ့တော့မယ်"

"စိတ်မပူပါနဲ့။ ကျွန်တော် ကောင်းကောင်းဂရုစိုက်လိုက်မယ်"

ပိုက်ဆံက အကုန်ချေထားပြီးပြီဖြစ်သောကြောင့် ဤသည်မှာ လုပ်ထုံးလုပ်နည်းမျှသာကျန်ပေတော့သည်။

"သွားရအောင်။ ဒီနေ့ ညစာကိုကျွန်တော်ဒကာခံမယ်"

ဝမ်လင်က ပိုက်ဆံတစ်ပြားမှမသုံးလိုက်ရဘဲ ကားတစ်စီးရလိုက်သည့်အတွက် အပျော်ကြီးပျော်နေချေသည်။

"အစ်ကိုကျန်းနဲ့ ဒီနေ့တွေ့ရတာ တကယ့်ကိုပျော်ဖို့ကောင်းတဲ့ဖြစ်ရပ်ပဲ။ ဒီနေ့တော့ ဘယ်သူမှ ငါနဲ့အပြိုင် ငွေလိုက်ရှင်းလို့မရဘူး"

"ဘယ်သူမှလည်း မင်းနဲ့အပြိုင်လိုက်မရှင်းပါဘူး ဥက္ကဋ္ဌဝမ်ရယ်"

စုယွီက အပြုံးတစ်ပွင့်ဆင်မြန်းရင်း ပြောလိုက်လေသည်။

"ဒါပေမဲ့ ငါတို့ နည်းနည်းလောက်စောင့်ရဦးမယ်။ Koenigseggကုမ္ပဏီရဲ့ အာရှနယ်မြေတာဝန်ခံမန်နေဂျာမစ္စတာဆေ့ချ်က ခဏနေရင် ဒီကိုလာမလို့တဲ့"

"ဘာ... အဲ့ဒီကားကိုရောင်းလိုက်ပြီလား"

ဝမ်လင်က စုယွီထံတွင် သူလာလည်လေတိုင်း သဘောကျနှစ်ခြိုက်နေခဲ့ရသည့် Koenigsegg CCVRကားတစ်စီးရှိနေကြောင်း သိထားသည့်အတွက် လက်လွှတ်လိုက်ရန် အင်တင်တင်ဖြစ်နေဟန်ဖြင့် ကြည့်လာလေသည်။

"အဲ့ဒီကိစ္စကို အစ်ကိုကျန်းကိုမေးရမှာပဲ"

စုယွီက ကျန်းမုန့်လောင်ကိုလှည့်ကြည့်လျက် ပြောလိုက်လေသည်။

"ခင်ဗျား ဒီကားကိုလည်း ဝယ်လိုက်တာတော့မဟုတ်ဘူးမလား။ အဲ့ဒီကားက ဒီနေရာမှာ ယာယီပဲထိန်းသိမ်းထားတာဆို။ ရောင်းဖို့မဟုတ်ဘူးဆို"

ဝမ်လင်က တအံ့တဩမေးလိုက်လေသည်။

"ကားတွေဆိုတာ ရောင်းဖို့အတွက် ထုတ်ထားတာပါပဲ။ မရောင်းဘူးဆိုတဲ့ ဒီအယူအဆက ဘယ်ကရောက်လာတာလဲ"

ကျန်းမုန့်လောင်က ရယ်မောလျက် ပြောလာလေသည်။

"အပေးအယူက နည်းနည်းတော့ကြမ်းပေမဲ့ ဖြေရှင်းလို့မရတာတော့မဟုတ်ပါဘူး"

"သူဌေး.. မစ္စတာဆေ့ချ်ရောက်လာပြီ"

ထိုအချိန်မှာပင် အရောင်းကိုယ်စားလှယ်တစ်ယောက်ဝင်လာလေသည်။ သူနှင့်အတူ သက်လတ်ပိုင်းအရွယ်လူဖြူအမျိုးသားတစ်ယောက်က မြေအောက်ကားပြခန်းထဲသို့ ဝင်ရောက်လာသည်။

"မြန်လိုက်တာ"

တစ်ဖက်လူက တစ်နာရီမျှကြာမည်ဟု ပြောထားသော်လည်း မစ္စတာဆေ့ချ်ရောက်လာချိန်မှာ နာရီဝက်ပင်မကြာပေ။

"မစ္စတာဆေ့ချ်.. မတွေ့ရတာကြာပြီနော်"

စုယွီက သူ့အား သူတတ်သလောက်မှတ်သလောက်ဆွီဒင်စကားလေးနှင့် ချက်ချင်းနှုတ်ဆက်လိုက်သည်။

"မင်္ဂလာနေ့လယ်ခင်းပါ မစ္စတာစု"

ဆေ့ချ်ကလည်း ယဉ်ယဉ်ကျေးကျေးပြန်နှုတ်ဆက်သည်။ ထို့နောက် သူ့မျက်လုံးအကြည့်က ဤနေရာရှိလူတိုင်းကို လှည့်ပတ်ကြည့်ရှုနေချေသည်။

"မစ္စတာကျန်းမုန့်လောင်က ဘယ်သူများလဲလို့မေးလို့ရမလား"

မစ္စတာဆေ့ချ်နှင့်အတူ လိုက်ပါလာသော ဘာသာပြန်တစ်ယောက်က မေးလာလေသည်။

"အိုး ကျွန်တော်ပါ"

ကျန်းမုန့်လောင်က ရှေ့သို့တိုးလိုက်လေသည်။

အစောပိုင်းက အလွန်မာနကြီးပြီး အထက်စီးဆန်လှသော မစ္စတာဆေ့ချ်က ကျန်းမုန့်လောင်ရှေ့တွင် အလွန်နှိမ့်ချလေသောအမူအရာကို ဆင်မြန်းပြီး ဦးညွှတ်လိုက်သောအခါ အားလုံးအံ့ဩသွားကြလေသည်။

"ခင်ဗျားကိုစောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ် မစ္စတာကျန်း"

ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ စုယွီတင်မကဘဲ ချင်းဖုန်းနှင့်ဝမ်လင်းတို့ကပါ အံ့ဩမှင်တက်သွားရလေသည်။ Koenigsegg CCXRကားကို ဤနေရာ၌ နေရာချနေစဉ်အတောအတွင်းမှာ သူတို့လည်းရှိနေခဲ့သည်သာ။ ထိုညနေခင်းတုန်းက အာရှနယ်မြေခံဒါရိုက်တာကို သူတို့ ညစာစားဖိတ်ဖို့ ကြိုးစားခဲ့သော်လည်း အငြင်းခံခဲ့ရသည်။ ထိုလူက သူတို့ကို အသိအမှတ်မပြုခဲ့ချေ။

သို့သော် ထိုကဲ့သို့သောလူတစ်ယောက်က ကျန်းမုန့်လောင်ရှေ့မှာတော့ အလွန်ကွဲပြားသောပုံစံတစ်မျိုးကို ပြသနေသဖြင့် ကျန်းမုန့်လောင်၏သရုပ်မှန်နှင့်ပတ်သက်ပြီး သူတို့အား ပို၍သိချင်စိတ်ဖြစ်စေလေသည်။

လူချမ်းသာမျိုးဆက်တိုင်းမှာ သူတို့၏ကိုယ်ပိုင်အသိုင်းအဝိုင်းရှိကြသည်။ လူတိုင်းကိုမသိသော်ရှိလျှင်ပင် ထိပ်တန်းလူချမ်းသာများနှင့်တော့ သူတို့ သေချာပေါက်ရင်းနှီးကြသည်။ သို့တိုင် ကျန်းမုန့်လောင်ကိုတော့ သူတို့ ယနေ့မှတွေ့ဖူးမြင်ဖူးသည်။ သူက အမြဲတမ်းခပ်လျှိုလျှိုလေးနေခဲ့တာများလား

"အဆင်ပြေပါတယ်။ ကျွန်တော်စောင့်လိုက်ရတာ နာရီဝက်တောင်မရှိသေးပါဘူး"

ကျန်းမုန့်လောင်က အပြုံးလေးနှင့်ပြောလာလေသည်။

"ကျွန်တော် ဒီကားကိုဝယ်ချင်ပေမဲ့ ဒီကားကိုဝယ်ချင်ရင် Koenigseggစီးရီးလိုက်ကားတွေထဲက ခုနစ်စင်းကိုပိုင်မှဖြစ်မယ်လို့ကြားထားတယ်။ ဟုတ်ရဲ့လား"

"အဲ့ဒါက သူများတွေအတွက်ပါ။ ဒါပေမဲ့ မစ္စတာကျန်းသာ ဒီကားကိုလိုချင်တယ်ဆိုရင် အချိန်မရွေးယူသွားနိုင်ပါတယ်လို့ ကျွန်တော်တို့ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ ဒါက ကားသော့ပါ"

ဆေ့ချ်က အထက်တန်းဆန်ဆန်ထုပ်ပိုးထားသော ကားသော့ဘူးကို ကျန်းမုန့်လောင်ထံသို့ တရိုတသေကမ်းပေးလိုက်သည်။

"ဘုရားရေ.. သူကဘယ်သူလဲဟ"

ဝမ်လင်းတို့သုံးယောက်မှာ အကြည့်ချင်းဖလှယ်လိုက်ကြလေရာ တစ်ယောက်ချင်းစီ၏မျက်လုံးထဲမှာ ထိတ်လန့်မှုအရိပ်အယောင်များကိန်းအောင်းနေသည်ကို မြင်လိုက်ရသည်။ အထူးသဖြင့် စုယွီပင်။ သူက ကျန်းမုန့်လောင်တစ်ယောက် Koenigseggဥက္ကဋ္ဌကိုပါ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားအောင်လုပ်နိုင်လိမ့်မည်ဟု သူ လုံးဝထင်မထားပေ။

"မဟုတ်ဘူး။ မဟုတ်ဘူး။ ခင်ဗျား ကျွန်တော်ပြောတာနားမလည်ဘူးလား။ ကျွန်တော် ခင်ဗျားတို့ရဲ့စည်းမျဉ်းတွေကို မချိုးဖောက်ချင်ဘူး။ ကျွန်တော့်ကို ကားစီးရီးအစုံလိုက်သာ စီစဉ်ပေးပါ။ ကျွန်တော် အဲ့ဒီဈေးအတိုင်းပေးမယ်"

"ခင်ဗျားရူးနေတာလား"

ဘေးနားရှိသုံးယောက်သားမှာ အသည်းတယားယားဖြစ်နေလေသည်။ ကားစီးရီးအကုန်လုံးကို စုဆောင်းပါက အနည်းဆုံးဘီလီယံအများကြီး ကုန်ကျမည်ဖြစ်၏။ ဤ CCXRကားက နှစ်ဘီလံလောက်ပင် ပေးရမည်။

သူတို့ဘက်က အလကားပေးမယ်လို့ ကမ်းလှမ်းလာတာကို ပိုက်ဆံတွေများပေါနေတယ်လို့ထင်နေလို့လား။ များနေတယ်ဆိုရင်လည်း ကျွန်တော်တို့ကို နည်းနည်းပေးလိုက်လေ။ ကူဖြုန်းပေးမယ်။

"မစ္စတာကျန်း.. အဲ့ဒီကားတွေအကုန်လုံးက limited Editionအနေနဲ့ပဲထုတ်ဖို့ ကျွန်တော်တို့ဥက္ကဋ္ဌက ညွှန်ကြားထားခဲ့တာပါ။ ပြီးတော့ အဲ့ဒီကားတွေမှာလည်း ပိုင်ရှင်တွေကိုယ်စီရှိကြပါတယ်။ အဲ့ဒီကားတွေကို ပြန်ဝယ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့စက်ရုံက ခင်ဗျားအတွက် အဲ့ဒီကားတွေကိုထုတ်လုပ်ပေးဖို့ တခြားအမှာစာတွေကို ရပ်ဆိုင်းထားပါတယ်။ အဲ့ဒါကြောင့် ခင်ဗျားက အခု ကျွန်တော်တို့ရဲ့စူပါမန်ဘာဖြစ်သွားပြီမို့ ဒီကားကို ဝယ်ယူခွင့်ရှိသွားပါပြီ"

"ဘာ.... Koenigseggရဲ့စက်ရုံက သူ့အတွက်နဲ့ တခြားအမှာစာတွေအကုန်လုံးကို ရပ်ဆိုင်းထားတယ်ပေါ့လေ"

"ဘုရားရေ.. သူက အဲ့ဒီစက်ရုံကိုပိုင်တာလား"

Koenigseggပိုင်ရှင်ကိုယ်တိုင်ကို သူ့အတွက် ကားရောင်းပေးရန် ဖျောင့်ဖျနိုင်ခြင်းကတင် အံ့သြဖို့ကောင်းနေပါလျှင် ဤအကွက်ကတော့ သူတို့ကို လုံးဝရင်သပ်ရှုမောဖြစ်သွားစေသည်သာ။

စက်ရုံအမှာစာများကို ရပ်ဆိုင်းထားသည့်သဘောမှာ ကျန်ဝယ်ယူသူများကို စော်ကားလိုက်သည့်သဘောပင်။ Koenigseggကိုဝယ်စီးနိုင်သည့်လူများကို စော်ကားဖို့လွယ်ကူလှသည်မဟုတ်။ Koenigseggကုမ္ပဏီပိုင်ရှင်ကို သူ့အတွက်နှင့် အခြားဝယ်ယူသူများအား ဆန့်ကျင်ချင်လာလောက်အောင် ဆွဲဆောင်နိုင်ရလောက်သည်အထိ သူ့မှာ ဘယ်လိုအင်အားမျိုးရှိနေလေသလဲ။

"ကောင်းပြီလေ။ ဒီလိုဆိုရင် ငွေချေဖို့ကိစ္စလုပ်လိုက်ရအောင်။ မှတ်ထားနော်။ တစ်ပြားတောင်မလျော့စေနဲ့။ ဘာလျှော့ဈေးမှလည်းမပေးနဲ့"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ ဟုတ်ကဲ့"

ဆေ့ချ်က သူ့နဖူးထက်ရှိချွေးစေးများကို သုတ်ဖယ်လိုက်သည်။ ထိုကဲ့သို့သောတောင်းဆိုမှုမျိုးကို သူ ပထမဆုံးအကြိမ်ကြုံဖူးခြင်းဖြစ်၏။

တကယ်တမ်းတွင် ကျန်းမုန့်လောင်က မည်သူမှန်း သူသေချာမသိပေ။ သို့သော် သူ့သူဌေးက သူ့အား ရှင်းရှင်းလင်းလင်းပြောလိုက်သည်။ သူတို့ ဤလူကြီးမင်းကိုသာ စိတ်ကျေနပ်အောင် လုပ်ပေးရမည်တဲ့။ ထိုသို့မဟုတ်ပါက သူတင်မကဘဲ သူတို့ဌာနချုပ်တစ်ခုလုံးပါ မိနစ်ပိုင်းအတွင်း ပြိုလဲသွားနိုင်သည်တဲ့လေ။

"မစ္စတာကျန်း.. စုစုပေါင်းက ၁.၆၈ဘီလီယံရှိပါတယ်"

"ကျွန်တော် နောက်က ဒသမကိန်းတွေမကြိုက်ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ။ ၁.၆ဘီလီယံအဖြစ် အပြတ်ဖြတ်လိုက်ရင်ရော။ အဆင်ပြေလားဗျ"

ဆေ့ချ်က သတိကြီးစွာဖြင့် သူ၏ဘာသာပြန်ကို တစ်ဆင့်သတင်းပါးခိုင်းလိုက်သည်။

"သန်း၈၀ကို ဒီအတိုင်းနှုတ်လိုက်မလို့လား"

ဝမ်လင်ခမျာ အကြောင်သားဖြစ်သွားရလေသည်။ ကိန်းပြတ်ဖြစ်အောင် ဒီလိုနည်းလမ်းနဲ့လည်း လုပ်လို့ရတာလား။

"မဟုတ်ဘူးလေ။ ကျွန်တော်ဆိုလိုချင်တာက ခင်ဗျားထပ်တိုးပြီးတောင်းလို့ရတယ်လို့။ ၁.၇ဘီလီယံပဲ ထားလိုက်ရအောင်။ အပိုကြေးကို ဝန်ဆောင်ခလို့ သဘောထားလိုက်ပေါ့"

ကျန်းမုန့်လောင်က ဈေးလျှော့ခိုင်းရမည့်အစား ပိုက်ဆံပိုသုံးရန် စိတ်လောနေချေသည်။

"ကိန်းပြတ်အဖြစ်ဈေးဖြတ်တာကလည်း...ပြောင်းပြန်ပါလား"

ဝမ်လင်ခမျာ လက်သီးတင်းတင်းဆုပ်ရင်း ဦးနှောက်ခြောက်သွားရသည်။

ဒါက ဘယ်လိုနည်းဗျူဟာမျိုးလဲ။ သူနားလည်နိုင်တဲ့အတိုင်းအတာကို ကျော်လွန်နေပြီလေ။

……

All Chapters